Sunday, September 21, 2008

Art of Living Part 1

ဘ၀နေနည်း အတတ်ပညာ (ဘ၀နေနည်း အနုပညာ)

နောက်အတတ်ပညာတစ်မျိုးမှာ ဘ၀နေနည်း အတတ်ပညာ ဖြစ်ပါသည်။ ဘ၀နေနည်းအတတ်ပညာကား ပိုမို သိမ်မွေ့ပြီး တတ်မြောက်ရန် ပိုမိုခက်ခဲပါသည်။ ဤအတတ်ပညာသည် လူကြီး၊လူငယ် မရွေး၊ ကျား၊မ မရွေး၊ လူမျိုးမရွေး၊ ဘာသာ မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးဌာနန္တရမရွေး လူသားအားလုံးတို့ တတ်မြောက်ထားသင့်သော လူသား အားလုံးနှင့်ဆိုင်သော အတတ်ပညာ ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ နောက်ခံသမိုင်း၊ ပြောဆိုသော ဘာသာစကား၊ ကိုးကွယ်သော ဘာသာတရား တို့ကိုလိုက်၍ အနည်းငယ် ကွဲပြားသွားမည် ဖြစ်သော်လည်း အခြေခံတို့မှာ အတူတူပင် ဖြစ်ပါမည်။
သက်မွေးဝမ်းကျောင်း အတတ်ပညာမှာ ပုံသေနည်း ရှိသည်။ ၁ နှင့် ၂ ပေါင်း လျှင် ၃ ရမည်။ လွဲစရာမရှိ။ တြိဂံဟု ဆိုလိုက်သည်နှင် ထောင့် သုံးထောင့်ပါမည်။ ဒက်ထိ။ အင်ဂျင်ဟု ဆိုလိုက်သည်နှင့် ဆလင်ဒါပါမည်၊ ပစ္စတင်ပါမည်။ သေးတာနှင့် ကြီးတာပဲကွာမည်။ ဆရာဝန်များ ဆေးကု သည်ဆိုရာ၌လည်း ကျွန်ုပ်တို့၏ ၃၂ ကောဌာသ သော ခန္ဓာကိုယ် အတ္တဘောကြီးကို အခြေခံကာ အသည်းကတော့ ဘာဖြစ်နေသည်၊ ကျောက်ကပ်ကတော့ ဘယ်လို ဖောက်ပြန်နေသည်။ ကျောက်ကပ် ဘယ်လိုဖြစ်နေလျှင် ဘယ်သို့ကု၊ နှလုံးဘယ်သို့ဖောက်ပြန် နေလျှင် ဘယ်သို့လုပ် စသဖြင့် ပုံသေနည်း ရှိပါသည်။ လွယ်တယ်ဟု ကျွန်တော်မဆိုလိုပါ။ သို့သော် စံနစ်တကျ သင်ပေးလျှင် တတ်မြောက် ဘို့ ရှိသည်။ မည်မျှတတ်မြောက်နိုင်မည်နည်း ဆိုသည်မှာမူ သင်ယူသူသည် မည်မျှ ဦးဏှောက်ကောင်းပါသနည်း ဟူသော အချက်ပေါ်မူတည်နေ၏။ သို့သော် ဘ၀နေနည်းကတော့ ဤသည့် သက်မွေးဝမ်းကျောင်း အတတ်ပညာနှင့် ကွဲလွဲမှု ရှိသည်။ သက်မွေးဝမ်းကျောင်းပညာရပ်ကို လက်ရုံးရည် ဟု တင်စားရလျှင် ဘ၀နေနည်း အတတ်ပညာကိုမူ ကျွန်တော် က နှလုံးရည် ဟု တင်စားချင်ပါ၏။
ဆရာ မြသန်းတင့် ဘာသာပြန်သည့် ဘ၀နေနည်း အနုပညာ (art of Living)46 မှာ ဤပညာရပ်အကြောင်း ရေးသားထားခြင်း ဖြစ်ပါ၏။
Ref: 46. http://books.google.com.sg/books?q=art+of+living&source=citation

ကျွန်တော်က ဘ၀နေနည်း အတတ်ပညာ ဟု ခေါင်းစဉ်တပ်လိုက်သဖြင့်သာ ထူးဆန်းသလို ဖြစ်နေသော်လည်း စင်စစ် ကျွန်တော်တို့ သူငယ်တန်းကျောင်းသားဘ၀ကပင် စတင် သင်ကြားလာခဲ့ရတာ ဖြစ်ပါသည်။ ဟို့ ...... သူငယ်တန်းတုံးက မြန်မာစာ စ သင်တော့ ကျွန်တော်တို့ ရွတ်ခဲ့ရတာလေးတွေကို မိတ်ဆွေတို့ ကောင်းစွာ မှတ်မိ နေမည်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကလေးဘ၀မှာ အင်မတန် ဖြူစင်လေရကား ထိုအရွယ်က ကျက်မှတ်ခဲ့ သောစာတို့ကို အသက်ကြီးမှ တနည်းပြောရလျှင် ကျွန်တော်တို့ဘ၀ကို အရောင်အမျိုးမျိုးတို့ စွန်းထင်းပြီးမှ လေ့လာ သင်ကြားခဲ့ရသော စာတို့ထက် ပိုမို၍ အသည်းထဲစွဲနေတတ်သောကြောင့် ဖြစ်ပါ၏။

လဲနေသူ ထူပေးပါ
အားငယ်သူ အားပေးပါ
ရေထဲကလူ ဆယ်ယူပါ...........

ဤသည်မှာ ဘ၀နေနည်း အနုပညာ ကို ငယ်စဉ်တောင်ကြေး ကလေးဘ၀မှစ၍ မျိုးစေ့ချပေးလိုက်ခြင်း ဖြစ်ပါ၏။ သို့သော် ပါးစပ်က ရွတ်နေရုံမျှဖြင့် အရာမရောက်။ လဲနေသူ ထူပေးပါ ဆိုတာ ဘာကိုဆိုလိုသည်။ အားငယ်သူ အားပေးပါ ဆိုတာ ဘာကို ပြောချင်သည်။ ရေထဲကလူ ကို အဘယ်ကြောင့် ဆယ်ယူရမည် စသည်တို့ကို နှလုံးသားနှင့် သဘောပေါက်ပါမှ ဘ၀နေနည်း အနုပညာကို တတ်မြောက်သည် ဟု ခေါ်နိုင်ပါသည်။ ကျောင်းနေဖူးသူတိုင်း ဤစာ ကလေးကို ရကြပါသည်။ သို့သော် ထိုသူများစွာတို့အနက် ဘယ်နှယောက်သည် လဲနေသူကို ထူပေးဖူးပါသနည်း။ ကျောင်းနေဖူးသူ ဘယ်နှရာခိုင်နှူံးမျှ အားငယ်နေသူကို အားပေးဖူးပါသနည်း။ မိတ်ဆွေ အသင်ကော လဲနေသူဘယ် နှယောက်ကို သင့်ဘ၀တွင် ထူပေးခဲ့ဖူးပါပြီနည်း။ လဲနေသူ ထူပေးပါ ဆိုသည့်အဓိပ္ပါယ်ကို ထိုစာရွတ်ခဲ့သူ ဘယ် နှယောက်မျှ သေချာစွာ စဉ်းစားခဲ့ဖူးပါသနည်း။ ကျော်ဟိန်းကတော့ ထိုစာပိုဒ်ကလေးကို ဘာသာပြန်လျှက် ဟဲဗီး မက်တယ်ဖြင့် လှုံ့ဆော်ထားပါ၏။ မိတ်ဆွေတို့ ကြားဖူးပါလိမ့်မည်။ ကျွန်တော်ကတော့ ထို သူ့ သီချင်းကလေးကို ကြိုက်သဖြင့် မကြာခဏပင် ရေချိုးခန်းထဲ၌ အော်ဆိုဖူးပါ၏။ ကျွန်တော်တို့ ကျောင်းသားဘ၀(1985)က ပေါ်ခဲ့သော အဓိပ္ပါယ်ရှိ သောလူ စီးရီး47ထဲမှ ဖြစ်ပါ၏။ နည်းနည်းလောက် ဆိုပြပါရစေ။

မှောင်နေရင်လေ မီးထွန်းလိုက်
နာကြင်သူကို ပြုစုလိုက်
ဆာလောင်သူကို ကိုယ့်အထဲက တစ်ဝက်ဝေမျှလိုက် ..........
လူတွေ စဉ်းစားကြ စဉ်းစားကြ ... လောကအတွက်......
သင်ဟာ သမိုင်းကြောင်းကောင်းဘို့ တစ်ခုခု လုပ်ခဲ့သလား..........

ကျော်ဟိန်း၏သီချင်းနှင့် အထက်က သူငယ်တန်းဖတ်စာ သည် အတူတူပင်ဖြစ်သည်ဟု ပြောစရာမလိုပဲ မိတ်ဆွေတို့ သဘောပေါက်ပါလိမ့်မည်။
Ref: 47. http://www.myanmarmp3.net/album.aspx?albumID=599

ဤတွင် စကားစပ်မိ၍ ကြားဖြတ်ပြောရလျှင် ကျွန်တော်တို့ နာဂစ်ဒုက္ခသည်များကို လစဉ်လတိုင်း သွားရောက် ကာ ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်များ ၀ယ်ခြမ်း လှူဒါန်းခြင်း။ အ၀တ်အထည်များ ဝေငှခြင်း။ ကျောင်းသူကျောင်းသား များအား စာအုပ်နှင့် စာရေးကိရိယာများ ပေးကမ်းထောက်ပံ့ခြင်းတို့မှာ လဲနေသူများကို ထူပေးခြင်းပင် မဟုတ်ပါလော။ သပိတ်အိုင် ဆရာတော်ဘုရားကြီးကတော့ အင်နှင့်အားနှင့် နာကျင်သူများကို ပြုစုနေပါသည်။ သူတစ်ဦးထဲ၏ စွမ်းပကား ဖြင့် ဧရာဝတီတိုင်း မုန်တိုင်းဒါဏ်ခံဒေသများတွင် ဆေးရုံလေးရုံမျှ တည်ထောင်ပြီးသွားပြီ။
ကျွန်တော်တို့ ဘ၀တွင် အလျဉ်းသင့်လျှင် သင့်သလို ကျောင်းများတွင် ဖြစ်စေ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဖြစ်စေ ဘ၀နေနည်း အနုပညာများကို သင်ကြားခွင့်ရခဲ့ကြပါ၏။ သို့သော် လက်တွေ့ဘ၀တွင် အသုံးချရန်ကိုမူကား နှလုံး သားဖြင့် သိဘို့ ခံစားတတ်ဖို့ လိုပါသည်။
ငယ်စဉ်က သင်ခဲ့ရသော ရှင်မဟာ ရဌသာရ ၏ ဆုံးမစာ48 ကို ပြန်ရွတ်ကြည့်ပါ။

တစ်ယောက်စကား၊ တစ်ယောက်နားမှာ
မခါးရအောင်၊ သတိဆောင်၍
မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။
မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်
မျက်မာန်ဒေါသ၊ မထွက်ရအောင်
မာန်မာနကို၊ ချုပ်ကြလေ...
မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်...

ပြောရလျှင် ကျွန်တော်တို့ သင်ခဲ့ရတာ အများကြီးဖြစ်ပါ၏။ မယူတတ်သောကြောင့် မရခဲ့တာသာ ရှိပါမည်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားဘ၀က သင်ခဲ့ရသော ရှင်မဟာသီလ၀ံသ ၏ သားရွှေဥ ဆုံးမစာ49၊ ဘိုးသူတော်ဦးနု ဆုံးမစာ50၊ ဆယ်စောင်တွဲတွင် ပါသည့် လောကနီတိ51 ...

ပျင်းသောသူ၊ ပညာမတတ်
ပညာမတတ်က၊ မိတ်ဆွေမရှိ
မိတ်ဆွေမရှိက၊ ချမ်းသာ သုခမရှိ ......စသည်။

အသက်ကလေးနည်းနည်း ရလာတော့ ကျောင်းတွင်သင်ရတာ မဟုတ်ပေမင့် ကိုယ့်ဟာကိုယ် ရှာဖွေဖတ်ရှုကာ မှတ်သား ခဲ့ရသော ဟိတောပဒေသ52၊ စာဏကျနီတိ53။ပဉ္စတန္တရ54 .... အများဆိုမှ အများကြီးပါ။

အမြင့်မှာနေလျှင် လေတိုက်၍ ကြွေတတ်သည်
အနိမ့်မှာနေလျှင် မြွေကိုက်၍ သေတတ်သည်
ကြီးလွန်းလျှင်လည်း မတင့်တယ်
ငယ်လွန်းလျှင်လည်း မသပ္ပါယ်
......................................
.....................................
မငယ်မကြီး မနီးမဝေး မနှေးမလျင်
တံငါလုလင် မြားကြိုးငင်သို့
မတင်းမလျော့ လှေဖောင်ဖော့သို့
ဆင်ခြင် စည်းစောင့် ၀မ်းထဲဖြောင့်လော့။ .... (ကာလတွေတိုက်စားကုန်လို့ မေ့ကုန်ပြီ)

သို့သော် စာသည် စာသာလျှင် ဖြစ်၍ လက်တွေ့ဘ၀သို့ရောက်လာဘို့ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ဘို့ ဟူသည် နှလုံးသားဖြင့် ထိုးထွင်းသိမြင်ဘို့လိုသည်။
ကျွန်တော်တို့၏ တနင်္ဂနွေ စကားဝိုင်းတွင် ကိုဌေးဝင်းနိုင်က ကျွန်တော်တို့ခေတ်တုံးက တက်ကျမ်းတွေ ဒီခေတ်လောက် ဖတ်စရာ မများဘူးဗျ။ လက်ချိုးရေလို့ကို ရတယ်။ ဒါပေမဲ့ အဲဒီ သိပ်မများလှတဲ့ တက်ကျမ်းတွေထဲကပဲ တချို့တစ်ဝက်ကို ဖတ်ပြီးတက်သွားတဲ့လူတွေ များတယ်။ ဒီခေတ်ကျတော့ တက်ကျမ်းတွေဆိုတာ များမှများ။ များသမှ အများကြီးပဲ။ ဒါပေမဲ့ အဲဒီစာတွေဖတ်ပြီး တက်သွားတဲ့လူငယ်တွေရယ်လို့ ပြောစမှတ်အောင် မများလှသေးဘူး ထင်တယ်။ ထိုအခါ ကျွန်တော်က -
ဒီလိုရှိတယ် ကိုဌေးဝင်းနိုင်ရဲ့၊ စာဖတ်တယ်ဆိုပေမဲ့ စာရေးဆရာက ပေးချင်တာကို အစစ်အမှန် တကယ် ရလိုက်ဖို့ လိုသေးသကိုး။ တစ်နည်းအားဖြင့် စာတွေ့တင် မဟုတ်ပဲ ငါတွေ့သိဘို့လိုတယ်။ အကောင်းဆုံး ဥပမာ တစ်ခု ကျွန်တော်ပြောပြမယ်။ ညီတော် အာနန္ဒာ ဆိုတာ မြတ်စွာဘုရားဟောသမျှ တရားတွေကို သူ့လောက်နာကြားရတဲ့သူ မရှိဘူး။ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တော် ရတယ်မဟုတ်လား။ သို့သော် မြတ်စွာဘုရားဟောသမျှ တစ်လုံးမကျန်ပင် နာကြားရ သော်လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့ထိ သောတာပန်ပဲ ဖြစ်သေးတယ်။ အရဟတ္တ မဂ်ဖိုလ်ကို မရသေးဘူး။ အဲဒါ စာတွေ့ပဲသိလို့။ တကယ်လိုက်နာကျင့်ကြံလိုက်တဲ့အခါကျမှ ငါတွေ့သိလာပြီး မဂ်ဖိုလ်ကို ရသွားတာ။ ကျွန်တော်တို့ တတွေလည်း စာတွေဖတ်ပြီး စာတွေ့ပဲ သိသေးတာကိုး။ ငါတွေ့သိဘို့ရာမတော့ စာတစ်ပုဒ်ပဲလိုသဗျ။

ကျွန်တော် ဥပမာ ကလေးများဖြင့် ပြပြစေ။ မည်မျှပင် ပညာတတ်ကြီးဖြစ်သော်ငြား ဘ၀နေနည်း အနုပညာ ကို မတတ်မြောက်ပါမူ ဘ၀တွင် တလွဲတချော်များ ဖြစ်နိုင်သေးကြောင်း ကျွန်တော့်အတွေ့အကြုံများနှင့် (တခါတလေ ကျွန်တော်ကိုယ်တိုင်) ယှဉ်ပြောပြပါမည်။
ကျွန်တော် အထက်တန်းကျောင်းသားဘ၀က တောမြို့လေးတစ်မြို့တွင် နေခဲ့ရပါ၏။ ကျွန်တော်တို့နှင့် အတန်ငယ် ရင်းနှီးသည့် ခပ်ချောချောသမီးကလေးများ ပိုင်ဆိုင်သူ အဒေါ်ကြီးတစ်ဦးလည်း ရှိပါ၏။ ကျွန်တော်တို့ မောင် နှများက သစ်သားအိမ်ကို တောပေမင့် ပြောင်လက်နေအောင် တိုက်ပြီး ထမင်းအိုးဟင်းအိုးများကိုလည်း ပြောင်လက် နေအောင် ဆေးကြောတိုက်ချွတ်ထားပါ၏။ ကျွန်တော်ကိုယ်တိုင် ပုဆိုး ခါးတောင်းကျိုက်ကာ ညနေတိုင်လျှင် ချွေးတရွှဲရွှဲနှင့် အိမ်တိုက်လေ့ ရှိပါ၏။ ကျွန်တော်တို့ အိုးခွက်ပန်းကန်များ ပြောင်လက်နေသည်ကို အဆိုပါ အဒေါ်ကြီးမှာ အတုယူရမည့်အစား အိုးဘေးပြောင်လျှင် လင် မြန်မြန်ရလွယ်သည် ဟုဆိုကာ သူ့သမီးများကိုမူ အိုးခွက်များ တိုက်ချွတ်ခြင်းအမှု ကိုသော်လည်းကောင်း၊ အိမ်သန့်ရှင်းရေးကိုသော်လည်းကောင်း မလုပ်ခိုင်းရက်ခဲ့ပါ။ ၎င်းတို့ ဟင်းချက်သော အိုးများကို မိတ်ဆွေများအား ဖိတ်မန္တကပြုကာ ပြချင်စမ်းပါဘိ။
ကျွန်တော် ရေဆင်းရောက်စက ကျောင်းများပိတ်ထားသည့်ကာလ ဖြစ်သဖြင့် အားအားလျားလျား မိတ်ဆွေ အပေါင်းအသင်းများနှင့် ဟိုသွား ဒီသွား စာအတူဖတ် စသဖြင့် လေခဲ့ပါ၏။ တစ်နေ့တွင် သူငယ်ချင်းတစ်ဦးခေါ်သဖြင့် သူ့ကောင်မလေး၏ အခန်းသို့ သွားရောက်လည်ပတ်ရင်း စကားစနေပြောကြပါ၏။ အောင်မယ်လေး မြတ်စွာဘုရား။ ရုပ် ကလေးလှသလောက် အနေအထိုင် တယ်လဲ ပက်စက်လိုက်ပါကလား အရပ်လူကြီးတို့။
အခန်းမှာ အ၀တ်များ၊ စာအုပ်များ၊ စာရွက်များ၊ အလှပြင်ပစ္စည်းများ၊ မိန်းကလေး အသုံးအဆောင်ပစ္စည်းများ၊ အိုးခွက်ပန်းကန်များ၊ တိုလီမုတ်စ ဗြုတ်စဗျင်းတောင်းများနှင့် ရှုပ်ပွလျှက် ဘယ်နားထိုင်လိုက်ရမှန်းပင် မသိပါ။ (သည်းခံပါခင်ဗျား၊ ကျွန်တော်တို့မောင်နှမတစ်စုမှာ သူများကို ကဲ့ရဲ့သည့်ပညာရပ်တွင် စပယ်ရှယ်လစ်စ် ဒီပလိုမာ လက်မှတ်ရထားသူများဖြစ်ပါ၏။ နောက်ပြီး ကျွန်တော်က အင်မတန်ရွံတတ်သူ ဖြစ်ပါ၏။) လျှော်ပြီးသားအ၀တ်များသည် ယမန်နေ့က ထုထောင်း လျှော်ဖွတ်ထားသဖြင့် အင်မတန် ပင်ပန်းနွမ်းနယ်နေကြသည်ဖြစ်ရာ အချို့မှာ မွေ့ရာပေါ်တွင် ပက်လက်တချို့၊ မှောက်ခုံတချို့ အိပ်စက်အနားယူလျှက် လည်းကောင်း၊ အချို့မှာ ကုတင်တန်းများပေါ်တွင် ကျွမ်းဘား ကစားလျှက် လည်းကောင်း၊ အချို့မှာ အ၀တ်လှန်းသော တန်းများပေါ်တွင် ဗီတာမင်ဒီဓါတ်ကို အချင်းချင်းနောက်ပြောင် ကျီစယ်ရင်း ရယူနေကြလျှက် လည်းကောင်း၊ အောင်မယ် ဘရာစီယာနှစ်ထည်မှာ အချင်းချင်း လည်ပင်းဖက်လျှက် ကုလားထိုင်နောက်မှီပေါ်တွင် ခြေတွဲလွဲချ ထိုင်လျှက် လည်းကောင်း၊ ယမန်နေ့က ၀တ်ပြီးသား လုံချည်တစ်ထည်မှာမူ အလွန်ပျင်းကြောထူရကား သူ့နေရာသူသွားမနေ၊ သခင်ချွတ်ချခဲ့သည့်နေရာတွင်ပင် အကွင်းသား အိပ်မောကျလျှက် လည်းကောင်း၊ (ကျွန်တော်မျိုးကို သနားသဖြင့် အတွင်းဝတ်အထည်များကို မြင်ခွင့်မပြုပါနှင့်၊ ဒါလေးတစ်ခုတော့ ချမ်းသာပေးပါ)။ အိပ်ယာပေါ်မှ စောင်တစ်စမှာမူ ကုတင်ပေါ်တက်ရောက် အနားယူနေသည့် အင်္ကျီများနှင့် ကလူ၏သို့ မြှူ၏သို့ လုပ်နေပါ၏။ ကုတင်ခြေရင်းဘောင်တွင် အထက်တစ်ဝက်၊ အောက်တစ်ဝက် အနားယူ အပန်းဖြေနေသည့် ၀တ်ပြီးသားလုံချည်များမှ တမာရွက်ပြုတ်စော် နံနေလောက်ပါသည်။
စာရွက်အပိုင်းအစများများမှာ ငါတို့တိုင်းပြည် လွတ်လပ်ရေးရတော့မှာမို့ တာပေါင်ရိုးပေါ်ဆေးရိုးတက်လှမ်း တော့မယ် ဟု ကြေငြာကာ လွတ်လွတ်လပ်လပ် နေချင်တိုင်းနေလျှက် ဟိုနားတစ်စု၊ သည်နားတစ်စုက တစ်မျိုး၊ တစ်ကိုယ်တော်ဇာတ် ခင်းနေသူများကတသွယ်။ အချို့က အဆင့်မြင့်မြင့် စားပွဲပေါ်တွင် စံပျော်နေကြပြီး၊ အချို့က လမ်းနဘေးနားတွင် ဂစ်တာတဒေါင်ဒေါင်ခေါက်လျှက် အပျော်ကြူးရင်း၊ အချို့ကမူ ငါတို့က မြေကြီးနဲ့နီးစပ်တယ်ဟု လက်ခမောင်းခတ်လျှက် ကြမ်းပြင်များ ပေါ်တွင်အခန့်သား နေရာယူထားကြကုန်၏။
ထိုအတွင်း ကျွန်ုပ်သည် စက္ကူများအကြားတွင် ရွာပြောင်းလာသော ပုရွက်ဆိတ် မိသားစုများကို တွေ့လိုက် သဖြင့် အဘယ်သော ရေကြည်ရာ မြက်နုရာဒေသများသို့များ သွားကြမလို့ပါလိမ့် ဟု စူးစမ်းမိသည့် အခိုက် သူတို့တပ်စု ဦးတည်ချီတက်နေရာ လမ်းဆုံးကို တွေ့လိုက်ရပါတော့၏။
ကျွန်တော်တို့၏ မမလေးသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့် အလျှောက် အလှူရေစက် လက်နှင့်မကွာ လိုဟန် တူပါသည်။ လွန်ခဲ့သောနှစ်ရက်ခန့်ကစပြီး အနီးပတ်ဝန်းကျင်ရှိ သံသရာခရီးသွားဖော်များ ဖြစ်သော ပုရွက်ဆိတ်နှင့် ပိုးဟပ်များကို လဖက်ရည် ခုနစ်ရက်ခုနစ်လီ အလှူကြီးပေးလတံ္တ့ ဟု သံဓိဌာန်ချကာ မိမိက တစ်ဝက်သာသောက်လျှက် ကျန်တစ်ဝက်ကို ကိုပိုးဟပ်နှင့် ကိုပုရွက်ဆိတ်အပေါင်းတို့အား အလှူကြီးပေးထားပေသည်။ ကိုပုရွက်ဆိတ်တို့ကလည်း မမလေး၏ စေတနာကို အသိအမှတ်ပြုသည့်အလျှောက် အဘိုးပုရွက်ဆိတ်၊ အဘွားပုရွက်ဆိတ်၊ ပုရွက်ဆိတ်လူပျိုသိုး၊ ပုရွက်ဆိတ် အပျိုဟိုင်းကြီးများပါမကျန် ပုရွက်ဆိတ်သားလေးများပါ လိုက်ပါလျှက် ရွာလုံးကျွတ် မီးခိုးတိတ် ချီတက်ကာ တီးပါတီ ကို တပျော်တပါး အားရပါးရ ဆင်နွှဲနေသည်ကို တွေ့ရသဖြင့် မမလေး၏ စေတနာသုံးတန်ကို သာဓု အကြိမ်ကြိမ် ခေါ်မိရပါဘိတောင်း။ ထိုမျှမကသေး။
မမလေးသည် ကိုပိုးဟပ်များအတွက်လည်း အစားအသောက်များ လှူဒါန်းလိုပေသေးသည်ဖြစ်ရာ ယမန်နေ့က စားထားသော စားကြွင်းစားကျန်များနှင့် ပန်းကန်ပြားကို စားပွဲပေါ်မှ ဟန်ကြီးတခွဲသားနှင့် ညီလာခံနေသော စက္ကူများ အကြားတွင် ထားပေးထားပါ၏။ ကိုပိုးဟပ်များသည်ကား ကိုပုရွက်ဆိတ်တို့လို မဟုတ်။ လူရှေ့သူရှေ့လာစားရ၊ သယ်ရမှာ သိပ်ရှက်သဖြင့် ညပိုင်းတွင်မှ တပ်မချီရန် ခုကတဲက သေတ္တာအကြိုအကြားများတွင် စစ်ရေးလေ့ကျင့်နေကြသံကို တရှဲရှဲ နှင့် အတိုင်းသားကြားနေရပါ၏။
ဟနေသည့် အဖုံးကြားမှ ကျွန်တော်အသာချောင်းလျှက် တစ်ပိုင်းတစ်စမြင်နေရသည့် ထမင်းအိုးအတွင်း လှမ်း လေ့လာလိုက်ရာ မမလေးက စိုက်ပျိုးရေးကျောင်းဆင်းပီပီ အပင်များကို မြေကြီးပေါ်တွင် စိုက်ရတာ အားမရ၍ စိုက်လို့ရ တာ အကုန်စိုက်ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားလျှက် ထမင်းအိုးအတွင်း မှိုများ စိုက်ပျိုးထားတာ တွေ့လိုက်ရ ပါသည်။ ထို အစိမ်းရောင်မှိုများသည် စင်စစ် စားဖို့တော့ မဟုတ်တန်ရာ။ ဒေါက်တာ အလက်ဇင်းဒါး ဖလဲမင်း ၏ ပင်နယ် စလင်ဆေးအတွက် သုတေသနပြုရာ ဓါတ်ခွဲခန်းသို့ ကုန်ကြမ်းအဖြစ် တင်သွင်းဘို့ရာ ဖြစ်ပေမည်။ နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေတိုးစေရေးအတွက် မမလေး၏ စွမ်းဆောင်ချက်ကို ထောမနာ ပြုလိုက်ရပါဘိ။ ထို့ပြင်တ၀ မမလေး၏ အထူးစိုက်ပျိုးထားသော မှိုမျိုးနှင့်သာ စမ်းလိုက်ရလျှင် ဒေါက်တာ ဖလဲမင်းသည် ကင်ဆာပျောက်ဆေးကဲ့သို့သော ဆေးအသစ်တစ်မျိုးကိုပင် ဖော်ထုတ်ချင် ဖော်ထုတ်နိုင်ပေမည်။ ထိုအခါ ဒေါက်တာဖလဲမင်းနှင့် ကျွန်တော်တို့စိုက်ပျိုးရေး ကျောင်းဆင်း မမလေးမှာ ဆေးသိပ္ပံနိုဘယ်ဆုကိုပင် ပူးတွဲ ဆွတ်ခူးချင် ဆွတ်ခူးနိုင်မည်။ အံ့ချီးဘွယ်ပါတကား။
မှန်တင်ခုံဟု ယူဆရသည့်စားပွဲငယ်တစ်ခုပေါ်တွင် ခေတ်ပေါ် အလှပြင်ပစ္စည်းများသည် သခင် အလိုရှိလျှင် အလွယ်တကူ ကောက်ယူ အသုံးပြုနိုင်စေခြင်းအလို့ငှာ စားပွဲမျက်နှာပြင် တစ်ခုလုံးတွင် တပ်ဖြန့်ထားပါ၏။ စားပွဲ ထောင့်စွန်းနာရှိ သနပ်ခါးကျောက်ပြင်တွင်လည်း အလိုရှိလျှင် အသင့်ရေဖျော်ပြီး ကော်ယူအသုံးပြုနိုင်ရန် ရည်ရွယ် ချက်ဖြင့် ကျောက်ပြင်မြောင်းထဲ၌ သနပ်ခါးများကို တွေ့နိုင်ပါသည်။ ကျောက်ပြင်အနီး စားပွဲမျက်နှာပြင်ကိုတော့ သနပ်ခါး စက်များဖြင့် အလှခြယ် ထားပါသည်။
(သဟာလောက်ဆို အတန်အသင့် သရုပ်ပေါ်လောက်ပြီထင်ပါရဲ့။ တော်မှ)။

ကျွန်တော် စနေဓမ္မမိတ်ဆွေများအဖွဲ့ အလှူကိစ္စဖြင့် အထက်အညာဒေသ သို့ ခရီးထွက်စဉ် မိတ္ထီလာသွား ခရီးစဉ်၌ ယောက်ျားလေးဆိုတော့ ကျားကျားလျားလျား ဟိုင်းလပ်ခေါ်အမြန်ကားလေး၏ upper မှ လိုက်ပါခဲ့ရပါ၏။ ကားကလေး တစ်နာရီလျှင် မိုင်၈၀ နှုံးခန့်မျှဖြင့် အမြန်ပြေးနေစဉ် ကျွန်တော်ထိုင်နေရာနေရာမှ ကားရှေ့ပိုင်းပိုကျသည့် နှစ်ယောက်ကျော်တွင် ထိုင်နေသူတစ်ဦးက ကွမ်းတံတွေးကို ထွေးချလိုက်ရာ လေအောက်မှ ကျွန်တော်နှင့် အနီး ပတ်ဝန်းကျင်ရှိသူအားလုံးကို ကွမ်းတံတွေးများ စဉ်ကုန်ပါသည်။ ကျွန်တော်ကလည်း ထိုကိစ္စမျိုးတွင် အလွန်မှ သည်းညည်းမခံတတ်သူ ဖြစ်သည့်အလျောက် ထိုသူနှင့် ကားပေါ်တွင် စကားများခဲ့ရပါသေးသည်။ မည်သို့သော အမေမှ မွေးထုတ်လိုက်သူ ဖြစ်ပါသနည်း။
“အမိယုတ်က၊ နှုတ်ကြမ်းသည်
အဖယုတ်က၊ ကိုယ်ကြမ်းသည်” ဟူသော မြန်မာစကားပုံမှာ အခါခပ်သိမ်းမမှန်သော်လည်း သားသမီး မကောင်း၊ မိဘခေါင်း ဟူသကဲ့သို့ မဟုတ်တာ တစ်ခုခုလုပ်လိုက်သော သကောင့်သားကို ဘယ် မိမဆုံးမ၊ ဖမဆုံးမ ကလေကချေလဲ ဟု ကောင်းချီးပေးတတ်ကြပါ၏။
ကျွန်တော့်မှာ ထိုကိစ္စမျိုးနှင့် အလွန် အကျိုးပေးတတ်ပါ၏။ ကျွန်တော်ကျောင်းပြီးစ အလုပ်မရခင် စပ်ကြား တောရွာများသို့လှည့်လည်ကာ ဗီဒီယို ပြပါသည်။ အများသိကြသည့်အတိုင်း တောရွာမှ ပွဲ ဆိုတော့ လူပေါင်း သောင်းခြောက်ထောင် လာကြည့်ကြတာ ဖြစ်ပါ၏။ တစ်ည ကျွန်တော် ရုံပေါက်ဝတွင် လက်မှတ်စောင့်နေစဉ် ပွဲလာသူ အစ်ကိုကာလသား တစ်ယောက်က ပါးစပ်တစ်လုံးအပြည့်စားလာသော ကွမ်းတံတွေးကို ဗျစ်ကနဲအသံမြည်အောင် မြေကြီးပေါ်သို့ ထွေးချလိုက်ရာ ကျွန်တော့်ပုဆိုးများသို့ စဉ်ကုန်ပါသည်။ သို့သော် ကျွန်တော်သူတို့နှင့် ဖက်ပြိုင် မမိုက်ရဲ ပါ။ သူတို့ဒေသသို့ ကိုယ်ကရောက်နေသည်ဖြစ်ရာ တစ်ခုခုဖြစ်လျှင် ကိုယ်နာစရာချည်း ဖြစ်ပါသည်။ မတော် ဗီဒီယိုကို အုတ်ခဲကျိုးဖြင့် အားပေးလိုက်ပါက အကျိုးမနည်းပါလား။
တိုက်ခန်းအတက်အဆင်း လှေခါးထောင့်များတွင်လည်းကောင်း၊ မြို့လယ်ခေါင် အုတ်နံရံများတွင်လည်းကောင်း၊ ရေမြောင်းဘောင်များတွင် လည်းကောင်း၊ လမ်းများပေါ်တွင် လည်းကောင်း နေရာပေါင်းများစွာတို့တွင် ပေကျံနေသော ကွမ်းတံတွေးများကို မိတ်ဆွေတို့ တွေ့မိကြပါလိမ့်မည်။ ကျွန်တော်စင်ကာပူရောက်စက လူအများနှင့် စုကာ တစ်ခန်းထဲ တွင် နေရပါသည်။ တစ်ခါသော် ကျွန်တော် သန့်ရှင်းရေးလုပ်ထားသော ဧည့်ခန်းအတွင်း မည်သူကလာထား သွားသည် မသိ။ ကွမ်းတံထွေးများထွေးထည့်ထားသော ပလတ်စတစ်အိတ်ကို အလွန်ရွံရှာဖွယ် တွေ့ရပါသည်။ မတော် တစ်ယောက်ယောက်ကများ တိုက်ချလိုက်လျှင် အော့ ............။ သည်တွင် ကျွန်တော် အလွန်ဒေါသထွက်ကာ အခန်း တွင်း ချဲလင့် လုပ်ပါ၏။ မြတ်စွာဘုရား။ ကျွန်တော့်ထက် မိုက်သူများ ဤလောကကြီးတွင် အများကြီး ရှိပါလားဟု ညဘက်တွင် သိလိုက်ရပါ၏။ ကျွန်တော့်ထံလာရောက်ကာ လက်ညှိုးကောက်ကောက်ထိုးလျှက် အယုတ္တ အနတ္တပေါင်းစုံ ဖြင့် ဆဲဆိုသွားပါသည်။ မှတ်ပလားဟဲ့။ ကိုယ့်ထက်မိုက်သူနှင့်တွေ့တော့လည်း အသာငြိမ်နေလိုက်ရပါသည်။ လောက တွင် ကျွန်တော်ရွံမုန်းသောအရာများ၌ ကွမ်းတံတွေး၊ ဆေးလိပ်မီးခိုး၊ ခြင်၊ ယင်၊ ကြမ်းပိုး၊ ကြွက်၊ သန်း၊ ခြ၊ ပုရွက်ဆိတ် နှင့် ပိုးဟပ်များ ပါဝင်ပါသည်။ ထိုအရာများနှင့် ကျွန်တော်က ဓမ္မာသောက ဖြစ်ပါ၏။
ဤကဲ့သို့ အမြင်မတော်ဟု ကိုယ်ထင်သမျှ သွား သွား ချဲလင့်လုပ်မိသဖြင့် ကျွန်တော့်အမေမှာ မဆီမဆိုင် နေရင်းထိုင်ရင်း မကြာခဏ ခေါင်းကြိမ်းနေရသည့်တိုင် ကျွန်တော့်မှာ အမှတ်မရှိ။
တခါကလည်း ကျွန်တော်နှင့် တစ်ခန်းထဲနေသူ တစ်ဦးမှာ ဖုံးကို တစ်နာရီခန့်ကြာအောင် ပြောနေသဖြင့် ဤဖုံးမှာ ကျွန်တော်တို့အားလုံး ဘုံသုံးဖုံးဖြစ်ရကား ကျွန်တော့်မှာ မနေနိုင်မထိုင်နိုင် ရင်ထဲ ရွစိရွစိ ဖြစ်လာရကား ဤမျှ အကြာကြီးဖုံးသုံးနေခြင်းသည် အခြားသူများအတွက် တရားမျှတမှုမရှိကြောင်း သွားပြောမိသည့်ကာလ ကျွန်တော့် မိခင်ကြီးမှာ တမလွန်ဘ၀မှနေပြီး ခေါင်းကြိမ်းလိုက်ရပါသေးသည်။
နေပါအုံးဗျ။ ကျုပ်တို့ချည်း တောသားတွေ တောသားတွေနဲ့ နင်းကန်ချမနေပါနဲ့ဦး။ ခင်ဗျားတို့ တက္ကသိုလ် ကျောင်းသားဆိုတဲ့ လူကြီးလူကောင်းများကိုရော သွားကြည့် ကြည့်လိုက်စမ်းပါအုံး။
ဟိုက် - ဟုတ်ပ။ အမောင်တက္ကသိုလ်ကျောင်းသား ဆိုသူများကို နည်းနည်းပါးပါး စောင်းငဲ့ကြည့်ရအောင်။ ဟိုဟာ ဘာပါလိမ့်။ အလို၊ နို့ စာသင်ခုံထဲမှာ ကွမ်းတံတွေးထုပ်ကြီးပါလား။ ဆရာကြီးရေ ကြည့်ကျက်လဲ လုပ်စမ်းပါအုံး ဗျာ။ မတော် နောက်အတန်းတက်လာတဲ့ ကျောင်းသားတွေက မသိပဲ လွယ်အိတ်ကို ခုံထဲများစွတ်ကနဲ ထိုးသွင်းလိုက် လို့ကတော့ သောက်ကျိုးနဲ။ ဒါလား၊ တိုင်းပြည်ကို ရှေ့တန်းကဦးဆောင်သွားမဲ့ လူကြီးကောင်းအလောင်းတွေ။ ဖွမ်........။
သည်တခါတော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပါမည်။ အခြားသူမဟုတ်။ ဟင်္သာတနေ (အထက်တွင် ၀န်ထမ်း များအခန်း၌ ဖော်ပြခဲ့သည့် ကျွန်တော့်ကို သူရို့စိုက်ပျိုးရေးရုံး ခေါ်သွားသူ) ကျွန်တော့်အစ်ကိုကြီး တစ်ဝမ်းကွဲ အကြောင်း ဖြစ်ပါ၏။ သူများမကောင်းကြောင်းများ လျှောက်ပြောနေသည်ဟု မထင်စေလိုပါ။ ဘ၀နေနည်းအနုပညာကို သရုပ်ဖော် ရာတွင် ဤကဲ့သို့သော သရုပ်ဖော်ပန်းချီကားကလေးများနှင့် ရှင်းပြလျှင် ပိုမိုခရီးရောက်သည့်အတွက် ဖြစ်ပါ၏။
ယခင်က ကျွန်တော်သူရို့အိမ် မကြာမကြာရောက်ဖြစ်ပါ၏။ အိမ်အတွင်းမှာ မဲမှောင် ရှုပ်ထွေးလျှက် နေစရာကို မနည်း ရှာရသည်။ ဘာတွေမှန်းမသိ ရှုပ်တော့ တော်တော်ရှုပ်ပါသည်။ ကျွန်တော်ကား ရှုပ်ထွေးညစ်ပတ်သော နေရာကို အလွန် မုန်းတတ်သူတစ်ဦးဖြစ်သည့်အလျောက် သူရို့အိမ်ကျွန်တော်ရောက်သွားလျှင် ရှုပ်နေသမျှအမှိုက်အားလုံးကို သိမ်းကြုံးလွှင့်ပစ်ကာ မီးရှို့တန်တာရှို့ စသည်ဖြင့် လုပ်လေ့ရှိပါ၏။ အထူးဖြင့်ကား မီးဖိုချောင်ဖြစ်ပါ၏။ စိုနေသော မြေကြီး အောက်ခံတွင်ထားသည့် မဆေးရသေးသော ငြုပ်ဆုံ၊ ဆေးပြီးသားရေများနှင့် ချွဲကျိနေသည့် ပန်းကန်ဆေးအင်တုံ တို့သည် ကျွန်တော်ထမင်းမြိုရာတွင် အနှောက်အယှက်ပြုသည့်အရာများ ဖြစ်ရကား ပထမဆုံး ကျွန်တော်ရှင်းသည်မှာ အနှီမီးဖိုချောင် ဖြစ်ပါ၏။ ထို့နောက် အိမ်ပတ်ဝန်းကျင် ဖြစ်ပါ၏။ အမှိုက်များကို သိမ်းကြုံး မီးနှင့်ရှို့ပစ်ပါသည်။ တစ်အိမ်လုံးတွင် အရှုပ်ဆုံးနေရာကို ပြပါဆိုလျှင် ဘုရားစင်ကို ပြရပါမည်။ ဘုရားစင်မှာ သေးသဖြင့် ဘုရားကျောင်းနှင့် ပြည့်ကျပ်နေရသည့်အထဲ ရွက်လှစိမ်းပန်းများနှင့် ပြည့်နေသည့် ပန်းအိုးသုံးလုံး၊ ဖယောင်းတိုင်နှင့် အမွှေးတိုင်ထွန်းသည့် ခွက် များအပြင် ဘာညာ သာရကာများကိုပါ ထိုးသိပ်ထည့်လိုက်လေရာ ဘုန်းတော်အနန္တရှိသည့် မြတ်စွာဘုရား မို့သာ တော်ရော့သည်။ လူဆိုလျှင်ဖြင့် အသက်ရှူကျပ်တာနှင့် သေရချည့်။
ကျွန်တော်အထက်တွင် ဖော်ပြခဲ့သည့် ကျွန်တော်တို့တောမြို့ကလေးမှ သမီးချောကလေးများ၏ မိခင် အဒေါ်ကြီး၊ စိုက်ပျိုးရေးဘွဲ့ရ အစ်မကလေး၊ ဟိုင်းလတ်ကားပေါ်မှ ပုဂ္ဂိုလ်၊ ကျွန်တော်တို့တောရွာမှ အစ်ကိုကာလသား၊ ၁၉၉၈ ခုနှစ်က Jurong view apartment တွင် အတူနေခဲ့ရသူ မိတ်ဆွေနှစ်ယောက်၊ ဟင်္သာတမှ ကျွန်တော့်အစ်ကိုကြီး ဇနီးမောင်နှံ စသူတို့မှာ ဘ၀နေနည်းအနုပညာကို မလေ့လာဘူးသောကြောင့်၊ ဘ၀နေနည်းအနုပညာဆိုတာ ဘာ ဆိုတာ မသိ နားမလည်သောကြောင့်သာ ဤကဲ့သို့ဖြစ်နေရခြင်း ဖြစ်ပါ၏။ ဘ၀နေနည်းအနုပညာကို ကျကျနန သင်ယူကာ လက်တွေ့လိုက်နာကျင့်သုံးလိုက်ပါလျှင် မိမိသာမက ခုနစ်ရက် သားသမီးတို့ စိတ်ချမ်းသာဘို့ ဖြစ်ပါလိမ့်မည်။

မိတ်ဆွေတို့ ခရီးသွားသည့်အခါတွင် ခရီးသွားဟန်လွှဲ သတိထားမိကြပါလိမ့်မည်။
v ဘတ်စ်ကားတစ်စီး (အထူး သဖြင့် ခရီးအစ) ဆိုက်လာလျှင် နေရာတစ်နေရာစာ ရရေးအတွက် လူမှန်းမသိ သူမှန်းမသိ အတင်းရော အဓမ္မပါ တိုးတက်နေရာယူကြသူများ (ဆူးလေကားဂိတ်များ)။
v ဘတ်စ်ကားပေါ်ရောက်သောအခါတွင်လည်း သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးများ၊ ရဟန်း သံဃာများကို နေရာဖယ်ပေးရကောင်းမှန်းသိသော်လည်း သိသိကြီးနှင့် ပေထိုင်နေသူများ။
v ဘတ်စ်ကားကြပ်တာကို အခွင့်ကောင်းယူကာ ကောင်မလေးများကို နသားပါးယား လုပ်ချင်သူများ။
v ဘတ်စ်ကားအတွင်း၌ နေရာများချောင်နေပါလျှက် အပေါက်ဝတွင် စုပြုံတိုးနေသူများ (စင်ကာပူတွင်)။
v လမ်းလယ်ခေါင်တွင်ရပ်ကာ လူသွားလမ်းကို ပိတ်လျှက် စကားပြောနေသူများ။
v အများပြည်သူသုံး ထိုင်ခုံ၊ နေရာများတွင် အမှိုက်များကို သည်အတိုင်း ပစ်ထားခဲ့သူများ။
v (မနေနိုင်မထိုင်နိုင် ဘတ်စ်ကား ဆိုဖာထိုင်ခုံများကို ဒါးနှင့်ခွဲသွားသည့် သူတောင် ရှိသေး)။
v ဓါတ်လှေခါးအတွင်း သေးပေါက်ခဲ့သူများ(စင်ကာပူ)။
v ချောင်ကျသော၊ မှောင်သောနေရာများတွင် နံရံကို သေးနှင့် ပန်းခဲ့သူများ ............စသည် အများကြီး ဖြစ်ပါ၏။

ဤအကြောင်းနှင့်ပတ်သက်၍ တလောက မဂ္ဂဇင်းတစ်စောင် (မဟေသီထင်ပါသည်) တွင် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါ၏။ “ခရီးသွားခြင်း အနုပညာ”55 ဟု ခေါင်းစဉ်တပ်ထားပါသည်။ ကျွန်တော်အတော်ကြိုက်၏။ သူက သူ သင်္ဘောနှင့်ခရီးသွားစဉ် ကြုံတွေ့ခဲ့ရသည်လေးကို ပြန်လည် ဖောက်သည်ချထားခြင်း ဖြစ်ပါသည်။ အမျိုးသမီးတစ်ဦးမှာ သင်္ဘောပေါ်တွင် လူသွားလမ်းကို ဖြတ်လျှက် သူ့ပစ္စည်းများကို ဖြန့်ကျဲနေရာချထားသဖြင့် ခရီးသည်အများ သွားရလာရ အတော် ခွကျကုန်ပါ၏။ နောက်တော့ လူကြီးတစ်ဦးက အမြင်ကပ်လာသည်နှင့် ထိုပစ္စည်းများကိုကျော်ခွကာ သုံးလေး ခေါက် လမ်းသလားလိုက်ရာ ထို အမျိုးသမီးနှင့် စကားများပါတော့၏။ သည်တော့မှ လူကြီးက လူသွားလမ်းပေါ်ဖြန့်ခင်း ထားသော သူ့ပစ္စည်းများအကြောင်း ပက်ပက်စက်စက် ပိတ်ပြောပစ်လိုက်မှ အမျိုးသမီး ပါးစိပ်ပိတ်ကာ သူ့ပစ္စည်းများကို စုစည်းလျှက် လူများသွားရန် လမ်းလုပ်ပေးလိုက်သည့် အကြောင်း ဖြစ်ပါ၏။
လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း ဤကဲ့သို့ ဘ၀နေနည်း စာညွန့်တစ်ပုဒ်ကို မဂ္ဂဇင်းတစ်စောင်တွင်ပင် ဖတ်လိုက်ရပါသည်။ ညီမကလေး မိုးနှင်းဖြူ ထင်ပါသည်။ သိပ်မမှတ်မိတော့ပါ။

သည့်မျှမက အများကြီး ရှိပါသေးသည်။ ရင်ချောင်သွားအောင် နည်းနည်းလောက် လျှာရှည်ခွင့် ပြုပါဦး။ လူအများ သိကြသည့်အတိုင်း အငယ်အနှောင်း ကိစ္စများ ဖြစ်ပါ၏။ အရာရှိကြီးများ၊ ပိုက်ဆံချမ်းသာသူများ နှင့် အထက်တန်းစား ဟု သတ်မှတ်ခံရသူ လူကြီးလူကောင်းများ၊ ပညာတတ်ကြီးများ၏ အယားလေး များအကြောင်းပင် ဖြစ်ပါ၏။ ကလေးတွေ ဆိုလျှင်တော့ - င်လှန်ရိုက်ပြီး ဆုံးမရပါရဲ့။ ခုတော့ ဆုံးမစကား ပြောရအောင်ကလည်း ပညာတတ် လူကြီးလူကောင်းများ ဆိုတော့ ဟင်း.............ဟင်း ဟင်း ဟင်း။ ထိုလူကြီးလူကောင်းများသည် သိလျှက်နှင့် မိုက်သည်လား။ ၀ါသနာအရ လား။ ဘ၀နေနည်းအနုပညာတွင် ပါရဂူဘွဲ့ရသွားပြီး အနေတတ်လွန်းသွားခြင်းကြောင့်ပေလား။ သူတို့အကြောင်း သူတို့မှ ကျကျနနသိနိုင်ပါလိမ့်မည်။ တခြားလူ မပြောပါနှင့် ကျွန်တော့် ဦးကြီးတော်တစ်ယောက်သည်လည်း ထိုအတိုင်း ဖြစ်ပါ၏။ အသက် ၅၀ ကျော်ကျမှ လက်ရှိလင်ငုတ်တုတ်နှင့် သူ့ထက်အသက်ကြီးသူ အမျိုးသမီးကြီးတစ်ဦးကို ထောင်ကျခံကာ (ခိုးယူ ပေါင်းသင်းတာမဟုတ်၊ အမျိုးသမီးကြီးကလည်း သဘောတူကြည်ဖြူစွာ လက်ရှိလင်ကြီးကိုထားခဲ့ပြီး သူနှင့်သွား ရောက်) ပေါင်းသင်းခဲ့ကြပါ၏။ ကျွန်တော်ကတော့ သူတို့ကို အပြစ်မမြင်ပါ။ အများတကာ ၀ိုင်းပယ်ထားသည့်တိုင် ရှေးရေစက်ကြောင့်ပဲ ဟု ခင်ခင်မင်မင် ဆက်လက်ဝင်ထွက်သွားလာမြဲ သွားလာနေခဲ့ပါ၏။ ခုတော့လည်း ဆုံးပါးကုန် ကြပါပြီ။
ရှိပါသေးသည်။ ကျွန်တော်တို့ရွာဘက်တွင် ပုသိမ်-မုံရွာ ကားလမ်းမကြီး ရှိပါ၏။ ကျောက်ခင်းလမ်းမကြီးဖြစ်ပါ သည်။ လမ်းမကြီး၏ မိုင်တိုင်များမှာ သစ်သားတိုင်များဖြစ်ပါ၏။ အချို့သော မိုင်တိုင်များကို မည်သည့် သကောင့်သား က မနေနိုင်မထိုင်နိုင် လက်သရမ်းသွားသည် မသိ။ သစ်သားမိုင်တိုင်များမှာ နားရွက်ပြတ်သူပြတ်၊ ချိုကျိုးသူကျိုး၊ လက်တစ်ချောင်းပြုတ်သူပြုတ် စသဖြင့် ဂီလာနချည်း ဖြစ်ပါသည်။ ထိုမျှမကသေး။ လမ်းမကြီးတစ်လျှောက် အရိပ်ရ အပင်များစိုက်ပြီး တိုင်ကလေးများဖြင့် ၀င်းခတ်ထားရာ ထိုဝင်းတိုင်ကလေးများမှာ ၀င်းခတ်ပြီး မကြာမတင်မီပင် ထင်းအဖြစ်သို့ လည်းကောင်း၊ အနီးအနားရွာမှ အိမ်ခြံစည်းရိုးများအဖြစ်သို့ လည်းကောင်း အရှင်လတ်လတ် ဘ၀ကူး သွားကြရရှာပေသည်။
ဟိုတစ်ခေါက် ကျွန်တော်ရွာပြန်သွားတော့ ရွာသားများကိုစုဝေးစေလျှက် ကျွန်တော်က ကျွန်တော့်အတွေ့အကြုံ များ နှင့် သိစရာမှတ်စရာများကို ဟောပြောပြသပါသည်။ ကျွန်တော်ပြောအပြီး ကျွန်တော့်အစ်ကိုဝမ်းကွဲ ရွာလူကြီးက ဆက်လက်မိန့်ခွန်းချွေပါ၏။ သူ့မိန့်ခွန်းနားထောင်ရတာ ကျွန်တော်ပင် ကျောချမ်းပါသည်။ သူကတော့ ကရုဏာ ဒေါသောဖြင့်ပြောတာ ဖြစ်ပါ၏။ အကြောင်းမှာ ကိုယ့်အိမ်ရှေ့ကလမ်း ဘွက်ထူနေလို့ ကျောက်ခင်းခိုင်းတာကို မခင်း ကြသူများ၊ အိမ်ခေါင်းရင်းကလမ်း မြက်များခြုံပုတ်များ ထူထပ်နေတာကို မရှင်းသူများ၊ အိမ်ခြံစည်းရိုးပျက်နေလို့ ပြင်ခိုင်း တာ မပြင်သူများအား စသဖြင့် သူခိုင်းလို့မရသူများအား ကြိမ်းမောင်းနေခြင်း ဖြစ်ပါ၏။ ကျွန်တော်က သူတို့ကို အပျင်းမထူဘို့ စည်းရုံးရပါသည်။ သူတို့သည် သိကြားမင်းအလောင်း ဦးမာဃအကြောင်း မသိသူ ရှားပါ၏။ သို့သော် ဦးမာဃသည် ဇာတ်တော်ထဲတွင်ပင် ကျန်ရစ်၍ သူ့ကို အတုခိုးကာ ငါတို့လည်း လုပ်ကြရမည် ဟု သူရို့လက်တွေ့ဘ၀ အတွင်း မဆင်းလာသောကြောင့် ဖြစ်ပါ၏။ အကယ်၍ သူတို့သာ ဦးမာဃကြီးကို အတုခိုးအံ့။ ကျွန်ုပ်၏ အစ်ကို ရွာသူကြီး သည် သူတို့ကို ကြိမ်းမောင်းနေစရာလိုတော့မည် မဟုတ်။ တစ်ရွာလုံးသန့်ရှင်း သပ်ယပ်ကာ သာသာယာယာနှင့် နေချင့် စဖွယ် ရွာသာယာကလေး ဖြစ်နေမှာ အမှန်ပင် ဖြစ်တော့ပါ၏။ ဤသည်မှာ ကျွန်တော်တို့ တစ်ရွာထဲအတွက်မဟုတ်မူ၍ ဗမာပြည်အတွင်းမှာ ရွာတိုင်းအတွက် ဖြစ်ပေသည်။ ဗမာမှန်လျှင် သိကြားမင်းအလောင်း ဦးမာဃ လူ့ပြည်တုံးက ဘာတွေလုပ်ခဲ့သည်ကို သိကြသူချည်း။ သူလုပ်သလို ငါတို့လည်း လုပ်ကြရမည် ဟု အတုခိုးတတ်ဖို့သာ လိုသည်။
အမှန်ဆိုရလျှင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအတွက် ဘ၀နေနည်းလမ်းညွန်များစွာ ရှိပြီး တရံမစဲလည်း သင်ယူနေကြရပါ၏။ သို့သော် သင်လို့သင်မှန်းမသိ။ ယူလို့ယူရကောင်းမှန်းမသိကြ။ သြော် - ငါတို့ဒါတွေကို လက်တွေ့ ကျင့်သုံးဘို့ ပါလားဟဲ့ ဟုလည်းမတွေးမိ။ တွေးတတ်အောင်လည်း ဆရာကိုယ်၌က သင်ပေးရကောင်းမှန်းမသိသဖြင့်သာ လက်တွေ့ လောကသို့ မရောက်ပဲ ဒီဘက်နားက၀င် ဟိုဘက်နားကထွက် ဖြစ်နေကြခြင်း ဖြစ်ပါ၏။
သို့ဆိုလျှင် ဘယ်ပုံဘယ်နည်းဖြင့် ကျွန်တော်တို့ တရံမစဲ သင်ယူနေကြရပါသနည်း။ နိကာယ်ငါးရပ်၊ ပိဋကဋ် သုံးပုံ အတွင်းမှ သုတ္တန် ပိဋကဋ်တော်များအားလုံးသည် ကျွန်တော်တို့ ဘ၀တွင် မည်သို့နေထိုင်ရမည် ဟု မြတ်စွာဘုရား က ပုံဝတ္ထုများဆောင်ကာ ဟောပြော ပြသသွားခြင်း ဖြစ်ပါသည်။ သို့သော် ဤသည်တို့ကို ဤသို့ကျင့်ရမည် ဟူ၍ မည်သူ ကမျှသေချာစွာ မသင်ကြား မပြသကြသောကြောင့် ထို အလွန်အင်မတန်မှ အဖိုးတန်လှသော မြတ်ဗုဒ္ဓ၏ တရားတော် များသည် တရားပွဲပြီးသည်နှင့် ဓမ္မာရုံအတွင်း၌ပင်ထားခဲ့ကြကာ အိမ်သို့သယ်လာသူ အင်မတန် (မရှိသလောက်) ရှားလှ ပါ၏။ (မိတ်ဆွေကိုယ်တိုင်ရော ပြီးခဲ့တဲ့လက နာယူခဲ့ရသောတရားကို ပြန်ပြောပြစမ်းပါဟု ဆိုလျှင် ပြန်ပြောပြနိုင်ပါမည် လား)(ကျွန်တော်ကတော့ တရားပွဲသွားလျှင် မှတ်စုစာအုပ်ယူသွားလေ့ရှိပါ၏။ ကျွန်တော် ကိုယ့်ဦးဏှောက်ကို မယုံကြည် ပါ။ ခဏနေလျှင်မေ့မှာ သေချာနေသည်မို့ ဆရာတော်များဟောကြားသော တရားတော်များကို မှတ်စုစာအုပ်ဖြင့် လိုက်လံမှတ်သားသည့် အကျင့်ရှိပါ၏)။
သိပ်များများ လေ့လာစရာမလိုပါ။ ဓမ္မပဒ56တစ်အုပ်ကို သေချာကျန လေ့လာကာ လိုက်နာကျင့်သုံးနိုင်လျှင်ပင် တော်တော်များများ ကိစ္စပြီးပါ၏။
Ref: 56. http://www.paramis.org/dmp/dmp.html
Ref: 57. http://www.dhammadownload.com/MyanmarTipitaka-eBook.htm

ယခုခေတ်တွင် မြတ်ဗုဒ္ဓ၏ တရားတော်များထဲမှ ထုတ်နှုတ်ပြီး လူအများလိုက်နာကျင့်သုံးနိုင်စေရန် ဟောပြော ပြသ ဆိုဆုံးမနေသည့် ဆရာတော် သံဃာတော်များလည်း ပေါ်ထွန်းနေပြီ ဖြစ်ပါ၏။ နမူနာပြရလျှင် အရှင် အာဒိစ္စရံသီ (ဦးဆန်းလွင်)58၊ ရွှေပါရမီတောရ အရှင် ဆန္ဒာဓိက59၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ60၊ ဦးဇောတိက61 တို့ ဖြစ်ပါ၏။ သူတို့အဆင်သင့် ချက်ပြုတ်ထားသော ဟင်းလေး အိုးကြီးထဲမှ ကျွန်တော်တို့က အဆင်သင့် ခူးခပ်စားလိုက်ရုံမျှ ဖြစ်ပါ၏။
Ref: 58. http://www.dhammadownload.com/ashin-ardeiksayanthi-USanLwin-eBook-Myanmar.htm
Ref: 59. http://www.dhammaweb.net/books/books_myanmar.html
Ref: 60. http://www.dhammadownload.com/Dhammaduta-ashin-Chakkinda-eBook-Myanmar.htm
Ref: 61. http://www.ayinepan.com/buddha/dhamma06.php?sayartaw=176

တရားပွဲသွား တရားနာလိုက်ရုံမျှ၊ တရားစာအုပ်ဖတ်ဖြစ်လိုက်တယ် ဆိုရုံမျှနှင့်တော့ အကျိုးထူးစရာမရှိပါ။ စာအုပ်ထဲပါ လိုက်နာကျင့်ကြံရမည့် အရာများကို တကယ် လက်တွေ့လိုက်နာ ကျင့်သုံးမှ အကျိုးရှိပါမည်။ ဆရာတော် အရှင်ဆန္ဒာဓိက နှင့် ဦးဇောတိက တို့၏ တရားစာအုပ်များ ပလူပျံအောင် ထွက်လာသော်လည်း လက်တွေ့လိုက်နာ ကျင့် သုံးသူ ဘယ်နှဦးရှိသည်ကိုမူ သိရန် ခဲယဉ်းလှပေသည်။ ဆရာတော်များကား သူတို့တာဝန်ကျေပြီ ဖြစ်ပါ၏။ ကျွန်တော် တို့ တာဝန်ကျေရန်သာ ကျန်တော့သည်။
ကျွန်တော့်မှာ မွေးကတည်းက အိမ်မှာ ကျကျနနနေခဲ့ရသည် ဟု သိပ်ကိုမရှိလှပါ။ ခြေသလုံးအိမ်တိုင် (ဟုတ် ပေါင်) ပညာသင်ရအောင် ဟိုမြို့သွားနေ၊ သည်မြို့သွားနေ။ ကျောင်းပြီးပြန်တော့ အလုပ်ရှာရအောင် အိမ်မှခွါ။ အလုပ်ရပြီး တော့လည်း ခဏပဲ မိသားစုနှင့်နေရ။ နောက် သူတစ်ပါးတိုင်းနိုင်ငံရောက်။ သည်တော့ ဖြတ်သန်းခဲ့ရသော ဘ၀ တစ်လျှောက်ပြန်တွက်ကြည့်လျှင် ကိုယ့်မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းနေရသည်က တခဏ။ သူတစ်ပါးတို့နှင့်သာ အမြဲလိုလို အဖော်ပြုပေါင်းသင်း နေထိုင်ခဲ့ရသည်။ ခုထိ။
သည်တော့ လူပေါင်းစုံတို့၏ စရိုက်မျိုးစုံတို့နှင့် အလိုက်သင့် အလျားသင့်နေထိုင်ခဲ့ရ၏။ အများစုမှာ ဘ၀နေနည်းကို မသိ။ ဖြစ်သလို ကြုံသလို စခန်းသွားနေကြသူများဖြစ်ရာ တခါတရံတော့ စိတ်ပင်ပန်းရသည်။
Ø အ၀တ်အစားများကို ဖြစ်ကတတ်ဆန်း တိုးလို့တွဲလောင်း ပစ်တင်ထားလိုထားခြင်း။
Ø ၀တ်ပြီးသားအ၀တ်များကို ချောင်ဂလောင်များထဲထိုးသိပ်ထည့်ထားရာ ချဉ်စော်တူးစော်များ နံစော်နေခြင်း။
Ø ချက်ပြုတ်စားသောက်ပြီး အိုးခွက်ပန်းကန်များကို မဆေးပဲ သည်အတိုင်း ပန်းကန်ဆေးစင်ပေါ် တင်ထားခြင်း။
Ø ချက်ပြုတ်ပြီးလျှင်လည်း မီးဖိုကို သန့်ရှင်းရေးမလုပ်ပဲ သည်အတိုင်း ညစ်ပတ်စွာ ထားခဲ့ခြင်း။
Ø စားကြွင်းစားကျန် ထမင်း၊ ဟင်းများမှာ မပစ်ပဲထားသဖြင့် အိုးများထဲတွင် သိုးကျိနေခြင်း။
Ø မည်သည့်အခါမှ သန့်ရှင်းရေးမလုပ်သဖြင့် အခန်းသည် အမှိုက်သရိုက်များဖြင့် ရှုပ်ပွ နံစော်နေခြင်း။
Ø အလုပ်သွားသည့်အခါတွင် မီးများကို မပိတ်ဘဲ ထားခဲ့ခြင်း။ ရေဘုံဘိုင်ခေါင်းကို သေချာစွာမပိတ်သဖြင့် ရေများ တစ်စက်စက်ကျနေခြင်း။
Ø အိမ်သာသည် ဆေးကြောမည့်သူမရှိသဖြင့် ညစ်ပတ်ပေရေနေခြင်း။

သည်းခံပါခင်ဗျား။ ကျွန်တော်အလကားနေရင်း သူများကို မကောင်းမြင်ပြနေတာ မဟုတ်ပါ။ ကျွန်တော်က မနေတတ်တော့ ကိုယ်ပဲပင်ပန်းရသည်။ ပြောမိတော့လည်း သောက်မြင်ကပ်ခံရသည်။ အလိုက်တသိသာ နေထိုင် ကြမည်ဆိုလျှင် မည်မျှသာယာလှပသော လောကကြီး ဖြစ်ပါမည်နည်း။ (ခုလဲ သာယာနေတာပါဘဲဗျာ၊ ခင်ဗျားဖာသာ မနေတတ်လို့ပါ။ ဟုတ်ပါ့)
ဘ၀နေနည်းအနုပညာထဲတွင် သူများအားမှန်းမသိ၊ မအားမှန်းမသိ လာရောက်လည်ပတ်ကာ အကြာကြီး လေကြောရှည်နေခြင်းလည်း ပါပါ၏။ ဟိုတလောက blog တစ်ခုထဲတွင် ဖတ်လိုက်ရသည်က အားမနာတတ်သော လူ တစ်ယောက်အကြောင်း ဖြစ်ပါသည်။ (ကျွန်တော်ပြန်ရှာကြည့်သော်လည်း မည်သည့် blog မှန်း ရှာမတွေ့တော့ပါ။) လူကြုံပစ္စည်းပေးရာတွင် လူလည်ကျပုံကို ရေးထားခြင်းဖြစ်ပါ၏။ သူသူငါငါ လူကြုံပစ္စည်းပေးကြသည်ချည်း။ သို့သော် အလိုက်သိတတ်ဖို့တော့ လိုပါသည်။ အားနာတတ်သည်၊ အလိုက်သိသည်ဆိုခြင်းကို ဗမာအားလုံးသိကြသည်ချည်း။ သင်ပေးစရာ လိုကိုမလို။ နောက်တစ်ခုက ရန်ကုန်တွင် လာရောက်တည်းခိုသော ဧည့်သည်များဖြစ်ပါ၏။ တချို့ကျတော့ လည်း အလွန် အလိုက်သိတတ်ပါသည်။ အောင်မယ်၊ ခဏတဖြုတ် ရန်ကုန်လာတာတောင် ဆန်များ၊ ငါးပိငါးခြောက်များ သယ်လာသည်။ မမက ဟဲ့ အဲသလောက်တော့ တို့များ ကျွေးနိုင်ပါသေးတယ်။ နောက်သယ်မလာပါနဲ့ ဟု ဆိုရ၏။ တချို့ အလိုက်မသိတတ်သူများ အတွက်တော့ အိမ်ရှင့်အဖို့ စိတ်အနှောင့် အယှက်ဖြစ်စရာ ဖြစ်လာပါသည်။

No comments: