Monday, January 2, 2012

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၄)

  
တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၈

 
(၅၁)  SUT တွင် လုပ်ကြပုံ


            စင်ကာပူတွင် လေးနှစ်ကြာပြီးသွားသည့်တိုင်၊ မြန်မာပြည်တွင် နှစ်လကျော်နေခဲ့သည့်တိုင်၊ ပြန်ချိန်တန်၍ စင်ကာပူသို့ ပြန်ရမည်ဆိုတော့ စိတ်ထဲ၌အင်တင်တင်ဖြစ်နေပါသည်။ မပြန်ချင်သေးပါ။ ပထမဦးဆုံးအကြိမ် စင်ကာပူသို့ စထွက်လာရတော့ မည်ဆိုစဉ်ကမူ အလွန်တက်ကြွလျှက်၊ ပျော်ရွှင်လျှက်၊ အိပ်မက်လှလှကလေးများ မက်လျှက်။ လူ့စိတ်သည်ကား ဆန်းကြယ်လှ ဘိ၏။

            တကယ်ပြန်ရပြီဆိုတော့လည်း ခြေလှမ်းများမှာ နှေးကန်လျှက်၊ စိတ်များမှာလည်း လေးလံလျှက်။ ယခုအခါ စင်ကာပူ ဆိုတာ အဆန်းမဟုတ်တော့ပြီမို့ နှမများနှင့် သမီးကလေးကလွဲလို့ အခြားလိုက်ပါ ပို့ဆောင်နှုတ်ဆက်မည့်သူလည်း မရှိတော့။ ပထမဦးဆုံး အခေါက်ကမူ အပေါင်းအဖော် ၂၀ နှင့် တစ်စုတစ်ဝေးကြီး။ ယခုတော့ ကိုယ်တစ်ယောက်တည်း၊ တိတ်တိတ် ဆိတ်ဆိတ်။ ခေါင်းငိုက်ဆိုက်ချလျှက်။
            စင်ကာပူပြန်ရောက်ပြီး များမကြာမီပင် Jurong Island သို့သွားလုပ်ရပြန်ပါသည်။ SUT သည်ကား ကျွန်တော်တို့၏ ဌာနေပင်ဖြစ်တော့၏။ လုပ်ငန်းမှာ အထွေအထူးမဟုတ်ပါ။ ရှေ့ပိုင်းများ၌ ဖော်ပြခဲ့သည့် fibreglass ပိုက်လိုင်းများ ပြေးရခြင်း ဖြစ်၏။ လုပ်ငန်းသဘာဝအားဖြင့်သော်လည်းကောင်း၊ တွေ့ကြုံရသော အခက်အခဲများသည်လည်းကောင်း၊ ပေါင်းသင်း ဆက်ဆံရသော လူများသည်လည်းကောင်း ကွဲပြားခြားနားမှု သိပ်မရှိပါ။ သည်နေရာတွင်၊ သည်လူများနှင့် ဆက်ဆံကာ၊ သည်အလုပ်ကို လုပ်ရခြင်းဖြစ်၏။

            SUT က ရှေ့ပိုင်း၌ဖော်ပြခဲ့သည့်အတိုင်း Jurong Island ရှိ အခြားစက်ရုံများသို့ အအေးခံသော ပင်လယ်ရေများ ပို့လွှတ်ရောင်းချကာ ပိုက်ဆံရှာသည်။ ထိုပင်လယ်ရေများကို ပင်လယ်အတွင်းမှ ပန့်ကြီးများဖြင့် စုပ်ယူကာ ပိုက်ကြီးများ အတွင်း တွန်းပို့လျှက် စက်ရုံများသို့ ပို့ခြင်းဖြစ်၏။ ပင်လယ်ရေကို စုပ်ယူသောနေရာတွင် ရေနှင့်အတူပါလာသည့် အမှိုက် သရိုက်များကို စစ်ထုတ်ရန် ဆန်ခါကြီးများတပ်ဆင်ထားသည်။

            ကျွန်တော်တို့ရောက်စ နှစ်များက ထိုဆန်ခါကြီးများကို မ, တင်ကာ လူအားဖြင့်ဆေးသည်။ ညနေတိုင်လျှင် ဆန်ခါ ဆေးသော ကုလားကလေးများရောက်လာကာ ဆန်ခါကြီးမကို မ, တင်လျှက် ဖိအားမြင့်ရေ (pressurized water jet) ရေပိုက် ခေါင်းများဖြင့် ထိုးကာ ဆေးသည်။ ပင်လယ်ခရု၊ ကမာ၊ ငါးစသော ရေသတ္တ၀ါကလေးများပါ ပါလာသည်ဖြစ်ရာ သူတို့ဆန်ခါ ဆေးသည့်အချိန်များတွင် အလွန်ညှီစော်နံလှ၏။

            များမကြာမီ ထိုဆန်ခါကြီးများကို လူနှင့်ဆေးမည့်အစား အလိုအလျောက်ဆေးသည့် စက်များ တပ်ဆင်ပါတော့သည်။ ဆန်ခါကို မ,တင်တာကတော့ အတူတူပင်ဖြစ်ပါ၏။ ရေနှင့်ဆေးရာတွင် လူက ရေခေါင်းများဖြင့် ထိုးမည့်အစား၊ ဆန်ခါများ တစ်လျှောက် ရေပိုက်များတပ်၊ ရေပိုက်များတွင် နော်ဇယ်များဆင်ကာ ဖိအားမြင့်ရေကို ထိုနော်ဇယ်ခေါင်းများသို့လွှတ်ပြီး ဆန်ခါများ ဆေးခြင်းဖြစ်၏။

            ဆန်ခါမှကျလာသော အမှိုက်သရိုက်များကို ရေတံလျှောက်ဖြင့် လွှဲယူကာ သံမဏိခြင်းကြီးထဲသို့ ပို့၏။ ထိုအခါ ထို သံမဏိခြင်းကြီးအတွင်း၌ ဆန်ခါများဆေးလိုက်သည့် အမှိုက်သရိုက်များအားလုံး လာစုပါသည်။ ထိုသံမဏိခြင်းကြီးမှာ ကျွန်တော်တို့ အလုပ်လုပ်ရာနေရာနှင့် မလှမ်းမကမ်းမှာ ရှိသည်။ သူလည်း ရေသတ္တ၀ါအသေကောင်ကလေးများ စုဝေးရာ နေရာဖြစ်သဖြင့် နံဟောင်နေပါသည်။ သို့သော် နေ့တိုင်း ထိုခြင်းကြီးကို သန့်ရှင်းရေးလုပ်သဖြင့် တော်သေး၏။

            နေ့စဉ် ညနေ ၄ နာရီခန့်တွင် ဆန်ခါများကို ဆေးပါသည်။ ဆေးချလိုက်သော အမှိုက်သရိုက်များနှင့်အတူ ငါးအရှင် များပါ ရောပါလာတတ်သည်။ အချို့ငါးများမှာ အတော်ကြီး၏။ ၅၀ သား၊ တစ်ပိဿာ အကောင်ကြီးများပင် ပါလာတတ်သည်။ ထို့ကြောင့် ညနေ ဆန်ခါများဆေးရန် မ, တင်ပြီဆိုလျှင် လုပ်လက်စ အလုပ်များထားခဲ့ကာ ကျွန်တော်တို့တစ်သိုက် အနီးရှိ ဆန်ခါအမှိုက်များထည့်သည့် သံခြင်းကြီးထံသွားကြ၏။ အမှိုက်များနှင့်အတူ ပါလာသော ငါးများကိုကောက်ရန် ဖြစ်သည်။

            ကျွန်တော်တို့အထဲမှ Zol (မလေးလူမျိုး) မှာ ငါး ဆိုလျှင် အလွန်ဝါသနာပါသည်။ ကျွန်တော်တို့ ဘာမှလုပ်စရာမလို။ သူက ပါလာသော ငါးများကို ကောက်၊ ကောင်းမကောင်းစစ်ကာ ချက်ခြင်း ချေးဖောက်ပြီး ကျွန်တော်တို့ကို ဝေခြမ်းပေး၏။ ထို့ကြောင့် SUT တွင်လုပ်ခဲ့ရစဉ် ကာလများက ကျွန်တော်တို့ နေ့တိုင်းလိုလို ငါးဟင်းစားရ၏။ ဤတွင် ကြားဖြတ်၍ ပြောရလျှင်စင်ကာပူ၌ အခြားအသားများထက် ငါးကပိုဈေးကြီး၏။ သိပ်စားမကောင်းလှသော ငါးများသာ ဈေးခပ်ပေါပေါနှင့် ရသည်။ ကောင်းသည့်ငါးနှင့် ပုဇွန်များမှာ ဈေးကြီး၏။ တစ်ကီလို (၆၀ သား) ကို ၈ ဒေါ်လာ မှ ၁၂ ဒေါ်လာ (မြန်မာကျပ် ၅၀၀၀ မှ ၇၅၀၀ ထိ) ပေးရသည်။ သိပ်မကောင်းသော ငါးပင်လျှင် တစ်ကီလိုလျှင် ၄ ဒေါ်လာလောက်ရှိ၏။ ပုဇွန်ဆိုလျှင်လည်း တစ်ကီလိုလျှင် ၈ ဒေါ်လာမှ ၁၂ ဒေါ်လာထိ ရှိသည်။

 
(၅၂)  ပေးမိုးတို့အဖွဲ့နှင့် လက်တွဲလုပ်ရခြင်း


             ဟီတာချီသို့ ပြေးရသောရေပိုက်လိုင်းတွင်မူ ကျွန်တော့်ကို sub-contractor တစ်ဖွဲ့ပေး၏။ ကျွန်တော်က သူတို့ကို supervise လုပ်ပေးရုံမျှဖြစ်သဖြင့် အလွန်သက်သာလှသည်။ ထိုအဖွဲ့မှာ အားလုံးလိုလို လူကြီးတွေချည်းဖြစ်ပြီး စိတ်ရှည်လက်ရှည်၊ သေသေသပ်သပ်လုပ်ကြသည်ဖြစ်ရာ သူတို့နှင့်လုပ်ရတာ ကျွန်တော်အလွန်စိတ်ချမ်းသာလှသည်။ အသက် ၃၀ ခန့်လူငယ် နှစ်ဦးပါသည်။ သူတို့မှာလည်း အလွန်စိတ်ကောင်းကြသည်။ တစ်ဦးမှာ Ah Seng ဟုခေါ်ပြီး အလွန် ခင်ဘို့ကောင်းသည်။ ကျွန်တော်နှင့် အလွန် ပလဲနံပသင့်လှ၏။

            သူတို့အဖွဲ့ခေါင်းဆောင် (foreman) မှာ တစ်ခေါင်းလုံးဖြူနေသဖြင့် သူတို့က ပေးမိုး (တရုတ်လို - ခေါင်းဖြူ) ဟု ခေါ်ကြသည်။ ပေးမိုးမှာ လုပ်ငန်းအတွေ့အကြုံလည်းရှိ၊ စိတ်သဘောထားလည်း ကောင်း၊ သူ့လူတွေကိုလည်း စိတ်ကြိုက် စီမံခန့်ခွဲနိုင်သည်ဖြစ်သဖြင့် လုပ်ရတာ အဆင်ပြေသည်။ ကျွန်တော်က ကိုယ်လိုချင်တာ သူတို့ကို ပြောပြလိုက်သည်။ သူတို့က သူတို့ဟာသူတို့ လုပ်သွားသည်။ သူတို့လုပ်တာ ဟုတ်မဟုတ်၊ မှန်မမှန် ကျွန်တော်က လိုက်စစ်ရုံသာဖြစ်၏။ 

            ပိုက်မှာ ၄ လက်မပိုက်လိုင်းဖြစ်သဖြင့်လည်း သက်သာပါသည်။ သို့သော် ပိုက်လိုင်းဆင်ပြီး ရေထည့်စမ်းလိုက်တော့ ပိုက်အဆက်များ ပြုတ်ထွက်ကုန်သည်။ ပြုတ်သမှ အကြီးအကျယ် ပြုတ်ခြင်းဖြစ်၏။ ကားလမ်းကိုဖြတ်သည့်နေရာတွင် ပိုက်လိုင်းကို ကားလမ်းအပေါ် ၅ မီတာခန့်မှ ပြေးခြင်းဖြစ်ရာ ထိုနေရာတွင်တက်သွားသောပိုက်လိုင်း (riser ဟုခေါ်သည်)  များမှာ အဆက်များပြုတ်ထွက်ကာ ဘေးတွင်တပ်ထားသော သံဘားတန်းကြီးများကို ပြေးရိုက်လျှက် ဘားတန်းကြီးများ ကွေးကုန်သည်ထိ ဖြစ်၏။ အနီး၌လူရှိပြီး ရိုက်မိပါက သေနိုင်သော အနေအထားဖြစ်ပါသည်။ အန္တရာယ်ကြီးလှ၏။

            ကျွန်တော်လည်း မျက်လုံးပြူး၊ မျက်ဆံပြူးနှင့် ရုံးသို့လှမ်းဖုံးဆက်တော့ အဆက်အားလုံးကို laminate လုပ်ပါ ဟု ဆိုသည်။ သေဟဲ့၊ နန္ဒိယ။

            Fibreglass ပိုက်အဆက်ကို Laminate လုပ်သည်ဆိုခြင်းမှာ ပိုက်အဆက်ကို ကျောက်စက်တိုက်ကာ (grinding) အီပေါက်ဇီ (epoxy) ကော်သုတ်ပြီး ဖိုက်ဘာဖျင်စ (boat tape) ဖြင့်လိုက်ပတ်ရခြင်း ဖြစ်၏။ လုပ်ရတာ မခဲယဉ်းပါ။ သို့သော် လက်ဝင်လှသည်။ ဘေးတွင်အခြားပိုက်များရှိသဖြင့် လွတ်လွတ်လပ်လပ်လုပ်လို့မရ။ သို့သော် ဘာတတ်နိုင်မည်နည်း။ ဖြစ်အောင်လုပ်ရသည်ပေါ့။ ကျွန်တော် အတော်လေး စိတ်ညစ်သွားသည်။

 
            နောက် ပရောဂျက်တစ်ခုတွင်လည်း သူတို့နှင့်ပင် လုပ်ရသည်။ Exon Mobile ထင်သည်။ မေ့နေပြီ။ ပိုက်လိုင်းမှာ ကားလမ်းကိုဖြတ်သွားရသဖြင့် ပိုက်လိုင်းအလယ်ပိုင်းကို မြေအောက်တွင်ပြေးရပြီး အစွန်းနှစ်ဘက်မှာမူ မြေပေါ်တွင်ဖြစ်သည်။  ပိုက်လိုင်းဆင်ပြီးတော့ ရေထည့်စမ်းခြင်း (Hydro Test) လုပ်ရ၏။ သူတို့က ပိုက်လိုင်းဟိုဘက်အစွန်းတွင် pressure gauge တပ်ကာ သည်ဘက်အစွန်းမှ ရေထည့်သည်။ 

            ရေကတော်တော်နှင့် မပြည့်။ သည်တော့ သူတို့က ရိုးရိုးရေပိုက်နှင့် မထည့်တော့ဘဲ ရေပန့်ဖြင့်မောင်းထည့်သည်။ နာရီဝက်ကျော်လာသည့်တိုင် ရေကမပြည့်။ ရေထည့်သည့်နေရာက စက်ရုံအပြင်ဘက်။ ဖိအားပြမီတာခွက်တပ်ထားတာက စက်ရုံထဲမှာ။ သည့်တော့ ကျွန်တော်က စက်ရုံထဲတွင် သွားစောင့်သည်။ စက်ရုံထဲမှာ ဆိုတော့ ကန်တင်းလည်းရှိသဖြင့် ကော်ဖီလေး ဘာလေးလည်း သောက်လို့ရသည်။ စကားလေးတပြောပြောနှင့် စောင့်နေလိုက်တာ တစ်ညနေလုံးသွင်း တာတောင် ရေက ထွက်မလာတော့မှ ကျွန်တော်လည်း သတိပြုမိပြီး ဘာဖြစ်တာတုံးဟ ဟု သူတို့ကိုမေးရသည်။

            ထို့နောက် ရေဖြည့်သည့်နေရာသွားမေးတော့ ငါတို့လည်း ရိုးရိုးဖြည့်တာမရလို့ ပန့်နဲ့မောင်းတာပဲ။ ဒါပေမဲ့ ဘာကြောင့် မှန်းမသိဘူး။ ရေက ခုထိ မပြည့်သေးဘူး ဖြစ်နေတယ် ဟု ဆို၏။ ရေမပြည့်တာ လေခိုနေလို့ပေါ့လဟ ဟု ကျွန်တော်လည်း ပိုက်လိုင်းကို လိုက်စစ်ကြည့်ပါသည်။ ကားလမ်းအကူး မြေအောက်လိုင်း၌ ရေထုတ်မည့် drain တစ်ပေါက်တွေ့၏။ ထိုအခါ ကျွန်တော်က သူတို့ကို ပိုက်အစွန်းနှစ်ဘက်လုံး ဖွင့်ထားခိုင်းကာ ကားလမ်းအောက် ထို drain ပေါက်မှ ရေကို ပိုက်ဖြင့် ဆက်ကာ သွင်းစေသည်။ ၁၅ မိနစ်မျှပင်မကြာပါ။ ပိုက်အစွန်းနှစ်ဖက်စလုံးမှ ရေများ တဗွမ်းဗွမ်းထွက်လာပါတော့သည်။

            သူတို့က ဘာဖြစ်တာလဲ ဟုမေးမှ အကျိုးအကြောင်းရှင်းပြရသည်။ ပိုက်အစွန်းနှစ်ဖက်လုံးက အမြင့်ပိုင်း၊ ကားလမ်း အကူး မြေအောက်ပိုက်က အနိမ့်ပိုင်း၊ အမြင့်ဘက်မှရေထည့်ပြီး အနိမ့်မှလေကို မည်ကဲ့သို့ တွန်းထုတ်မည်နည်း။ ပိုက်အတွင်း ၌ လေဖိအားရှိနေသည်။ ရေပန့်က ထိုလေဖိအားကို မကျော်နိုင်သမျှကာလပတ်လုံး မည်သည့်နည်းနှင့်မျှ ရေမပြည့်နိုင်။ ထို့ကြောင့် ရေဖြည့်လျှင် ပိုက်လိုင်း၏ အနိမ့်ဆုံးနေရာမှသာ ဖြည့်ရသည်။ ထိုအခါ တက်လာသောရေက လေကို တွန်းထုတ် သွားလိမ့်မည်။

            ထို့ကြောင့်သာလျှင် ကျွန်တော်က drain point မှရေဖြည့်ခိုင်းလိုက်သောအခါ ခဏနှင့်ပြည့်သွားရခြင်း ဖြစ်သတည်း။ နို့မဟုတ်လို့ကတော့ တစ်ညလုံးဖြည့်လျှင်သော်မှ ပြည့်စရာလမ်းမမြင်။

 
(၅၃) Seraya Chemical တွင် လုပ်ရခြင်း


  တစ်ခါတွင် Jurong Island ၌ပင်ရှိသော Seraya Chemical ၌ သွားလုပ်ရသည်။ ဖြစ်ပုံမှာ ထိုစက်ရုံတွင် သုံးထားသော ကလိုရင်းပိုက်များမှာ သံပိုက်များဖြစ်၏။ ထိုကလိုရင်းပိုက်အ၀များကို ပင်လယ် ရေမျက်နှာပြင် အထက်နားတွင် တပ်ထားသည်။ ပယ်လယ်ရေနှင့် ကလိုရင်းထိကာ ဆားခဲများဖြစ်ပြီး ပိုက်လိုင်းပိတ်သွား၏။ ထိုအခါ ၎င်းတို့က ကျွန်တော်တို့ ကုမ္ပဏီကို ထိုသံပိုက်များအား ဖိုက်ဘာပိုက်များနှင့်လဲရန် အလုပ်ပေးခြင်းဖြစ်၏။
ပိုက်က ၂ လက်မပိုက်ကလေးများဖြစ်ပြီး သိပ်လည်းမရှည်လှသဖြင့် မလေး အလုပ်သမားကလေးနှစ်ဦးခေါ်ကာ ကျွန်တော်သွားလုပ်သည်။ အလုပ်က မခဲယဉ်းပါ။ ခဲယဉ်းသည်မှာ safety ဖြစ်၏။ ပိုက်အစွန်းက ပင်လယ်ရေမျက်နှာပြင်နားထိ သွားသဖြင့် ပင်လယ်ရေထဲတွင် ငြမ်းစင်ထိုးကာလုပ်ရသည်။ ထိုအခါ ပင်လယ်ထဲဆင်းရမည်ဖြစ်သဖြင့် JSA (Job Safety Analysis) ရေးပြီးတင်ပါ ဆို၏။ ဒီရေကျချိန်မှ လုပ်ပါ ပြော၏။ အသက်ကယ်အင်္ကျီဝတ်ပါဟု ကြပ်၏။

စင်ကာပူမှာသာ ၄ နှစ်ကြာနေသည်။ ဘာ safety knowledge မှမရှိသဖြင့် သူတောင်းသော JSA ကို ဘယ်လိုရေး ရမှန်း ကျွန်တော်မသိ။ သည်တော့လျှောက်မေးရသည်။ ပုဂ္ဂိုလ်က စိတ်မရှည်။ သူပြောသလိုတော့ရေးတာဘဲ။ ဒါပေမဲ့ ကိုယ်မှ ရေးနေမကျတာ။ သည်တော့ အဆင်မပြေ။ ရေးထားတာဖတ်ပြီး ကျွန်တော့်ကို ဖိ ဟောက်၏။ မင်း - ဒါလေးမှ မရေးတတ် ဘူးလားဟု ငေါက်၏။ ကျွန်တော်လည်း ကိုယ်မလုပ်တတ်တော့ အငေါက်ခံကာ လေပျော့ကလေးနှင့် လုပ်ပါကွာ၊ ငါမရေး တတ်လို့ပါ။ မင်းပဲကြည့်ကောင်းအောင် ပြင်ပေးပါဟု တောင်းပန်ရသတည်း။ အမှန်က ဘာမှ မခက်ပါ။ ရေးနည်းသိလျှင် အလွယ်ကလေးဖြစ်ပါသည်။ ဆရာမပြ၊ ငါးပိဖုတ်တောင်၊ နည်းမကျ ဟု မြန်မာစကားပုံက ဆိုထားသည် မဟုတ်ပါလော။

ဒီရေကျချိန်မှ လုပ်ပါဆိုတော့ ကျွန်တော့်မှာ နေ့စဉ် ဒီတက်ဒီကျ ဇယားကို သတိထားကြည့်နေရ၏။ ဒီတက်ချိန် ဆိုလျှင် ကုန်းပေါ်၌လုပ်လို့ရသော အလုပ်များလုပ်။ ဒီကျချိန်မှ ပင်လယ်ထဲဆင်း။ ဆင်းတာတောင် ဒီအတိုင်းရမ်း ဆင်းလို့ရတာ မဟုတ်။ ကိုယ်တော့် အရိပ်အခြည်ကြည့်ပြီး ဆင်းရသည်။ သူက ကျွန်တော်တို့ကို အသက်ကယ်အင်္ကျီဝတ်ခိုင်းထားသည် မဟုတ်ပါလော။ ဘယ့်နှာလုပ် ကျွန်တော့်တွင် သင်္ဘောသားများသာ ၀တ်သော အသက်ကယ်အင်္ကျီ ရပါမည်နည်း။ သည်ဘယ်လောက်မှ မကြီးသော၊ ဘယ်လောက်မှလည်း ကြာမည်မဟုတ်သော၊ အမြတ်လည်းမများနိုင်သော ပိုက်လိုင်း ကလေးအတွက် ကျွန်တော်ဘယ့်နဲ့လုပ် ရုံးကို အသက်ကယ်အင်္ကျီ ၀ယ်ခိုင်းလို့ ဖြစ်ပါမည်နည်း။ ဒီအလုပ်ပြီးလျှင် အနှီ အသက်ကယ်အင်္ကျီများကို ဘယ်နေရာသွား သုံးမည်နည်း။

 သည်တော့ ပင်လယ်ထဲဆင်းလုပ်ရမည့် အလုပ်များကို အသေအချာစီစဉ်ထားရသည်။ ချက်ချင်းဆင်း၊ ချက်ချင်းလုပ်။ အမြန်လုပ်ကာ ပြီးသည်နှင့် ကုန်းပေါ်ချက်ချင်း ပြန်တက်လာနိုင်ရန်ဖြစ်၏။ ကျွန်တော့်လူများကို သတိပေးပြီး ဆင်းခိုင်းသည်။ ကျွန်တော်က ကုန်းပေါ်တွင် ကင်းစောင့်သည်။ လူအရိပ်အခြေမမြင်ရလျှင်တော့ စိတ်အေးလက်အေး လုပ်လို့ ရသည်။ မည်သို့ဆိုစေ၊ ပြီးချိန်တန်တော့လည်း ပြီးရသည်ပင်ဖြစ်ပါ၏။

 
စက်ရုံအတွင်းမှ ရေမြောင်းများတွင် ငါးများတွေ့သဖြင့် ဘာကြောင့်မွေးထားသနည်း ဆိုသည်ကို စပ်စုသော် ထိုအထဲမှ လူတစ်ဦးက အောက်ပါအတိုင်းပြောပြ၏။ ဟုတ်မဟုတ်တော့ မသိပါ။ သူပြောတာ ဖြစ်နိုင်ပါသည်။

            သည်စက်ရုံက ဓါတုဗေဒစက်ရုံဆိုတော့ ပင်လယ်ထဲစွန့်ထုတ်မည့်ရေများကို ကျကျနန စစ်ဆေးရသည် ဆို၏။ မသန့်စင်သော ရေများသွားထုတ်မိပါက ကွိသွားမည်။ ပင်လယ်ထဲထုတ်မည့် ရေများသိုလှောင်ထားသည့် ရေကန်ထဲသို့ စက်ရုံတစ်ဝှမ်းရှိရေမြောင်းများမှ ရေများစီးဝင်သည်။ ထိုရေများ သန့်မသန့်ကို ရေမြောင်းများအတွင်း ငါးများလွှတ်ကာ စမ်းထား သည်။ ရေမြောင်းများထဲ၌ သံဆန်ခါလေးများကာ၍ ငါးကလေးများထည့်ထားသည်။ ထို့နောက် ထိုငါးလေးများ၏ ကျန်းမာရေး ကို မျက်စိဒေါက်ထောက် ကြည့်နေရသည်။ ကိုရွှေငါးကလေးများ လန်းလန်းဆန်းဆန်းနှင့် ပျော်ရွှင်မြူးတူးနေလျှင် ထို ရေ အိုကေ၏။ ကိုရွှေငါးတို့ မှိုင်နေလျှင်၊ ရေထဲ၌ မကူးခတ်ဘဲ အောက်ခြေ၌ငြိမ်နေပြီဆိုလျှင် ဘာကြောင့်လဲ စစ်ဆေးရတော့မည် ဆို၏။ ဆန်းပါပေ့။

            နောက်တစ်ခု ပြဿနာတက်သည်မှာ ၁၂ လက်မပိုက်ကြီးရေစိမ့်စဉ်က ဖြစ်၏။ ပိုက်ပေါ်သို့ သံထည်ပစ္စည်းတစ်ခုခု ကျသည် သို့မဟုတ် တစ်ခုခုနှင့်ရိုက်မိတာ ထင်ပါသည်။ ပိုက်ကြီးမှ ရေများစိမ့်ထွက်နေသည်။ ရေမှာ ရိုးရိုးရေမဟုတ်။ ဓါတုဗေဒဆေးရည်များ ပျော်ဝင်နေသောရေဖြစ်ရာ လူ အတွက်သော်လည်းကောင်း၊ ပတ်ဝန်းကျင်အတွက်သော် လည်းကောင်း အန္တရာယ်ရှိသည်။ ထို့ကြောင့် ထိုအပေါက်ကို အရေးတကြီးပြင်ရန် ဖြစ်လာသည်။ ပိုက်လိုင်းကို ရပ်တန့်လို့ မရ။ ပိုက်ထဲမှရေများက စီးလျှက်၊ ရေကလည်း စိမ့်မြဲစိမ့်လျှက်။

            ကျွန်တော်တို့ကော်က ရေနှင့်ထိလို့မရ။ ရေထိလျှင် မခဲ။ ပထမ ရေစိမ့်နေသောနေရာကို ကော်ပတ်စားလိုက်သည်။ ထို့နောက် အပူပေးသော heating gun နှင့် မှုတ်ထားလျှက် ကော်သုတ်လိုက်၊ boat tape ကပ်လိုက်လုပ်သည်။ ရေမရှိသောနေရာများ ခြောက်ပြီး မာခဲသွားသော်လည်း ရေစိမ့်နေသည့်နေရာမှ ကော်များမှာ မခြောက်သဖြင့် ရေမှာ စိမ့်မြဲစိမ့်နေသည်။ သည် အပေါက် သေးသေးကလေးကို တစ်မနက်လုံးလုပ်တာတောင် မအောင်မြင်။ နေကလည်း ပူလာသဖြင့် ကျွန်တော် စိတ်ညစ် လာသည်။ ကျွန်တော်နှင့် မလေးတရုတ်ကလေး Small Heng တို့ နှစ်ဦး လုပ်ကြတာဖြစ်၏။

            ထမင်းစားအပြီး နေ့ခင်းအလုပ်ပြန်စတော့ ကျွန်တော်တို့နှစ်ဦး တိုင်ပင်ကြ၏။ ဟေ့ကောင်၊ ကြံစမ်းပါဦးကွ။ ဒီနည်းနဲ့ တော့ အလုပ်မဖြစ်ဘူး။ ငါတို့ နောက်တစ်နည်းပြောင်းမှ ဖြစ်မယ် ဟု ကျွန်ုပ်ဆိုလေသော် Small Heng က ခဏနေဦး ဟု ပြောကာ ထွက်သွား၏။ အတန်ကြာ၍ သူပြန်လာသော် စက်ဘီးကျွတ်ဖာသည့် တိပ်ကလေးများ ပါလာသည်။ (စင်ကာပူတွင် စက်ဘီးလေလုံးဖာရန်အတွက် လက်မခန့်ရှိသော တိပ်ကလေးများ ၀ယ်၍ရသည်။ စက်ဘီးပေါက်ပါက ဘာမှလုပ်စရာမလို၊ အပေါက်ကိုရှာ၊ ပေါက်သည့်နေရာတစ်ဝိုက် သန့်ရှင်းရေးလုပ်ကာ ထိုတိပ်ကလေးဖြင့် ကပ်လိုက်ရုံဖြစ်၏။ စက်ဘီးဖာသည့် တိပ်ဖြစ်သဖြင့် ကော်ကအတော်လေးကောင်းသည်။) သူက စက်ရုံမှ စက်ဘီးပြင်သည့်နေရာသို့သွားကာ တိပ်ကလေးများ တောင်းလာခြင်းဖြစ်၏။

            ထို့နောက် ကျွန်တော်တို့ ပိုက်ဆီပြန်သွားကာ ပထမ ယခင်ကဖာထားသော ကော်အားလုံးကို သန့်ရှင်းရေးလုပ်၏။ ထို့နောက် ပိုက်မျက်နှာပြင်ကို လုံးဝသန့်နေအောင် ကျကျနန ကော်ပတ်စားသည်။ နောက် ကျွန်တော်က ရေစိမ့်နေသော ပိုက်မျက်နှာပြင်ကို heating gun ဖြင့်မှုတ်ထားကာ ပိုက်ပူလာသောအခါ သူက ထို စက်ဘီးဖာသည့်တိပ်ဖြင့် ကပ်သည်။ တိပ်၏တန်ခိုးဖြင့် ရေပေါက်ကို ပိတ်လိုက်နိုင်သည်။ ကျွန်တော်အတော်လေး ပျော်သွားသည်။ Small Heng ကို ကျေးဇူးတင် ကြောင်းပြောကာ ထိုတိပ်ပေါ်မှ ထပ်လျှက် laminate လုပ်လိုက်သည်။ သည်အဆင့်ကတော့ ဘာမှ မခဲယဉ်းတော့ပါ။ ညနေ ၄ နာရီခန့်တွင် အားလုံးပြီးသွား၏။ ပျော်ရွှင်စွာပင် စောစောအလုပ်သိမ်းကာ ပြန်ခဲ့ကြသည်။

            တစ်ခါတစ်ရံ ကျွန်တော်တို့အလုပ်သမားများထံမှလည်း အဖိုးတန်သော အကြံဉာဏ်များရယူနိုင်ပါသည်။ သူတို့ ကိုလည်း တန်ဘိုးထား လေးစားဘို့လိုပါသည်။ အလုပ်သမားပဲကွာဟု အထင်သေးလို့မရ။ ကျွန်တော်တို့မသိသေးသော နည်းလမ်းများ၊ အယူအဆများ သူတို့ထံတွင် ရှိနေနိုင်သည်။ ဤသည်ကို ကျွန်တော်တို့က သူ့နေရာနှင့်သူ အသုံးချတတ်ရန် လို၏။ နေရာတကာ၊ ငါသိ၊ ငါတတ်ချည်း လုပ်လို့မရပါ။

 
            နောက်တစ်ခုကျတော့ တစ်မျိုးဖြစ်ပြန်၏။ ဒါလည်း ပိုက်ရေစိမ့်ခြင်းပင် ဖြစ်သည်။ သည်တစ်ခါ ရေစိမ့်တာ ပိုက်အဆက်မှ ဖြစ်သည်။ ပိုက်က ၁၆ လက်မပိုက်။ အဆက်က O-Ring joint ဖြစ်သည်။ သည်တော့ အရင်တခါကလို တိပ်နှင့် ကပ်လို့မဖြစ်နိုင်။ သည်တော့ ကျွန်တော် အတော်ခေါင်းစားပြန်၏။ ဘယ်လိုလုပ်ရမလဲ ဟု ဆံပင်မွေးများ ထောင်ထလာသည် ထိ စဉ်းစားရ၏။ ကျွန်တော့်ဦးဏှောက်မှာ သည်ကဲ့သို့ ဉာဏ်နီဉာဏ်နက်ထုတ်ရမည့် နေရာများတွင် အသုံးမ၀င်။ အလွန် ချာတူးလန်လှသည်။ ကျွန်တော် လမ်းဘေးပလက်ဖောင်းတွင် စိတ်ပျက်လက်ပျက်ထိုင်နေစဉ် ထို Seraya Chemical မှ ဦးသန်းဝင်း ရောက်လာ၏။

            ဘာဖြစ်လို့လဲဗျ ဟု သူမေးသော် ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင် ပြောပြ၏။ သူက လွယ်ပါတယ်ဗျာ၊ ရေထိလို့ မရတဲ့ကော်ဆိုတော့ ရေမထိအောင်လုပ်ပေါ့ဗျ ဟု ဆို၏။ ဟိုက်ရှားဘား၊ အလွန်ကောင်းသော အကြံဖြစ်ပါ၏။ သည်တော့မှ ကျွန်တော်လည်း ချာတူးလန်လှသော ကျွန်တော့်ဦးဏှောက်ကို အပြစ်နာနာဖို့ကာ ရေမထိအောင်လုပ်ရမည့်နည်းကို ကြံဆရ ပါသည်။  
            ကျွန်တော်တို့ ဖိုက်ဘာဂလပ်စ်ပိုက်လိုင်းတွင် ပိုက်ကြီးများမှ ပိုက်လိုင်းအသေးများခွဲထုတ်လိုသော် Saddle ဟု ခေါ်သော ပိုက်ဆက်ပစ္စည်းတစ်မျိုးရှိသည်။ အလယ်တွင် အပေါက်ပါသည်။ ထိပ်ဘက်တွင်မူ flange, Bell, socket, thread စသည်တို့ဖြင့် ဆုံးထားသည်။ ကျွန်တော်က အရစ်ဖြင့်ဆုံးထားသော threaded out saddle ကို ရွေး၏။ ထို့နောက် တစ်စက်စက်ကျနေသော ရေကို ၀ါယာကြိုးသေးသေးကလေးဖြင့် ရေလမ်းကြောင်းလွှဲပေးထားလိုက်သည်။ ထို့နောက်တွင်မှ ထိုဝါယာကြိုးကလေးကို saddle အလယ်ပေါက်မှ ထုတ်ကာ saddle ကို ပိုက်တွင် ကော်သုတ်ပြီး ဆင်လိုက်သည်။ အားလုံးပြီး၍ ကော်ကောင်းကောင်း ခြောက်သည်နှင့် saddle ထိပ်မှ အရစ်ကို အရစ်ပါသော ပလပ်ဖြင့် ပိတ်ဆို့လိုက်၏။ ထို့နောက် ပိုပြီး စိတ်ချရစေရန် saddle ကို ငုံကာ laminate လုပ်လိုက်သည်။ ကိစ္စပြီးသတည်း။


ဖော်ပြခဲ့သော ဤအလုပ်များမှာ အလုပ်ပင်ဖြစ်သော်လည်း အလုပ်ဟု နာမည်တပ်ရလောက်အောင် မယ်မယ်ရရ လုပ်ရတာမဟုတ်။ တစ်ရက်နှစ်ရက်မျှနှင့် ပြီးသွားသော အလုပ်များသာဖြစ်သည်။ အချို့အလုပ်များဆိုလျှင် တစ်ရက်ပြည့်ပြည့် ပင်မလုပ်ရ။ သို့အတွက် project မရှိသော ကာလများ၌ ကျွန်တော်တို့ အလုပ်ချောင်လှ၏။ Overtime မရှိတော့ လခတော့ နည်းသည်ပေါ့။ သို့သော် အလုပ်မရှိတာ ဘာတတ်နိုင်ပါမည်နည်း။

            ထိုကဲ့သို့သော ကြိုကြားကြိုကြားအလုပ်များ မရှိသောကာလများတွင်မူ ကျွန်တော့်မှာ ၀ပ်ရှော့တွင်ပင်နေကာ stock များ လုပ်ရသည်။ ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ပါ။ စတိုတွင်ရှိသော ပစ္စည်းများကိုစစ်၊ စာရင်းလုပ်။ သူတို့မှာသည့် ပစ္စည်းများကို ထုပ်ပိုးပြင်ဆင်ပေးရုံမျှ ဖြစ်၏။

            တစ်ရက်တွင်မတော့ ကျွန်တော်တို့ရုံးမှ အလီ က ကျွန်တော်တို့ကို မင်းတို့ PPE (Personal Protection Equipment) တွေယူခဲ့ ဆိုပြီး ကားနှင့်လာခေါ်၏။ မလေးရှားကို သွားရမယ် ဟု ပြောသည်။ မင်း၊ ငါတို့အတွက် ဗီဇာလျှောက်ထားသလား ဟု မေးသော်၊ No need, I will arrange, don’t worry. ဟု ခပ်ပေါ့ပေါ့ ပြောသည်။ အေးလေ၊ မင်းလုပ်တတ်တယ်ဆိုလဲ ပြီးတာပဲ ဟု ဆိုကာ ကျွန်တော်တို့ သူနှင့်လိုက်သွားသည်။ မလေးရှားအ၀င် check point ရောက်သော် ပြဿနာတက်သတည်း။

            မလေးရှား လ.၀.က က ကျွန်တော်တို့အတွက် ဗီဇာတောင်းသောအခါ မပြနိုင်။ အလီက ငါတို့ အလုပ်လုပ်ရအောင် သွားမှာမဟုတ်ဘူး။ ဒီမှာရှိတဲ့ ငါတို့ရုံးကို ခဏလာတာ ဟု ပြောသည်။ မင်းဟာမင်း၊ ခဏပဲလာလာ၊ အလုပ်ပဲလုပ်လုပ်။ ဗီဇာလိုတယ်။ ဗီဇာပြန်ယူပါ ဟု ရဲကဆိုလေသော် အလီမှာ ပက်လက်လန်ကာ ပြန်ခဲ့ရသတည်း။ (မှတ်ချက်။   ။စင်ကာပူနိုင်ငံသားများ မလေးရှား၊ အင်ဒိုနီးရှားသို့သွားလျှင် ဗီဇာမလိုပါ။ သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအဖို့ လိုပါသည်။ ဤသည်ကို အလီက ငါတောင် ဗီဇာမရဘဲသွားနိုင်သေးတာ မင်းတို့က ဘာကိစ္စမရဘဲ ရှိမလဲ ဟု ယူဆကာ ကျွန်တော်တို့အတွက် ဗီဇာမယူခြင်းဖြစ်၏။ ကျွန်တော်တို့ရှင်းပြတာကို နားမထောင်ဘဲ ဆရာကြီးလုပ်ခြင်းဖြစ်သည်။)

(၅၄) ကျွန်ုပ်တို့ မည်သို့မည်ပုံ သေမည်နည်းဆိုသည်ကို ကြိုတင်မသိနိုင်ပုံ


တစ်ရက်တွင် ကိုမြင့်သိန်းဖုံးဆက်လာ၏။ သူတို့ Jurong Shipyard တွင်လုပ်နေသော သူ့မိတ်ဆွေ ကိုမင်းသော်တာ မှာ ကျန်းမာရေး အခြေအနေ အလွန်ဆိုးနေကြောင်း သတင်းပေးခြင်းဖြစ်သည်။ သူပြောပုံအရ ကိုမင်းသော်တာမှာ ဗိုက်အလွန် အောင့်သည် ဆို၏။ ဗိုက်အောင့်သည်ကို Jurong Shipyard မှဆေးခန်းသို့ပြသော် ဆရာဝန်က ဗိုက်အောင့်ပျောက်စေရန် သာမန် ဆေးများသာ ပေးလိုက်သည်။ ဗိုက်အောင့်မပျောက်သဖြင့် ထပ်ပြသည့်တိုင် ဘာမှအရေးတယူ ဆက်မလုပ်။ သို့နှင့် မခံမရပ်နိုင်ဖြစ်လာသောအခါတွင် ပင်နင်ဆူလာတွင် ဖွင့်ထားသော မြန်မာဆေးခန်းသို့ သွားပြရာ ဆရာမကြီးက နင် အခု ဆေးရုံသွားပါ၊ နင်မသွားနိုင်ရင် တက္ကစီစီးရအောင် ငါလိုက်ပို့မယ် ဟု ဆိုပြီး ဆေးစာရေးပေးလိုက်သည်။ သို့နှင့် ကိုမင်းသော် တာ ဆေးရုံသို့ရောက်သော် ဆေးရုံက ချက်ခြင်းပင် သူ့ကို CT Scan ရိုက်ကာ ဆေးရုံတင်လိုက်သည်။

            ပြဿနာက ဤတွင်စသည်။ CT Scan ရိုက်ခြင်း၊ ဆေးရုံတက်ခြင်းတို့အတွက် ဆေးရုံမှ ငွေလက်ခံဖြတ်ပိုင်းပေး လိုက်သောအခါ စင်ကာပူဒေါ်လာ ၅၀၀၀ ဖြစ်နေသည်။ ဤငွေကို ကိုမင်းသော်တာက နေကောင်းလာလျှင် အလုပ်လုပ်ကာ ဆပ်ပါ့မည်ဆိုသဖြင့် ကုမ္ပဏီက စိုက်ပေးလိုက်သည် ဆို၏။ သို့နှင့် ဆေးရုံက ပြန်ဆင်းလာသည်။ အခြေအနေက သိပ်မထူးလှ။

            ဗိုက်အောင့်လာပြန်သော် ဒုတိယအကြိမ် ထပ်တက်ပြန်သည်။ သို့သော် သည်လိုနှင့်ပင် ပြန်ဆင်းလာသည်။ သူ သည်လိုဖြစ်နေသည့်ကိစ္စ မည်သူမျှ သိပ်မသိကြ။ ဤတစ်ကြိမ်တွင်မူ အခြေအနေအတော်ဆိုးနေပြီ။ နေမကောင်းရသည့် ကြားထဲ အလုပ်ကလည်း ဆင်းနေရသေး၏။ မဆင်းလို့မဖြစ်။ ပိုက်ဆံ ၅၀၀၀ ကြွေးကတင်နေပြီ။ သည်အချိန်တွင် ဗိုက်က အစာကို လက်မခံတော့။ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ် စသည် နည်းနည်းပါးပါးသာ စားနိုင်တော့သည်။ သို့သော် နောက်ပိုင်းတွင် အစာလုံးဝ မစားနိုင်တော့ဟု ဆိုသည်။

            ဤသည်ကို ကိုမြင့်သိန်း သိတော့ သူတို့ရုံးသို့လိုက်သွားကာ သူ့အခြေအနေ အတော်ဆိုးနေကြောင်း၊ ထို့ကြောင့် မိသားစုရှိရာ မြန်မာပြည်သို့ ပြန်လွှတ်ပါရန် အကြောင်းများ ပြောပြသည်။ သို့သော် ကုမ္ပဏီကလည်း သူတို့စိုက်ပေးထားရသော ငွေ ၅၀၀၀ ကိုကိုင်ကာ မင်းတို့မြန်မာတွေ ပိုက်ဆံစုပြီး ဒီ ၅၀၀၀ ပြန်ဆပ်နိုင်ရင် ပြန်ခွင့်ပြုမယ် ဟု ဆိုပါသည်။ သူတို့ဆိုလိုသည် မှာ မြန်မာတွေကလည်း ရသလောက်စု၊ သူတို့ကလည်း တချို့တ၀က်ကျခံမယ်။ သို့သော် ကုမ္ပဏီအနေနှင့် ၅၀၀၀ လုံးတော့ မကျခံနိုင်ဟု ဆို၏။ သို့နှင့် မိသားစုထံ ပြန်ဘို့အရေး အလှမ်းဝေးသွားရတော့သည်။ 

            နောက်တော့ အစာမ၀င်သဖြင့် အားပြတ်ကာ အိမ်သာသို့ပင် မသွားနိုင်တော့ပဲ ကွန်တိန်နာအတွင်း၌ ဆီးများ၊ ၀မ်းများဖြင့် လူးနေကာ ပြုစုမည့်သူလည်း မည်သူမျှမရှိ။ အတူနေသူများမှာလည်း အလွန်နံစော် ညစ်ပတ်လှသည်နှင့် တခြားသို့ ပြောင်းသွားကြပြီ။

            ကိုမြင့်သိန်းက ဘာလုပ်ရမှန်းမသိသဖြင့် အရေးပေါ်ယာဉ်ခေါ်ရန် ရဲကိုဖုံးဆက်သည်။ သို့သော် ရဲက သည်ကိစ္စမှာ ရာဇ၀တ်မှုမဟုတ်သဖြင့် သူတို့နှင့်မဆိုင်။ SCDF သို့မဟုတ် Ambulance (အရေးပေါ်ယာဉ်) သို့ခေါ်ပါဟု ပြောသည်ဆို၏။ သို့နှင့် သူလည်း SCDF သို့ ဖုံးဆက်ရာ ပထမ အဆင်မပြေ။ သူတို့က သည်ကိစ္စ သူတို့နှင့် တိုက်ရိုက်မပတ်သက်သဖြင့် အင်တင်တင် ဖြစ်နေသည်။ ကိုမြင့်သိန်းလည်း လက်မလျှော့ပဲ ထပ်မံကြိုးစားရာ နောက်တစ်ကြိမ်တွင် ကံအားလျော်စွာ အမျိုးသမီးအရာရှိနှင့်တွေ့ရှိ။ သူက အရေးပေါ်ယာဉ်လွှတ်ပေးမည်၊ ဆေးရုံတင်ပါ ပြောသည်ဆိုသဖြင့် ယခု စင်ကာပူ ဆေးရုံကြီးသို့ တင်ထားကြောင်း၊ မည်သည့် Ward၊ မည်သည့်အခန်း စသည်များကို ပြောပြပါသည်။ 

            သို့နှင့် ကျွန်တော် Outram Park ရှိ စင်ကာပူဆေးရုံကြီးသို့ လိုက်သွားသည်။ ကိုမင်းသော်တာမှာ သတိမရတစ်ချက်၊ ရတစ်ချက်။ အစာအိမ်မှာ လုံးဝမရှိတော့ဘဲ အစာအိမ်နားရှိ အခြားအူ၊ အရိုးစသည်များသို့ ကပ်နေပြီဖြစ်ကြောင်း၊ အစာအိမ်မရှိ တော့သဖြင့် အစာကျွေးဘို့မှာ မည်ကဲ့သို့မှ မဖြစ်နိုင်တော့။ လွန်နေပြီ ဖြစ်ကြောင်း ကိုမြင့်သိန်းက ရှင်းပြပါသည်။

            မည်ကဲ့သို့ ဖြစ်သနည်းဆိုသည်ကို ကျွန်တော် ဂဃနဏမသိပါ။ ကိုမြင့်သိန်းပြောပြသဖြင့် သူနှင့် ကိုမင်းသော်တာမှာ အလွန်ရင်းနှီးကြောင်း၊ ကိုမင်းသော်တာမှာ မိသားစုအတွက် အလွန်ခြိုးခြံချွေတာပြီး စားသောက်ကြောင်း။ များသောအားဖြင့် ခေါက်ဆွဲထုပ်ကို ပြုတ်သောက်တာသာ ဖြစ်ကြောင်း၊ ယခင်ကတည်းက အစာအိမ်ရောဂါလည်းရှိကြောင်း စသည်ဖြင့်ပြောပြ၏။

            ဆေးရုံတက်ချိန်မှာ သိပ်မကြာလိုက်ပါ။ သုံးလေးရက်အကြာတွင် ဆေးရုံကြီးပေါ်၌ပင် ကိုမင်းသော်တာ ဆုံးပါးသွား၏။ သူမဆုံးမီ မြန်မာပြည်မှ သူ့အမျိုးသမီး ကျွန်တော့်ထံ ဖုံးဆက်လာသည်။ သူ့အခြေအနေ ဘယ်လိုလဲဟင် ဟု မေးလာသည်ကို ကျွန်တော်ပြန်မဖြေနိုင်။ မျက်ရည်များစီးကျလာပြီး အသံမထွက်တော့သည်နှင့် အခြားတစ်ဦးကို ဖုံးပေးလိုက်ရသည်။ ယောက်ျားဖြစ်သူ၏ ဆုံးခါနီးအခြေအနေကို သူ့ဇနီးသည်အား ပြန်ပြောပြရန် ကျွန်တော့်တွင် ခွန်အားမရှိ။

             ဆုံးမည့်ညနေတွင် ကုမ္ပဏီသူဌေး နှင့် Jurong Shipyard မှ အရာရှိများ လာကြည့်သည်။ မိမိ၏ ၀န်ထမ်းဖြစ်သူ တစ်ဦး သေလောင်းပျောက်ဝဖြစ်နေသည် ကို ပစ်စလက်ခတ်ထားသော သူတစ်ဦးအား စကားပြောရန် ကျွန်တော်ဆန္ဒမရှိ သည်နှင့် ခပ်ဝေးဝေးမှသာကြည့်နေပါသည်။ ထို့နောက် အေးဂျင့်လုပ်သူက The Straits Times မှ သတင်းထောက်အား ခေါ်ပေးသည်နှင့် ကျွန်တော်လည်း ကိုမင်းသော်တာကို ဓါတ်ပုံရိုက်ပေးကာ လူရှင်းသည့်တစ်နေရာသို့ သတင်းထောက်ကို ခေါ်ပြီး ကျွန်တော်သိသမျှ ပြောပြလိုက်ပါသည်။ ဤကဲ့သို့ ဖြစ်နေသည်ကို ကုမ္ပဏီမှ သိပင်သိငြားသော်လည်း အရေးတယူမလုပ်ပုံ၊ အတူနေသူများမှာလည်း မိမိနှင့်မဆိုင်သလို တာဝန်မဲ့နေကြပုံ၊ ကုမ္ပဏီဆေးခန်းမှ ဆရာဝန် ပစ္စလက်ခတ်လုပ်ပုံ စသည်တို့ ဖြစ်၏။
            ဤတွင် ကြားဖြတ်ပြောရလျှင် ဆေးရုံဆေးခန်း စသည်တို့တွင် သတင်းထောက်များ လာရောက်မေးမြန်းခြင်း၊ ဓါတ်ပုံရိုက်ခြင်းကို ဆေးရုံများမှ မကြိုက်သဖြင့် ဤကိစ္စ တိုးတိုးတိတ်တိတ်လုပ်ပါဟု သတင်းထောက်က ကျွန်တော့်ကို တီးတိုးမှာထားသည်။ ထို့ကြောင့် သူ့ကို ကျွန်တော်က လူသူရှင်းရာ ထောင့်တစ်နေရာခေါ်သွားပြီး တိုးတိုးတိတ်တိတ် ပြောပြာရခြင်း ဖြစ်၏။ သူက မြန်မာပြည်ရှိ ဇနီးသည်၏ သဘောထားကိုပါ သိလိုပါသည် ဆိုသဖြင့် ကျွန်တော်က မြန်မာပြည်သို့ ဖုံးခေါ်ကာ မေးမြန်းပေးရပါသေးသည်။


ထိုနေ့ည အကြောင်းထူးလျှင် ကျွန်တော့်ဆီ အချိန်မရွေး ဖုံးဆက်လိုက်ပါ။ ကျွန်တော်ဖုံးကို ဖွင့်ထားမည် ဟု ကိုမြင့်သိန်းကို မှာခဲ့ကာ ပြန်ခဲ့၏။ နံနက် လင်းအားကြီး ၄ နာရီကျော်ခန့်တွင် ကိုမင်းသော်တာ ဆုံးပါးသွားပြီဖြစ်ကြောင်း ကိုမြင့်သိန်း ဖုံးဆက်လာပါသည်။ မိုးလင်းသည်နှင့် ကျွန်တော်ဆေးရုံသို့လာခဲ့ကာ နာရေးကိစ္စအတွက် လုံးပမ်းရ၏။ သိပ်အထွေအထူး မလုပ်ရပါ။ အေးဂျင့်က သုဘရာဇာ (under taker) ခေါ်ပေး၏။ ကျွန်တော်က death certificate ကို (မြန်မာလိုတော့ ရင်ခွဲတိုက် ခေါ်မည်ထင်ပါသည်) တွင်သွားယူကာ under taker များနှင့် လိုသည်များ စီစဉ်ပေးရပါသည်။ သူတို့က ဘာလိုသည်၊ ဘာလိုသည် ပြောသည်များကို လုပ်ပေးရုံမျှ ဖြစ်ပါသည်။ ဘာမှ မခဲယဉ်းပါ။

            တစ်ယောက်က ဒါကြီး မင်းဘယ်လိုလုပ်ချင်သလဲ မေးလာသဖြင့် မြန်မာပြည်သာ ပြန်ပို့လိုက်ပါကွာ ဟု ဖြေလိုက်ပါသည်။ ကျွန်တော်က မိတ်ဆွေသူငယ်ချင်းများကို ပြောပြကာ အလှူငွေကောက်ခံရန်ကိစ္စကို ဆော်သြ၏။ တစ်ယောက်က Kidney Foundation ဆိုလား၊ ကင်ဆာဌာန ဆိုလား တွင် မြန်မာဆရာဝန်မကြီး တစ်ဦးရှိသည်ဆိုကာ ဖုံးနံပါတ်ပေးသဖြင့် ကျွန်တော် လှမ်းဆက်သွယ်ပါသည်။ ဆရာမကြီးနာမည်မှာ ဒေါ်ဘယ်သူဆိုလား။ မေ့နေပြီ။ သူက ရုပ်ကလပ်ကို မြန်မာပြည်ပြန်ပို့ရန် ကုန်ကျစရိတ်များကိစ္စ တာဝန်ယူပေးမည်ဆိုလား ပြောပါသည်။

            အလုပ်ပြီး၍ ရေမိုးချိုးစားသောက်ပြီးချိန် ည ၉ နာရီလောက်တွင် ကျွန်တော့်ဆီ ဖုံးလာ၏။ Under taker ထံမှ ဖြစ်ပါသည်။ ဟကောင်၊ မင်းတို့ကောင်မှာ အ၀တ်မပါလာဘူး။ အ၀တ်လာဝတ်ပေးလှည့်ဦး ဟု ဆို၏။ ဟိုက်ရှားဘား။

ကျွန်တော့်မှာ ကပျာကသီ အ၀တ်အစားလဲကာ ပင်နင်ဆူလာသို့ အပြေးလာခဲ့ရသည်။ ဆိုင်များက ၉ နာရီခွဲကျော်လျှင် ပိတ်တော့မည်။ တော်ပါသေး၏။ ကျွန်တော်ရောက်သွားတော့ ဆိုင်တော်တော်များများ ဖွင့်သေး၏။ ကျွန်တော်လည်း နီးရာဆိုင်တစ်ဆိုင်တွင် ပုဆိုးနှင့် အင်္ကျီတစ်ထည်စီ ကောက်ကက်ဝယ်ကာ ၎င်းတို့ဆီ မနည်းရှာဖွေသွားရသည်။ ဟို့၊ အဝေးကြီး မှာ ဖြစ်၏။ Chua Chu Kang ထင်ပါသည်။ သိပ်မမှတ်မိတော့။ အနီးဆုံး ဘူတာထိ MRT စီးကာ ဘူတာမှ သူတို့ဆီ တက္ကစီ ငှားသွားရသည်။ ဟိုရောက်တော့ သူတို့ကို အ၀တ်အစားများပေးကာ မင်းတို့မပုပ်အောင် ဘယ်လိုလုပ်သလဲ မေးကြည့်တော့ သူတို့က ဆေးထိုးထားတယ် ဟု ဆို၏။ မင်းတို့ဟာ၊ သေချာမှဖြစ်မယ်နော။ တော်ကြာ၊ ဟိုရောက်လို့နံနေရင် အဆင်ပြေမှာ မဟုတ်ဘူး ဟု ကျွန်ုပ် ပွစိပွစိ လုပ်လေသော် စိတ်သာချပါကွာ။ အနည်းဆုံး ၃ ရက်တော့ ခံတယ်၊ ငါတို့ ဒါမျိုးလုပ်နေကျ။ ဘာမှ မပူနဲ့ ဟု ပြောလေသည်။ နေပါဦး၊ ဘယ်လိုပို့မှာလဲ ဆိုတော့ Cargo လေယာဉ်နဲ့ ပို့မှာ ဟု ပြောပါသည်။ ဒီကနေ မြန်မာပြည် ပို့ရင် ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ ဟု စပ်စုကြည့်ရာ ၃၀၀၀ လောက်တော့ ကုန်တယ် ဟု ဆိုပါသည်။


(၅၅) စင်ကာပူနိုင်ငံသားများ မည်သို့လှူဒါန်းကြပုံ


နောက်နေ့ Straits Times သတင်းစာတွင် ကိုမင်းသော်တာ့ကိစ္စ သတင်းပါလာ၏။ Home section တွင်ဖြစ်သည်။ ကျွန်တော် ရိုက်ပေးလိုက်သော ဓါတ်ပုံကြီး အပြူးသားနှင့်။ သူတို့ကတော့ ထုံးစံအတိုင်း ဖတ်ကောင်းအောင် သတင်းဆောင်းပါးရေးထား ခြင်းဖြစ်သည်။ ဖတ်လို့ကောင်းပါ၏။ ဇနီးဖြစ်သူ၏ ပြောစကားများကိုပါ ထည့်ရေးထားသည်ဖြစ်ရာ ဖတ်ရသူအပေါင်း၏ စိတ်နှလုံးကို ညှိုးချူံးစေလေတော့၏။ (ယခင်က ထိုသတင်းစာဖြတ်ပိုင်းကို သေသေချာချာ သိမ်းထားပါသေးသည်။ သို့သော် ကျွန်ုပ်မှာ စင်ကာပူတစ်နိုင်ငံလုံး ဟိုရောက်လိုက်၊ သည်ရောက်လိုက်နှင့် ကြုံသလို နေရသည်ဖြစ်ရာ သယ်ရ၊ ပြုရ မလွယ်လှသဖြင့် တစ်နေရာပြောင်းတိုင်း မလိုအပ်ဘူးထင်သည့် စာရွက်စာတမ်းများကို ပစ်လိုက်ရသည်ဖြစ်ရာ အနှီ သတင်းစာ ဖြတ်ပိုင်းသည်လည်း ထိုပစ်လိုက်သော စာရွက်စာတမ်းများနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားချေသည်။ ယခု ပြန်ရှာတော့ မတွေ့တော့ပါ။ ရက်စွဲ အတိအကျမမှတ်မိတော့သော်လည်း ၂၀၀၄ ခုနှစ်ပိုင်းက ဖြစ်ပါသည်။)

များမကြာမီပင် ကျွန်တော့်ထံ ဖုံးများ တဂွမ်ဂွမ် ဆက်လာပါတော့သည်။ သတင်းစာပါ ကိုမင်းသော်တာ၏ မိသားစုအတွက် ကူညီလိုသူ စင်ကာပူနိုင်ငံသားများထံမှ ဖြစ်၏။ ကျွန်တော်က နေပါဦးကွယ်၊ င့ါဖုံးနံပါတ်ကို မင်းတို့ ဘယ်လိုရသလဲ ဟု စပ်စု တော့ သူတို့က လွယ်ပါတယ်ကွာ။ သတင်းစာတိုက်ကို လှမ်းဖုံးဆက်ပြီး သတင်းထောက်ကို မေးတာပေါ့ ဟု ဆို၏။
သည်တွင် စင်ကာပူနိုင်ငံသားများ၏ လှူပုံနှင့် ကျွန်ုပ်တို့ မြန်မာများလှူပုံကို အနည်းငယ် နှိုင်းယှဉ်ပြပါရစေ။

ဤသည့်သူများမှာ သတင်းစာဖတ်ပြီး ကျွန်ုပ်ကို ယုံကြည်မှုတစ်ခုထဲနှင့် ကိုမင်းသော်တာ မိသားစုအား ပံ့ပိုးငွေ လှူကြခြင်း ဖြစ်ပါသည်။ ကျွန်တော်ပြန်ပေးသော ငွေလက်ခံဖြတ်ပိုင်းကိုတောင် လက်မခံပါ။ ငါတို့ပေးလိုက်တဲ့ အလှူငွေသာ သူတို့ မိသားစုဆီ ပို့ပေးပါကွယ် ဟု ဆို၏။ ကျွန်ုပ်က နာမည်မေးသောအခါတွင်လည်း မလိုပါဘူးကွာ ဟု ဆို၏။ မုခ်ဝတွင် ကမ္ဗည်းတင်လို၍ သိန်းပေါင်းများစွာ အကုန်ခံလှူသော ကျွန်ုပ်တို့ မိတ်ဆွေများ အတုယူနိုင်ပါစေ။
များသောအားဖြင့် သူတို့အလှူငွေပေးပုံမှာ ကျွန်တော့်ကို တစ်နေရာတွင် ဖုံးဆက်ချိန်းသည်။ များသောအားဖြင့်တော့ ကျွန်တော်နေသည့် Kallang Way နှင့်အနီးဆုံးဘူတာ Aljunied MRT တွင် ချိန်းဆိုတာဖြစ်ပါသည်။ ကျွန်တော်က သူတို့ကို သွားစောင့်နေသည်။ သူတို့က ဘူတာထဲမှနေပြီး ကျွန်တော့်ထံ ဖုံးဆက်သည်။ ထိုအခါတွင်မှ ကျွန်တော့်ထံ တည့်တည့်လာကာ ပိုက်ဆံပေးခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသေချာအောင် ဖုံးဆက်ပြီး confirm လုပ်တာဖြစ်ပါသည်။
တရုတ်အမျိုးသမီးတစ်ဦးကမူ ၀မ်းနည်းပါတယ်ကွယ်၊ ငါမင်းဆီလာဘို့ အချိန်မရှိဘူး။ ခု ငါ Raffles City မှာ။ မင်း ကနေ့ည ၈ နာရီ လာလို့ရမလား ဆိုသဖြင့် ကျွန်တော်လည်း သူချိန်းဆိုရာသို့သွားသည်။ တွေ့သော် စင်ကာပူဒေါ်လာ ၁၀၀၀ ကို ရေတွက် ၍ ပေးသည်။ ကျွန်တော်လည်း ၀မ်းသာလှသဖြင့် သူ့ကို မင်းနာမည်လေး ပြောပြပါလားကွယ်။ သူ့မိသားစုတွေကို ပြောချင်လို့ ပါဆိုတာတောင်မရ။ မလိုပါဘူးကွယ်၊ ဒီငွေသာ သူ့မိသားစုတွေဆီပို့ပေးလိုက်ပါ ဟု ဆိုကာ ထွက်သွားလေ၏။ ကျွန်တော့်မှာ ဘာမှပြန်ပြောချိန်မရလိုက်။ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ရ၏။

လူသတင်း လူချင်းဆောင်သည်ဖြစ်ရာ ကျွန်တော့်ထံ ကိုမင်းသော်တာ့မိသားစုအတွက် အလှူငွေများ ထည့်ဝင်ကြကြောင်း စင်ကာပူရှိ Myanmar Club မှ သိသဖြင့် ကျွန်တော့်ကို ဖုံးဆက်ပြီး အချိန်းအချက်လုပ်သဖြင့် သူတို့နှင့် သွားတွေ့၏။ ဦးစိန်ဝင်း နှင့် ဦးဇော်ထွန်းဖြစ်ပါသည်။ သူတို့က သူတို့တွင်လည်း မြန်မာအသိုင်းအ၀ိုင်း ကျယ်ကျယ်ပြန့်ပြန့်ရှိကြောင်း၊ အခြားနိုင်ငံများ သို့ပါ အကြောင်းကြားပြီး အကူငွေများ ကောက်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။ သို့သော် ကျွန်တော်မှတ်မိသရွေ့ သူတို့ဆီမှ တစ်ပြားမှ မရခဲ့ပါလေ။ နောက်ပိုင်း အဆက်အသွယ်ပြတ်သွား၏။

စင်ကာပူနိုင်ငံသားများရော၊ ကျွန်တော်တို့ အပေါင်းအသင်း သူငယ်ချင်းများပါ ကူငွေများ ထည့်ဝင်လှူဒါန်းကြရာ စုစုပေါင်း သိန်း ၆၀ ကျော်ရပါသည်။ အများစုမှာ စင်ကာပူနိုင်ငံသားများထံမှ ဖြစ်၏။ ထိုငွေများကို ကျွန်တော်က ကျွန်တော့်အစ်မကြီးမှ တစ်ဆင့် ကိုမင်းသော်တာ့မိသားစုထံ ပို့ပေးလိုက်ပါသည်။

Straits Times သတင်းထောက်ကလည်း သူတို့တိုက်မှ စင်းဒေါ်လာ ၁၀၀၀ ကူငွေထည့်မည်ဆိုပါသည်။ သို့သော် အပြောသာ ရှိပြီး မရခဲ့ပါလေ။ သူတို့ထည့်မည်ဆိုတော့ ကျွန်တော်တောင် ကိုမင်းသော်တာ့မိသားစုထံ နောက်ထပ် ၁၀၀၀ ကျန်သေးသည် ဟု နှုတ်လွန်ခဲ့မိပါသည်။ ကိုမင်းသော်တာတွင် သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့သည်။ မြန်မာပြည်ပြန်စဉ် မမက ကျွန်တော့်ကို သူတို့အိမ်လိုက်ပို့သည်။ သူတို့အခြေအနေကြည့်ရသည်မှာ သိပ်မဆိုးလှပါ။ ကျွန်တော်တို့စုပေးသော ထောက်ပံ့ငွေနှင့် အိမ်ဆိုင်ကလေး ဖွင့်ထားသည်။ ထင်း၊ မီးသွေး စသည်တို့ပါရောင်းသည်။ ပန်းခင်းလည်း စိုက်ထားသေး၏။ အဆင်ပြေသည်ဟု သိရသဖြင့် ၀မ်းသာရပါသည်။

ဆက်ပါဦးမည်။

အေးငြိမ်း

၂-၁-၂၀၁၂၊ ညနေ ၆း၀၅ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027
Email: y_nyein@yahoo.com.sg
Blog: http://shwenyein.blogspot.com

2 comments:

Anonymous said...

ဝမ်းနည်းစရာကောင်းလိုက်တာ။မိသားစုနဲ.ဝေးနေတဲ. ကျန်းမာရေးမကောင်းသူတွေကိုကူညီမဲ.အဖွဲ့အစည်းလေးလုပ်ထားရင်ကောင်းမှာနော်။ပါဝင်ကူညီချင်ပါတယ်။

Anonymous said...

ဝမ်းနည်းစရာကောင်းလိုက်တာ။ကူညီနှိုင်မဲ.မြန်မာအဖွဲ့အစည်းထားနိုင်ရင်ကောင်းမှာနော်။