Tuesday, September 30, 2008

Public Health Care 02

အားလုံးကြားဖူးကြသော ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြရလျှင် မြတ်စွာဘုရားကို ဆေးကုပေးခဲ့သော သမားတော်ကြီး ဆရာဇီဝက ဆေးပညာအတတ် သင်ကြားရအောင် သွားစဉ် သင်တန်းပြီး၍ ကျောင်းသားများ နေရပ် အသီးသီး ပြန်ကြသောအခါ အခြားကျောင်းသားများကို ဆရာကြီးက အပြန်လမ်းစရိတ် ပေးလိုက်သော်လည်း ဆရာ ဇီဝကကိုမူ အပြန် လမ်းစရိတ်သော် လည်းကောင်း၊ ဆေးဝါး တစ်စုံတစ်ရာမျှကို သော်လည်းကောင်း မပေးလိုက် ဟု ဆိုပါသည်။

ဆရာဇီဝက မှာ ခေသူမဟုတ်ရကား ဆရာကြီး အဘယ်ကြောင့် သူ့ကို လမ်းစရိတ်မပေးလိုက်သည်ကို သိပါ၏။ သူ့အပြန် လမ်းစရိတ်အတွက် လမ်းတွင် ဆေးကုရင်း ငွေရှာသွားသည်။ အဘယ်ဆေးများ နှင့် ကုသနည်း ဆိုသော် သူ့အတွက် ဆေးမရှားပါ။ ကမ္ဘာပေါ်တွင် ပေါက်နေသော အပင်မှန်သမျှ ဆေးဘက်မ၀င်သော အပင် မည်သည့် အပင် ရှိ သနည်း။ အားလုံး ဆေးဘက်ဝင်သည် ချည်း။ ဉာဏ်နှင့် ယှဉ် သုံးတတ်ဖို့သာ လိုသည်။
ဤသည်မှာ ပုံပြင်ဆိုသော်လည်း အမှန်ဖြစ်ပါ၏။ အပင်မှန်သမျှ ဆေးဘက်ဝင်သည်ချည်း။ ကျွန်တော်တို့ မသိ သဖြင့် မသုံးတတ်သာ ရှိရမည်။ မသိသူကျော်သွား၊ သိသူဖော်စား ဆို သမို့လား။

အနောက်တိုင်း ဆေးပညာက အကျိုးကို သတ်သည်။ အရှေ့တိုင်း ဆေးပညာက အကြောင်းကို သတ်သည်။ ရှင်းပါအံ့။ မီးခိုးမွှန်ခြင်းကို ရောဂါတစ်ခု ဟု တင်စားကြပါစို့။ အနောက်တိုင်းနည်းအရ ဆိုလျှင် မီးခိုးကို ယပ်ခပ်ပြီး မီးခိုး မမွှန်အောင် လုပ်မည်။ အရှေ့တိုင်း ဆေးပညာကမူ မီးခိုးထွက်သော မီးကို သတ်လိုက်ရမည်။ သို့ဆိုလျှင် မီးခိုးကို ယပ်ခပ်နေခြင်းနှင့် မီးခိုးထွက်ရာ မီးကို သတ်လိုက်ခြင်းတွင် ဘယ်ဟာကို အစစ်အမှန် ဟု ဆိုရမည်နည်း။ မီးခိုးကို ယပ်ခပ်လိုက်လျှင် ခဏတာ မီးခိုးအမွှန် သက်သာသွားမည် မှန်သော်လည်း မီးမသေသမျှ ကာလပတ်လုံး မီးခိုး လာနေမည် မုချ ဖြစ်၏။ အရှေ့တိုင်းနည်း အရ မီးကိုသာ သတ်နိုင်ရိုးမှန်လျှင် မီးခိုးသည် ဘယ်သောအခါမှ ပြန်လာနိုင်တော့မည် မဟုတ်ချေ။ သို့ဖြစ်လျှင် လူတစ်ဦး၏ ရောဂါကို ကုစားရာ၌ အကြောင်းကိုသာ သတ်နိုင်လျှင် ရောဂါ အမြစ်ပြတ်မည် မုချ ဖြစ်၏။ (မြတ်စွာဘုရား၏ နည်းအရ နိရောဓ သစ္စာကို ရဘို့ ဒုက္ခသစ္စာကို ပယ်ရမည် ဖြစ်၏။ အရှေ့တိုင်းဆေးပညာမှာ ဤအတိုင်း ဖြစ်သည်။)
အမှန်ဆိုရလျှင် အနောက်တိုင်း ဆေးပညာထက် အရှေ့တိုင်း ဆေးပညာက ပိုစွမ်းဘို့ မကောင်းပါလော။ အဘယ်ကြောင့် မစွမ်းသနည်း ဆိုသော် အနောက်တိုင်းသားများက ပညာကို လေ့လာရာတွင် ပိုမို စံနစ်ကျပြီး ပိုမိုလက်တွေ့ကျသည်။ သုတေသန အားကောင်းသည်။ မှတ်စုမှတ်ရာ ထားသည်။ ပညာကို ဖြန့်ဝေသည်။ ပိုမို တိုးတက်အောင် စွမ်းဆောင်သည်။ သို့သော် အရှေ့တိုင်းတွင် သုတေသနတွေ ဘာတွေ သိပ်နားမလည်။ တစ်ချက်ကောင်း က ပိုများသည့်ပြင် ပညာကိုအကုန်မပေးပဲ ဆရာစားချန်တာတွေ များသည်။ ဆရာထက် တပည့် လက်စောင်းထက်မှာကို လက်မခံနိုင်။
အဆိုးဆုံးမှာ နှုတ်တိုက် ကိစ္စများ ဖြစ်၏။ မှတ်စုမှတ်ရာ နှင့် စံနစ်တကျ မှတ်တမ်းတင်ထားခြင်း မရှိ။ နှုတ်တိုက်ရွရွ ကျက်ထားသဖြင့် ထိုသူ့မှာ အလွန် အသုံးတည့်သော်ငြား သူသေသောအခါ၌မူ သူတတ်မြောက်ထားသော ပညာများကိုလည်း သူနှင့်အတူ တပါတည်း မြေမြှုပ်သင်္ဂြိုဟ် လိုက်ရလေရာ နောက်လူတို့အဖို့ ဆုံးရှုံးခြင်းကြီးမက ဆုံးရှုံးရ လေတော့သည်။ သူ့ဗိုက်ထဲမှာ ရှိနေသည့်ပညာကို ခွဲစိတ် ထုတ်ယူခြင်းမှာ မတတ်စကောင်းသည့်အတွက် အလွန် အဖိုးတန်လှသော မြန်မာ့ ပညာရပ်များမှာ မြန်မာ့မြေပေါ်မှ တစ်စတစ်စ ကွယ်ပျောက်သွားရ ပေတော့၏။ သို့သော် သူနှင့် နီးစပ်ရာ လူများ သို့မဟုတ် တပည့်များမှာ သူ့ထံမှကြားရသော ပညာရပ် တစ်စွန်းတစ်စကို ရမ်းသမ်းမှန်းသမ်းနှင့် ရမ်းတုတ်ကြ လေတော့ရာ ဟုတ်သည်က နည်းနည်း၊ မဟုတ်သည်က များများ ဖြစ်သဖြင့် ပညာရပ်မှာ တိုးတက်ရမည့် အစား ဆုတ်ယုတ်သွားပြီးလျှင် လူအများ အထင်သေးစရာ၊ ကဲ့ရဲ့စရာ ဖြစ်လာလေတော့၏။
ကျွန်တော်က မြန်မာ့ ဆေးပညာလောက်ပဲ မတောက်တခေါက် လေ့လာဖူးသည် ဖြစ်ရာ မြန်မာ့ဆေးပညာ အကြောင်းပဲ အနည်းငယ် ဆွေးနွေးပါမည်။ အရှေ့တိုင်း ဆေးပညာမှာ အရင်းအမြစ်ကို လိုက်သည်ဖြစ်ရာ သဘာဝကို အခြေခံသည်။ မဟာဘုတ် ဓါတ်ကြီး လေးပါး ဖြစ်သော ရေ၊ မြေ၊ လေ၊ မီး ကို အခြေခံသည်။ (တရုတ်ကျတော့ အာကာသ၊ တောတောင်၊ သမုဒ္ဒရာ များပါထည့်ပြီး ဓါတ်ကြီး ရှစ်ပါးဖြစ်သွား၏)။ အာရုံ ၆ ပါး၊ ဓါတ် ၁၈ ပါး ကို လေ့လာသည်။ ရာသီဥတု နှင့် ညှိသည်။ ဗေဒင်နှင့် တွဲဖက်သည်။ ဆေးကိုကျတော့ သဘာဝ ဆေးပင်၊ ဆေးမြစ်များကို သုံးသည်။
မြန်မာ့ဆေးပညာကို လေ့လာလျှင် ဗေဒင်ကိုလည်း တတ်ထားမှ ဖြစ်မည်။ ဘကြီးမောင်ဟိန်းကတော့ ဆရာလာ ပင့်သည်နှင့် လူနာ့ရှင်ခေါ်ရာ ကောက်ကက်မလိုက်သေးပဲ အလျင် ဗေဒင်တွက်ကြည့်သည်။ သည် လူနာ ကုလို့ရမဲ့ လူနာလား၊ သေမဲ့ လူနာလား။ ရောဂါ ဘယ့်လောက် ကျွမ်းနေပြီလဲ။ သည်တော့ သူလိုက်သွားသည့် လူနာအကြောင်း လူနာကို မမြင်ခင်ကတည်းက သိနေနှင့်သည်။ လူနာကို စမ်းသပ်၊ တွက်ချက်ပြီး ဆေးကို လိုသလောက် ချိန်ပေးလိုက် တော့ ရောဂါ ပျောက်၏။ သည်တော့ ဆရာ ဦးမောင်ဟိန်းဆိုတာ ကွင်းကောက် တထိုးတွင် နာမည်ကြီး လာသည်။ ထို ဘကြီးမောင်ဟိန်းမှာ အခြားသူ မဟုတ်။
ကျွန်တော် အလယ်တန်းတက်တော့ ကျွန်တော်တို့ရွာနှင့် ၁၄ မိုင်မျှဝေးသော ကွင်းကောက် ဆိုသည့် တောမြို့လေးတွင် သွား ကျောင်းတက်ရပါ၏။ ကျွန်တော်တို့ခေါင်းရင်းဘက် တစ်အိမ်ကျော်တွင် မြန်မာ ဗိန္ဓော ဆရာကြီး ဦးမောင်ဟိန်း ဆိုတာရှိပါသည်။ အထက်တွင် ကျွန်တော်ပြောခဲ့သည့် ဘကြီးမောင်ဟိန်း ပင် ဖြစ်ပါ၏။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က အကြီးအကျယ် ဖျားနာ ပါသည်။ သတိများ မေ့မျောသွားသည်ထိ ဖြစ်ခဲ့ပါ၏။ သည် ဘကြီးဦးမောင်ဟိန်း၏ ကုသမှုဖြင့်ပင် နားလန် ထူလာခဲ့တာ ဖြစ်ပါသည်။ နောက်ပြီးသူက ကျွန်တော်တို့ကို ချစ်သဖြင့် သူတတ်သော ဗေဒင်ပညာမှ စ တ, န တ ကလေးများကို ကလေးများနှင့် သင့်တော်မည့် လင်္ကာကလေးများ သင်ကြား ကျက်မှတ် စေခဲ့ပါ၏။ “သူမင်း ချစ်သည်သံ၊ စာတန်းထုတ်လုပ်အံ။ လာဦး နေလိုအံ၊ အပြစ်ချင်း အမြန်။ ကြူကြူ သန်ပြန်ကျွေး၊ သူသူဇာ နှောင့်နှေး။ လှိုက်ဆူ တုံလို့ ဆွေး...” ငယ်ငယ်တုံးကတော့ ဘာတွေမှန်းမသိ။ ဘကြီးကို ကြောက်ချစ်မှုဖြင့်သာ ကျက်မှတ်ခဲ့ရသည်။ တန်ဖိုးထားရ ကောင်းမှန်းမသိ။ ကြီးလာလို့ သဟာတွေ လိုက်စားလာတော့မှ ဘကြီးကို အသည်းအသန် လိုက်ရှာရသည်။ သည်အချိန် ကျတော့ ဘကြီးဟိန်းမှာ ဘုန်းကြီးဝတ်ကာ လူမနီးသူမနီး ကျောင်းကလေးမှာ တရားနှင့် မွေ့လျော်နေပြီ ဖြစ်ပါ၏။ သို့သော် ကျွန်တော် သိချင်သည်များကို ရှင်းပြကာ တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ အင်္ဂ၀ိဇ္ဇာ စာအုပ်တောင် ပေးလိုက်ပါသေးသည်။
ဗေဒင် ဆိုလို့ နှာခေါင်းမရှုံ့ပါနှင့်။ မိတ်ဆွေတို့ နှာခေါင်းရှုံ့သည့် ဗေဒင်မျိုးမဟုတ်ပါ။ ခုနှစ်သက္ကရာဇ်ကို ၇ နှင့်စား။ ၃ ကြွင်းလျှင် ဘာဖြစ်မည်။ ကြာသပတေးနေ့တွင် နန်းကြီးသုတ်စားပြီး လိုရာ ဆန္ဒပြုပါ။ ချမ်းမြေ့မေတ္တာ တုံ့ပြန်ပါသည်။ ( အမှတ် ၂၈၅၊စက်တင်ဘာ၊ ၂၀၀၈၊ မဟေသီ) ဆိုတာတွေနှင့် နည်းနည်း ကွာပါသည်။
(မြန်မာ့ဆေးမှန်လျှင် ဗေဒင်နှင့် မကင်းစကောင်းသမို့ သည်နေရာတွင် သမားဂုဏ် ပြသည့်အနေနှင့် ဗေဒင်အကြောင်း ကျွန်တော့်ကို နည်းနည်း လျှာရှည်ခွင့်ပြုပါ။ စိတ်မ၀င်စားသူများ ကျော်ဖတ်ကြပါကုန်၊ ဗေဒင်အကြောင်း ရှင်းပြပြီးမှ မြန်မာ့ဆေးနှင့် ဗေဒင် ဘယ်သို့ဆက်စပ်နေသည်ကို ဆက်လက်ဆွေးနွေးပါအံ့)။
ဗေဒင်ပညာကို အပိုင်းနှစ်ပိုင်းခွဲလို့ ရပါသည်။ လက်ရိုးနှင့် လက်ဆန်း ဟူ၏။ လက်ဆန်းဗေဒင် ဆိုသည်မှာ မဟာဘုတ်၊ မဟာဇနက္ကဟောကိန်း စသည်များကို ခေါ်ပါသည်။ ဤဟောနည်း တော်တော်များများလည်း ကျွန်တော့်ထံ တွင် ပေါင်းချုပ် စာအုပ်လိုက် ရှိပါ၏။ သို့သော် လေ့လာရုံမျှဖြစ်ပြီး လက်တွေ့ အသုံးမချခဲ့ဖူးပါ။ ထို လက်ဆန်း ဗေဒင်ကို ၀ါသနာပါသူများ အောက်ပါ web page တွင် ၀င်ရောက် လေ့လာနိုင်ပါ၏။
Ref. 70: http://horo.mandalayalpha.com/

လက်ရိုးဗေဒင် ဟူသည် ကောင်းကင်ဂြိုဟ်သွားကို တွက်ချက်ပြီး အဖြစ်အပျက်တစ်ရပ်၏ ရှေ့ဖြစ်၊ နောက်ဖြစ်တို့ ကို ဆန်းစစ်၊ ဟောကိန်းထုတ်ခြင်း ဖြစ်ပါ၏။ လူအများ နားယဉ်နေကြသော ဇာတာ ကောင်းသည်၊ ဇာတာ ညံ့သည်၊ ဇာတာ ဆေးသည် စသည်တို့မှာ လက်ဆန်းဗေဒင် နှင့် မသက်ဆိုင်။ ဤလက်ရိုးဗေဒင် ၏ အရာသာ ဖြစ်ပေသည်။ ဤဗေဒင်ကား အလွန်သိမ်မွေ့ နက်နဲလှသည် ဖြစ်ရာ သင်ယူ တတ်မြောက်ရန် မလွယ်ကူ။ ထို့ပြင် လူတစ်ဦး၏ ကံကြမ္မာ ကွက်ကွက်ကလေးကို တွက်ချက်ခြင်းမျှ မဟုတ်မူ၍ လုပ်ငန်း တစ်ခု၊ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ အဆောက်အဦး တစ်ခု၊ အဖြစ်အပျက်တစ်ခု၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အရာအားလုံးကို တွက်ချက် ဆန်းစစ်လို့ ရပေရာ တော်ရုံတန်ရုံ လေ့လာရုံမျှနှင့် တတ်မြောက်ဖို့ဆိုတာ အတော့်ကို မလွယ်ကူပါ။
တွက်နည်းများသည် ရှုပ်ထွေး နက်နဲလှသလို အဟော များမှာလည်း အလွန် ကျယ်ဝန်းပါသည်။ ရှုထောင့် အမျိုးမျိုးမှ နေ၍ ပရိယာယ် အမျိုးမျိုးအလိုက် ချိန်ဆ ဟောပြောရလေရာ ဤဗေဒင်ပညာကို သင်ယူခြင်းသည် ဦးဏှောက်နည်းသူတို့၏ အရာမဟုတ်။ ကိုယ်ကျင့်သိက္ခာ မစောင့်ထိန်းနိုင်သူများ အနားမျှ မသီနိုင်။ စိတ်ယုတ်မာ ရှိသူများ နှင့် လားလားမျှ မဆိုင်သော ပညာရပ် ဖြစ်ပေ၏။ ရှေးအခါကမူ သာမန်လူတို့ သင်ကြား ဟောပြောခြင်းထက် တောမှီ ရသေ့ သူတော်စင်ကြီးများသာ သင်ယူ ဟောပြောသော ပညာရပ် တစ်ခုလည်း ဖြစ်ပေသည်။
ဤ၌ တစ်ခုပြောလိုသည်မှာ အချို့သူများ ကြားဖူးသလို သာမ၊ ယဇု၊ ဣသျှု၊ အာထဗ္ဗန ဟူသည့် ဗေဒင် လေးပုံဟူသည် စင်စစ် ဗေဒင် ကျမ်းများ မဟုတ်ပဲ ဟိန္ဒူဘာသာဝင်တို့၏ ယဇ် ကိုးကွယ်မှု ဆိုင်ရာ ကိုးကွယ်ပုံ၊ ကိုးကွယ် နည်း နှင့် ထို အခန်းအနားများတွင် ရွတ်ဖတ် သရစ္ဇျာယ်ရသော ဂါထာ၊ ယန္တယားများသာ ဖြစ်ပေသည်။ ကျွန်တော်တို့ ရှေးရိုးရာ မြန်မာကြီးများကမူ အာထဗ္ဗန ဗေဒင်ကျမ်း ဟူသည် ရှေ့ဖြစ်များကို ဟောကြားထားသော အလွန် တိကျ မှန်ကန်သည့် ဗေဒင်ကျမ်းကြီး ဖြစ်ပေရာ အနာဂါတ်ကိုသိလျှင် လူတွေ ဒုက္ခများတော့မည် ဟု စိုးရိမ်သော သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက ထို ဗေဒင်ကျမ်းကို ကွယ်ပစ်လိုက်ကာ ကျန် ဗေဒင် သုံးပုံကိုသာ ချန်ရစ်ခဲ့သည် ဟု မှားယွင်းစွာ မှတ်ယူထားပါ၏။ စင်စစ် ဗေဒင် ဟူသည် ဝေဒ ကို မြန်မာမှု ပြုလိုက်ခြင်းဖြစ်၍ ဝေဒ ဟူသည် ဝေဒင်္ဂ မှ ဆင်းသက် လာပါ၏။ ရောင်ခြည်၊ အလင်းတန်း ဟု အဓိပ္ပါယ် ရပါသည်။ အဘယ် ရောင်ခြည်၊ အလင်းတန်းများနည်း ဟူမူ ကောင်းကင်တွင် မြင်တွေ့နေ ရသော ဂြိုဟ်၊ နက္ခတ်၊ တာရာ များမှ လာသော အလင်းတန်းများ ဖြစ်ပါ၏။
ဤပညာရပ်ကား အလွန် ကျယ်ဝန်းလှပေသည် ဖြစ်ရာ ဤနေရာတွင် အပြည့်အစုံဖော်ပြခြင်းငှာ ဖြစ်နိုင် စကောင်းသော အရာမဟုတ်။ ဗေဒင်ဆရာတို့၏ လုပ်ရပ်များကြောင့် ဗေဒင် ပညာရပ်အပေါ် အထင်သေးနေသော မိတ်ဆွေတို့ ဗဟုသုတ ရစေရန် အလို့ငှာ ကျွန်တော်က နည်းနည်း အမြည်းပေးလိုက်ခြင်း သာ ဖြစ်ပါ၏။
ဤဗေဒင်ပညာရပ်သည် ကိုယ်ကျင့်သီလနှင့်လည်း တိုက်ရိုက် ပတ်သက်နေ၏။ စရဏတရား အားကောင်း သော ပညာရှင် ဟောပြောလျှင် လျှာကို နတ်စီးသည် ဟု ယူဆကြပါသည်။ သူဟောပြော သည့်အပေါ် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက စောင်မ ကြည့်ရှုကြသည် ဟု ဆိုလိုရင်း ဖြစ်ပါ၏။ သေသေချာချာ တတ်မြောက် သူ သူတော်စင် ဗေဒင်ဆရာတစ်ဦး အဖို့ လူနာတစ်ဦးကို ဟောရာတွင် ဓါတ်ခွဲခန်းသွားပြီး ဓါတ်မှန်ရိုက်စရာ မလို။ ဇာတာ ကို ရှေ့ချပြီး အသည်းမှာဖြင့် အဆီဖုံးနေသည်။ ကျောက်ကပ်မှာ မယ်လမင်း တွေ ကျောက်ဖြစ်ပြီး တည်နေသည်။ ဆီးချို ဖြစ်နေတာ ဘယ်လောက်ကြာပြီ စသဖြင့် အတပ် ဟောလို့ရသည်။ သည့်အပြင် သည်ရောဂါကို ကုလို့ရမည်။ မည်သည့်နှစ်တွင် ရောဂါ ပျောက်မည်၊ သို့မဟုတ် သည်ရောဂါကား ကုလို့ရမည့် ရောဂါမဟုတ်။ သည်ရောဂါနှင့်ပင် မည်သည့် အသက်အရွယ်တွင် ကွယ်လွန်လိမ့်မည် စသည် အပ်ချ မတ်ချ ဟောလို့ ရသည်။
တိုင်းပြည် မင်းပြောင်းမင်းလွဲ၊ စီးပွားရေး အတက်အကျ၊ ဆီဈေး၊ ဆန်ဈေး၊ ငြုပ်၊ ကြက်သွန်ဈေး များမှ အစ ကမ္ဘာ့ရွှေဈေးများကိုပါ ဟောပြောလို့ ရသည်။ ဆူနာမီလို၊ နာဂစ်စ်လို သဘာဝ ကပ်ဆိုးများကို တင်ကြိုခန့်မှန်း နိုင်မည်။ သို့သော် ကျွန်တော် အထက်တွင် ပြောခဲ့သလို ကျောက်သင်ပုန်းပေါ်တွင် ဂဏန်းကလေး သုံးလေးလုံး ဟိုခြစ်၊ သည် ခြစ် ခြစ်တတ်ရုံမျှ နှင့် ဖြစ်နိုင်စရာ အကြောင်းမရှိ။
(သည် ကပ်ဆိုးကြီးများအကြောင်း အဘယ်ကြောင့် ကျွန်တော်တို့ တိုင်းပြည်မှ ဗေဒင်ဆရာ အကျော်များ တင်ကြို မဟောပြောနိုင် ကြပါသနည်း။ မေ့လျော့နေလို့လား၊ သို့မဟုတ် တိုင်းပြည်၏ ဇာတာကို တွက်ချက် မကြည့်မိကြလို့လား၊ သို့မဟုတ် ထမင်းစားရဘို့ အရေး လုံးပန်းနေရတာနှင့် အဲသည်ဘက် မလှည့်ဖြစ်လို့လား၊ သို့မဟုတ် အဲသည် အဆင့် အထိ မတွက်တတ်ကြလို့လား၊ တစ်ခုခုတော့ မှားယွင်း နေပါ၏)
သည် လက်ဆန်းဗေဒင်ကို အပိုင်း သုံးပိုင်းခွဲပြီး လေ့လာနိုင်ပါသည်။ ဂဏိတ၊ ဖလိတ နှင့် သံဟိတ ဖြစ်ပါ၏။ ဂဏိတ မှာ ပထမဆုံး အဆင့် ဖြစ်၍ ဟောဘို့အတွက် အဓိက လက်နက်ဖြစ်သော အချက်အလက်များ စုဆောင်းခြင်း၊ တစ်နည်းဆိုရလျှင် တွက်ချက်ခြင်း ဖြစ်ပါ၏။ ၁၉၈၇၊ ၈၈ ခုနှစ်များက ကျွန်တော် ဗေဒင်ပညာကို လေ့လာ လိုက်စားစဉ် အတွက်နှင့် ပတ်သက်၍ ကျွန်တော့်အထင် ဗေဒင်လောကရှိ အတွက် အချက်များ အားလုံး၏ ၉၀ ရာခိုင်နှုံးမျှ သင်ယူ လေ့လာခဲ့ပါသည်။ ကျွန်တော် မလေ့လာခဲ့မိတာ space geometry တစ်မျိုးသာ ကျန်ပါ၏။ အဘယ်ကြောင့် ဆိုသော် လေ့လာနေရင်း ၁၉၈၈ နှင့် တိုးသွားသည့် အတွက် ဖြစ်ပါ၏။ ဂဏိတပိုင်းမှာ အလွန်များပြား ကျယ်ဝန်းလှပါသည်။
ဒုတိယ အပိုင်းက ဖလိတ - အဟော ဖြစ်ပါ၏။ အထက်ပါ တွက်ချက်၍ ရသော အချက် အလက်များကို အခြေခံပြီး ဟောပြောရခြင်း ဖြစ်၍ ဂဏိတမှာ အလွန် အရေးကြီးပါသည်။ ဘယ်လောက် အဟော ကောင်းကောင်း၊ သည် အဟောမှာ အတွက်ပေါ် အခြေခံရသည် ဖြစ်ရာ အတွက် မှားသည်နှင့် အဟောအားလုံး မှားတော့မည် ဖြစ်၏။ အဟောပိုင်းကျတော့ ဦးဏှောက်ကို စေစားရပါသည်။ ပေးထားသော ဥပဒေသ၊ ပရိယာယ် များကို အသုံးချကာ မိမိ ဉာဏ်နှင့် ဆင်ခြင်၍ ဟောပြောရခြင်း ဖြစ်ပါ၏။ သည်အဟောကို စလေ့လာတော့ ကျွန်တော့်မှာ အတော် အူချာလည် ရိုက်ကာ အတော့်ကို ကြိုးစားပမ်းစား ယခင် ဆရာ့ဆရာကြီးများ၏ အယူအဆများကို လေ့လာခဲ့ရပါ၏။ တော်တော် အချိန် ယူခဲ့ရပါသည်။ နောက်တော့မှ ဖြည်းဖြည်းချင်း သဘောပေါက် လာပါ၏။ တွေးခေါ်တတ်သွားပြီ ဆိုတော့လည်း ဗေဒင် ဟောရတာ အင်မတန် စိတ်ဝင်စားစရာလည်း ကောင်း၊ ပျော်စရာလည်း ကောင်းလာပါ၏။
ကျွန်တော် အပျော်တမ်း ဟောခဲ့သည်များတွင် အမှတ်တရ၊ ပီတိဖြစ်စရာ ကလေးတစ်ခု ရှိခဲ့ပါ၏။ စိုက်ပျိုးရေး တက္ကသိုလ် ရောက်စက ခင်မင်ရင်းနှီးသော ဆရာမ ကလေးတစ်ယောက်ကို ဇာတာဖွဲ့ကာ ဟောစာတမ်းတစ်ခု ရေးပေး လိုက်ပါ၏။ နောက် ကျွန်တော် ကျောင်းမှ ထွက်ခွါခဲ့ပြီး ဆယ်နှစ်ခန့်အကြာ စင်ကာပူတွင် အလုပ်လုပ်နေစဉ် ထို ဆရာမ ကလေးက ဂျာမဏီမှ လှမ်းဖုံးဆက်ကာ ကျွန်တော် ရေးပေးခဲ့သော ဟောစာတမ်းမှာ မှန်ကြောင်း၊ ကျွန်တော့် ဟောစာ တမ်း ပါ ခုနှစ်သက္ကရာဇ် အတိုင်း ဂျာမဏီသို့ သူ ပညာတော်သင် ထွက်ခွါခဲ့ရကြောင်း ပြောပြပါ၏။ လွန်ခဲ့သော ဆယ်နှစ် က ဟောခဲ့သည်ကို အဘယ်မှာလျှင် ကျွန်တော် မှတ်မိနိုင်ပါမည်နည်း။ သို့သော် သူပြောပြတော့ ကျွန်တော် ၀မ်းသာရ ပါ၏။ ခုတော့လည်း ထို ပညာရပ်များနှင့် ကင်းကွာနေသည်မှာ ဆယ်စုနှစ် တစ်ခုပင် မကတော့ပါ။ အားလုံးနီးပါးကို မေ့ကုန်ပြီ ဖြစ်ပါ၏။ စိတ်မကောင်းစရာပါပေ။ သို့သော် သံယောဇဉ်တော့ မကုန်သေးပါ။ ပြန်လေ့လာဦးမည် ဖြစ်ပါသည်။
နောက်ဆုံး အပိုင်းမှာ သံဟိတ - ယတြာ ဖြစ်ပါ၏။ အလွန် အရေးကြီးပါသည်။ ၈၈ ခုနှစ် သြဂုတ်လ အရေးအခင်း နှင့် ကြုံခဲ့ရပြီးနောက် ယတြာ ပိုင်းကို သေသေချာချာ မသင်လိုက်ရတော့ပါ။ ယူဆပုံ အနည်းအကျဉ်း လောက်သာ လေ့လာခဲ့ရပါသည်။ သည်တွင်လည်း ယတြာ ဟူသည် အများသိသလို ကြာသပတေးနေ့တွင် နန်းကြီး သုတ်စားပြီး လိုရာ ဆန္ဒပြုပါ ဆိုသည်ထက် အများကြီး အဓိပ္ပါယ် ပိုပါသည်။ ရိပ်မိရုံလောက် ပြောပြရလျှင် -
အထက်ဖော်ပြပါ လူကို စိုးမိုးနေသော ဓါတ်ကြီးလေးပါးအနက် မည်သည့်ဓါတ် ချို့ယွင်းနေသည်ကို တွက်ချက် ပြီး ထိုဓါတ်အားကောင်းစေမည့် အ၀တ်အထည်၊ အစားအသောက်၊ နေထိုင်ရာ အရပ်၊ ၀တ်ဆင်ရမည့် ကျောက်မျက်၊ ပန်းမာန် စသည်တို့ကို ၀တ်ဆင်၊ သုံးစွဲ၊ စားသောက်ရန် အကြံပြုခြင်း ဖြစ်ပါ၏။
သည်တွင် ဗေဒင်နှင့် မြန်မာ့ဆေးပညာ မည်သို့ ဆက်နွယ်နေသည်ကို လူကြီးမင်းတို့ ရိပ်မိလောက်ပြီ ထင်ပါ၏။ သဟာမှ မရိပ်မိသေး၍ ဆက်ပြောပြပါ ဆိုလျှင် -
မြန်မာ့ ဆေးပညာက လူဟူသော ရုပ်ခန္ဓာကြီးတွင် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓါတ်ကြီး လေးပါး မျှတ နေမှ နေလို့ထိုင်လို့ကောင်းမည်။ ထို မဟာဘူတ ဓါတ်ကြီး လေးပါးအနက် တစ်ပါးပါး ဖောက်ပြန်လာပါက နေမကောင်း ဖြစ်ပြီ။ သည်တော့ ဘယ်ဓါတ် ချို့တဲ့နေသလဲ ဆိုတာ သိဘို့လိုသည်။ သည်အခါ အရာရာကို ချိန်ဆရတော့သည်။ ပထမ လူနာ၏ ရုပ်လက္ခဏာကို ကြည့်ရသည်။ အသားအရေတွေ သိပ်ကြမ်းတမ်းနေလျှင် ပထ၀ီ ဓါတ် လွန်ကဲနေသည်။ ချွေးသီး ချွေးပေါက်များ အလွန်ထွက် နေလျှင် အာပေါဓါတ် လွန်ကဲနေသည် စသဖြင့် ခန့်မှန်းရသည်။ နောက် လက်ရှိ ရာသီဥတု က ဘာဓါတ်လွန်ကဲ နေသော ရာသီဖြစ်သနည်း ဆိုသည်ကို ကြည့်ရသည်။ ထို့ပြင် ဘာနက္ခတ် စိုးမိုးနေသော ကာလ ဖြစ်သည်ကို စူးစမ်းရသည်။ လူနာ၏ ဓါတ်ဆန်း ဓါတ်ပျက်၊ စုတ်ဆန်း စုတ်ပျက်၊ တြင်းသုဉ်း၊ န၀င်းသုဉ်း စသည်တို့ကို တွက်ချက်ကြည့်ရသည်။ ပါဒ် ပါဒ် ခြောက်ခု၊ မြွေပွေးတု။ တစ်ဆယ့်နှစ်ခု၊ နဂါးတု စသည်တို့နှင့် ချိန်ကိုက် ကြည့်ရသည်။
အားလုံး အဖက်ဖက်မှ တွက်ချက်၊ စဉ်းစား၊ ချင့်ချိန်ပြီးသကာလ သည် လူနာ ကို အဘယ်ကဲ့သို့ ကုသရမည် ကို ဆုံးဖြတ်ရသည်။ မှားလို့ မရ။ တစ်ချက်မှားသည်နှင့် အသက်ပါသွားနိုင်သည်။ မြန်မာ့ဆေးနည်းသည် အလွန်စွမ်းသလို ကုသချက် မှားပါကလည်း အသက်အန္တရာယ်ကို ထိခိုက်နိုင်သည်။ လူနာကလည်း ဆရာညွှန်ကြားသည်ကို တသဝေ မတိမ်း လိုက်နာဘို့ လိုသည်။ ရေပူ နှင့် ရေအေး လွဲတာနှင့်ပင် ဒုက္ခများ သွားနိုင်သည်။
သည်တွင် မြန်မာဆေးကုသနည်း နှင့် အနောက်တိုင်း ဆေးကုသနည်း ကွာသည်မှာ မြန်မာ့နည်းက လိုအပ်မှ ဆေးပေးပြီး မလိုအပ်ဘဲ ဆေးမသုံး။(ဤနေရာတွင် ပြောလိုသည့် ဆေး ဆိုသည်မှာ အနောက်တိုင်း ဆေးများကဲ့သို့ ရောဂါအတွက် ရည်ရွယ်ပြီး ဖော်စပ်ထားသော ဆေးကို ဆိုလိုပါသည်။) အထက်တွင် ဖော်ပြသကဲ့သို့ မြန်မာ့နည်းမှာ ဖောက်ပြန်သွားသော ဓါတ်ကို ပြန်လည် ပုံမှန်အတိုင်းဖြစ်လာအောင် တည့်မတ်ပေးဘို့လိုရာ ထိုသို့တည့်မတ်ရာတွင် လူနာနှင့် တည့်မည့် အ၀တ်အထည်များကို ၀တ်စေခြင်း ဖြင့်လည်းကောင်း၊ လူနာ အတွက် စားသင့်ရာ ဓါတ်စာကို စားစေခြင်း ဖြင့်လည်းကောင်း၊ လိုနေသော ဓါတ်ကို အားပြည့်စေမည့် တူရိယာသံ များကို နားဆင်စေခြင်း ဖြင့် လည်းကောင်း၊ ထိုဓါတ် အားကောင်းလာစေမည့် သစ်ရွက်၊ သစ်ခက်၊ ပန်းမာန်များ ပန်ဆင်စေခြင်း ဖြင့်လည်းကောင်း ကုသခြင်း ဖြစ်ပေသည်။ ဆေးစားဘို့လိုသည်မှာ အခြေအနေအရ သာဖြစ်ပြီး အခါခပ်သိမ်း မလို။
သို့ဆိုလျှင် အစ်ကို သိပံ္ပကျောင်းသားတို့ ကွန်ပလိန်း တက်စရာ ရှိပါ၏။ သည်လိုဖြင့် ဆရာရယ်၊ ငှက်ဖျား ကို ဖြစ်စေတဲ့ ဗိုင်းရပ် ပိုးတွေကို အစ်ကို့ ဗမာနည်းနဲ့ ဆေးမကျွေးပဲ ဘယ်လို သေအောင် သတ်မလဲ ဟု မေးပါ။
အစ်ကို ကိုသိပ္ပံတို့ အထက်က ကျွန်တော်ရေးခဲ့တာ သေသေချာချာ မဖတ်ခဲ့ဘူး ထင်ပါ၏။ အထက်တွင် ကျွန်တော်ပြောခဲ့သည့်အတိုင်း မြန်မာ့ ဆေးပညာက အကျိုးကို သတ်သည့်နည်း မဟုတ်၊ အကြောင်းကို သတ်သည့် နည်းဖြစ်ရာ ဗိုင်းရပ်ကို လိုက်သတ်ဖို့ကတော့ဖြင့် ပိုးသတ်ဆေးစားရုံ ရှိတာပဲ၊ ဘာ အနောက်တိုင်းနည်းထက် ပို ထူးလိမ့် မတုံး။ ခု ကျွန်တော်တို့က အကြောင်းကို သတ်သည့်နည်းကို ဆွေးနွေးနေတာ ဖြစ်သဖြင့် ထို ဗိုင်းရပ်များ ဘာ့ကြောင့် လူကိုယ်ခန္ဓာထဲ အကြာကြီး အသက်ရှင်နေ သလဲ။ သဟာဖြင့် သည် သကောင့်သားများ အသက်မဆက်နိုင်သည့် သဘာဝ လူ့ခန္ဓာကိုယ်ထဲမှာ ဘယ်သို့ ဖန်တီးပေးမလဲ စသဖြင့် ဖြစ်ပါ၏။ ဒါ ကျွန်တော်က လူပြိန်းတစ်ဦးအနေနှင့် ကိုယ် နားလည်သလို ပြန်ပြောပြခြင်း ဖြစ်ပါ၏။ တကယ့် ဆေးပညာမှာ သည့်ထက် ပို နက်နဲပါသည်။

သည်မျှဆိုလျှင် မိတ်ဆွေတို့ မြန်မာပြည်သူ လူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အကြောင်း အနည်းငယ် သိရှိသွားပြီ ဖြစ်ပါ၏။ ကျေးရွာအုပ်စု တစ်ခု ကို သားဖွားဆရာမ တစ်ဦးထားပေးကာမျှဖြင့် ထို ကျေးရွာများအတွင်းမှ ရွာသူရွာသားများ ၏ ကျန်းမာရေး စောင့်ရှောက်မှု ဖူလုံနိုင်မည် ဟု သင် ထင်ပါသလား။ ကျွန်တော်တို့ တိုင်းသူပြည်သား များအတွက် သည့်ထက် ပိုကောင်းသော ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် တစ်ရပ် မရှိသင့်ပေဘူးလား။ သည်ဟာ ကတော့ အစိုးရ မှ တတ်နိုင်ပါလိမ့်မည်။ ( သယ် - ဒီ အစိုးရ ဆိုတာ ကြီးပဲ ပြန်ပြန် ရောက်ရောက် လာတယ်။ အဲဒီ အစိုးရ ဆိုတာကြီးကို နင် ဘာတတ်နိုင်လို့ လဲ၊ ကိုယ်လုပ်နိုင်တာလုပ်၊ မလုပ်နိုင်တာကြီး သွားသွား ဆွ မနေနဲ့)။
ကျွန်တော့် သဘောအရ ပြောရလျှင် လူအထင်သေး ခံနေရသည့် တတ်မြောက်ရန်လည်း ခက်ခဲသည့် မြန်မာ့ ရိုးရာ ဆေးပညာကို တိုင်းရင်းဆေးတက္ကသိုလ်များ ရှိနေသည့်တိုင် ဤကျောင်းများကို လွှတ် သင်ခိုင်း၊ ပြီးတော့ တောတွင် ဓါတ်ဗိန္ဓော ဆရာ ပြန်လုပ်ခိုင်း ဘို့ အနည်းငယ် အလှမ်းဝေးနေပါသေးသည်။ နောက်ပြီး မည်သူက ကမကထ လုပ် နှိုးဆော် ပေးမည်နည်း။ မည်သူ့ကို လွှတ်မည်နည်း။ မည်သည့်ပိုက်ဆံနှင့် လွှတ်မည်နည်း။ သည်ကျောင်းတက်ဖို့ မည်သည့် အရည်အချင်းများ လိုသနည်း။ ထိုအရည်အချင်းရှိသူ တစ်ရွာလျှင် မည်မျှ ရှိမည်နည်း။ သည်ခေတ် လူငယ်တွေကရော သည် ဗိန္ဓောဆရာ ဆိုသည်ကို စိတ်ဝင်စားပါ့မလား စသည် စသည်။
သည်တော့ ဖြစ်နိုင်ချေရှိသည်မှာ ပြည်သူများကို ကျန်းမာရေး အသိပညာ ပေးဘို့ ဖြစ်ပါသည်။ အဓိက ကတော့ ရောဂါ မဖြစ်အောင် ကာကွယ်ဘို့ ဖြစ်ပါ၏။ ဤသည့်အဆင့်လောက်ကတော့ ဘာမှ သိပ်မခက်ပါ။ လုပ်ချင်သူများရှိလျှင် လုပ်နိုင်ပါသည်။
ကျေးရွာ လူကြီးများနှင့် ရွာရှိ မူလတန်းကျောင်း ဆရာ၊ ဆရာမများ၊ တက်တက်ကြွကြွရှိသည့် လူငယ်တို့ ပူးပေါင်းပြီး ရွာများတွင် လက်ရှိ ရှိနေသည့် midwife ဆရာမကလေးများက သူတို့တွင် ရှိပြီးသား ကျန်းမာရေး ဗဟုသုတ များအား ပြန်လည် ဟောပြောပြသခြင်း၊ ဘ၀တွက်တာ သိမှတ်စရာ ကဲ့သို့သော စာစောင်များကို များများရိုက်နှိပ်ကာ သင်တန်းများ ပေးခြင်း၊ ရှေးဦးသူနာ ပြုစုနည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အခါအားလျော်စွာ မြို့နယ်ဆရာဝန်ကြီးကို ပင့်ဖိတ်ကာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပေးခြင်း၊ ရွာရှိလူငယ်များကို ကြက်ခြေနီ ကဲ့သို့သော အဖွဲ့များ ဖွဲ့ပေးကာ မြို့နယ် ကျန်းမာရေး လှုပ်ရှားမှုများကို သွားရောက် လေ့လာစေခြင်း၊ ဆေးရုံများသို့ သွားရောက် လေ့လာစေခြင်း။ အခြားကျေးရွာများသို့ သွားကာ ရှေးဦးသူနာ ပြုစုနည်း သရုပ်ပြခြင်း၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့မှ ၀ါရင့် နာ့စ် ကြီးများကို ပင့်ဖိတ်ကာ မိခင်များ နှင့် မိခင်လောင်းများအား စာတွေ့ လက်တွေ့ သင်ကြားပေးခြင်း။ အိုဗျာ၊ လုပ်မယ် ဆို လုပ်စရာတွေ အများကြီးပါ။
အို - တာဝန်ရှိပါသည် ဆိုသော လူကြီးလူကောင်း အပေါင်းတို့၊ အသင်တို့ အလုပ်မရှိ အကိုင်မရှိ၊ တစ်နေ့ တစ်နေ့ ဘာလို့ အချိန်တွေကို ဖြုံးတီးနေကြပါသနည်း။ ဟို ဘွဲ့ရ ဆိုသည့် မောင်ဟိုဒင်း၊ မဟိုဒင်း ကလေးများရော။ ဘာတွေ လုပ်နေကြသနည်း (အစ်ကိုကြီးရယ်၊ ပြောလဲ ခံရမှာပဲ။ ကျွန်တော်တို့ ဘွဲ့ရ ဆိုတာ နာမည်ခံပါဗျာ။ ဘာမှ တတ်တာ မဟုတ်ပါဘူး။ အနို့ တတ်ဖို့ကိုလဲ ကြည့်အုံးလေ။ စာပေးစာယူသာ ဆိုတာ။ ဘာစာစဉ်မှ ဖတ်စရာ ရေရေရာရာ ရတာ မဟုတ်ဖူး။ စာမေးပွဲနား နီးမှ အနီးကပ်သင်တန်း ဆယ်ရက် ကို ကသုတ်ကရက် သွားတက်၊ နောက်ပြီး ခိုးချဖြေ၊ အောင်လာကြတာ။ ဟေ - တကယ်။ အဟုတ်ပါခင်ဗျာ။ မိုးကြိုးအတုံးလိုက် ပွတ်ရပါစေရဲ့။)
ကျွန်တော်တို့ ရွာတွင် စနေဓမ္မ မိတ်ဆွေများအဖွဲ့၏ ကောင်းမှု ဖြင့် ဆေးပေးခန်းကလေး တစ်ခု ဆောက်လုပ် လှူဒါန်းလိုက်ပါ၏။ အော့ဖ် ကော့စ်၊ ကျွန်တော်တို့ အလှူငွေမပါဘဲ စနေဓမ္မ မိတ်ဆွေတစ်ခုထဲ ဘယ့်နှယ့်လုပ် ဖြစ်ပါ့မတုံး။ ထားပါတော့၊ ဆေးခန်း ဆောက်ပြီးသွားတော့ ဆေးခန်းဖွင့်ပွဲလေး ကျင်းပပါသည်။ သည်တွင် အခန်းအနားသို့ တက်ရောက်လာသူ အများစုမှာ ယူနီဖောင်းဝတ်များ ဖြစ်သည်ဟု မမက ပြန်ပြောပြပါသည်။ ဟိုက် ရှာလပတ်ရည်။ အဆင့်ကတော့ ရေလွတ်နေပါ၏။ ကျွန်တော်တို့ကဲ့သို့ တောရွာလေးတွင်ပင် မီးသတ်ဝတ်စုံနှင့်၊ မိခင်နှင့်ကလေး ၀တ်စုံပြာများ နှင့်၊ ကြံ့ဖွတ် ၀တ်စုံများနှင့်။ ကျွန်တော်တောင် အတော် ဖျားသွားရပါ၏။
အို၊ ကိုယူနီဖောင်း၊ မယူနီဖောင်းများတို့။ အသင်တို့ ရပ်ရွာ ကောင်းရာ ကောင်းကျိုးများကို အဘယ်မျှ သယ်ပိုး ပြီးသွားပါပြီနည်း။ သင်တို့ယူနီဖောင်းများသည် သည်ကဲ့သို့သော အခန်းအနားကျင်းပလျှင် လူမြင်ကောင်းရုံ ၀တ်ဖို့မျှသာ ဖြစ်ပါသလား။ ကျွန်ုပ်တို့တိုင်းပြည်သည် ဖင်ဝါလေရှူးများဖြင့် အချိန်ကုန်ကာ လူပန်းနေခဲ့ကြသည်မှာ ရာစုနှစ် တစ်ဝက် ပင် ကျိုးခဲ့ပြီ ဖြစ်ပါ၏။ ကျွန်ုပ်တို့ လိုအပ်နေသည်မှာ ယူနီဖောင်းလှလှ ကလေးများ မဟုတ်။ ချွေးသံများ ရွှဲနစ်နေသော အ၀တ်အစားများ ဖြစ်၏။ ယူနီဖောင်းဝတ်ချင် သပ ဆိုလည်း ၀တ်ပါ။ သည့်ပြင် ကိုရင်တို့ ရပ်သူရွာသားများအတွက် လည်း ရေမြောင်းပုပ်များ ဖော်တာ၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းတာ၊ အများပြည်သူသုံး ရေကန်များဖော်တာ၊ ဗွက်ထနေ သော လမ်းကို ဖို့တာ စတာလေးတွေလည်း လုပ်ပေးပါဦး။ သဟာ ဆိုလျှင်ဖြင့် လူသာဓုခေါ်၊ နတ် သာဓုခေါ်ကာ ကိုယ်ရင် တို့ ၀တ်ထားသော ယူနီဖောင်းများသည် ချွေးများဖြင့် ရွှဲလာပြီး ပိုမို အဓိပ္ပါယ် ပြည့်ဝလာမည် ဖြစ်ပါသည်။ သည့်ထက် ပိုပြီး ပြောရလျှင် အထက်စာပိုဒ်ပါ ကျွန်တော်ရေးပြခဲ့သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကလေးများကိုသာ ခင်ဗျားတို့ ကလေးတွေ လုပ်ကြမည် ဆိုပါလျှင် -
ခင်ဗျားတို့သည် ရန်ကုန် ဆူးလေသွားကာ ခြင်းထဲထည့်လှောင်ထားသော ငှက်ကလေးများကို ၀ယ်ပြီး မွေးနေ့ မို့ နင့်အသက် တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ် ဟု အဓိပ္ပါယ် ယတ္ထာယ ကင်းမဲ့သော အလုပ်များကို လုပ်နေစရာ မလိုတော့။ ဇီဝိတ ဒါနကို အမြဲ လုပ်ပြီး ဖြစ်နေပေလိမ့်မည်။ (တောက်၊ ငါနော် နင်တို့ကြည့်ရတာ အားမရလိုက်တာ။)
အမှန်ကတော့ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာတွေ အများကြီး ကျန်နေပါသေးသည်။ သို့သော် သိပ် အရမ်းရှည်သွားလျှင် ငြီးငွေ့ စရာကြီး ဖြစ်လာလိမ့်မည်။ နောက်မှ ရေးချင်တာတွေ ထပ်ရေးပါဦးမည်။ ခုတော့ သည်မျှနှင့် ရပ်ပါဦးအံ့။

No comments: