Sunday, September 21, 2008

Review to Yaung Ni Sann

ရောင်နီဆန်း၏စာကို သုံးသပ်ကြည့်ခြင်း

ရောင်နီဆန်း၏စာကို ဖတ်ကြည့်လျှင် မြန်မာနိုင်ငံတော်အပေါ်ထားရှိသော သူ့စေတနာကို ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါလိမ့်မည်။ ကျွန်တော်လည်း ယခင်က ထိုအတိုင်းပင်ခံယူထားခဲ့ပါ၏။ Safety Officer သင်တန်း မတက်မီ အချိန်ကထိ ဆိုပါတော့။
ကြားဖြတ်၍ ပြောရလျှင် သူများတွေအဖို့တော့ ဘယ်လိုနေမည် မသိ။ ကျွန်တော့်အဖို့တော့ Safety Officer သင်တန်းမှ အများကြီး ရလိုက်ပါသည်။ ကျွန်တော်၏ ဟောင်းနွမ်းဆွေးမြေ့နေသော အတွေးအခေါ် အတော်များများကို ဤသင်တန်းအပြီးတွင် စွန့်လွှတ်လိုက်ပါသည်။ အရာရာသည် ပြောင်းလဲနေသည်ဖြစ်ရာ ကျွန်တော်တို့သည်လည်း ပြောင်းသင့်သည်ပြောင်း၊ ပြင်သင့်သည် ပြင်ရမည် ဟု ယူဆသောကြောင့် ဖြစ်ပါ၏။
ဗုဒ္ဓဟောကြားခဲ့သည့် ပရမတ္ထသစ္စာ လေးပါးမှလွဲ၍ ကျန်တာအားလုံး သမုတိသစ္စာများသာ ဖြစ်သောကြောင့် ဘယ်အရာမှ လုံးဝဥဿုံ အစဉ်အမြဲ မမှန်နိုင်ပါ။ တစ်ချိန်ကမှန်ခဲ့သည်များသည် ယခုအခါ အဖတ်ဆယ်မရအောင် မှားခဲ့ကြောင်း သင်ခန်းစာများစွာနှင့် သိခဲ့ကြရပါသည်။ တခြားမကြည့်ပါနှင့်။ ပလေတို၊ မာ့က်စ် နှင့် အိန်ဂျယ် တို့ကို ကြည့်ပါ။ လီနင်၊ စတာလင်နှင့်တကွ အခြား ထင်ရှားကျော်ကြားခဲ့သော ကမ္ဘာ့ ခေါင်းဆောင်ကြီးများကို ကြည့်ပါ။
ပလေတို၏ အင်မတန် ထင်ရှားကျော်ကြားလှသော သမ္မတနိုင်ငံကျမ်းသည် မည်သည့်အတိုင်းအတာ အထိ မှန်ခဲ့ပါသနည်း။ မာ့က်စ် ၏ ၀ါဒကြောင့် ကမ္ဘာပေါ်ရှိ သန်းပေါင်းမည်မျှသော လူသားတို့ မည်မျှ ဒုက္ခ ရောက်ခဲ့ကြ ပါသနည်း။ အစပိုင်းတွင်တော့ ဟုတ်မလိုလို အရှိသား။ ခု ပြန်တွေးကြည့်လိုက်တော့လည်း အင်မတန် မိုက်မဲသော အယူအဆများဖြစ်ကြောင်း လွယ်လွယ်သိနိုင်ပါသည်။ ကျွန်တော်သည်လည်း ငယ်စဉ်က မာ့က်စ် ၏ အယူအဆများကို အလွန်နှစ်သက်ခဲ့သူ ဖြစ်ပါ၏။ ကျွန်တော်တို့ တစ်နိုင်ငံလုံး (အဲလေ ကျွန်တော် တို့တင်မဟုတ်ပါဘူး) ဆိုဗီယက်၊ ရူမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလို ဗေးကီးယား၊ ယူဂိုစလားဗီး ယား၊ ပိုလန်၊ ဟန်ဂေရီ တို့နှင့်တကွ၊ ကျူးဘား (ယခုချိန်ထိ)၊ မြောက်ကိုးရီးယား(ယခုချိန်ထိ)၊ တရုတ် အားပါး၊ ပြန်တွက်ကြည့်လျှင် မနည်းလှပါ။ အမှားကြီး မှားခဲ့ကြပါသည်။ တချို့ဆို ယခုထိတိုင် ခေါင်းမာနေဆဲ ဖြစ်ပါ၏။ ကိုယ်လက်ခံထားသော အယူအဆတစ်ခုကို လွယ်လွယ်နှင့် စွန့်ပစ်ဘို့ဆိုတာ အခက်သားကလား။
Ref: 1. http://en.wikipedia.org/wiki/Karl_Marx
2. http://en.wikipedia.org/wiki/Lenin
3. http://en.wikipedia.org/wiki/Joseph_Stalin

မြတ်စွာဘုရားလက်ထက်က အရှင်မောဂ္ဂလာန်လောင်းလျာ၊ ကောလိတ သတို့သားသည် တိတ္ထိ ဆရာကြီး တစ်ဦး (နာမည်မမှတ်မိတော့ပါ)ထံ ပညာဆည်းပူးနေရာမှ မြတ်စွာဘုရားနှင့်တွေ့ပြီး တရားစစ်တရားမှန်ကို တွေ့သဖြင့် သူ့ မူရင်း တိတ္ထိဆရာကြီးထံ ပြန်လာကာ မြတ်စွာဘုရားထံ တရားစစ်သွားရှာရန် လာခေါ်သည်တွင် ဆရာကြီးက ဟဲ့ ကောလိတ၊ လောက လူမိုက်နဲ့ လူလိမ္မာ ဘယ်သင်းပိုများသတုံး ဟု မေး၏။ ကောလိတက လူမိုက်တွေက ပိုများပါတယ် ဆရာကြီး ဟု ပြန်ဖြေရာတွင် အင်း မင်းတို့ လူလိမ္မာတွေ ဂေါတမဆီသွားကြ။ ကျန်တဲ့လူမိုက်တွေ ငါ့ဆီလာလိမ့်မယ်။ ငါတော့ ဆရာကြီး အဖြစ်ကနေ ဂေါတမရဲ့ တပည့်အဖြစ်မခံနိုင်တော့ဘူး ဟု ပြန်ပြောသတတ်။ ဤသည်ကိုကြည့်လျှင် ဆရာကြီးသည် သူမှားနေသည် ကို မသိမဟုတ်။ သိ၏။ သို့သော် မိမိ၏ အယူအဆကို လွယ်လွယ်နှင့်မစွန့်နိုင်သဖြင့်သာ ဗုဒ္ဓနှင့် အလွဲကြီး လွဲခဲ့ရခြင်း ဖြစ်ပါသည်။ ၁

Safety Officer သင်တန်းတက်ပြီးတော့ ကျွန်တော့်တွင် idea တစ်ခု ရလာပါသည်။ ထိုအရာမှာ ဖြစ်ရပ်တစ်ခု ကို အထဲကနေ မကြည့်ပဲ အပြင်က ဘေးလူ အနေနှင့်(Third Party) ကြည့်ခြင်း ဖြစ်ပါသည်။ အထဲကလူ ဖြစ်နေလျှင် ဘက်လိုက်မှုများ၊ ပုဂ္ဂလိကခံစားချက်များ များစွာပါနေမည်ဖြစ်ရာ အမှန်နှင့် မနီးစပ် နိုင်ပါ။ ဘေးကလူအနေနှင့်ကြည့်မှ မှန်မှန်ကန်ကန် သုံးသပ်နိုင်မည် ဖြစ်ပါသည်။ တရားစီရင်ရေးမူအတိုင်း ကြည့်ရမည်ဟု ဆိုလိုပါသည်။



ကျွန်တော်မှတ်မိသရွေ့ ပြောရလျှင် တရားစီရင်ရာတွင် -
v ဆွေမျိုးဆိုတာ မရှိရ။
v ဒေါသမရှိရ။
v လောဘ (လာဘ်) ကိုမကြည့်ရ။
v ချစ်ခြင်းမရှိရ။
v မုန်းခြင်းမရှိရ။ ၂

ယခုလည်း မြန်မာနိုင်ငံအကြောင်း ဆွေးနွေးကြရာတွင် ကျွန်တော်က မြန်မာပြည်သားတစ်ယောက် အနေနှင့် မဟုတ်ပဲ အပြင်မှ လူတစ်ဦးအနေနှင့် ကြည့်လိုက်ပါသည်။ ထိုအခါ အင်မတန် စိတ်ဝင်စားဖွယ် ကောင်းသော အချက် များကို တွေ့လာရပါ၏။
ကျွန်တော်နှင့် ကိုဌေးဝင်းနိုင်မှာ တနင်္ဂနွေနေ့တိုင်းလိုလိုတွေ့ပြီး ထို ဗမာ့နိုင်ငံရေးနှင့်ပါတ်သက်ပြီး စကားဝိုင်း လေး ဖွဲ့မိကြပါ၏။ နာဂစ်အရေးမှ စတင်သည်ဟု ဆိုရပါမည်။ ယခုစာထဲတွင် ထိုစကားဝိုင်းမှ ဆွေးနွေးချက် ကလေးများကိုလည်း ထည့်သွင်း ရေးသားသွားမည် ဖြစ်ပါ၏။ ကျွန်တော့်တွင် ပြောစရာအတော် များနေသည်ဖြစ်ရာ စာတော်တော်ရှည်လိမ့်မည်ဟု ယူဆရပါသည်။ သည်းခံခွင့်လွှတ် ဖတ်ရှုပါခင်ဗျား။

ရောင်နီဆန်းက ကောင်းစေချင်သော စေတနာ ဗလပွနှင့် သူဖြစ်စေချင်သည်များကို ရင်ဖွင့်ထားပါသည်။ တနည်းအားဖြင့်လည်း ထိုအရာများသည် ၎င်း၏ရင်ထဲမှ ခံစားချက် အစစ်အမှန်များ ဖြစ်ပါ၏။ ပြည်သူ တစ်ဦး တစ်ယောက်၏ ခံစားချက်များကို ကျွန်တော်တို့ အလေးထားရပါမည်။
ကျွန်တော် Safety Officer သင်တန်းတွင် လေ့လာသင်ယူခဲ့ရသည့် CRM (Communication and Relationship Management) subject တွင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရသည် ၎င်း၏ ပေါ်လစီများကို ချမှတ်ရာ၌ အောက်ခြေ ပြည်သူလူထု၏ အသံကို နားထောင်ရန် အလွန်အရေးကြီးကြောင်း ပို့ချပါ၏။ အဘယ်ကြောင့် ဆိုသော် တိုင်းပြည်၏ အများစု လူထုကြီးမှာ ထို အောက်ခြေပြည်သူလူထုကြီး တစ်ရပ်လုံး ဖြစ်နေသောကြောင့်တည်း။ ထိုနိုင်ငံ၏ လိုအင်ဆန္ဒဟူသည် ထို အောက်ခြေပြည်သူလူထုကြီး၏ အလိုဆန္ဒနှင့် ထပ်တူထပ်မျှ ဖြစ်နေပေသည်။ အထက်တန်းစား လက်တစ်ဆုပ်စာ လူတန်းစားကို ကိုယ်စားမပြုပါ။ ထို့အတူလည်း ထိုနိုင်ငံကို အစိုးရလုပ် အုပ်ချုပ်နေသော သူများသည် လည်း ၎င်းတို့၏ အလိုဆန္ဒအတိုင်း လုပ်ပိုင်ခွင့် မရှိပါ။ ၎င်းတို့၏တာဝန်မှာ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင် အထည်ဖော်ရန်သာ ဖြစ်၏။ ပြည်သူလူထုကို ဘာလုပ်လိုက်၊ ညာလုပ်လိုက်ဟု မလိုအပ်သည်များကို ညွှန်ကြားရန် မဟုတ်ပါ။
သို့သော် ရောင်နီဆန်းက အတွင်းကလူအနေနှင့် ခံစားချက်များကို ဖွင့်အံရေးသားခြင်းဖြစ်ရာ အပြင်လူ တစ်ယောက်အနေနှင့် ကြည့်လိုက်တော့ ကျွန်တော့် အမြင်တွင် နည်းနည်း အစွန်းရောက်နေသည် ထင်၏။ ဘယ်ပုံ အစွန်းရောက်နေသည်ကို နောက်ပိုင်း ဖြည်းဖြည်းချင်း ရှင်းသွားပါမည်။

မှတ်ချက်။ ။ (၁) အရှင်မောဂ္ဂလာန်လောင်းလျာ နှင့် တိတ္ထိ ဆရာကြီးတို့အကြောင်း ကျွန်တော်ပြန်ရှာပြီး အပြည့်အစုံကို ကျမ်းအကိုးအကားနှင့် နောက်ဆက်တွဲဖြင့် ပြန်လည်ဖော်ပြပါမည်။
(၂) တရားသူကြီးများ ကျင့်ထုံးကို ကျွန်တော် ပြန်ရှာကြည့်ပါမည်။ တွေ့သောအခါ နောက်ဆက်တွဲဖြင့် ပြန်လည်ဖော်ပြပါမည်။

No comments: