Wednesday, September 24, 2008

Public Servant

ပြည်သူ့ဝန်ထမ်း (အစိုးရ၀န်ထမ်း ဟု မသုံးစေချင်ပါ)

သည်တော့ သည်အစိုးရက ပြည်သူလူထုကောင်းစားရေးအတွက် ချမှတ်ပေးထားသော မူဝါဒများ၊ လမ်းစဉ်များ၊ စီမံကိန်းများကို အကောင်အထည် ဖော်ဘို့။ သည်အစိုးရယန္တရားကြီးတစ်ရပ်လုံး လည်ပတ်နိုင်ဘို့ ပြည်သူ့ဝန်ထမ်း ဆိုတာ ပေါ်လာရပါတော့သည်။
အမည်ကိုက အင်မတန် ရှင်းနေပါသည်။ ပြည်သူ့ဝန်ထမ်း။ ပြည်သူ့ဝန်ထမ်း တဲ့။
ပြည်သူများ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ပြည်သူများ၏ ဘဏ္ဍာငွေများဖြင့် ခန့်အပ်ထားသော ပြည်သူ့ အလုပ်အကျွေးပြု ၀န်ထမ်းများဖြစ်ပါ၏။ ပြည်သူ့ဝန်ထမ်းများ၏ တာဝန်မှာ မိမိကျရာနေရာမှ ကျရာတာဝန်ကို စေတနာ ထားလျှက် မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် ဖြစ်ပါ၏။ ဒါ ယေဘုယျ ခြုံပြောလိုက် ခြင်းဖြစ်ပါသည်။

(ရောင်နီဦးက ၀န်ထမ်းများအကြောင်းကို ဇောင်းပေးရေးထားတာ ဖြစ်လို့ ကျွန်တော်လည်း ၀န်ထမ်းများ အကြောင်း တော်တော်များများလေး ရေးပါမည်။ သည်းညည်းခံသာ ဖတ်ကြပါ ခင်ဗျား။)
ပြည်သူ့အခွန်များကို စားနေသော တနည်းဆိုရလျှင် အစိုးရ ဘဏ္ဍာငွေမှ လခရနေသောသူ အားလုံးသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်၏။ (အစိုးရဘဏ္ဍာဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ ပြည်သူတွေရဲ့ ဆောင်ထားတဲ့ အခွန်အခ များ၊ နိုင်ငံပိုင် သယံဇာတ ပစ္စည်းတွေကို ရောင်းချရာမှ ရလာသော နိုင်ငံခြားငွေများပင် မဟုတ်ပါလား) အများကတော့ အစိုးရ၀န်ထမ်းဟု ခေါ်ပါ၏၊ ကျွန်တော်ကတော့ အစိုးရ၀န်ထမ်း ဆိုတာထက် ပြည်သူ့ဝန်ထမ်းဆိုတာ ကို ပို သဘောကျပါသည်။ အဘယ်ကြောင့်ဆိုသော် ထို ၀န်ထမ်းများသည် ပြည်သူတို့၏ အကျိုးစီးပွားကို သယ်ပိုးရန် အဓိက တာဝန်ဖြစ်သည် ဟု ကျွန်တော်ကတော့ သည်အတိုင်း ခံယူထားပါသည်။ အနို့ အစိုးရ၀န်ထမ်းရော မဖြစ်နိုင်ဘူးလား။
နေပါဦး။ အဲသည် အစိုးရဆိုတဲ့ မင်းလုပ် အုပ်ချုပ်နေသူတွေရော ပြည်သူ့ဝန်ထမ်းတွေပဲ မဟုတ်ပေ ဘူးလား။ နိုင်ငံတော်သမ္မတနှင့် ၀န်ကြီးချုပ် မှ အစ အောက်ခြေပြာတာ နှင့် သန့်ရှင်းရေးလုပ်သားအဆုံး အားလုံးဟာ လခစား ၀န်ထမ်းတွေဖြစ်တဲ့ အတွက် အားလုံးဟာ ပြည်သူ့ဝန်ထမ်းတွေချည်း ပ ဗျာ။ ဟုတ်ပ၊ နိုင်ငံတော်သမ္မတ ဆိုတဲ့သူ ဟာ လည်း နိုင်ငံတော် အကြီးအကဲတာဝန်ကို ထမ်းဆောင်ဘို့ ပြည်သူတွေက ရွေးချယ်ပြီး လစာပေး ခန့်အပ်ထားတဲ့ သူပေပဲ ဗျာ။ မိုးကျရွှေကိုယ်မှ မဟုတ်ပေကပဲ။
သည်တော့ အင်မတန် ရှင်းပါ၏။ နိုင်ငံတော် သမ္မတမှအစ အောက်က သန့်ရှင်းရေးလုပ်သားအဆုံး ပြည်သူ့ ၀န်ထမ်းအားလုံးသည် ပြည်သူတို့က ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ စေတနာရှိရှိဖြင့် ထမ်းဆောင် ကြရန်သာ ဖြစ်ပါ၏။
သည်တွင် ကျွန်တော်က ယေဘုယျ ခြုံပြောခြင်းထက် ပိုပြီး မြင်သာထင်သာရှိအောင် အနည်းငယ် အသေးစိတ် ကျစွာ ပြောချင်ပါသည်။

ပြည်သူများက လခပေး ထမင်းကျွေးထားခြင်း ဖြစ်သဖြင့် ပြည်သူများသည် ကျွန်တော်တို့ဝန်ထမ်းများ ၏ ထမင်းရှင်၊ ကျေးဇူးရှင်များ ဖြစ်ပါ၏။ သည်တော့ ပြည်သူများအား အလုပ်အကျွေးပြုနေခြင်းသည် ကိုယ့်ကျေးဇူးရှင်များကို ကျေးဇူးဆပ်နေခြင်းဖြစ်သည် ဟု သဘောထားအမြင် ပြောင်းလိုက်ပါက ခုနစ်ရက် သားသမီးအပေါင်း စိတ်ချမ်းသာစရာ ဖြစ်လာပေလိမ့်မည်။
(ကျွန်တော်ဟာ ခု ပြည်သူ့ဝန်ထမ်းတစ်ယောက် မဟုတ်တော့တဲ့အတွက် ပြည်သူကပေးတဲ့ လခကို စားနေသူတစ်ဦး မဟုတ်တော့ပါဘူး။ ဒါပေသိ ကျွန်တော် ပြည်သူလူထုကို ကျေးစွပ်မဲ့အလုပ်မျိုးလုပ်ဖို့ လက်တွေ့လုပ်ဖို့ မပြောနဲ့၊ စိတ်နဲ့တောင် မကူးဖူးပါဘူး။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရေးအတွက် နေ့တိုင်းမြိုနေတဲ့ ထမင်းဟာ ဘယ်သူတွေ စိုက်ထားတာ ထင်ပါသလဲ။ ဟာ - ငါ ပိုက်ဆံရှိလို့ ၀ယ်စားတာပဲကွ။ သူတို့ဟာ အလကားလုစားနေတာမှ မဟုတ်တာ လို့ တရားလက်လွတ် မပြောပါနဲ့။ ဟို ရွှေမိုးငွေမိုးရွာပေးလိုက်လို့ လူတွေအကုန်လုံးချမ်းသာကုန်ပြီး စပါးစိုက်မဲ့လူမရှိတော့လို့ အငတ်ဘေးကြီးဆိုက်ရတဲ့ ပုံပြင် မကြားဖူးရင် ပြောပြချင်စမ်းပါဘိ။ ကျွန်တော်ကတော့ အတော်လေးကို ဂရုတစိုက် ရှိပါသည်။ တစ်နည်းအားဖြင့်လည်း နည်းနည်း တစ်ဖက်စွန်းရောက်ပါသည်။ အဘယ်သို့ တစ်ဖက်စွန်းရောက်သနည်း ဆိုသော် ကျွန်တော်လူမှန်း သိတတ်စကတည်းက ကိုယ်စားသည့် အစားအစာကို မကုန်လို့ အလဟဿ လွှင့်ပစ်လိုက်ရတာမျိုး တခါဘူးမျှ မရှိခဲ့ပါ။ အစားအစာဖြင့် အသက်ဆက်နေရသည့်အတွက် သည်အစားအစာကို တန်ဘိုးထားရမည် ဆိုသည်ကို ငယ်စဉ်ကတည်းက သိနားလည်ထားခဲ့ပါသည်။ ဘယ်ကနေ ဘယ်သူက သင်ပေးလိုက် လို့ သိခဲ့ရသလဲဗျ လို့ အထွန့်တက်ပါဦး။ ကျွန်တော်ငယ်စဉ်က ရွှေသွေး၊ တေဇ နှင့် ဒို့ကျောင်းသား စသည့် ကလေးလူငယ်ဖတ် စာစောင်များမှာ ကျွန်တော့်အသည်းစွဲ ဖြစ်ပါ၏။ မုံ့ကိုသာ မစားချင် (အဲလေ စားလဲမစားခဲ့ ဖူးပါ) နေရမည်။ ထိုစာစောင်များကိုတော့ အားလုံးတပြိုင်နက် ၀ယ်စရာပိုက်ဆံမရှိတောင် အလှည့်နှင့် ၀ယ်ကာ မလွတ်တမ်း ဖတ်ခဲ့ပါသည်။ ထိုစာစောင်ကလေးများမှာ ကလေးဖတ်ဆိုပေမင့် လူ့ဘ၀မှာ ဘယ်ကဲ့သို့ နေရမည်ဆိုသည်ကို ညွှန်ပြ ထားချက်များ အများအပြား ပါပါသည်။ ကိုယ့်အသက်ကို ဆက်ပေးမည့် အစားအစာကို တန်ဘိုးထားရမည် ဆိုသည်ကို ရွေသွေးစာစောင်က သင်ပေးလိုက်ခြင်း ဖြစ်ပါ၏။ ယခုချိန်ထိ ထမင်းချက်စားသည့်အခါ အိုးထဲတွင်လည်းကောင်း ပန်းကန်ထဲတွင် လည်းကောင်း၊ ထမင်းတစ်လုံးမျှ၊ ထမင်းတစ်စေ့ဆို တစ်စေ့မျှမကျန်အောင် ခြစ်ကာစားပါသည်။ အင်မတန် ဂျိုးကပ်နေလို့ ခွာမရတာလောက်ပဲ ပစ်ရပါသည်။ ကျွန်တော်နှင့် နီးစပ်သူများအားလည်း ထိုအကြောင်း မကြာခဏ ပြောပြပါသည်။
ထမင်းကို ပန်းကန်ထဲတွင် အကုန်ပြောင်နေအောင် စားသူဟူ၍ ကျွန်တော့်ပတ်ဝန်းကျင်တွင် သိပ်ကို မတွေ့ရဖူးပါ။ အနည်းနှင့် အများတော့ ချန်ခဲ့ကြတာချည်း ဖြစ်ပါသည်။ ထမင်းကို အကုန်ပြောင်နေအောင် စား ခြင်းသည် ရှက်စရာ တစ်ခုဖြစ်ပါသလော၊ သို့မဟုတ် ကျွန်တော်တို့ ငယ်စဉ်က ရှေးလူကြီး သူမများပြောသလို ဆင်းရဲတာရှည် တတ်ပါသလား၊ သို့တည်းမဟုတ် ဂုဏ်နိမ့်စရာတစ်ခု ဟု မှတ်ယူပါသလော။ ကျွန်တော် သေသေ ချာချာ မသိပါ။ တချို့ အယူသည်းသူများလို ထမင်းကို ပြောင်နေအောင် မစားကောင်းဟု ဆိုချင်ပါ သလော။ သို့ဆိုလျှင် အဘယ်အကြောင်း ကြောင့် မစားကောင်းပါသနည်း။ ယုတ္တိမတန်သော အကြောင်းပြချက်များ လာမပြောပါနှင့်။ ကျွန်တော်ဆိုသည့် လူ့ဂွစာ က တော်ရုံတန်ရုံ အယူသည်းမှုများကို လုံးဝလက်ခံတတ်သူ မဟုတ်ပါ။ ဤကား စကားချပ်။)

ခုတော့ ကျွန်တော်တို့လို အညတရ ဘာကောင်မှ မဟုတ်သူ တောကလူများ ကိစ္စရှိလို့ ရုံးပြင်ကနား သွားရလျှင် ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိပါ။ မျက်လုံးကလေး ပေကလပ် ပေကလပ်နှင့် မျက်နှာကလေး အောက်ချကာ မသွားရဲသွားရဲ ရုံးတွင်းသို့ အသာကလေး ကိုယ်ကို ရို့ကာသွားလျှက် အနားရှိ စားပွဲတစ်ခုသို့ ချဉ်းကပ်ရပါ၏။ သို့သော် ရဲရဲတင်းတင်း မမေးရဲသေး။ ထိုစားပွဲမှ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်များ အလုပ်ပြတ်အောင် သို့မဟုတ် စကားပြတ်အောင် (သူရို့ပြောနေသော ထိုစကားများမှာ အလုပ်နှင့်ပတ်သက် သည်ကနည်းနည်း၊ သူများအတင်းအဖျင်းကို ဖေတော့ မောင်တော့ နားခန်းတလန် ပန်းတလန် ပြောနေတာက များများ) စားပွဲဘေးနားတွင် သူရို့အရိပ်အခြေ နှင့် မျက်နှာရိပ် မျက်နှာကဲကိုကြည့်လျှက် မရပ်ရဲရပ်ရဲ အသာကလေး ရပ်နေရပါသည်။ သူရို့စကားပြတ်မှ လေသံကိုအတတ်နိုင်ဆုံး ချိုသာထားလျှက် မျက်နှာကို ပျားရည်လူးကာ အစ်မလေး၊ ကျွန်တော် ဟို ဒီစာရွက်ကလေး လက်မှတ်ထိုးခိုင်းချင် ချင်.....။ ထိုအခါ မေးငေါ့ပြကာဖြစ်စေ လက်ညှိုးညွှန်ပြကာဖြစ်စေ ဟိုဘက်စားပွဲကိုသွားခိုင်းဘို့ အရိပ်အခြည် ပြပါလိမ့်မည်။ ဟုတ်၊ ဟုတ်။ ကျေး ကျေးဇူး။
သူတို့သည် သူတို့၏ ထမင်းရှင်များကို မခန့်လေးစား ပြုနေကြောင်း သဘောမပေါက်ခဲ့ကြပါ။ သည်တွင် ကျွန်တော် အချုပ်တန်းဆရာဖေ၏ တေးထပ်ကလေးကို ပြေး၍ သတိရမိပါ၏။ (အချုပ်တန်း ဆရာဖေ ဆိုသည်မှာ “ဖန်ကလပ် အေးတဲ့ရေ၊ သပြေဖူးငုံစ။ ပြန်ဂဟပ် ရေးတဲ့ဖေ၊ စလေ ဦးပုည” ဟု လူသိများသူ စလေဦးပုည နှင့် ခေတ်ပြိုင် ဖြစ်ပါသည်။ တစ်ဦးနှင့် တစ်ဦးမတည့်ကြသဖြင့် တစ်ဦး၏ ငယ်ကျိုးငယ်နာများကို တစ်ဦး အပြန်အလှန် စာချိုးခဲ့ကြ သူများလည်း ဖြစ်ပါ၏။ သူရို့နှစ်ဦးစလုံး၏ တေးထပ်များသည် စကားလုံး ပြောင်မြောက်လှသဖြင့် ကျွန်တော် အလွန်နှစ်သက်သည် ဖြစ်ရကား ငယ်စဉ်က တော်တော်များများ အလွတ်ကျက်ခဲ့ပါသည်။ အချုပ်တန်းဆရာဖေ31နှင့် စလေဦးပုည32 တို့၏ အထုပ္ပတ္တိစာအုပ်များ ရန်ကုန်က ကျွန်တော့်စာအုပ်စင်တွင် ရှိပါ၏။)
“ကာလနှယ် ဆိုးပါဘိ
သူခိုးက လူလူ
အလေ့ကျ မင်းမူတယ်
အိမ်သူကို ဧည့်စောင်း
သူကောင်းကို အပြစ်တင်တယ်
တောင်ယာရှင် မြောက်တွေကမောင်း။ ။”
ကြွေးရှင်က ကြွေးယူထားသူကို ပြန်များ ကြောက်နေရသေးသည်။ ဖြစ်ပုံ။ ဖြစ်ပုံ။
ကျွန်တော်ဘွဲ့ရပြီး အလုပ်ရှာတော့ သက်ဆိုင်ရာမြို့နယ်ကောင်စီရုံးမှ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံ စာ ယူရပါသည်။ ဒါ တစ်ခါထဲမဟုတ်ပါ။ ထိုထောက်ခံစာသည် သုံးလပဲ သက်တမ်းရှိပါ၏။ သည်တော့ သည် ကျွန်တော့် အတွက် အကျင့်စာရိတ္တ ကောင်းကြောင်းထောက်ခံစာကို ကျွန်တော့်လောက် အကျင့်စာရိတ္တမကောင်းမှန်း သေသေ ချာချာ သိနေသူ လူကြီးလူမကောင်းများထံမှ အလုပ်တစ်ခါရှာ၊ တစ်ခါသွား သွား ယူရပါသည်။ ယူရတာလည်း ကြည့်ပါဦး။ ကောင်စီစာရေးကို အလျင်ဆုံး ချဉ်းကပ်ရပါ၏။ ထို ကောင်စီစာရေး ဆိုသူမှာ ကျွန်တော်တို့အိမ်နှင့် သိပ်ဝေးလှသည် မဟုတ်ပါ။ ကျွန်ုပ်ဆိုတာ ဘာကောင်လဲဟု သေသေချာချာ သိနေသူ ဖြစ်ပါ၏။ သို့တိုင် ကျွန်တော့်မှာ ထိုထောက်ခံစာကို လွယ်လွယ်ရခဲ့ရိုးထုံးစံ သိပ်မရှိ ခဲ့ပါ။ အဆင်သင့်ရှိနေသော ထောက်ခံစာပုံစံပေါ်တွင် နာမည်ဖြည့်၊ အဘနာမည်ဖြည့်၊ မှတ်ပုံတင်နံပါတ်ဖြည့်၊ နောက်ပြီး ကောင်စီ ဥက္ကဌ လက်မှတ်ထိုး၊ ကောင်စီ တံဆိပ်တုံးကို ဒုံးကနဲထု။ ဒါဆို ပြီးပြီ။ အဲဒါကိုပင် တခါတလေ ငါးရက်လောက် ကြာချင်ကြာပါသည်။ သြော် အရေးကြီးသည့် တိုင်းပြည်တာဝန် များကို အသည်းအသန် မနားမနေ ထမ်းဆောင်နေရသူများဆိုတော့ ကျွန်တော့်လို ငပါမွှားတစ်ယောက် ၏ ထောက်ခံစာ သည် သူရို့အဖို့ ဘာကမှ အရေးမပါသော မဖြစ်ညစ်ကျယ် စာကလေးတစ်စောင်သာ ဖြစ်ပါ၏။
ဤသည့်ဖြစ်ရပ်သည် ကျွန်တော်တစ်ဦးတစ်ယောက်ထဲတင် မဟုတ်။ ကျွန်တော့်လို ပမွှားများ ဖြစ်သော ဗမာပြည်အတွင်းမှ ကျွန်ုပ်များစွာကို ကိုယ်စားပြုပါသည်။

သို့ဆိုလျှင် သည်ကိစ္စအတွက် မည်သူ့ကို အပြစ်တင်ရပါမည်နည်း။ အစိုးရ ကိုလား။ သူရို့ကို သေချာ ကျနစွာ မလေ့ကျင့်ပေးလို့လား။ ကျွန်တော်ကတော့ သည်လို မထင်ပါ။ အဘယ်ကြောင့် ပါနည်း။
ဝန်ထမ်းလုပ်ခဲ့သူများတော့ သေသေချာချာ သိပါလိမ့်မည်။ ပြည်သူ့ဝန်ထမ်းမှန်သမျှသည် သူ့အဆင့်နှင့် သူ လျော်ညီသော သင်တန်းများကို ၀န်ထမ်းဖြစ်ပြီဟေ့ ဆိုသည်နှင့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက် သင်ယူရပါသည်။ ကျွန်တော်တက်ခဲ့ရသည်က မှတ်မိသလောက် သင်တန်းအမှတ်စဉ် ဇေယျ ၁၁၅ ဖြစ်မည်ထင်ပါသည်။ အနှစ် ၂၀ နီးပါး ရှိပြီဖြစ်သည့်အတွက် သေချာဂဏ မမှတ်မိတော့ပါ။ သို့သော် ထိုသင်တန်းတွင် တက်ရောက်သင်ကြား ခဲ့သော မှတ်စုစာအုပ်များတော့ ခုထိ ရှိပါသေးသည်။
ထိုသင်တန်းတွင် သင်တန်းပေးခြင်းခံရသော ၀န်ထမ်းများကို လိုက်ပြီး survey လုပ်ကြည့်ပါ။ လူတစ်ထောင် လျှင် ၉၉၉ ယောက်မျှ ထိုသင်တန်းကို သဘောမကျကြောင်း၊ အပိုအလုပ်မျှသာ ဖြစ်ကြောင်း သဘောထားကြသည်ကို တွေ့ရပါလိမ့်မည်။ အမှန်က သူရို့ခမျာ ပေးကားပေး၏ မရ ဖြစ်နေခြင်းသာ ဖြစ်ပါသည်။ သို့အတွက်လည်း အထက်တွင် ကျွန်တော်ပြောခဲ့သလို ရုံးပြင်ကနားများတွင် တွေ့ကြုံနေရခြင်း ဖြစ်ပါ၏။
ခြူတတ်မှ ကျ၏။
ယူတတ်မှ ရ၏။
မခြူတတ်လျှင် အရုံနီးလျှက်နှင့် မကျ။
မယူတတ်လျှင် အပုံကြီးလျှက်နှင့် မရ။ (ကြီးကန်ရှင်ကြီး မေတ္တစာ33)

ထိုသူများမှာ မယူတတ်သည့်အတွက် ထိုဖောင်ကြီးသင်တန်းမှ ဘာမှမရလိုက်ပါ။ ကျွန်တော့်ဝါဒ ကတော့ အခြားသူများနှင့်မတူပါ။ သင်တန်းတက်ရသည့်အတွက် အချိန်ကတော့ ကုန်သွားမှာ အမှန်ဖြစ်ပါ၏။ ထို အချိန်ကို ဘာမျှမရလိုက်ပဲ စိတ်ညစ်ညူးစွာဖြင့် ကုန်ဆုံးစေမည်လား။ သို့မဟုတ် သူတို့ပေးသမျှ တတ်စွမ်းသမျှ ယူမည်ဟု သဘောထားမည်လား။ ကျွန်တော်ကတော့ လုပ်ရသည့်အတူတူ ကိုယ့်အတွက် ကျန်အောင်လုပ်မည်ဟု အမြဲ သဘောပိုက်သူ ဖြစ်ရကား သင်တန်းတွင် သင်ပေးသမျှ ကိုယ်စိတ်ဝင်စားသည့်ဘာသာရပ် အားလုံးကို မလွတ်တမ်း မှတ်ကာ ထိုဘာသာရပ်နှင့်ဆိုင်သည့် စာအုပ်စာတမ်းများကို ထို သင်တန်းကျောင်း စာကြည့်တိုက်မှ ရှာဖွေဖတ်ရှု မှတ်သားလေ့လာခဲ့ပါသည်။ အခြားသူများ သင်တန်းခန်းမထဲတွင် အိပ်ငိုက်ကောင်းနေစဉ် ကျွန်တော်က သင်တန်းဆရာ ပို့ချသမျှ အသည်းအသန် လိုက်လံ မှတ်သားနေခဲ့ပါသည်။ ဤမှတ်စုများ ယခုတိုင် ရန်ကုန်က ကျွန်တော့် စာအုပ်စင်တွင် ရှိနေပါသေး၏။
ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် စာကြည့်တိုက်မှပင် ကျွန်တော်ဖတ်ချင်နေသော မာကီယာဘယ်လီ ၏ မင်းသားကျမ်းကို တွေ့ရှိ ငှားရမ်းဖတ်ရှုကာ မှတ်စုများ ထုတ်ယူရရှိခဲ့ပါသည်။ ထို့ပြင် တန်ဘိုးရှိသော ဗေဒင်ကျမ်း (ကျွန်တော်မှတ်မိတာကတော့ ဇာတကစန္ဒြိကာ ဗေဒင်ကျမ်း ထင်ရဲ့၊ အဲဒီဗေဒင်ကျမ်းကို အရင်တုံးက ဖိုတိုကော်ပီယာ ဆိုတာ ရွှေထက်ရှားလေတော့ တစ်နေ့နည်းနည်း နည်းနည်းနဲ့ တစ်အုပ်လုံးကို လက်ရေးနဲ့ကူးယူရရှိခဲ့ပါ၏။) များနှင့် အခြားရှားပါး နိုင်ငံရေးသိပ္ပံကျမ်းများ ကို တွေ့ရှိ ငှားရမ်း ဖတ်ရှုခဲ့ရပါသည်။
Ref: 34. http://www.philosophypages.com/ph/macv.htm
သင်တန်းတွင် ပို့ချခဲ့သည်များကို ကျွန်တော်ကောင်းကောင်း မမှတ်မိတော့ပါ။ သို့သော် မှတ်မိသရွေ့ ပြန်ပြောပြရလျှင် စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များ၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်များ၊ ရုံးစာရေးသားနည်း၊ ထိန်းသိမ်းနည်းများ။ စာရင်းအင်းဆိုင်ရာဘာသာရပ်များ။ လက်နက်ငယ်သင်တန်း။ အောင်မယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဘာသာရပ်တောင် ပါသေး။
ထိုအထဲတွင် တခြားဟာတွေ မယူချင်နေ၊ စီမံခန့်ခွဲရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို တော့ သေသေချာချာ လေ့လာသင့်ပါသည်။ သို့မှ သူတို့သည် သူတို့နှင့် ဆက်ဆံနေရသော customer များကို ကောင်းမွန် ချေငံစွာ ဆက်ဆံတတ်လာပါလိမ့်မည်။ အရေးကြီးသည်မှာ ၎င်းတို့၏ attitude များကို ပြောင်းလိုက်ဖို့ပဲ ဖြစ်ပါ၏။ မိမိ လုပ်နေသည့် ၀န်ထမ်းအလုပ်ကိုလည်း တန်ဘိုးထားရကောင်းမှန်း သိလာပါလိမ့်မည်။
ဤသည်ကိုကြည့်လျှင် ကျွန်တော်တို့၏ နိုင်ငံတော်အစိုးရသည် ပြည်သူ့ဝန်ထမ်းများအား ပြည်သူများ နှင့် မည်သို့ဆက်ဆံရမည် သင်တန်းပေးရန် သူတို့တာဝန်ကျေပါ၏။ အကုန်လုံးကို သိမ်းကြုံးပြီး ၀ါးလုံးချေးသုတ် မရမ်းပါနှင့်။ မည်သူ့ချို့ယွင်းချက် ဖြစ်သည်ကို သေသေချာချာ ဆန်းစစ်ကြည့်ပါဦး။
ကဲ ဒါဖြင့် အဲသလို ဘာလို့ ဖြစ်နေကြရတာတုံး။ root cause ကို ရှာကြည့်ရအောင်။
(ကြားဖြတ်ပြီး နည်းနည်းလောက် လျှာရှည်ခွင့်ပြုပါဦး။ ကျွန်တော် safety officer သင်တန်းတက်စဉ်က incident analysis subject မှ အလွန် အသုံးတည့်သော သင်ခန်းစာလေးတစ်ခု ရလိုက်ပါ၏။ 5 why analysis ဟု ခေါ်ပါသည်။ accident တစ်ခုဖြစ်လျှင် ဘာကြောင့် ဖြစ်ရသည်ကို သေချာဂဏစွာ လေ့လာပုံ လေ့လာနည်း ဖြစ်ပါ၏။ ထို technique သည် ထို incident/accident များကို analysis လုပ်ရုံမျှသာမက အခြားနယ်ပယ်များတွင်ပါ အသုံးတည့်ပါသည်။ ယခု ကျွန်တော်က ၀န်ထမ်းများ ဘာလို့ ဤကဲ့သို့ ဖြစ်နေရ သနည်း ဆိုသည်ကို ထို နည်းသုံးပြီး လေ့လာကြည့်ပါမည်။)

အဓိက ပြဿနာ - ၀န်ထမ်းများသည် ပြည်သူများအား ကောင်းမွန် ချေငံစွာ မဆက်ဆံခြင်း

အကြောင်းရင်း(၁)
မှန်
မှား
အကြောင်းရင်း(၂)
မှန်
မှား
အကြောင်းရင်း(၃)
မှန်
မှား
ပြုလုပ်ရန်
မည်သို့ဆက်ဆံရမည် မသိခြင်း



ပြည်သူ့ဆက်ဆံရေး လေ့ကျင့်ပေးမှုမရှိခြင်း



လေ့ကျင့်ပညာပေး အစီအစဉ်များမရှိခြင်း



လေ့ကျင့်ပညာရေးအစီ အစဉ်များရေးဆွဲပြီး သင်တန်းများပေးရန်



သင်တန်းသည် ထိရောက်မှု မရှိခြင်း



သင်တန်းပို့ချမှု ပုံစံများကို သုံးသပ်ပြီး ပြန်လည် ရေးဆွဲရန်
ပြည်သူများအပေါ် အထင်သေးခြင်း



မိမိတို့အနေအထားကို မှန်ကန်စွာ မသိမြင် ခြင်း



ဝန်ထမ်းများအတွက် အလုပ်ရုံဆွေးနွေးပွဲ များ မရှိခြင်း




မိမိတို့သည် ပြည်သူ့ဝန်ထမ်းများ ဖြစ်သဖြင့် ပြည်သူများ သည် မိမိတို့ ကျေးဇူး ရှင်များဖြစ်ကြောင်း ဆွေးနွေးဟောပြောခြင်း
မိမိရရှိထားသော လုပ်ပိုင်ခွင့် ကို အခြေခံကာ အာဏာပြလိုခြင်း




မိမိတို့ တာဝန်နှင့် ၀တ္တရားကို မှန်ကန်စွာ နားလည် သဘော မပေါက်ခြင်း



တိကျသော တာဝန် နှင့် ၀တ္တရား ပြဌာန်း မထားခြင်း



ဝန်ထမ်းအဆင့်တိုင်း အတွက် တာဝန်နှင့် ၀တ္တရားများ ပြဌာန်းခြင်း



မိမိတို့ တာဝန်နှင့် ၀တ္တ ရားများကို သေချာစွာ ရှင်းလင်းပြောပြခြင်း







ထိုက်သင့်သလို အရေးယူ အပြစ်ပေးခြင်း
မရင့်ကျက်ခြင်း



ရာထူးနှင့်ထိုက်တန် သော ပညာ အရည်အချင်း
မရှိ ခြင်း






ဝန်ထမ်းခန့်ထားရာတွင် အဆင့်အလိုက် ပညာ အရည်အချင်း ရှိသူ များ ကိုသာ ခန့်ထားခြင်း






ထိုက်သင့်သလို အရေးယူ အပြစ်ပေးခြင်း

ကျွန်တော့်ဦးဏှောက် နှစ်ပဲတစ်ပြားနှင့် ပြည့်စုံသော ဆန်းစစ်ချက်တစ်ခု ရနိုင်မည် မဟုတ်ပါ။ ၀န်ထမ်းလောက အတွေ့အကြုံရင့်ကျက်သော ထက်မြက်သည့် ၀ါရင့်အရာရှိကြီးများပါဝင်သော အဖွဲ့တစ်ခုက ကွင်းဆင်း စုံစမ်းစစ်ဆေး ခြင်းများ ပြုလုပ်ကာ အထက်ပါဇယားအတိုင်း ဆန်းစစ်ပါက သင့်လျော်ကောင်းမွန် ပြည့်စုံသော လက်တွေ့ဆန်သည့် ရလာဒ်တစ်ခု ရလာနိုင်လိမ့်မည် ဟု ယူဆပါသည်။ ထိုရလာဒ် ကို လက်တွေ့ကျင့်သုံးပြီး မည်မျှထိရောက်သည်၊ မည်မျှ အသုံးတည့်သည်၊ မည်မျှအောင်မြင်သည် ကိုလည်း အမြဲ နောက်က လိုက်ကြည့်နေဘို့ (monitoring) လိုပါသေးသည်။ ထိုသို့ ကြည့်ပြီးမှ မိမိတို့ ဆန်းစစ်ချက်၏ မည်သည့်အပိုင်းများတွင် ချို့ယွင်းနေသည်။ မည်သည်တို့ ဖြည့်စွက်ရန် လိုနေသေးသည်။ မည်သည့်အပိုင်းကတော့ မှားနေသည် စသည်များကို သုံးသပ်ရန် (review) လိုပါသည်။ ဤသို့ မိမိတို့၏ action plan ကိုအမြဲ upgrade လုပ်နေမည်ဆိုပါက ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရသော ပြဿနာများကို အောင်မြင်စွာ ကျော်လွှားနိုင်မည် ဟု ယူဆပါသည်။ သို့သော် သည်ကိစ္စမှာ ကျွန်တော်တို့ ခင်ဗျားတို့ တတ်နိုင်သော ကိစ္စမဟုတ်။ နိုင်ငံတော် အစိုးရက စံနစ်တကျ စီမံကိန်းချ ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်ပါသည်။ ဤစီမံကိန်းကို အကောင် အထည်ဖော်သည့်အခါ ကျွန်တော့်ကို ပါဝင်ဆောင်ရွက်ပါရန် ဖိတ်ကြားလာပါက ကျွန်တော် ၀မ်းမြောက်ဝမ်းသာ ပါဝင် လုပ်ဆောင်လိုပါ၏။ ပြည်သူအများကောင်းစားရေးအတွက် ကျွန်တော် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသလောက် စွမ်းစွမ်းတမံ ဆောင်ရွက်လိုလှပါဘိ။
(ကိုရောင်နီးဆန်းရေ့၊ ကိုရင့်စာကို သုံးသပ်ခွင့်ပြုပါလို့ မေတ္တာရပ်ခံပြစေ)။
ကိုရောင်နီဆန်းရေ၊ ၀န်ထမ်းတွေကို အပြစ်တင်မစောပါနဲ့ဦးဗျာ။ အဲဒီဝန်ထမ်းတွေ မရှိလို့လည်း မဖြစ်သေး ဘူးဗျ။ သူတို့မှာ ဒီရောဂါဆိုးကြီး ဘာ့ကြောင့် ကပ်ငြိနေရသလဲ။ ဒီရောဂါဆိုးကြီးကို ဘယ်လိုကုစားမလဲ လို့ အဖြေရှာဘို့ လိုသဗျ။ ဘာလို့လဲဆိုတော့ - သူတို့၊ ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးဟာ စံနစ်ဆိုးကြီးတစ်ခုအောက်မှာ မွေးဖွား ရှင်သန်လာခဲ့ရပြီး အဲဒီစံနစ်ဆိုးကြီးရဲ့ ရေစီးကြောင်းကြီးကို မလွန်ဆန် နိုင်ခဲ့ကြဘူး မဟုတ်လား။ ဘာနဲ့တူသလဲ ဆိုတော့
အင်မတန် အားကောင်းလှတဲ့ ရေလုံးကြီး ချောင်းထဲကို စီးချလာတော့ အဲဒီရေစီးကြောင်းကြီးဟာ လမ်းမှာ တွေ့သမျှ သစ်ပင်၊ တိရိစ္ဆာန်၊ လူ၊ ကျောက်တုံးကျောက်ဆောင်၊ နေအိမ်တိုက်တာ အဆောက်အဦ တွေ့သမျှ အားလုံးကို တိုက်ချသွားသလို၊ အဲဒီ အင်မတန် အားသန်လှတဲ့ ရေစီးကြောင်းကြီးကို ဘယ်သတ္တ၀ါ ဘယ်ကျောက်ဆောင်ကမျှ မခံနိုင်သလို...
ကျွန်တော်တို့ အားလုံးဟာလည်း အဲဒီရေစီးကြောင်းကြီးထဲ စီးမျောခဲ့ကြရတာပဲ။ ခင်ဗျားတို့၊ ကျွန်တော်တို့လို အဲဒီ အင်မတန် ညစ်ပတ်စုတ်ပဲ့လှတဲ့ ရေစီးကြောင်းကြီးထဲ မမျောပါချင်ပဲ အန်တုချင်တဲ့ အညတရ သတ္တ၀ါလေးတွေအဖို့ ကိုယ် ဘယ်လို အဲဒီအထဲ ရောပါမသွားအောင် ကိုယ်လွတ်ရုံးထွက်နိုင်မလဲလို့ ကိုယ့်ဟာကိုယ် အဖြေရှာကြရတယ် မဟုတ်လား။
အဲဒီ ရေစီးကြောင်းကြီးက အင်မတန် အရှိန်ပြင်းလေတော့ ကျွန်တော်အပါအ၀င် စိုက်ပျိုးရေး တက္ကသိုလ်က ကျွန်တော့်မိတ်ဆွေ ဆရာဆရာမတွေကို တိုက်ချသွားလိုက်တာ ကျွန်တော့်လို အကောင်သေးသေးလေးအဖို့ မခံနိုင်လေတော့ လွင့်စင်သွားလိုက်တာ ဗမာပြည်ထဲတင်မက စင်ကာပူထိရောက်သွားတယ် မဟုတ်လား။ နည်းနည်း တောင့်ခံနိုင်တဲ့ ဆရာတွေကတော့ ဗမာပြည်ထဲမှာတင် သောင်တင် ကျန်ရစ်ခဲ့တယ်။ ဒါတောင် တချို့ဆို နယ်စွန် နယ်ဖျားထိ လွင့်သွားတာဗျ။
ကိုရောင်နီဆန်းတို့ခေတ်ကျတော့ သင်ရမသင်ရ မသိဘူး။ ကျွန်တော်တို့ အထက်တန်းကျောင်းသား ဘ၀တုံးက ကဗျာ တစ်ပုဒ်သင်ခဲ့ရတယ်။ ဘာတဲ့၊ “စံနစ်သည်သာ တရားခံ” တဲ့။ အဲဒါပဲဗျ။
ရဲဘော်ဆိုတာ စစ်ဗိုလ်က အမိန့်ပေးရင် သေမဲ့လမ်းသိနေပေမဲ့ တက်ဆို တက်ရတာပဲဗျ။ အဲဒါ သူ သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာလေ။ သည်လိုပဲ သူတို့ဝန်ထမ်းတွေလည်း အထက်က ခိုင်းသမျှ လုပ်ကြရပေမှာပဲ။ ဒါ သူတို့တာဝန်ကို သူတို့ ထမ်းဆောင်တာပဲ။ သူတို့မှာ တာဝန်မရှိဘူး။ ဘာနဲ့တူသလဲ ဆိုတော့ သူသတ်သမားဟာ သေဒါဏ်ကျလာတဲ့ တရာခံကို သေအောင်သတ်ဖို့ရာပဲ သူ့မှာတာဝန်ရှိတယ်။ သူ့အဖို့ အဲဒီအပြစ်သားဟာ ဘာမှုနဲ့ သေဒါဏ်ကျရတာလဲ။ တရားသူကြီးက သေဒါဏ်ချမှတ် လိုက်တာ မှန်သလား၊ မှားသလား။ တရားသလား၊ မတရား ဘူးလား။ ထောင်ဒါဏ်လောက်ပဲ ထိုက်သလား စသဖြင့် ဘာမှ ဆန်းစစ်ခွင့်မရှိဘူး။ စစ်လားဆေးလား၊ မေးလားမြန်းလား လုပ်ပိုင်ခွင့် မရှိဘူး။ ပါးကွက် အာဏာသားဟာ၊ ပါးကွက်အာဏာသားပဲ။ တရားသူကြီးမဟုတ်။ တရားသူကြီး မဟုတ်တဲ့အတွက် တရားသူကြီးတို့ရဲ့အလုပ်ကို ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိ။ အဲဒါမှ ကိုယ့်အလုပ်ကိုမလုပ်ပဲ တရားသူကြီး အလုပ်ကို ၀င်ပြီး စွက်ဖက်ရင် ခုနက သူသတ်ရမဲ့ တရားခံနေရာမှာ ကိုယ့်ခေါင်း ဖြစ်သွားစရာရှိတယ်။
အဲဒါကို ကျကျနန နားလည်ထားဘို့တော့ လိုလိမ့်မယ်။
(ကျွန်ုပ်ကို ဤကဲ့သို့တွေးတတ် ခေါ်တတ်အောင် သင်ကြားပေးလိုက်သော safety officer course ကို အလွန် ကျေးဇူးတင်ပါ၏။)
ကျွန်တော့်ကို ၀န်ထမ်းတွေလုပ်နေပုံတချို့ကို အနည်းငယ်ပြောပြခွင့်ပြုပါခင်ဗျား။ မိတ်ဆွေတို့လည်း သိပြီး ဖြစ်ပါလိမ့်မည်။ တောအုပ်၊ တောခေါင်း၊ ရဲ နှင့် စိုက်ပျိုးရေး ၀န်ထမ်းများ အကြောင်း ကျွန်တော် သိသမျှ ပြောပြပါမည်။

ကျွန်တော့်ကို ဧရာဝတီတိုင်းအတွင်းမှ အင်မတန်ခေါင်ပြီး အင်မတန်တောကျလှသော ရွာကလေးတစ်ရွာတွင် မွေးဖွားခဲ့ပါ၏။ ကျွန်တော်တို့ရွာ၏ ဟိုမှာဘက်တွင် ဘာဆို ဘာရွာမှ မရှိတော့ပဲ ရခိုင်ရိုးမကြီးသာ ရှိတော့၏။ သို့အတွက် ကျွန်တော်တို့ ရွာသူရွာသားများမှာ လယ်ယာလုပ်ငန်း၊ တောင်ယာ လုပ်ငန်း၊ သစ်တောထွက်ပစ္စည်းရောင်းချခြင်း လုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်းပြုကြ၏။ တစ်ကြောင်းမှာ အရှေ့ဘက်အရပ်မှ ရွာသူရွာသားများသည်လည်း သစ်တောထွက် ပစ္စည်းများ (၀ါး၊ သစ်၊ သစ်ခွပန်း၊ တောကောင်၊ ပျားရည် စသည်) ကို ရခိုင်ရိုးမ သစ်တောများအတွင်း လာရောက်ထုတ်လုပ် သယ်ယူသည့်အခါများတွင် ကျွန်တော် တို့ရွာကို ဖြတ်သွားရလေ့ရှိရာ ကျွန်တော်တို့ရွာသည် သစ်တောထွက်ပစ္စည်းများ ကုန်ကူးရာ အချက်အခြာ နေရာဌာန ကလေးတစ်ခု ဖြစ်မှန်းမသိ ဖြစ်နေခဲ့၏။ သည်တော့ သစ်တောနှင့် လုပ်စားနေသူများကို ကိုင်တွယ်ထိန်းသိမ်းရန် ခွင် ကောင်းတစ်ခု ဆိုလျှင်လည်း မမှားနိုင်ပါ။ ဤသည့်အတွက်ကြောင့်ပင် ကျွန်တော်တို့ရွာသည် တောဘုရင်များ (တောဘုရင်ဆိုလျှင် တောထဲမှ ခြင်္သေ့၊ ကျား စသည့် သားကောင်ကြီးများကို ပြေးမြင်ယောင်မိကြပါလိမ့်မည်။ သည် ၂၀၊ ၂၁ ရာစုခေတ်များတွင် ထို သနားစရာ သတ္တ၀ါကြီးများမှာ လူတို့နှိပ်စက်လှသည်နှင့် နေစရာမရှိတော့ရုံမျှမက မျိုးပါ တုံးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကား ထို သတ္တ၀ါကြီးများကို မဆိုလိုပါ။) ကျက်စားရာ နေရာတစ်ခု ဖြစ်လာ ခဲ့ပါသည်။
ထိုတောဘုရင် (တောခေါင်း၊ တောအုပ်) များ လုပ်နေပုံကို မကြည့်ချင်၊ မြင်လျက်သား ဖြစ်နေသော ကျွန်တော့်မှာ မြန်မာ့သယံဇာတများအတွက် နေရင်းထိုင်ရင်း ရင်လေးနေခဲ့ရပါ၏။ ထိုတောခေါင်း၊ တောအုပ် ဆိုသူတို့၏ တာဝန်နှင့် ၀တ္တရားများကို ကျွန်တော်မသိပါ။ (ကာယကံရှင်များကိုယ်နှိုက်ကော သိရဲ့လားမသိ)။ သို့သော် သူတို့အဓိက လုပ်နေသည်ကတော့ သစ်တောထဲမှ သစ်တစ်လုံးဆွဲထုတ်လာလျှင် ထိုသစ်လုံးထုတ်လာသူ ပိုင်ရှင်ထံမှ ပိုက်ဆံတောင်း ပါ၏။ အဲလေ- ယောင်လို့၊ မှားလို့။ ထိုပိုင်ရှင်က သစ်လုံးရွာထဲရောက်မလာမီ တောပိုင်တောင်ပိုင်ကြီးကို (သူအရက် သောက်နေရာ အရက်ဆိုင်သို့အရောက်သွားကာ) ထိုက်သင့် အားလျော်သော အခကြေးငွေကို ပူဇော်ပသရပါ၏။ အကြင်သစ်လုံးထုတ်လာသူသည် အနှီတောပိုင် တောင်ပိုင်ကြီးအား ပူဇော်ပသခြင်း အမှုကို အချိန်မီ မပြုအံ့။ ထိုသူသည် သိပ်မဝေးလှသော အနာဂါတ်ကာလ တစ်ခုတွင် သစ်လုံးထုတ်ခြင်းအမှု၌ ဒုက္ခနှင့် လှလှကို ကောင်းစွာ ရင်ဆိုင်ရ လတံ္တ့သတည်း။
မီးသွေးဖုတ်ချင်ပါသလား၊ အိမ်ရောင်းချင်ပါသလား။ သစ်တောနှင့် ပတ်သက်ဆက်နွယ်နေသည့် အမှုအားလုံး ကို တောပိုင်၊ တောင်ပိုင် အရှင်သခင်ကြီးအား မပူဇော်မပသပဲ မနေ၀ံ့။ ထိုသူများမှာ ရိုးရာ ၃၇ မင်းနတ် ဖမ်းစား သည်ထက် ဆိုးပေလိမ့်မည်။ ရိုးရာနတ်မင်းတို့ကမှ အရှင်ကြီးရယ် ကျွန်တော်မျိုးမတို့ အမိုက်အမဲ ကလေးတွေကို ဗွေမယူပါနှင့်။ တစ်ခါမှားမိတာ ခွင့်လွှတ်လိုက်ပါ ဟု နတ်ကနားကလေး ဘာလေးပေးလိုက်လျှင် ရဦးမည်။ တောင်ပိုင်အရှင်ကြီးကတော့ တော နှင့် မရ။ မီးတောက် တွေဘာတွေ ဆိုတာ ခေတ်မမီတော့။ ကျန်းမာရေးနှင့် မညီညွတ်၊ အသက်တိုတတ်သည်။ ဘလက်လေဘယ် တို့ ရက်လေဘယ်တို့မှ ခံတွင်းတွေ့၊ လျှာရင်းမြက်သည်။
ကျွန်တော်တို့က အရိုးအရင်းကလေးကိုက်ရတာပါဗျာ။ သူဌေးဖြစ် မဟုတ်ပါဘူး။ အထက်နည်းနည်းလောက် တက်ကြည့်စမ်းပါဦး။
ဟုတ်ပါ့။ ကျွန်တော့်မိတ်ဆွေ အရင်းအချာ တောအုပ်ကြီးတစ်ဦး၏ မဟေသီပြောပြချက်အရ ၁၉၉၈၊ ၉၉ ခုနှစ်လောက်ကပင် သူရို့မှာ ပိုက်ဆံ နှစ်သိန်း၊ သုံးသိန်းလောက်ကို ကလေးမုံ့ဘိုးလောက် သဘောထားကာ သုံးစွဲနေနိုင်ကြသူများ ဖြစ်ပါ၏။ ပိုက်ဆံတွေကလည်းဟယ် သုံးလို့ကို မကုန်နိုင်ဘူး ဟု ငြီးယူရသည်ထိ။ သူရို့အမေမှာ ကျွန်တော်တို့နှင့် အလွန်ရင်းနှီးခင်မင်ရကား အိမ်သို့ မကြာခဏ ၀င်ထွက်သွားလာနေသူ ဖြစ်သဖြင့် ကျွန်တော် ပြောတာတို့ ဟုတ်မဟုတ် သိချင်သည်ဆိုပါက သူနှင့် မိတ်ဆက်ပေးဘို့ ကျွန်တော် ၀န်မလေးပါ။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ကဖြစ်စေ၊ အစိုးရကဖြစ်စေ သဘာဝသယံဇာတများ ထိန်းသိမ်းရေးအတွက် ရံပုံငွေများ ဒေါ်လာ သန်းပေါင်းများစွာ ချပေးလိုက်သည့်အနက် ရာခိုင်နှုံးမည်မျှ သစ်ပင်ပေါက်သွားပါသနည်း။ ရာနှုံးမည်မျှ ထိုသူတို့ ရည်မှန်းထားသည့်အထဲ သုံးစွဲလိုက်ပါသနည်း။
ကျွန်တော် ဉာဏ်မီသလောက် တွေးကြည့်ရလျှင် အထက်ကပြောခဲ့သော တောအုပ်ကြီး၊ တောခေါင်း စသည့် သစ်တောဘက်ဆိုင်ရာ ၀န်ထမ်းတို့ကို သစ်တောများ မပြုန်းတီးရေး၊ သစ်တောထွက် ပစ္စည်းများကို စံနစ်တကျ ထုတ်လုပ်ရေး၊ ထုတ်လုပ်ရရှိလာသော သစ်တောထွက်ပစ္စည်းများမှ နိုင်ငံတော်အတွက် သစ်တောထွက်အခွန်အခများ စံနစ်တကျ ကောက်ခံရေး။ ပြုန်းတီးသွားသော သစ်တောများနေရာတွင် အစားထိုးစိုက်ပျိုးရေး။ စိုက်ပျိုးထားသော သစ်ပင်များကို စံနစ်တကျ ပြုစုစောင့်ရှောက်ရေး၊ တောရိုင်း တိရိစ္ဆာန်များ ထိန်းသိမ်းရေး အစရှိသည်တို့ ဖြစ်သင့်ပါသည်။ ကိုယ်လုပ်စရာရှိတာတော့ တစ်ခုကမှ မလုပ်။ တောသူတောင်သားတို့ သမားရိုးကျ လုပ်ကိုင် စားသောက်နေသည့်အပေါ် ဗိုလ်ကျကာ ဆက်ကြေးတောင်း နေခြင်းကိုတော့ ကျွန်တော် ဘယ်နည်းနှင့်မျှ သဘောမတူနိုင်ပါ။ ငါ့အဖိုးအေက ထားခဲ့တဲ့ အမွေသစ်တောမို့လို့ ဒီသစ်တောက ထုတ်သမျှ ငါ့ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ဆိုင်တယ် ဆိုလျှင်တော့ တမျိုးပေါ့။
ထိုသူများကို ခန့်ထားလိုက်ခြင်းအတွက် သစ်တောနှင့် သစ်တောအတွင်းမှီတင်းနေထိုင်သော သားရဲ တိစ္ဆာန် များအတွက် မည်သို့ အကျိုးထူးသွားပါသနည်း။ ထိုသူများသည် သဘာဝသစ်တောများ မပြုန်းတီးရန် တစုံတစ်ခု ပြုလုပ်ပေးနိုင်ပါသလား။ နိုင်ငံအတွက် သင့်တင့်လျှောက်ပတ်သော ၀င်ငွေရအောင် ဆောင်ရွက် ပေးနိုင်ပါသလား။ ထို သစ်တောများ ထိမ်းသိမ်းရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် သုံးရမည့် ပိုက်ဆံများသည် ကိုတောအုပ်များ ကာရာအိုကေဆိုင်တွင် ပန်းကုံးစွပ်ရာ၌ လည်းကောင်း (သူခေါ်သွားလို့ ကျွန်တော်တောင် တစ်ခါ အဲဒီ ကာရာအိုကေ ဆိုင် ရောက်ဖူးသေး၊ အဲဒီတစ်ခါက လွဲလို့လည်း အဲဒီ ကာရာအိုကေဆိုင်များကို ကျွန်တော့်ပိုက်ဆံနဲ့ ယောင်လို့များ တောင် ခြေဦးမလှည့်မိခဲ့ပါ)၊ ကိုတောအုပ်များ ကြိုက်တတ်သည့် အင်မတန် ဈေးကြီးလှသည့် နိုင်ငံခြားဖြစ် အဖျော် ယမကာများ + လျှာရင်းမြက်စေမည့် အမြည်း + အနားမှနေ၍ ကုန်သွားမည့် အရက်ဖန်ခွက်ကို တရံမလပ် ဖြည့်စွက် ပေးမည့် မလုံ့တလုံဝတ် လုံမငယ် + ..... + ....... စသည့် စရိတ်စကများအတွက် လည်းကောင်း၊ ကိုတောအုပ် ကတော်များ နှစ်လုံးထိုးရာတွင်လည်းကောင်း ..... (ဤအသုံးစာရင်းမှာ သူတို့ထံမှ ကျွန်တော်သိရသလောက် အစွန်အဖျားမျှသာဖြစ်၍ ကျွန်တော်မသိသော အခြား သိန်းနှင့်ချီသည့် ပုန်းကွယ်အသုံးစရိတ်များ များစွာ ရှိနေနိုင်ပါ သေးသည်) အတွက် အိမ်သာအိုးထဲ ကျသွားသော ဟ၀ှာများနှယ် အလဟဿ ကုန်ဆုံးသွားတာ ကျွန်တော်ဖြင့် အလွန် နှမြောလှပါဘိ။ ကျွန်တော် ချစ်သော အမိမြန်မာပြည်ကြီးအတွက် ရင်နာလှပါသည်။

တရားဥပဒေစိုးမိုးရေးကို သက်စွန့်ဆံဖျား၊ ဦးလည်မသုန် ထမ်းဆောင်နေပါသော ကိုရဲ တို့ အကြောင်း လည်း (ခင်ဗျားတို့ သိပြီးသားတွေပါဗျာ၊ ဒါပေမဲ့) နည်းနည်းလောက် ပြောပြစေဦး။
ကျွန်တော် ရေဆင်းတွင် ရှိနေစဉ် ကာလများက ချဲ အလွန်ခေတ်စား၏။ မီးဖိုချောင်မှာလဲ ချဲ၊ မုန့်ဟင်းခါးဆိုင်မှာလဲ ချဲ၊ ဈေးထဲမှာလဲ ချဲ၊ ဆံပင်ညှပ်ဆိုင်မှာလဲ ချဲ၊ လဖက်ရည်ဆိုင်မှာလဲ ချဲ။ ထိုးတဲ့သူတွေရော ဒိုင်တွေပါ နေရာတကာမှာရှိ။ မိုးလင်းသည်နှင့် ဘာထိပ်စည်းလဲ နှင့် မျက်နှာသစ်၏။ ထမင်းစားရင်းလဲ ဘရိတ်က ဘာလဲ ဆွေးနွေး၏။ ချဲ ဒိုင်များနှင့် ထိုးသူများ မည်မျှအကျိုးအမြတ်ရှိသည်တော့ သေချာမသိ။ သေချာပေါက် အကျိုးရှိသူများ ကတော့ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းဘို့၊ ဒုစရိုက်မှုများ ပပျောက်စေဘို့ ခန့်အပ်ထားသည့် တရားဥပဒေ၏ ဘက်တော်သား ဆိုသူများ (သူတို့ကိုယ်သူတို့တော့ အမြဲ အဲဒီလို ပြောနေတာပဲ၊ လုပ်တော့ သောာက်တလွဲ။) ဖြစ်၏။ ဘယ်သူတွေ ဘယ်လောက်ကုန်ကုန်၊ ဘယ်သူတွေ ဘယ်လောက် လျော်ရလျော်ရ။ သူတို့ကို ထိခိုက်စရာမရှိ။ သူတို့အတွက်က ပုံမှန် ဆက်ကြေး (ဟုတ်ပေါင်) ဘယ်လို ခေါ်ရမှန်းတောင် မသိပါ။ အဲဒါ ရနေတော့ ဟန့်ကိုကျလို့။
တခါတော့ ဘာကြောင့်မှန်း မမှတ်မိတော့ပါ။ အကြောင်းတစ်ခုခုကြောင့် ချဲဒိုင်များ ချဲမရောင်းတော့။ သည်မှာတင် ကိုရွှေရဲတို့ စားပေါက်ပိတ်သွားကာ တောင်းတောင်းပန်ပန်နှင့် ချဲဒိုင်များကို ပြန်ရောင်းခိုင်းနေ ကြောင်း သိရပါသည်။ အဲသဟာ ပုံပြင်မဟုတ်။ ကျွန်တော် ရေဆင်းတွင် ဆရာလုပ်နေစဉ်က တကယ့် အဖြစ်အပျက်များ ဖြစ်ပါ၏။ (ရေဆင်းကလူများ ကြားလျှင်တော့ ဟင်း-ဒါများ အဆန်းလုပ်လို့ ဟု ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ် တစ်ခုအတိုင်း ပြောပြကြ ပါလိမ့်မည်။)
ကျွန်တော်တို့ရွာဘက်ကို မျက်စိလည် လမ်းမှားရောက်လာတတ်သည့် ရဲများကတော့ ဘယ်အိမ်မှာ သစ် ရှိသလဲ၊ မီးသွေးရှိသလဲ လိုက်ကြည့်ကာ ဥပဒေရယ် ဘာရယ် မဟုတ်ပဲ မြင်မြင်ရာ လိုက်ပိုက်ဆံတောင်း တော့၏။ သူတို့ စားကွက်များကား သစ်များခွဲသော လွှစင်များနှင့် အရက်ပုန်းဆိုင်များ ဖြစ်၏။ အရက်လဲ သောက်သွားသေး၊ ဆရာချင်းလဲ မိုးမွှန်အောင် ခေါ်ရသေး၊ အပြန်လဲ ပိုက်ဆံတောင်းသလောက် ပေးရသေး။ တခါတလေတော့ လှည်းလမ်းမှ စောင့်ကာ သစ်လှည်းများကို ပိုက်ဆံတောင်းသည်။ သည့်ထက်ပို ဆိုးသည်က လူမိုက်ဒါးပြများနှင့် ပေါင်းတုတ်ခြင်းဖြစ်သည်။ ၎င်းတို့သည် အဘယ်ကဲ့သို့သော ဒုစရိုက်မှုများကို ပပျောက်အောင် လုပ်နေပါသနည်း။ သူတို့ကိုယ်သူတို့ ဒုစရိုက်မှုများ ကို နှိမ်နှင်းနေသလား၊ မိမိကိုယ်နှိုက် က ဒုစရိုက်မှုကို ကျူးလွန်နေသလားဟု ဝေခွဲတတ်ပုံ မပေါ်ပါ။ အောင်မယ် နိုင်ငံရေးကလေး ဘာလေး ၀ါသနာပါလို့ နိုင်ငံရေးစကားလေး ဘာလေး ပြောချင်သူများကို ဗျူး၊ ဗြဲနှင့် ဖြဲ ချောက်တတ် ပါသေး။
တချီတော့ ကျွန်တော်တို့ရွာနှင့် သိပ်မဝေးလှသော ထုံးပေါ် ဆိုသည့် ရွာတွင် တောခေါင်း တစ်ယောက် အသတ်ခံရပါ၏။ သတ်သူမပေါ်။ ကျွန်တော်တို့ ရွာသူရွာသားများမှာ အလွန်ရိုးသားကြသူများ ဖြစ်ပါ၏။ သို့သော် သိပ် မဟားတရားလုပ်လာလျှင် ဤသို့ဖြစ်တတ်သည် ဆိုသည်ကိုတော့ စကားနှင့် မပြောတတ်ကြ။ လက်နှင့် သက်သေပြ လိုက်ကြပါသည်။
နောက်တချီလည်း ကျွန်တော်တို့ရွာနှင့် အတန်ငယ်လှမ်းသော အရက်ရောင်းပြီး သက်မွေးဝမ်းကျောင်း ပြုကြသည့် စမ်းကြီးဆိုသည့်ရွာကို ရဲ နှစ်ယောက် သုံးယောက် ရောက်လာပြီး အရက်ချက်သူများကို ပိုက်ဆံတောင်း (မိုက်ကြေးခွဲ) ပါသည်။ သည်ရွာက အရက်ချက်ရောင်းနေသည့်ရွာ၊ ကိုယ့်ထက်မိုက်သော လူမိုက်များ ရှိနိုင်သည် ဆိုသည်ကို ကိုယ့်ဆရာတို့ သတိပြုမိပုံမပေါ်။ သတိပြုမိသည့်အခါတွင်ကား ခေါင်းတွင် ပတ်တီးအဖွေးသားနှင့် ဖြစ်နေ ချေပြီ။ သေချာသည်ကတော့ နောက်ထပ် ထိုရွာများသို့ မည်သည့်ရဲမှ မသွားရဲတော့ခြင်း ဖြစ်ပါပေ၏။
ကျွန်တော်နှင့် ဆယ်တန်းတုံးက အတူတူကျောင်းနေဘက် ဒုရဲအုပ်တဖြစ်လဲ သူငယ်ချင်း တစ်ယောက်ကတော့ ပြောပါ၏။ ဟေ့ကောင်၊ ငါတို့က အရိုးအရင်းပဲကိုက်ရတော့ အသံမြည်တာပေါ့ကွာ ဟူ၏။

အင်း စိုက်ပျိုးရေးသမားတွေ အကြောင်းပြောရမှာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်တော့မှာပဲ။ ဟယ် တတ်နိုင်ပါဘူး။ နည်းနည်းဖြစ်ဖြစ် ပြောအုံးမှ ဖြစ်မှာပါလေ။
အဟမ်း၊ ကိုယ့်ဆရာတို့ - ကိုယ်ရင်တို့ extension ဆိုတာ မြေစာရင်းနဲ့ပေါင်းပြီး ၀န်ကြီးဌာနက လိုချင်တဲ့ စာရင်း တွေကို စာရွက်ပေါ်မှာ LTPS လုပ်ဖို့လား။ (မှတ်ချက် - LTPS = လိုတိုး ပိုလျှော့) စပါးအထွက်တိုးရေး ဘာညာကွိကွ နဲ့ လူကြားကောင်းအောင် အော်ဘို့လား။ လယ်သမားတွေကို စိုက်ပျိုးရေးပညာတွေ ဖြန့်ဝေ ပေးဘို့လား။ ခဏ၊ ခဏ။ ခဏလေးနေပါဦး။ ငါတို့ရဲ့ တာဝန်နဲ့ ၀တ္တရားက ဘာလဲ လို့ အတိအကျ သိရဲ့လား။ (မသိချင်ပါနဲ့ဗျာ၊ သိလဲ မထူးပါဘူး၊ သူတို့ ခိုင်းတာလုပ်ပေးတာဟာ ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာပါဘဲ၊။) ကိုယ့်ကို အတင်းငြင်းဘို့ မကြိုးစားနဲ့နော။ ဟိုတိုင်းရုံးတစ်ရုံးက ကိုယ်ရင်တို့ အပေါင်းအသင်း၊ ဘာတွေ လုပ်နေရတယ် ဆိုတာ အကျွန်ုပ် ဓါတ်သိ၊ အတွင်းသိ၊ အစင်းသိ။ မယုံရင် ဖုံးဆက်ပါလို့ မေးကာကြည့်။
ကိုရောင်နီဆန်းကလည်း အဲဒါကိုပဲ အစာမကြေဖြစ်နေတာ။ သူကတော့ ကရုဏာဒေါသောနဲ့ အထက်က ခိုင်းလာတာဟာ မမှန်ကန်တဲ့၊ အကျိုးမရှိတဲ့ ကိစ္စဖြစ်နေရင် လုပ်သင့်မှလုပ်ရမယ် လို့။ နေဦးဗျ။ ပြောတာလွယ်တယ်။ လက်တွေ့ကျ မလွယ်ဘူးနော့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သူ့အောက်က ဖြစ်နေတာကိုး။ သူတို့ ဆိုတာကလည်း သူတို့ခိုင်းချင်လို့ မဟုတ်ဖူး။ အထက်က ခိုင်းလို့။ နီးရာဓါး ကြောက်ကြရတာကိုး။
ကျွတ်ကျွတ်၊ ကို --- ခမျာ၊ သနားပါတယ်။ ကျွန်တော်သူ့ဆီ ခဏ အလည်ရောက်တုံး သူပြဿနာ တက်နေပုံလေး ပြန်ပြီး ဖောက်သည် ချပါရစေ။
စာရင်းတစ်ခု (နှမ်းစိုက်ဧက တိုးချဲ့ရမယ်ဆိုလို့ မြေစာရင်းဌာနနဲ့ ညှိလုပ်ထားတဲ့ စာရွက်ပေါ်မှာ တိုးသွားတဲ့ စိုက်ပျိုးဧကတွေပြထားတဲ့ စာရင်း) ကို တိုင်းမှုး တိုင်းခန်းလှည့်လည်တော်မူလာသည့် အခါတွင် တင်ပြနိုင်ရန် အဆင်သင့် ပြင်ထားဘို့ တိုင်းဂျာကြီးက ညွှန်ကြားသည်။ ထိုအခါ ကျွန်တော်တို့မိတ်ဆွေလည်း အေဖိုး ပေပါနှင့် ပြင်လိုက်ပါ၏။ ပြင်ပြီးတိုင်းဂျာကြီးကို တင်ပြသည့်အခါ အင်း.. ခရီးသွားတဲ့အခါ အလွယ်တကူ ယူသွားနိုင်ဘို့ အိတ်ဆောင်အရွယ် လုပ်ရင်ကောင်းမကွဲ့ မောင် ဟိုဒင်းရဲ့။ ဟုတ်ကဲ့ပါခင်ဗျ။ ထို နံရောအခါ ကိုဟိုသင်းလည်း ထိုစာရွက်ကို အေဖိုး မှ ပြန်ချုံ့။ လွယ်လွယ် မပြောနဲ့နော။ သူ့ခမျာ သူတို့ရုံးက ကချောက်ကချက် ကွန်ပြူတာလေး ကို ကျကျနန မကိုင်တတ်လေတော့ ချွေးတစ်လုံးလုံးနှင့် တော်တော် ဂွကျနေပါ၏။ တော်ပါသေး၏။ သူ့ ဒုက္ခကို ကယ်မဘို့ သိကြားမင်းက မောင်မင်း သွားချေစမ်း ဟု အထောက်တော် လွှတ်သဖြင့် ကျွန်ုပ် မကွေးသို့ ရောက်နေရသည်ဖြစ်ရာ ကျွန်ုပ်မှာလည်း တတ်သည့်ပညာ မနေသာ ဟု မောင်မင်းကြီးသား ဒုက္ခကို ကယ်မလိုက်ရပါသည်။ နက်ဖြန်တင်ပြရမည့် စာရင်းကို သည်နေ့ ပြီး သွားသဖြင့် ကျွန်တော်တို့ မိတ်ဆွေကြီးမှာ တိုင်းဂျာကြီးကို မျက်နှာအပြကောင်းပြီ ဟု ပျော်တပြုံး ပြုံး ပြုံး ...၊ ဟိုး ခဏ ခဏ၊ အရမ်းလဲ ၀မ်းသာမနေနဲ့ဦး။ နောက်နေ့ကျတော့ ကိုယ်တော် မျက်စိပျက် မျက်နှာပျက်နှင့် ပြန် ရောက်လာပါ၏။
ဆိုစမ်းပါအုံး၊ ကိုဟိုဒင်းရဲ့။ ဘာဖြစ်လာသတုံး။ လမ်းသွားရင်း ခေါင်းပေါ် မကျည်းကိုင်း ကျိုးကျလို့လား။ ပြောမနေနဲ့တော့ ဆရာရေ့။ ခေါင်းပေါ် မန်ကျည်းကိုင်းကျိုးကျတာက သက်သာလိမ့်ဦးမဗျ။ အာ - မပြောလို့ ဘယ်လိုလုပ် ကျွန်ုပ်က ကူမရမတုံး။ ဘိုးသိကြားအမိန့်နဲ့ ကိုရင့်ကို ကူမဘို့ရောက်နေတာ။ ပြောသာပြော။ ကျွန်ုပ် အကုန် ဖန်တီးတတ်တယ်။ မနေ့က ဆရာလုပ်ပေးလိုက်တဲ့ အိတ်ဆောင်စာရင်းကလေးကို သေးလို့တဲ့။ သူက ပရိသတ်ရှေ့မှာ ပြချင်တော့ အေသရီးဆိုဒ် လုပ်ချင်သတဲ့။ ကျွန်တော်တော့ သေသာသေချင် တော့တာပဲ။ ဆရာလုပ်တတ်လို့ ကွန်ပြူတာ ထဲမှာ အေသရီးဆိုဒ် ပြောင်းလို့ရတယ် ပဲထား။ ကျွန်တော်တို့ ပရင်တာက အေသရီးဆိုဒ်မှ ထုတ်လို့မရတာ။
ဟား ဟား ဟား ကိုအ၀ှာ့နှယ်။ ခေါင်းမစားရမှာ စားနေပြန်ပါပြီ။ ဒါလေးများ၊ ကမ္ဘာအေးသွား။ ကိုင်း ပြောနေကြာရော့ သွားကြစို့။ ဘယ် ဘယ် ဘယ်ကိုလဲ ဆ ဆရာ။ လာမှာ လာစမ်းပါဗျာ။
အစ်မကြီး ဒီစာရွက်လေး အေဖိုးကနေ အေသရီးကို ချဲ့ပေးစမ်းပါ။ ရှရွတ်။ ကိုင်း ရော့။ ပြီးပြီ။
ဟင် အဲဒီလို ချဲ့လို့ရလား။
အဲဒါတွေ ခင်ဗျားတို့ခက်တာပေါ့။ ကိုင်း ဟိုက အမျက်တော်မယှခင် အမြန်ဆုံး သွား သံတော်ဦး တင်ချေ။ ကျေး ကျေးဇူးပါ ဆရာ။

သူတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ တိကျစွာ ပြဌာန်းထားသော တာဝန်ဝတ္တရား စသည်များကို ကျွန်တော် သေချာ မသိပါ။ သိသင့်သလောက်လည်း သိပါ၏။ ကျွန်တော့်အစ်ကိုကြီးမှာ စိုက်ပျိုးရေးဝန်ထမ်း ဖြစ်ပေရာ (စိုက်ပျိုးရေး အထက တက်ပြီး လူမှန်းသိတတ်ကတည်းက တစ်သက်လုံး စိုက်ပျိုးရေးဝန်ထမ်း လုပ်လာတာ) ကျွန်တော်လည်း သူနှင့်လိုက်သွား၍ စိုက်ပျိုးရေးစခန်း တော်တော်များများသို့ ရောက်ခဲ့ဖူးလျှက် စိုက်ပျိုးရေးစခန်းများတွင် ညအိပ်ညနေ နေကာ စိုက်ပျိုးရေးဝန်ထမ်းများ ဘာတွေလုပ်သည်ကို ဂဃနဏ သိခွင့်ရခဲ့ပါ၏။ ထို့ပြင်လည်း ကျွန်တော်နှင့်အတူ တစ်အိမ်ထည်းနေသည် ဖြစ်ရကား အိမ်သို့ သူ့လုပ်ဖော်ကိုင်ဘက်များ လာရောက်။ သူတို့ပြောဆို၊ လုပ်ကိုင်နေသည် များကို မကြည့်ချင် မြင်လျက်သား ဖြစ်နေရကား မြန်မာပြည်၏ စိုက်ပျိုးရေးလောက ဆိုသည်မှာ ဘာ ဆိုတာကို ငယ်စဉ် ကျောင်းသားဘ၀ ကတည်းက သိခွင့်ရခဲ့ပါ၏။ တစ်ကြောင်းမှာလည်း ကျွန်တော့်ဖခင်ကြီးမှာ အိတ်စိုက် ရွာလူကြီး လုပ်ခဲ့ဖူးရာ (သူများလူကြီးတွေလို ဟိုဟာဖြတ်စား၊ သည်ဟာဖြတ်စား မစားတတ်ရုံမျှမက သူများတွေ ရှုပ်ထားသော အရှုပ်အထွေးများကို အမြဲ အိတ်ထဲမှစိုက် လျော်ရသဖြင့် အိတ်စိုက်သူကြီး ဟု ကျွန်တော့် ဖခင်ကြီးကို ကျွန်တော် ဂုဏ်ယူစွာ ကင်ပွန်းတပ်ပေးရခြင်း ဖြစ်ပါ၏) လူကြီးတို့အားလျော်စွာ အစ်ကို စိုက်ပျိုးရေးဝန်ထမ်းများ လိုသော စာရင်း များကို ပြင်ဆင်ပေးရာ၌ ကျွန်တော်လည်း မကင်းရာ မကင်းကြောင်း တစ်ထောင့်တစ်ကဏ္ဍမှ ပါဝင်ပြီး နိုင်ငံ့အကျိုး သယ်ပိုးပေးခဲ့ရသဖြင့် ဤသည့်စာရင်းများကား မည်ကဲ့သို့ ပြင်ထားကြောင်း ကိုယ်တိုင်ကိုယ်ကျ သိခွင့်ရခဲ့ပါ၏။
ထို့ပြင်တစ်ဝ ပြီးခဲ့သောနှစ်က မြန်မာပြည်ပြန်သည့်အခိုက် ထို အစ်ကိုကြီးရှိရာ ဧရာဝတီတိုင်းမှ မြို့တစ်မြို့ သို့ သွားရောက် လည်ပတ်သည့်ခဏ အစ်ကိုကြီးက သူရို့ ခရိုင်စိုက်ပျိုးရေးရုံးသို့ ကျွန်တော်၏ မေတ္တာရပ်ခံချက်ဖြင့် ခေါ်သွားပါသည်။ ကျွန်တော်ကတော့ ကျွန်တော် IRRI မှ မှာယူထားသော Rice Bank CD Rom ကို သူတို့အား ရှင်းလင်းပြသမည်၊ နောက်ပြီးသူတို့ကို လက်ဆောင်ပေးခဲ့မည် ပေါ့။
မှားပါတယ်။ ကျွန်တော် ခရိုင်စိုက်ပျိုးရေးရုံးဝ စခြေလှမ်းဝင်လိုက်ကတည်းက အတော်လေး စိတ်ပျက် သွားပါ၏။ ထို့ထက် ရုံးတွင်းဝင်သွားပြီး ရုံးအခြေအနေကို အကဲခတ်၊ သူရို့ဝန်ထမ်းများကို လေ့လာလိုက်ပြီးသည့်ခဏ ခုနင်က ပျက်နေသည့် စိတ်ကလေးမှာ ကုန်သည့် အနေအထားသို့ ရွေ့လျောကျဆင်းသွားလျှက် စိတ်ကုန် သွားရပါ တော့သည်။
ပထမ ရုံးဝင်းတစ်ခုလုံးမှာ များမြောင်ပြီး အမယ်စုံလှသော အမှိုက်သရိုက်များဖြင့် တန်ဆာဆင်ထားလျှက် ခြံစည်းရိုးများမှာလည်း မုဆိုးမအိမ်က စည်းရိုးထက် မသာလှပဲ ရုံးအ၀င်လမ်းမှာ ကျွန်တော်တို့ရွာမှ နွားအုပ်ကြီးများ ၀င်ထွက်သွားလာထားသော လမ်းများနှင့် ညီအစ်ကိုအရင်းတော်စပ်နေသည်ကို မြင်ရသဖြင့် ကျွန်တော် စိတ်ပျက်မိခြင်း ဖြစ်ပါ၏။
ထိုမှ ရုံးတွင်းသို့ဝင်ရောက်သွားသောအခါ ကျွန်တော့်မှာ ဆရာမြသန်းတင့် ဘာသာပြန်ထားသော သုခမြို့တော်35မှ အိန္ဒိယနိုင်ငံ စာတိုက်ရုံးကို မျက်စိထဲ အကွင်းသား သွားမြင်ယောင်မိပါတော့၏။ (ဘယ်လိုလဲ ဟု လာမမေးပါနှင့်၊ ကိုယ့်ဖာသာကိုယ် ရှာဖတ်ပါ)။ ရာပေါင်းများစွာသော စုတ်ပြတ်လျှက်ရှိသည့် စက္ကူဖိုင်များမှာ ဖုံလက်လေးသစ်တက်နေသော ယိုင်နဲ့နေသည့် ညစ်ထပ်ထပ် သစ်သားစားပွဲများပေါ်၌ တရံတခါမှ မလျှော်ပဲထားသဖြင့် ချေးလက်လေးသစ်တက်နေသည့် နေနှင့်မိုးဒါဏ်ကို လပေါင်းများစွာခံထားရသော ဖြီးသင်ခြင်းကင်းသည့် သူတောင်းစား ကြီး၏ ဦးခေါင်းထက်မှ ဆံပင်များကဲ့သို့ ပြန့်ကျဲ ရှုပ်ပွေနေလျှက် ရုံးအတွင်းရှိ စားပွဲအားလုံး၏ မျက်နှာပြင်ကို တခြား ဘယ်သူမှမ၀င်ရ ဟု မောင်ပိုင်စီး သိမ်းပိုက်ထားပါသည်။ ထိုသည့် စားပွဲများနောက်တွင်မတော့ ကျိုးတော့မည့် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေနှင့် သစ်သားချောင်း များဖြင့် ဖေးမကူပိုးထားသော နှစ်များမကြာမီအတွင်း ရှေးဟောင်းအမွေအနှစ် ပြတိုက်သို့ပို့ရန် သင့်တော်နေပြီဖြစ်သည့် ကုလားထိုင်များပေါ်တွင် လောကကြီးကို အလွန်အမင်း စိတ်ကုန်လျှက် နောက်ဆံတင်း သံယောဇဉ်တွယ်စရာများ မရှိတော့လျှင်ဖြင့် တဏှာရာဂတို့ကို ဖြစ်ထွန်းစေရာ ဤဆံကေသာတို့ကို ပယ်ပြီးသကာလ ဖန်ရည်ဆိုးသောအ၀တ်၊ သင်္ကန်းတို့ကို ၀တ်ရုံကာ တောထွက်ရန် ကြံစည်နေသည့် မျက်နှာထားများဖြင့် နိုင်ငံ့အကျိုး ဆထက်ထမ်းပိုး ကြိုးစားထမ်းဆောင်နေသူ ကိုကို မမ (ကိုကိုက နည်းနည်း မမကများများ) များကို တွေ့ရပါတော့၏။ ထိုအထဲတွင် ကျွန်တော့်တပည့်တော်စပ်ခဲ့သူ အစ်မလေး တစ်ယောက်ကိုလည်း အလွန်အရှုပ်လုပ်လျှက် (ဆောရီး၊ ပြောချင်အားများသွားလို့ လျှာခလုတ်တိုက်သွားတယ်) အလုပ်ရှုပ်လျှက် တွေ့ရပါသည်။ သူ့ခမျာ ကျွန်တော် ၀င်လာတာမြင်တာတောင် ကောင်းစွာ နှုတ်မဆက်အားပါ။ လူကြီး လာမည်ကြောင့် အချိန်မီပြီးနိုင်ရန် စာရင်းများပြင်နေရသည် ဟု အစ်ကိုကြီးမှ ရှင်းပြပါသည်။
ထိုသည်မှ အစ်ကိုကြီးက ကျွန်တော့်ကို ခရိုင်မန်နေဂျာ မမ ထံသို့ ခေါ်သွား မိတ်ဆက်ပေးပါသည်။ ကျွန်တော်က ကျွန်တော့်တွင် IRRI မှ မှာယူထားသော Rice Bank CD Rom ယူလာခဲ့ကြောင်း၊ ဤဌာနမှ ၀န်ထမ်းများကို ရှင်းလင်းပြသကာ လက်ဆောင်ပေးခဲ့ချင်ကြောင်း ပြောပြရာ ထို အရာရှိ မမက သြော် ဟုတ် လား ဟု မိမိထံလာရောက်နှုတ်ဆက်သူကို ပြုရမည့်သူတို့ ထုံးစံ ၀တ္တရားရှိသည့်အတိုင်းပြောကာ မြို့အစွန် အဖျားရောက်နေသဖြင့် အလွန်အားနည်းလှသော မီးအားဖြင့် ထွန်းထားရသည့် ၀ပ် ၄၀ မီးသီး အလင်းရောင်မျှသော အပြုံးကို လက်ကနဲ ပြုံးပြလျှက် ကျွန်တော့်အား စကားပြောဧည့်ခံလိုက်လျှင် နိုင်ငံတော်မှ ပေးထားသောလခနှင့် ညီမျှသော အလုပ်ချိန် ပဲ့သွားကာ နိုင်ငံတော်အပေါ် သစ္စာဖောက်ရာကျတော့မည် စိုးရိမ်မိသဖြင့် အလုပ်ဆက်လုပ်ရန် ဘောလ်ပင် ကောက်ကိုင် လိုက်လေရာ ကျွန်တော့်မှာ အလိုက်သိတယ် ဆိုတာ ဘာကိုခေါ်သလဲ ဟု အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ပြီး အစ်ကိုကြီးအား လက်တို့လျှက် ခြေကိုဖွနင်းကာ အောင်မြင်စွာ ဆုတ်ခွါခဲ့ရ ဖူးပါသည်။
Ref: 36. http://www.knowledgebank.irri.org/

သူများ မကောင်းကြောင်းချည်းပြောရတာ အကုသိုလ်များလိုက်တာ။ ကိုယ့်ကောင်းကြောင်းလေးလည်း နည်းနည်းပါးပါး ပြောဦးမှ ဖြစ်မှာပါ။ (လူဆိုတာ ကိုယ့်မကောင်းကြောင်းကိုရေးရင် လက်သိပ်မတွေ့ တတ်ဖူးဗျ။ သည်တော့ လက်တွေ့တဲ့ ကောင်းကြောင်းတွေပဲ ရွေးရေးမယ်။ ဟုတ်ပြီလား)

သူများတွေသာ လိုက်ပြောနေတယ်။ နေပါဦး၊ ခင်ဗျားကကော နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ့်ကလောက်များ နိုင်ငံ့တာဝန်တွေ ကျေခဲ့လို့လဲလို့ မေးပါ။
ကျွန်တော် ကျောင်းဆရာလုပ်ခဲ့တုံးက ကျွန်တော်လုပ်ခဲ့သမျှတွေကို မှတ်မိသရွေ့ ပြန်ပြောင်း ဖောက်သည် ချပြစေ။ (ကိုယ့်ကောင်းကြောင်းတွေနော)
ကျွန်တော် ကျောင်းဆရာလုပ်တာ စာသင်ရုံကလေးမျှသာ မဟုတ်ခဲ့ကျောင်း ကျွန်တော် နဲ့ ထိတွေ့ခဲ့ရတဲ့ ကျောင်းသားများ သိကြပါလိမ့်မယ်။ ကျောင်းတွေပိတ်ထားတော့ ဆရာဆရာမအသစ်ကလေးတွေ နဲ့ ဂျပန် စာလေ့လာခဲ့တယ်။ နောက် ကျောင်းတွေပြန်ဖွင့်တော့ ဖတ်မှတ်ထားတာတွေထဲက မှတ်စုထုတ်ပြီး စက်ပြင်သင်တန်း မှတ်စုစာအုပ် တွေရိုက်။ စက်ပြင်သင်တန်းတွေ တစ်ရက်မပြတ် တစ်သုတ်ပြီးတစ်သုတ် အဆက်မပြတ်သင်ပေး။ စက်တင် အားမရလို့ အခြေခံလျှပ်စစ်ပစ္စည်းပြင်သင်တန်း ဆိုတာတောင် ပါသေး။ ဒါ နှစ်တိုင်းနှစ်တိုင်း ကျောင်းသားတိုင်းကို ကျွန်တော်တစ်ယောက်ထဲ ဒိုင်ခံ သင်ပေးတာ။ ဒါနဲ့တင် အားမရ။
ကြည့်ပါအုံး၊ ဗမာတွေဖြစ်နေပြီး ဗမာပြက္ခဒိန်အကြောင်း သေသေချာချာ မသိကြဘူး။ ရင်နာစရာ ကောင်းလိုက်ပါဘိ ဟု အလကားနေရင်း မနေနိုင် မထိုင်နိုင်ဖြစ်ကာ ကျောင်းသားများကို မြန်မာ ပြက္ခဒိန်တွက်နည်း သင်တန်းပေးမည် ဟု အဆောင်များတွင် ကြေငြာ၏။ ကျောင်းသားတွေဘက်ကလည်း အားတက်သရော တုံ့ပြန် လာပုံများ ကြော်ငြာကပ်ပြီး တစ်ပတ်အကြာ သက်ဆိုင်ရာ အဆောင်ကိုယ်စားလှယ်များကို မေးမြန်းကြည့်တော့ စာရင်းပေးသူ တစ်ယောက် ဟု အကြောင်းပြန်လာပါ၏။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အတော်လေးရှက်သွားကာ အသာလေး ကိုယ့်ကိစ္စကိုယ် ရုပ်သိမ်းလိုက်ရပါသည်။ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် မွှန်သွား၍ ထိုကျောင်းသား နာမည် မမှတ်ထားလိုက်မိ။ မေ့သွားပါသည်။
မြန်မာ့ယဉ်ကျေးမှု အနေနှင့် မြန်မာ့ပြက္ခဒိန် အကြောင်း ကျွန်တော်ကတော့ ပညာတတ်ကလေးများ အား သိထားစေချင်ပါသည်။ မြန်မာ့ပြက္ခဒိန်အကြောင်းကို မြန်မာ တစ်သောင်းလိုက်မေးကြည့်လိုက်လျှင် နှစ်ယောက်တောင် သိဘို့အနိုင်နိုင်။ ဘာဖြစ်လို့ ၀ါထပ်ရသလဲ၊ ၀ါထပ်ရက်ငင်ဆိုတာ ဘာကိုခေါ်တာလဲ၊ ၀ါကြီးထပ်နဲ့ ၀ါငယ်ထပ် ဘာတွေ ကွာတာလဲ။ ဘာဖြစ်လို့ ကွာရတာလဲ။ ဘာဖြစ်လို့ ဦးတန်ခူး၊ နှောင်းတန်ခူးလို့ နှစ် ပိုင်း ကွဲနေရတာလဲ။ ဦးတန်ခူးနဲ့ နှောင်းတန်ခူး ဘာတွေကွာသလဲ။ ဘာကို လဆန်း၊ ဘာကို လဆုတ် လို့ခေါ်သလဲ။ ခု သုံးနေတဲ့ မြန်မာသက္ကရာဇ် ၁၃၇၀ ဆိုတာ ဘယ်ကနေ စရေတာလဲ။ ဘယ်သူက စထွင်လိုက်တာလဲ။ မည်သူများ စိတ်ဝင်စားပါသနည်း။ (နေပါအုံးဗျာ၊ ခင်ဗျား မြန်မာသက္ကရာဇ်အကြောင်း သိလို့ကော ဘာတွေတိုးထူးသွားမလဲ။ အဲဒီမြန်မာသက္ကရာဇ်ဆိုတာကြီး သင်ပြီးတော့ ရော ကျွန်တော်လခ တိုးသွားရောလား။)( ဟိုက်-ရှာလပတ်ရည်၊ သဟာတော့ ကျွန်တော် အာမ မခံနိုင်ပါ။ မသင်ချင် မသင်ပါနဲ့ ကိုယ်တော်၊ ကျွန်တော်ဒါတွေ လေ့လာနေတာ လခတိုးဘို့များ အောက်မေ့နေသလား။ နေရာတကာ ပိုက်ဆံ နဲ့ မတိုင်းချင်ပါနဲ့။ ငွေနဲ့တိုင်းတာလို့မရတဲ့ အရာတွေ ဒီလောကမှာ အပုံကြီးဗျ။) (ပိုက်ဆံအတွက်မဟုတ်ရင် ဘာအတွက် လေ့လာရမလဲဗျာ။) (*&$#@?!@<;#>$%^&*)
ဒါ့ပြင် မြန်မာတိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှု ကိစ္စတွေလုပ်၊ စာပေဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ စသဖြင့်လုပ်သေး။
လမ်းကြုံလို့ပြောရရင် ကျွန်တော်တို့ တစ်ခါ ကဗျာပြိုင်ပွဲ လုပ်ကြတော့ ကျွန်တော်က “မျှော်လင့်ချက် မနက်ဖြန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြိုင်ဘို့ အဆိုတင်တယ်။ မြန်မာစာဌာန ဌာနမှုး က “ဆရာ့ တပည့်တွေက ဘာတွေ မျှော်လင့်နေသလဲ မသိနိုင်ဘူး” ဟု ဆိုကာ အင်မတန်မှရိုးစင်းပြီး စိတ်ဝင်စားစရာ မကောင်းလှသော ခေါင်းစဉ် တစ်ခု ရွေးပေးပါသည်။ (ဆိုပါတော့ မိုးရွာသောနေ့တစ်နေ့ လို ခေါင်းစဉ်မျိုး) သူကတော့ နိုင်ငံရေးတွေ ဘာတွေနဲ့ငြိမှာ စိုးလို့ထင်ပါသည်။ ကျွန်တော့်မှာ အောင့်သက်သက်နှင့် အသာ ငြိမ်နေလိုက်ရပါ၏။ နောက်တစ်ခုကလည်း -
ကျောင်းမှာ စင်တင်ကဇာတ်တစ်ခု (ဘာပွဲလဲလို့တော့ သေသေချာချာမမှတ်မိတော့ပါ) လုပ်တော့ ကျွန်တော်က နိုင်ငံရေးကို ပြက်လုံးထုတ်ထားသော ပြဇာတ်တစ်ခု တင်ချင်ပါသည်။ ပြဇာတ် မူကြမ်းကို တင်ပြတော့ နိုင်ငံရေးနှင့် ပတ်သက်နေ၍ခွင့်မပြုခဲ့ပါ။ ခွင့်ပြုရ အောင်လည်း ကြည့်ပါဦး။ ပြဇာတ် စကတည်းက .....

“ဗရုတ်ဗရက် တိုင်းပြည်တည်၊ ကသုတ်ကသက်မင်း နန်းစံစေ”
“ငါ၏ထံပါး မြဲခစား၊ ဖောက်ပြားပလီ၊ ချိန်ခါမလပ်၊ လိမ်ညာ၍ နှပ်ကြပါတဲ့ မတ်ပလီ တို့”
“ဘရူး၊ ဘရဲ၊ ဘရား”
အောင်မယ်လေး ဆရာရယ်၊ ကျမကို ထောက်လှမ်းရေးတွေ လာစစ်နေပါဦးမယ် ဟု ဆို၏။ ဤ သည်မှာ ဆရာမကြီး အလွန် မဟုတ်ပါ။ ကျွန်တော်လီမာခြင်းသာ ဖြစ်ပါ၏။ သည်ခေတ် သည်ကာလကြီးတွင် သည်လို ဇာတ်မျိုးကိုမှ ကချင်သော ကျွန်တော့် မိုက်ရူးရဲဆန်ခြင်းသာ ဖြစ်ပါ၏။ (အမှန်က အနှီပြဇာတ်မှာ ကျွန်တော့်လက်ရာ မဟုတ်ပါ။ ဟိုစဉ်က စာပေဗိမာန်မှ ထုတ်ဝေခဲ့သော ဟာသ စာပေစာတမ်းမျာ3း7 မှ ဖြစ်ပါ၏။ အရင်ကတော့ တရားဝင်၊ ခုတော့ တရားမ၀င်။ သြော်၊ သင်္ခါရ၊ သင်္ခါရ။
ကျွန်တော်က ဇာတ်ဆရာလည်း လုပ်ပါသေးသည်။ ထို့ပြင်နံရံကပ်စာစောင်များထုတ်၏။ အဆောင်တွင်း နှစ်ပတ်လည် ညစာစားပွဲများတွင် စင်တင်ကဇာတ်များ လုပ်၏။ ကျွန်တော်က တစ်ခါတစ်ခါ ပြဇာတ် ဇာတ်ညွှန်းရေးသည်။ တစ်ခါတစ်ခါ သရုပ်ဖော် ပေးသည်။ တစ်ခါတစ်ခါ နောက်ခံစာလုံးများ ရေးပေးသည်။ အမျိုးသမီးဆောင် တစ်ခု၏ ညစာစားပွဲတွင် ကျွန်တော် ပြဇာတ်တစ်ပုဒ် တင်ခဲ့တာ မှတ်မိနေပါသေးသည်။ စိုက်ပျိုးရေးဝန်ထမ်းများ စိုက်ပျိုးရေးအကြောင်း နားမလည်ပဲ ရမ်းတုတ်နေပုံများကို သရော်ထားတာ ဖြစ်ပါ၏။
စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်နှင့် ပတ်သက်၍လည်း သိပ္ပံမှုးတင် နှင့် ရွှေနဂါးတင်ဝင်း တို့ကို ဖိတ်ကြား ကာ စာပေဟောပြောပွဲ လုပ်ခဲ့ပါသေးသည်။ စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်အသင်း ဆိုပြီး ဟိုဟာ သည်ဟာ လေးတွေ လုပ်ခဲ့ပါသေးသည်။ ဘုရားသွား သန့်ရှင်းရေးလုပ်တာတို့ ဘာတို့ပေါ့ဗျာ။
ကျွန်တော်က ပန်းချီဆွဲတာလည်း အင်မတန် ၀ါသနာပါလေတော့ ပန်းချီသင်တန်း၊ ပန်းချီပြပွဲ၊ ပန်းချီဟောပြောပွဲတွေ လုပ်ခဲ့ပါသေး၏။ (အလုပ်ကောင်းလို့ လက်လွန်သွားပုံလေး ကြားဖြတ် ပြောပြစေဦး။ ကျွန်တော်က စေတနာကြီးတစ်ခွဲသားနှင့် ပန်းချီသင်တန်းမှတ်စုတွေရိုက်ကာ ကျောင်းသားများကို ပေးမည်။ သို့သော် ကော်ပီကူးခတော့ ယူရမည်ပေါ့။ ကျွန်တော့်ကျောင်းဆရာ လခနဲ့ မိသားစု ၉ ယောက်လောက်ကို ဗိုက်ဝအောင် မနည်းကြံဖန်နေရတာ ဆိုတော့ အခမဲ့မပေးနိုင်ဘူး ပေါ့ဗျာ။ ဒါပေသိ အဲသည်စာအုပ်ကို ပိုက်ဆံနဲ့ ဖြန့်ဝေဘို့ ကိစ္စ သူတို့ - ဘယ်သူတွေလဲတော့ ပြောမနေတော့ပါဘူး - က သဘောမတူခဲ့လို့ ကျွန်တော့် မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေး အိမ်အသုံးစရိတ်ထဲကနေ ပဲ့သွားတာကို ခုထိ ရင်နာစွာ မှတ်မိနေပါသေး။ ခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီလေ။) (နောက်တစ်ခု မှတ်မိနေသည်မှာ ပန်းချီပြပွဲတစ်ခုတွင် ကျွန်တော်ဆွဲထားသော မြင်းတစ်ကောင် ပြေးနေပုံ ကို အသိဆရာမတစ်ဦး၏ သားကလေး က အလွန်လိုချင်နေကြောင်း ပြပွဲပြီးသည့်နောက် သိရ၏။ သို့သော် ဆရာမမှာ ပန်းချီကားကို မ၀ယ်နိုင်။ ကျွန်တော် အဘယ်ကြောင့် ထိုပန်းချီကားကို ထို ကလေးအား အခမဲ့မပေးနိုင်ခဲ့ပါသနည်း။ နောင်ကာလ အတန်ငယ်ကြာမှ တွေးပြီးစိတ်မကောင်း ဖြစ်နေပါသည်။)
တစ်ခါကလည်း တောင်သူများကို ပညာပေးဟောပြောပွဲ သွားလုပ်ရာ ကျွန်တော်က တစ်ခါသေဖူးတာတောင် ပျဉ်ဘိုးနားမလည်။ သည်လိုပဲ လက်တွန်းထွန်စက်အကြောင်း မှတ်စုစာအုပ်ရေးကာ အုပ်ရေ ၄၀ လောက် ကော်ပီကူးသွားပါသည်။ နောက် ဤကုန်ကျစားရိတ်များကို claim လုပ်တော့ လက်ရွေးစင် ဘော်လီဘော သမားများနှင့် ရင်ဆိုင်ရပြီးသကာလ ဒုတိယအကြိမ် မီးဖိုချောင် စားရိတ်ထဲမှ ပဲ့ရပြန်ပါ၏။ ကျွန်တော့်အစ်မကြီး နှင့် နှမများကား ကျွန်တော့်ကို ပါရမီဖြည့်သည့်အနေနှင့် ဘာမျှ မပြောရှာကြပါ။ မှတ်ပလားဟဲ့။
(ကိုရောင်နီဆန်းတို့ ကျောင်းရောက်လာတော့ သူတို့နဲ့ပေါင်းပြီး နံရံကပ်စာစောင်တွေ ထုတ်ဖြစ်ခဲ့သေး ထင်ပါရဲ့၊ ကျွန်တော်ကောင်းကောင်း မမှတ်မိတော့ဘူး။)
အဲလေ၊ ခေတ်ကာလ မကောင်းလို့ ကျောင်းရက်ရှည်တွေ ပိတ်ထားတုံးကတော့ မနက် ၈ နာရီလောက်ကနေ စ လဖက်ရည် ဆိုင်ထိုင်၊ နေ့ခင်းကျတော့ ထမင်းပြန်စား၊ နေ့လည် တသုတ် လဖက်ရည်ဆိုင်ထပ်ထိုင်၊ ညနေစာ ပြန်စား။ ညနေကျတော့ တခါတလေ အရက် ကလေးယောင်ယောင်၊ ဘီယာလေးယောင်ယောင် ဖြစ်ခဲ့သေး။ ဘာမှ လုပ်စရာမရှိတော့ လေ နေတာ ပြောပါတယ်။ ဒါပေမဲ့ စာတွေတော့ အများကြီးဖတ်ဖြစ်သပေါ့။ ညကျတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ရေနွေးတစ်အိုးနဲ့ ညဥ့်နက်အောင် စာတွေဖတ်။ အလုပ်မရှိ စာတွေပဲ နင်းကန်ဖတ်နေခဲ့။ ကျွန်တော့် အဓိက ၀ါသနာကလည်း စာဖတ်တာကိုး။
ဒါ ... တက္ကသိုလ်ကို ယောင်နယောင်န နဲ့ ဘုမသိဘမသိ ဆရာ သွားဖြစ်ခဲ့စဉ်က ခုနနှစ် (ခွန်နှနှစ်)အတွင်း ကျွန်တော်လက်စွမ်းပြခဲ့ပုံများကို မှတ်မိသရွေ့ ပြန်လည် ဖောက်သည်ချခြင်း ဖြစ်ပါ၏။

စိုက်ပျိုးရေးဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ကုန်သွယ်ရေးဝန်ထမ်းပဲ ဖြစ်ဖြစ်၊ အကောက်ခွန် ၀န်ထမ်းပဲ ဖြစ်ဖြစ်၊ လူဝင်မှု ကြီးကြပ်ရေးက ၀န်ထမ်းပဲ ဖြစ်ဖြစ်၊ ကျောင်းဆရာ၊ ဆရာမပဲ ဖြစ်ဖြစ် ဘာ ၀န်ထမ်းပဲ ဖြစ်ဖြစ် - -

ဝန်ထမ်းဖြစ်ပြီဆိုကတည်းက ၀န်ထမ်းအလုပ်ကို အဓိကထား လုပ်ရမှာပေါ့။ ဒါပေမဲ့ ရတဲ့လခနဲ့ မစားလောက် လို့ တခြားအလုပ် တွဲလုပ်ရတာလည်း ရှိပေမပေါ့။ (ကျွန်တော် တက္ကသိုလ်မှာ ဆရာလုပ်တုံးက ကျောင်းဆရာ လခနဲ့ မလောက်လို့ မမတို့က မုံ့ဟင်းခါးရောင်း၊ တဖက်ကလည်း ကြက်မွေး စသဖြင့် လုပ်ရသေးတာကိုး)။ သို့သော် သူ့လခစားနေတော့ သူ့အလုပ်ကိုလည်း စေတနာပါပါလေး လုပ်ပေးသင့်တာပေါ့ဗျာ။ (အာ - သူတို့ပေးတာက စားမှ မစားလောက်ပဲဗျ) လို့ အထွန့်တက်ပါ။ တစ်နိုင်ငံလုံး ဒီအလုပ်လုပ်ရင် ဒီ လခပဲ ရမယ် ဆိုတာ ခင်ဗျားတို့ မသိဘူးလား။ (သိပါ့)။ သိပါလျှက်ကနဲ့ ဘာ့ကြောင့် ဒီလခကိုပဲ ပုံချချင်နေရတာလဲ။ (တခြား လုပ်စရာမရှိလို့ပေါ့ဗျ)။
ဟုတ်ပါပြီ၊ ကျွန်တော်ကလည်း ဒီအလုပ်ထဲမှာချည်း နှစ်ပြီး အချိန်ပြည့်လုပ်ပါလို့ မဆိုလိုပါဘူး။ သို့သော် အချိန်ပြည့်လုပ်ဖို့တော့ တာဝန်ရှိသပေါ့။ မစားလောက်လို့ အဲဒီအချိန်ထဲကနေ ဖဲ့လုပ်ရပါတယ်ဆိုရင် လုပ်ရသည့်အခိုက် တစ်နေ့လေးနာရီဖြစ်ဖြစ်၊ ငါးနာရီဖြစ်ဖြစ် စေတနာပါပါကလေးနဲ့ တကယ် အကျိုးရှိ အောင် လုပ်မပေးနိုင်ဘူးလား။ အချိန်ဆိုတာကတော့ လုပ်လဲ ကုန်သွားမှာပဲ။ မလုပ်ပဲနေလဲ ကုန်သွားမှာပဲ။ အဲသဟာဖြင့် ကိုယ်စိတ်စေတနာလေး ထားပြီး လုပ်လိုက်လို့ တိုင်းပြည် ကုန်ထုတ်လုပ်ငန်းအတွက် အကျိုးရှိသွားမယ်ဆိုရင် ပို မကောင်းပေဘူးလား။ တိုင်းပြည်အတွက်လုပ်တာလည်း ကိုယ့်မိသားစုအတွက် လုပ်တာပဲဗျ။ ဘာ့ကြောင့်လဲတဲ့။ တိုင်းပြည်မှာ ထွက်ကုန် တိုးလာမယ်။ လူသုံးပစ္စည်းတွေ ပေါများလာမယ်ဆိုရင် ဘီပီအိုင်ဆေးကို အပြင်မှာ ဈေးကြီးပေး ၀ယ်နေစရာ မလိုတော့ဘူး။ အစိုးရထုတ်ဈေးနဲ့ လူတိုင်းလူတိုင်း ၀ယ်နိုင်မယ်။ ဒါဆို အိမ်က ခင်ဗျား အိမ်သူသက်ထား ဇနီးမယား လည်း စိတ်မချမ်းသာပေဘူးလား။ အဲဒါကြောင့် ခင်ဗျား စက်ရုံမှာ အားကြိုးမာန်တက် ထုတ်ကုန်တိုးရေး လုပ်နေခြင်း သည် အိမ်ကမယား စိတ်ချမ်းသာဘို့ ဖြစ်သည် ဆိုရင် ငြင်းမလား။
(ဆရာကြီး၊ ခင်ဗျား စိတ်ထဲထင်တာတွေ စွတ်ရွတ်လျှောက်ပြောမနေနဲ့အုံး။ ကျွန်တော်တို့စက်ရုံမှာ ကျွန်တော်တို့ အားကြိုးမာန်တက် လုပ်ချင်သည့်တိုင် ကုန်ကြမ်းပြတ်နေလို့ စက်ရပ်ထားရတာ ကြာပေါ့။)
ဟိုက်-ရှာလပတ်ရည်။
(နေအုံး၊ စက်လေးလုံးရှိတာ ဟို သုံးလုံးက ပျက်နေတယ်။ အပိုပစ္စည်းမရှိလို့ မပြင်နိုင်ဘူး။ အပိုပစ္စည်း ကလည်း နိုင်ငံခြားကနေ ၀ယ်ရမှာတဲ့။ ဘတ်ဂျက်ချမပေးလို့ မ၀ယ်နိုင်သေးဘူး။ နောက်နှစ် လို့တော့ ပြောတာပဲ)။
သေဟဲ့ နန္ဒိယ။ (အင်း၊ ငါ့နှယ် - ပြောသာပြောရ အားတောင် သိပ်မရှိတော့ဘူး)

နေပါဦးဗျာ၊ ခင်ဗျား စိုက်ပျိုးရေးဝန်ထမ်းဆိုရင် တောက တောင်သူလယ်သမားကြီးတွေကို စိုက်ပျိုးရေး အသိပညာ ဗဟုသုတတွေ ဟောပြောပြသ၊ လက်ကမ်းစာစောင်တွေဖြန့်၊ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာတွေ မှန်မှန် ကန်ကန်ရောင်းပေး စသဖြင့် လုပ်လို့ မရဘူးလား။
(ကျွန်တော် လုပ်ပေးချင်ပါတယ်ဗျာ၊ ဒါပေမဲ့ ဒီက ဂိုဒေါင်မရောက်ခင် မြို့နယ်ကထုတ်လာကတည်းက မြေသြဇာ မော်တော်တစ်စီး ပျောက်နေတယ်။ ကျွန်တော် မမေးရဲဘူး။ ကျွန်တော်ဝေစုရတာတော့ မှန်ပါတယ်။ သူတို့လုပ်နေတာ ကျွန်တော် လူစွမ်းကောင်းသွားလုပ်ရင် ဒီဖင်ထိုင်ခုံလေး ပျောက်သွားမှာ စိုးရတယ်။)
ဝှူး- မလွယ်ပါလားဟ။ (စိတ်မပျက်ပါနဲ့ဆရာရယ်၊ ကျွန်တော်တို့ ဒီအတိုင်းနေလာတာ ကြာပေါ့။)
အေးပါလေ၊ ဒါပေမဲ့ ခင်ဗျားတို့ လုပ်ရတာမှန်သမျှ စေတနာလေးထား လုပ်ပါလို့သာ ပြောချင်တော့တာပဲ။
ကျွန်တော် ဒီ့ထက် ပိုပြီးဘာမှ မပြောတတ်တော့ပါ။ ကိုင်း - တခြားလိုင်းတွေ သိပ်ဟန်မကျဘူး။ ကိုယ်ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ရာ ပညာရေးလိုင်းဘက် နည်းနည်း ၀င်နှောက်ယှက် ကြည့်ရအောင်။

ဆရာဆရာမတို့ခင်ဗျာ၊ ဆရာဆရာမတို့ ကျောင်းမှာ ကျောင်းသားတွေကို စာ သေသေချာချာ သင်ပေးပါရဲ့လား။ (ဟုတ်ကဲ့ဆင့်) (ဤမှာဘက်ခေတ်တွင် ကောင်မကလေးများက စကားပြောရာတွင် ရှင့် ဟုပြောရမည့်အစား ရှင့် ဟု မပြော။ ကျွန်တော့်နားထဲတွင်မတော့ ရှင့် ကို ဆင့်၊ အချစ် ကို အဆစ် ဟုသာ ကြားပါသည်။ မယုံလျှင် ယုဇန ၏ သီချင်းများကို ဖွင့်နားထောင်လိုက်ပါ။)
Ref: 38. http://www.myanmarmp3.net/artist.aspx?artID=142

ဒါဖြင့် ဘာ့ကြောင့် ဒီ ကျူရှင်ဆိုပြီး အပြင်မှာ ထပ်တက်နေကြရတာလဲ။ ကျွန်တော်တို့ ခေတ်တုံးက ကြား ကြားဘူးပေါင်။ (ဟို၊ ဦးလေးကြီးတို့ ခေတ်ဆိုတာ ဘယ်နှခုနှစ်လောက် ကလဲ)။ ၁၉၇၀ ပတ်ဝန်းကျင်။ (အဟက်၊ ဦးလေးကြီးက ဘယ်ချောင် သွားအိပ်နေမှန်းမှ မသိတာ၊ ခေတ်တွေ ပြောင်းကုန်ပြီ ဦးလေးကြီးရဲ့၊ ဒီခေတ်က ကျူရှင်တက်မှ ခေတ်မီတယ် ထင်တဲ့ခေတ်လေ)။ ဒါဖြင့် ဟိုတစ်နေ့က ကျွန်တော် ခင်ဗျားတို့ ကျောင်းမှာ ဆယ်တန်းကျောင်းသားတွေကို ပထမကမ္ဘာစစ်အကြောင်း မေးတော့ဖြင့် သေသေချာချာ မသိပါလား။ (အင်း၊ ဒါ ဒါ ကတော့ ...... ဟို --)။
ကျွန်တော်ရွာပြန်စဉ် ကျွန်တော်တို့ရွာအနီးမှ .... ရွာ တွဲဘက်အထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသားကျောင်းသူများအား ခေတ်ကြီး ဘယ်လောက်ပြောင်းလဲ တိုးတက်နေသည့် အကြောင်း၊ ကျွန်တော့် laptop လေးသယ်သွားကာ အင်တာနက်အကြောင်း၊ e-learning များအကြောင်း၊ software CD များပါသယ်သွားကာ ရှင်းလင်းပြပါသည်။ သမိုင်း CD တစ်ချပ်လည်းပါသွားရာ ထိုစီဒီထဲမှ ပထမကမ္ဘာစစ် မှ ဓါတ်ပုံများ၊ video clip များ၊ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းများပါ နားဆင်နိုင်ကြောင်း ပြောလည်းပြော ပြလည်းပြပါ၏။(ထို သင်ကြားမှု အထောက်အကူပြု စီဒီများကိုလည်း ပေးခဲ့ပါသည်)။
ပြရင်း ပြောရင်းနှင့်မှ - အနားရှိ ကံဆိုးသူ မောင်ရှင်တစ်ယောက်ကို ကောက်ခါငင်ခါ ငါ့တူလေးက ဘယ်နှတန်းလဲကွ။ ဆယ်တန်းပါ ဦး။ ဒါဖြင့် မင်း ပထမကမ္ဘာစစ် အကြောင်း သေသေချာချာ သိမှာပေါ့။ (ခပ်ဆိုင်းဆိုင်းလေး လုပ်နေပြီးမှ ) ဟုတ် ဟုတ်။ သိပါတယ် သိပါတယ် ဦး။ အေးကွယ်၊ ကောင်းပါလေ့၊ ဒါဖြင့် ပထမ ကမ္ဘာစစ်ဟာ ဘယ်နှစ်မှာ စ ဖြစ်တာလဲကွ။..................။ အေး၊ အေး၊ ခုနှစ်ဆိုတာ မှတ်ရမလွယ်ဘူး။ မေ့လောက်ရောပေါ့။ ဒါဖြင့် ဘာ့ကြောင့်ဖြစ်ရတယ်၊ ဘယ်နိုင်ငံတွေ ပါပြီး တိုက်ခဲ့တယ် ဆိုတာရော မှတ်မိလား။ ..........။
ကိုင်း၊ ဆရာတို့ ဆရာမတို့ မြင်တဲ့အတိုင်းပဲ။ မေးမိတဲ့ ကျွန်တော့်အပြစ်လား၊ ရှေ့ဆုံးမှ လာထိုင်မိတဲ့ အဲဒီကျောင်းသား အပြစ်လား။ တစ်ခုခုတော့လွဲနေပြီ ဟု ကျောင်းအုပ်ဆရာမကြီးကို တိုင်တည် ပြောကြား ခဲ့ပါ၏။
စာသင်ရုံမျှမဟုတ်ပဲ ကျောင်းသားကျောင်းသူကလေးများ၏ အကျင့်စာရိတ္တဖွံ့ဖြိုးတိုးတက်လာရေး၊ ကျောင်းစာ အပြင် အခြားဗဟုသုတများလည်း ရှာဖွေတတ်လာအောင် လေ့ကျင့် သင်ကြားပေးရေး၊ ကလေးများ၏ ၀ါသနာအရ ပန်းချီ၊ အိမ်တွင်းမှု စသည်တို့ကို ကြိုကြား၊ ကြိုကြား လေ့ကျင့်သင်ကြားပေးရေး။ လူရှေ့သူရှေ့တွင် စကားပြောကျင့် ရလာအောင် ကျပန်းစကားပြောပွဲများ၊ စကားရည်လုပွဲများ၊ ပုံပြောပြိုင်ပွဲများပါ လုပ် ။ (ကျွန်မတို့ သိပြီးသားတွေပါရှင်၊ ဒါပေမဲ့ ရှင့် ကလေးတွေက မလွယ်ဘူးရှင့်။)
အထွေအထူးလုပ်စရာမလိုပါဘူးဗျာ။ စာသင်ချိန်မှာ ဖွံ့ဖြိုးရေးချိန်ဆိုပြီး တစ်ချိန်ထည့်ပေးထားတာပဲ။ အဲဒီအချိန် သင်ပေါ့။ ခုတော့ ခင်ဗျားတို့ဟာက ဖွံ့ဖြိုးရေးချိန်တွေမှာ အကုန်လစ်ကုန်ကြတော့ မခက်လား။

အတိုချုပ်ကြည့်ရအောင်။
အတိုချုပ် လွယ်လွယ်မှတ်လို့ရအောင် ပြောရလျှင် တာဝန်နှင့် ၀တ္တရားအရ မိမိလုပ်ရမည့် အလုပ်ကို လုပ်ကြရာ ၀ယ် မိမိတာဝန်ကို ၀တ်ကျေတန်းကျေ အဖြစ်သဘောမျှမလုပ်ပဲ စေတနာလေးထားလုပ်ကြဘို့ နှင့် ကိုယ့်တာဝန်အပြင် မိမိနှင့် မိမိပါတ်ဝန်းကျင်ပါ ကောင်းစားဘို့။ စကားကြီး စကားကျယ်နှင့်ပြောရလျှင် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးရှိရာ ရှိကြောင်း မိမိလုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ဘာလုပ်ပေးနိုင်သနည်းဟု ဆန်းစစ်ကာ မိမိ တတ်နိုင်သလောက် လုပ်ပေးကြဖို့ ဖြစ်ပါသည်။
နောက်တစ်ခုကလည်း ယခုလက်ရှိဘ၀တွင် ရှာလို့ဖွေလို့ရသမျှသည် ယခုဘ၀မှ သေလွန်သည်နှင့် အကုန် ထားခဲ့ရမည်ဖြစ်ပြီး ကျန်ခဲ့သမျှ သူများအတွက်ချည်း ဖြစ်လေရာ -
မိမိမတရားသဖြင့် ရှာဖွေခဲ့လျှင် မိမိတစ်ဦးထည်းသာ ခံရဘို့ ရှိသည်။ ယမမင်းထံရောက်မှ အရှင်မင်းကြီးရယ်၊ ကျွန်တော်ခိုးခဲ့တာတော့ မှန်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်မျိုးတစ်ယောက်ထဲ စားတာမဟုတ်ပဲ သူတို့လည်း ၀ိုင်းစားကြတာဖြစ်လို့ သူတို့ကိုပါ မျှဝေခံစားစေဘို့ အယူခံဝင်ပြစေ။ ခုလည်း ကျွန်တော်မျိုးရှာခဲ့သမျှ အကုန် လူ့ပြည် ကျန်ခဲ့တာ၊ ကျွန်တော်မျိုး ယောက္ခမနဲ့ ခယ်မတွေ ခွဲဝေယူကြတာ ကုန်ပါပေါ့။ အဲသဟာတွေ ကျွန်တော်မျိုးနောက် လိုက်လာတာမဟုတ်လို့ အပြစ်တော် လျှော့ပေါ့ပေးပါရန် အသနားခံအပ်ပါသည်။ ဟဲ့ ဟဲ့ မောင်မင်း၊ မောင်မင်းပြုခဲ့သမျှ အပြစ်ကို ငါက နည်းစေများစေလုပ်လို့ရတာ မဟုတ်ဘူး လကွဲ့။ မောင်မင်းပြုခဲ့တဲ့ အပြစ်အနည်းအများအလိုက် ခံစားရမဲ့ အကုသိုလ်ကံ အလေးအပေါ့ကို နဂို ကတည်းက ပြဌာန်းပြီးသားဖြစ်လို့ မောင်မင်းကို ငါကိုယ်တော်မြတ် မကယ်မ နိုင်တာ အင်မတန် အားနာပါသကွာ။ ကဲ ကဲ ငရဲသားတို့၊ သည် မောင်မင်းကို သူလုပ်ခဲ့တဲ့ အပြစ်တွေအလျှောက် ဟိုး မဟာအ၀ီစိငရဲ ရဲ့ တတိယအထပ်ကို သွားပို့ချေ။ အောင်မယ်လေးဗျ၊ မှားပါပြီ အမေရေ။
ကျွန်တော်တို့သေသည့်နောက် အရိပ်လို ထက်ချပ်မကွာ လိုက်နေမည်မှာကား ကျွန်တော်တို့ ပြုခဲ့သမျှ ကုသိုလ်ကံ၊ အကုသိုလ်ကံ အကျိုးဆက်များပင် ဖြစ်ပါကြောင်း။

သို့အတွက် ပြည်သူ့ဝန်ထမ်း ဆိုတာ ဘယ်သူဘယ်ဝါများ ဖြစ်ပါပေသနည်း။

ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ ပြည်သူများ၏ အကျိုးစီးပွားကို ထမ်းဆောင်ရန်အတွက် ပြည်သူတို့၏ ဘဏ္ဍာရိက္ခာငွေများဖြင့် ခန့်အပ် ထားသော ပြည်သူ့အကျိုးကို ဆောင်ကြဉ်းသူများ ဖြစ်ပေသည်။



ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ ၀န်ထမ်းတွေအကြောင်းချည်းပဲ ၁၇ မျက်နှာ ဖြစ်သွားပါပေါ့။ တော်မှ။ ကြာရင် ခဲနဲ့ အပေါက်ခံရတော့မယ်။

ကျွန်တော် ပညာရေး၊ လူမှုရေးနှင့် ဘာသာရေးအကြောင်းများ ပြောချင်ပါသေးသည်။ ထို ခေါင်းစဉ်များ အတွက် ပြောစရာများမှာလည်း ကျွန်တော့်ရင်နှင့် အပြည့်ဖြစ်နေရာ စာမျက်နှာ တော်တော်များပါလိမ့်မည်။ လူမှုရေးဆိုသည်မှာ ပြည်သူလူထုကြီး အကြောင်းပင်ဖြစ်၍ ပြည်သူလူထု ဟူသော ခေါင်းစဉ်ဖြင့် ရေးပါမည်။

(သည်တွင် ရေးထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ကျွန်တော်တစ်ဦးတည်း မောင်ပိုင် ကိုယ်ထင်တာ ကလေးကို ရေးထားတာသာဖြစ်ပြီး မည်သည့် ကျမ်းတစုံတရာထဲမှ ကိုးကားထားခြင်း မဟုတ်ပါ၍ စာရှုသူ မိတ်ဆွေအပေါင်း သဘောမတူလျှင်လည်း အပြစ်ဆိုစရာ မရှိပါ။)

No comments: