Sunday, September 21, 2008

Religion

ဘာသာရေး

နောက်တစ်ခု ကြီးကြီးကျယ်ကျယ် ကျွန်တော် ဆွေးနွေးချင်သည်မှာ ဘာသာရေး ဖြစ်ပါသည်။ ဟဲ့အကောင်၊ နင်က ဘယ့်ကလောက်တတ်လို့များ ဘာသာရေးကို သွားဆွေးနွေးချင်ရတာလဲ ဟု ကောင်းချီးအပေးမစောပါနှင့်ဦး။ ဗုဒ္ဓ ဘာသာစာပေများကို လေ့လာဖူးပြီး မြတ်ဗုဒ္ဓ ဟောပြောခဲ့သောတရားတော်များကို အလွန်နှစ်ခြိုက်သူတစ်ဦးအနေနှင့် ဗုဒ္ဓဘာသာ တိုးတက်ထွန်းကားစေလိုသော စေတနာနှင့် အမြင်မတော် (အဲလေ) အနည်းငယ် ဝေဖန်အကြံပြုစရာလေးများ ကို တင်ပြလိုခြင်းသာ ဖြစ်ပါသည်။

အမှန်မှာ ကျွန်တော် ဘာသာရေးနှင့်ပတ်သက်၍ ကျွန်တော် မြင်ခဲ့ကြားခဲ့ တွေ့ကြုံခဲ့ပြီး ကျွန်တော့်စိတ်နှင့် မတွေ့ခဲ့သည်များကို ဆောင်းပါးတစ်ပုဒ် ရေးပြီးဖြစ်ပါ၏။ ထိုဆောင်းပါး (ဘာသာရေး လိုက်စားသူမျာ6း2) ကို ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိစဉ်ကထဲက (၁၉၉၅) ရေးခဲ့ခြင်းဖြစ်ပါ၏။ နောက်တော့ ပြန်လည်ဖြည့်စွက်ချက်များနှင့် version 3 ကို မနှစ်ကထင်ပါသည် ပြန်လည်ရေးသားကာ ကံမကောင်းအကြောင်းမလှသူ ကျွန်တော့်မိတ်ဆွေများထံ ပစ်လွှတ်ခဲ့ပါ၏။ ကျွန်တော့်မှာ အင်မတန်ခေါင်းမာပြီး တယူသန်လှသူ ဖြစ်ပေရာ ထိုစာထဲတွင် ကိုယ့်အသိဉာဏ် တစ်မိုက်လောက်နှင့် ဆရာကြီး သမားကြီးများ၊ ကျွန်တော်တို့ ပြည်သူပြည်သားများ၏ ဓလေ့ထုံးစံများကို ပစ်စလက်ခတ် ဝေဖန်ထားသဖြင့် ကြိုက်သူက နည်းနည်း၊ မကြိုက်သူများများ ဖြစ်ခဲ့ပါ၏။ အမှန်က သူရို့ကို အပြစ်မဆိုသာပါ။ ကျွန်တော့် အစွန်းရောက်လွန်းသော အယူအဆများကြောင့်သာ ဖြစ်ပါ၏။ အခု ထိုစာကို ကျွန်တော် တတိယလူ အနေနှင့် ပြန်ဖတ်ကြည့်တော့ ဟုတ်ပါ၏။ ကျွန်တော်၏ တစ်ဖက်စွန်းရောက် အယူအဆများကို ပြန်လည်မြင်တွေ့ လာရပါသည်။။ အမှန်က ကျွန်တော့်အယူအဆများကို မှားသည်ဟု ကျွန်တော်မယူဆပါ။ (ရှုပ်ပါ့ကွာ၊ မင်းပဲ အစွန်းရောက်တယ် ပြောလိုက်၊ ခုပဲ မမှားပြန်ဘူးပြောလိုက်။ ဘာတွေလဲကွ။)
သည်လိုပါခင်ဗျား။ ကျွန်တော်အထက်တွင် ရေးခဲ့သလို ကျွန်တော်ငယ်စဉ်က မာ့က်စ်၊ လီနင်တို့၏ အတွေး အခေါ်အယူအဆများကို အင်မတန်နှစ်သက်ခဲ့သည် ဖြစ်ရာ ထို စာများ၏ သြဇာသည် ကျွန်တော့်ကို ယခုတိုင် လွှမ်းမိုးဆဲ ဖြစ်ပါ၏။ သို့အတွက် ကျွန်တော်ရေးခဲ့သော “ဘာသာရေးလိုက်စားသူများ” တွင် ထို ရုပ်ကြမ်းဝါဒအရှိန်အစော်များ တော်တော်များများ ပါသွားခြင်း ဖြစ်ပါ၏။ သို့ပါသော်လည်း ကျွန်တော့်အယူအဆများ မှန်သည်ဖြစ်စေ လူအများ ယုံကြည်ကိုးကွယ်နေကြသည်ကိုတော့ လေးစားတန်ဖိုးထားရမည် အမှန်ဖြစ်ပါ၏။
ဥပမာအားဖြင့် ဒက္ခိဏသာခါ ရုပ်ပွားတော် မီးကွင်းသည်ဟု ယူဆပုံကို ကျွန်တော် ဝေဖန်တာ အတော်လေး ကြမ်းသွားပါသည်။ ထို့အတူပင် ဘုရားများ၌ ဆင်းတုတော်များကို ရေသပ္ပါယ်ခြင်းအား ဝေဖန်ထားသည်မှာ သိပ်တော့ အချိုးမပြေလှပါ။ ထိုဆောင်းပါးကို ဤတွင် ထပ် မဖော်ပြတော့ပါ။ မဖတ်ရသေးသူများ အတွက် နောက်ဆက်တွဲဖြင့် ဖော် ပြပါမည်။ ကိုင်း - ရှေ့ဆက်ကြပါစို့။
Ref: 62. http://www.scribd.com/doc/6186602/Dhamma-People

လောကုတ္တရာ ပညာ၏ သင်ရိုးညွှန်းတမ်းမှာ ဘုရားဟော (ပိဋကဋ် သုံးပုံ၊ ခရာဇ်ယန် သမ္မာကျမ်းစာ၊ ကူရ်အန်) တရားစာပေများဖြစ်ပြီး လောကီပညာ၏ သင်ရိုးညွှန်းတမ်းမှာမူ သက်ဆိုင်ရာ အစိုးရက ပြဌာန်းထားသော ကျောင်းသင် ပြဌာန်းစာအုပ်များဖြစ်ပါသည်။
(လောကုတ္တရာပညာ ဆိုရာတွင်လည်း ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်နေသဖြင့် ဗုဒ္ဓစာပေများအကြောင်းပဲ ဆွေးနွေးသွားပါမည်။ အခြားဘာသာ ကျမ်းစာများကို ကျွန်တော်နားမလည်ပါ။)
မည်သည့် ဘာသာပင်ဖြစ်စေ လောကုတ္တရာပညာ၏ အန္တိမရည်မှန်းချက်မှာ ဒုက္ခသုက္ခများဖြင့် ပြည့်နှက်လျှက် ရှိသည့် လက်ရှိဘ၀ကြီးမှ လွတ်မြောက်ရေးပင် ဖြစ်ပါ၏။ သို့သော် ဘာသာရေးစာပေများက ဤလောကီ လူ့ဘ၀ကြီးတွင် မည်သို့နေထိုင်ရမည် ဆိုသည်ကိုလည်း လမ်းညွှန်ထားပါသေးသည်။ အမည်မျှပင်ကွဲသွားသော်လည်း အခေါ်အဝေါ် များပင် ကွဲပြားသွားသော်လည်း အနှစ်ချုပ်ကြည့်လိုက်လျှင် ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့် စိတ်နှလုံးဖြူစင် မြင့်မြတ် ရေးကို ဘာသာအားလုံးပင် ဦးတည်ထားကြောင်း တွေ့နိုင်ပါသည်။ ဘယ်ဘာသာ ဖြစ်လို့ ဘယ်လိုယူရမည်၊ ဘယ်ဘာသာဖြစ်လို့ ညာလိုယူရမည် ဟု အရမ်းရောကာရော မျက်စိမှိတ်ကာ အတင်း ဇွတ်ငြင်းမနေပါနှင့်။ အကျိုးမရှိပါ။ မည်သည့်ဘာသာပင် ဖြစ်စေ မိမိတို့ ဘာသာတရားက သင်ပြချက်၊ ညွှန်ပြချက်များကို လက်တွေ့လိုက်နာဘို့ပဲ အရေးကြီးပါသည်။ မည်သည့် ဘုရားက မည်မျှကောင်းအောင် ဟောထားစေကာမူ လက်တွေ့မလိုက်နာကြလျှင် အချည်းနှီး။ ဘာမှအသုံးမ၀င်။
လောကုတ္တရာ ပညာရေးကို နှစ်ပိုင်းခွဲရလျှင် ဘုန်းတော်ကြီးများ သင်ရသည့်လောကုတ္တရာ ပညာရေးနှင့် လူများသင်ရသည့် လောကုတ္တရာ ပညာရေး ဟု ကျွန်တော် နှစ်ပိုင်းခွဲ လေ့လာချင်ပါသည်။ အမှန်ကတော့ ဘုရားဟော အားလုံးပင် ဖြစ်ပါ၏။ သို့သော် သာသနာ့ဝန်ထမ်းများလေ့လာရမည့် ဓမ္မစာပေနှင့် လောကီဘုံသားများ လေ့လာရမည့် ဓမ္မစာပေမှာ မတူနိုင်ပါ။ သာသာနာ့ဝန်ထမ်းများမှာ ဗုဒ္ဓတရားတော်များကို ခရေစေ့တွင်းကျ ကျကျနန လေ့လာရမည် ဖြစ်ပြီး နောက်မှ မိမိတို့ တတ်ကျွမ်းထားသော ကျမ်းဂန်များစွာတို့ထဲမှ လူများနှင့် သင့်တော်ရာတို့ကို ကာလံဒေသံ အလျှောက် ဟောပြောပြသရသည်သာ ဖြစ်၏။ ဤတွင် ကျွန်တော်သည် ဘာသာရေးစာပေများကို အထူးပြုလေ့လာ လိုက်စားသူတစ်ဦး မဟုတ်မူရကား ပိဋကဋ်တော်များမှာ ကျွန်တော်၏ အရာဌာန မဟုတ်။ ကျွန်တော်ပြောချင်သည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်များအတွက် ဖြစ်ပေ၏။ လူဝတ်ကြောင်တောင်မှ ဘာသာရေးစာပေများကို တတ်ကျွမ်းနားလည်သော တရားဟောဆရာကြီးများနှင့် ဓမ္မကထိကများအတွက် မဟုတ်။ သာမန် အရပ်သူ၊ အရပ်သား များအတွက်သာ ဖြစ်ပါ၏။
သို့အတွက် အောက်ပါ ရေးလတ္တံ့စာတို့သည် ရပ်ကွက်ထဲမှ၊ ကျေးရွာထဲမှ လူထုကြီးကို ရည်ညွှန်းသည် ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ ထို့ပြင် တက်သစ်စ ကိုကျောင်းသား၊ မကျောင်းသူ နှင့် ကိုလူငယ်၊ မလုံမလေး တို့အတွက်ဆိုလျှင် လည်း မမှားပါ။
ကျွန်တော်တို့ခေတ်တုံးက ကျေးလက်တောရွာများတွင် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဗုဒ္ဓ အဆုံးအမများကို လေ့လာသင်ကြားကြရပါသည်။ ကလေးလူငယ်မှန်သမျှ ကျားမမရွေး ဘုန်းတော်ကြီးကျောင်း မနေဖူး သူ မရှိ။ အနည်းဆုံး ယံမင်္ဂလာလောက်တော့ ရကြသည်ချည်း။ ဖိုးသူတော် ဦးနု စကားပုံနှင့် ရင်းနှီးဖူးကြသူချည်း။ ဗမာ ဗုဒ္ဓဘာသာထုံးစံအရ ယောက်ျားလေးများကို ငယ်ရွယ်စဉ် ကိုရင် ၀တ်ပေးကြသည်။ အရွယ်ရောက်လာတော့ ပဉ္စင်း တက်ပေးကြသည်။ ကိုရင်မ၀တ်မီ ဘုန်းကြီးကျောင်းတွင် တစ်ပတ်တန်သည် ဆယ်ရက်တန်သည် စာသင်ရသည်။
ဆိုတော့ အနည်းဆုံး ဘုရားဟော စာပေများနှင့် သိပ်မစိမ်းကြ။ အနည်းငယ် တီးမိခေါက်မိရှိသည်။ ဘုန်းတော်ကြီးကျောင်းများတွင် သင်သည့် လက်စွဲစာအုပ်မှာ ဆယ်စောင်တွဲ63 ဖြစ်ပါ၏။ မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ပရိတ်ကြီး၊ လောကနီတိ၊ ဆုံးမစာ စသည့် ဆယ်စောင်ကို တွဲထား သဖြင့် ဆယ်စောင်တွဲ ဟု ခေါ်ခြင်းဖြစ်ပါ၏ (ကျွန်တော်အကုန် မမှတ်မိတော့ပါ)။
ခုခေတ်တွင်တော့ ဤဓလေ့ပျောက်သွားသည် ထင်ပါ၏။ ကျွန်တော် မြန်မာပြည် ကျေးလက်တောရွာများသို့ ပြန်မရောက်ဖြစ်တာ ကြာပြီဖြစ်သဖြင့် သေသေချာချာ မသိပါ။ သေချာတာတစ်ခုကတော့ ယနေ့လူငယ်များတွင် ဘာသာ ရေး ဗဟုသုတများ (လေ့လာလိုက်စားသူ အနည်းငယ်မှအပ) အတော့်ကို အားနည်းသွားပြီ ဆိုတာပဲ ဖြစ်ပါ၏။ လူငယ် တွေတင်မဟုတ်ပါ။ လူကြီးတွေလည်း သိပ်မထူးပါ။ အများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်း မသိသူ တွေ အများကြီး ဖြစ်ပါသည်။
ဒါပေသိ၊ ကျွန်တော်တို့ခေတ်တွင် တရားပွဲတွေလည်း များမှများ ဖြစ်ပါ၏။ ဟိုနား နိဗ္ဗာန်ရောက်ကြောင်း တရားပွဲ။ သည်နား နိဗ္ဗာန်ရောက်ကြောင်း တရားပွဲ။ ဟိုမြို့တွင် ဆယ်ရက်စခန်း၊ သည်မြို့တွင် တစ်လစခန်း။ လူအများ၏ ပါးစပ်ထဲတွင်လည်း ၀ိပဿနာ၊ ၀ိပဿနာနှင့် တနာထဲနာနေကြတာ အများသိ ဖြစ်ပါ၏။ ဘုန်းကြီးများလည်း ကြိုးစား ပမ်းစား ဟောကြားကြပါသည်။ သို့သော် ကျွန်တော့်အထင်ပြောရလျှင် ကျွန်တော်တို့သည် ဆရာတော်ကြီးများ ဟောကြားသည့်တရားကို တရားပွဲထဲတွင်ပင် ထားခဲ့ကြပြီး အိမ်သို့သယ်မလာခဲ့ကြပါ။ (အမှတ်ရသဖြင့် ဆရာ ဒေါက်တာ မင်းတင်မွန် ပြောတာလေး သွားသတိရပါ၏။ ကျွန်တော်တို့ နောက်ဆုံးနှစ်ကျောင်းသားဘ၀(၁၉၈၅) က တက္ကသိုလ်များ ဓမ္မာရုံတွင် ဒေါက်တာမင်းတင်မွန် ပို့ချသော အဘိဓမ္မာသင်တန်း သွားတက်ပါ၏။ သည်တွင် ဆရာက ပို့ချသည်များကို နောက်နေ့ ပြန်ပြန်မေးပါ၏။ မဖြေနိုင်သောအခါ အင်း ခင်ဗျားတို့ဟာက သင်တန်းလာတက်လိုက်၊ အိမ်ပြန်ရောက်တော့ သင်တန်းမှတ်စုတွေ ချောင်ထဲ ထိုးထားလိုက်။ နောက်နေ့ ထပ်လာတက်လိုက်၊ အိမ်ပြန်ရောက် ချောင်ထဲထိုးထားလိုက် နဲ့ တက်ထိုး ဖြစ်နေတယ် ဟူ၏။) သည်မျှ တရားပွဲတွေ တစ်ချိမ်းချိမ်းကျင်းပနေတာတောင် သည်မျှ ကိုယ်ကျင့်တရား များ ဇောက်ထိုးမိုးမျှော် ဖြစ်နေရခြင်းသည် တက်ထိုး တွေများနေခြင်းကြောင့်သာ ဖြစ်မည်။

မဟာဂန္ဓာရုံ ဆရာတော်ကြီး(ထင်ပါသည်၊ ကျွန်တော် သိပ်မမှတ်မိတော့ပါ) ဟောခဲ့သည်မှာ -
Ø လူ့ဘ၀၏ အနှစ်သာရသည် ကိုယ်ကျင့်တရား(သီလ)
Ø ပစ္စည်းဥစ္စာတို့၏ အနှစ်သာရသည် ဒါန

ဗုဒ္ဓဘာသာ နေလိုလလိုထွန်းကားနေသော ကျွန်တော်တို့၏ ဗမာပြည်ကြီးတွင် ကိုယ်ကျင့်တရားများ သည်မျှ ဗရုတ်သုတ်ခ ဖြစ်နေရခြင်း၊ လူ၏တန်ဘိုးကို အလေးမထားခြင်း စသည်တို့သည် အဘယ်ကြောင့်ပါနည်း။ ဈေးဝယ်ရာ တွင် အလေးခိုးခြင်း။ ဆီချင်ရာတွင် ခွက်ခိုးခြင်း။ ဆန်စပါးစသည့် ကောက်ပဲသီးနှံများ ချင်တွယ်ရာတွင် တောင်းခိုးခြင်း စသည် တို့သည် အဘယ်မှထွက်ပေါ်လာသော ရလာဒ်များဖြစ်ပါသနည်း။ တောမှလူများသည် အလွန်ရိုးသားကြသည် ဟု သိထားကြပါသည်။ သို့သော် ဆန်၊စပါး၊ ကောက်ပဲသီးနှံများချင်တွယ်ရာတွင် နို့ဆီဗူး ၈ လုံး = တစ်ပြည်။ ၁၆ ပြည် = တစ်တင်း နှုံးဖြင့် အပြည့်အ၀ ချင်ပေးကြပါ၏ လော။ မချင်ပါဟု ဆိုလျှင် ဤကဲ့သို့ မချင်တတ်အောင် မည်သူများက သင် ပေးလိုက်ပါသနည်း။ စံနစ်သည်သာ တရားခံဟု အရာရာတွင် စံနစ်ကိုချည်း (ကိုယ်အသုံးမကျတိုင်း) အပြစ်ပုံချ နေမည်လား။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်လူနေမှုဘ၀တွင် ငါးပါးသီလ(နိစ္စသီလ) ကို အမြဲလိုလို ခံယူဆောက် တည်နေကြပါသည်။ ဗုဒ္ဓဘာသာဝင်မှန်လျှင် သြကာသကန်တော့ချိုးကို ကလေးကစ ရကြသည်။ သို့ဖြစ်လျှင် ကျွန်တော် တို့ အမြဲရွတ်ဖတ်၊ သို့မဟုတ် ခံယူဆောက်တည်နေကြသော ဤသြကာသသည် မည်သည့် အဓိပ္ပါယ်ဆောင်သည်ကို ကျကျနန သိကြပါ၏လော။ ထို့ထက် အဘယ့်ကြောင့် ခံယူဆောက်တည်နေကြသည် ဆိုသည်ကိုရော လေးလေးနက် နက် စဉ်းစားမိကြပါ၏လော။ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဟု အမြဲရွတ်နေသော်လည်း သမ္မာသမ္ဗုဒ္ဓ ဟူသည် မည်သည့်အဓိပ္ပါယ်ရှိ၍ မည်သည်ကို ရည်ညွှန်းသည်ဆိုသည်ကို သေသေချာချာ သိပါ၏လော။
ကိုယ်ကျင့်သီလ မလုံပဲ ၀ိပဿနာလုပ်နေတယ်ဆိုတာ လုံချည်မ၀တ်ထားပဲ ခေါင်းပေါင်းပေါင်းနေတာလို ဖြစ် နေပြီ ဟု ဆရာတော်ကြီးတစ်ပါး ဟောဖူးပါ၏။ ဘယ်ဆရာတော် ဆိုသည်ကိုမူ ကျွန်တော်မေ့နေပါပြီ။ ကျွန်တော့်အမြင် ပြောရလျှင် ဘာသာရေးကိစ္စများအတွက် အဓိက တာဝန်ရှိသူများမှာ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များ ဖြစ်ပါ သည်။ တစ်နိုင်ငံလုံး၏ ဘာသာရေးအဆင့်အတန်း တိုးတက်မြင့်မားလာရေးမှာ တစ်ရွာချင်း တစ်ရပ်ကွက်ချင်းစီ၏ ဘာသာရေးအဆင့်အတန်း မြင့်မားလာမှ ဖြစ်နိုင်ပါမည်။ ကျွန်တော်တို့ မြန်မာလူနေမှု စံနစ်တွင် ကျေးရွာရပ်ကွက်များ၌ သြဇာတိက္ကမအရှိဆုံးပုဂ္ဂိုလ်မှာ ရွာဦး ကျောင်းထိုင်ဆရာတော် ဖြစ်ပါသည်။
ကျေးရွာကောင်စီ ဥက္ကဌများအား ကြောက်ရွံ့ခန့်ငြားခြင်းနှင့် ကျောင်းထိုင်ဆရာတော်အား ကြောက်ရွံ့ခန့်ငြားခြင်း တွင် အဓိပ္ပါယ် အများကြီး ကွာပါသည်။ ကျေးရွာကောင်စီ ဥက္ကဌကိုယ်တိုင် ရွာဦးကျောင်းထိုင် ဆရာတော်၏ သြဇာ အောက်မှာ ရှိပါသည်။ သည်လိုဖြင့် သည်ကျေးရွာသူ ကျေးရွာသားများ၏ ဘာသာရေးအသိပညာတိုးပွားလာခြင်း နှင့် လူမှုဆက်ဆံရေး၊ ကိုယ်ကျင့်တရားများ တိုးတက်လာရေးကို ကျောင်းထိုင်ဆရာတော်အနေနှင့် လုပ်မည်ဆို တတ်နိုင် ပါသည်။ သို့သော် မည်သို့လုပ်မည်နည်း ဟူသည့်နည်းလမ်းကိုတော့ ကျောင်းထိုင်ဆရာတော်အနေနှင့် တတ်သိ နားလည် ထားရမည် ဖြစ်ပါသည်။ ထိုဆရာတော်သည် (ပြောသာပြောရ မိကျောင်းမင်း၊ ရေခင်းပြ သလိုများ ဖြစ်နေ လေရော့မလား) သာယာဝတီ ယပ်ထောင်ယပ်လှဲ တရားကလေးများကိုကျက်ပြီး အလှူ၊ မင်္ဂလာဆောင်များတွင် ရေစက်ချပေး၊ တရားဟောရုံလေး၊ ဆွမ်းကျွေးရှိပါကကြွ၊ အသုဘတွင် သရဏဂုံတင်ပေးရုံမျှနှင့် ကိုယ့်တာဝန်လုံ၊ ပြီးပြည့်စုံဟု၊ တော်ရုံအမြင်၊ မတိမ်နှင့်။ (ဆယ်တန်းကျောင်းသားဘ၀က ကျက်ခဲ့ရသည့် ကဗျာ တစ်ပိုင်းတစ်စ ဖြစ်ပါ၏)။
သိင်္ဂလောဝါဒသုတ်လာ ကျင့်ဝတ်များ၊ မင်္ဂလာတရား ၃၈ ပါး စသည်တို့သည် နေ့စဉ် လူနေမှုဘ၀တွင် ကျင့်သုံး ရမည့် တရားများဖြစ်ရာ ၎င်းတို့ကို ကလေး၊ လူကြီး၊ ကျား၊ မ။ ပျိုပျို၊ အိုအို အားလုံး ကျကျနန သဘောပေါက်နားလည် လာအောင် ဆရာတော်ကြီးများအနေနှင့် သင်ကြားပြသ ပေးရမည်ဖြစ်ပါ၏။ ထို့ပြင် နားလည်ရုံနှင့် မပြီးသေး၊ လက်တွေ့ ဘ၀တွင် လိုက်နာကျင့်သုံးလာစေရေးအတွက်လည်း အမြဲ တိုက်တွန်းနှိုးဆော်နေရမည် ဖြစ်ပါ၏။
တခါတရံမှ ပြင်ပမှ လာဟောသော အခြားနာမည်ကြီးဆရာတော်များ၏ တရားပွဲများလည်း အရေးကြီးပါ၏။ သို့ သော် ထိုကဲ့သို့သော တရားပွဲများမှာ ရံဖန်ရံခါမှ နာယူရသည့်ပြင် မှတ်မိဘို့လည်း အင်မတန် ခဲယဉ်းလှပါသည်။ တရားပွဲ မှ ထပြန်လာသောအခါ ဟောလိုက်သောတရား၏ ငါးပုံတစ်ပုံလောက်ကို မှတ်မိနိုင်သေးသည်။ သို့သော် နက်ဖြန်ရောက် သောအခါတွင်မူ ဆယ်ပုံတစ်ပုံသာ ကျန်တော့သည်ဖြစ်၍ နောက်ဆယ်ရက်လောက်ကြာသောအခါတွင်မူကား တစ်လုံး တောင်မှ သိပ်မသေချာချင်တော့ပါ။ တစ်လကျော်သွားသည့် အခါတွင်မူ ဘာတရားဟောသွားပါလိမ့် ဟု မနည်းပြန် စဉ်းစားရလိမ့်မည်။ သို့ဆိုလျှင် တရားပွဲကျင်းပရခြင်း၏ အဓိပ္ပါယ် ကင်းမဲ့သွားပြီလော ဟု မေးစရာရှိပါ၏။ သည်လိုလည်း မဟုတ်ပါ။
ဟောလိုက်သောတရားများကို မေ့သွားချင်မေ့သွားလိမ့်မည်။ သို့သော် ဤအရာများသည် ဦးဏှောက်ထဲ စိမ့်ဝင် သွားသည်ဖြစ်ရာ သူတို့၌ များစွာအခြေခံရသွားပါ၏။ ဆိုလိုသည်မှာ အာသေ၀နပစ္စယ သတ္တိကြောင့် ပထမတရားပွဲမှ ထို အခြေခံများသည် နောက်ဟောသော တရားများကို သဘောပေါက်နားလည်စေရာ၌ များစွာ အထောက်အကူ ပြုသွားပါ ၏။ အရေးကြီးသည်မှာ တရားဟောပြီး ပြီးပြီးပျောက်ပျောက် ဖြစ်မသွားပဲ ထိုတရားတော်များကို နေ့စဉ်ဘ၀တွင် မည်သို့ အသုံးချရမည်ကို ကျောင်းထိုင်ဆရာတော်များမှ ပြန်လည် ရှင်းလင်းပြသပေးပြီး တကယ်ကျင့်သုံး မသုံးကိုလည်း အမြဲ လေ့လာသွန်သင် ဆုံးမပေးနေဘို့ ဖြစ်ပါ၏။ သို့မှ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်း၏ အနှစ်သာရကို ဆုပ်မိကိုင်မိ ဖြစ်ပါလိမ့်မည်။

Lead by example

ဥပမာအားဖြင့် -
ဘုရားအလောင်းမျောက်မင်းက ပုဏ္ဏားကို အသက်ပေး၍ ကယ်ခဲ့သော ဇာတ်တော်ကို ဟောသွားသည် ဆိုပါစို့။ မျောက်မင်းသည် တောနက်ထဲမှ ကျင်းတစ်ကျင်းအတွင်း ကျနေသော ပုဏ္ဏားတစ်ယောက်၏ ကယ်ပါယူပါ တစာစာ အသံကို ကြားသောအခါ ပုဏ္ဏားကိုကယ်မည်ဟု ကျင်းဆီသို့သွားလျှက် ပုဏ္ဏားကိုကယ်ရန် အကြံထုတ်၏။ ပထမ ကျင်း ၏ အနက်ကို တွက်ဆ၏။ ထို့နောက် ပုဏ္ဏား၏အလေးချိန်ကို တွက်ဆ၏။ ပြီးမှ ပုဏ္ဏားကိုထမ်းပြီး ကျင်းအတွင်းမှ ခုန် ထွက်နိုင်၊ မနိုင်ကို ပုဏ္ဏား၏ ကိုယ်အလေးချိန်နှင့် ညီမျှသော ကျောက်တုံးတစ်တုံးကို ကျော၌ပိုးလျှက် ခုန်ကြည့်ခြင်းဖြင့် ချိန်ဆ၏။ သေချာပြီဆိုမှ ပုဏ္ဏားကိုကျောက်ကုန်းထက်၌ ပိုးလျှက် ကျင်းအတွင်းမှ ခုန်ထွက်ကာ ကယ်မ၏။
ကျင်းပေါ်ရောက်သောအခါ မျောက်မင်းသည် မောပန်းလွန်းလှသည်နှင့် ပုဏ္ဏား၏ပေါင်ပေါ် ခေါင်းအုံးကာ ခေတ္တ အနားယူ မှေးအိပ်ပါသည်။ ထိုအခါ ယုတ်မာလှသော ပုဏ္ဏားသည် မိမိ၏အသက်သခင် ကျေးဇူးရှင်ကို မျောက်သားစားရန် အကြံဖြင့် ကျောက်ခဲဖြင့် ဦးခေါင်းကို အားကုန်ထုသတ်လေ၏။ ထိုအခါ မျောက်မင်းသည် သြော် - လောကမှာ ဤကဲ့သို့သော လူမျိုးများလည်း ရှိပေသေးသကိုး ဟု အံ့သြလျှက် မိမိကို သတ်ရန်ကြံသည့် ပုဏ္ဏားကို အမျက်မထွက်၊ မေတ္တာမပျက်ပဲ တောနက်ထဲမှနေ၍ ပုဏ္ဏားအိမ်မပြန်တတ်မည်ကို စိုးရိမ်ကြောင့်ကြသောအားဖြင့် သစ်ပင်တစ်ပင်မှတစ်ပင်သို့ကူးခါ မိမိဦးခေါင်းမှ တစ်စက်စက်ကျနေသော သွေးစက်တို့ကို ခြေရာခံစေ၍ ပုဏ္ဏားအား အိမ်အရောက် လမ်းပြခဲ့ပေသည်။
ဤဇာတ်တော်ဖြင့် ဘုရားရှင်သည် ကျွန်ုပ်တို့အား ဘာပေးလိုသည်ကို ဘုန်းတော်ကြီးများက သေသေချာချာ ရှင်းပြရန် လိုပေသည်။ xxxxxx ခြေရာခံစေ၍ ပုဏ္ဏားအား အိမ်အရောက် လမ်းပြပါပေတော့ သတည်း။ သာဓု၊ သာဓု၊ သာဓု ဟု သာဓု သုံးကြိမ်ခေါ်ကာ တရားပွဲလည်းပြီး ခေါင်းထဲလည်း ဘာမှမကျန်ခဲ့တော့ပဲ နင်လည်းနေ ငါလည်းသွား တော့မည်ဟု ဖုတ်ဖက်ခါ ထလာရုံမျှဖြင့် မည်မျှကောင်းမွန်လှသော တရားပွဲကြီးများ မည်မျှ ကျင်းပနေစေကာမူ ကျွန်တော်တို့တွင် ဘာမှရလိုက်စရာ မရှိပါ။ တရားတော်၏ အနှစ်သာရကို သုံးသပ်ပြီး လူအများလိုက်နာကျင့်သုံး နိုင်သည့် အဆင့်အထိ ချပြမှ တရားနာရကျိုးနပ်ပါမည်။ သည်ကဲ့သို့ အနှစ်သာရထုတ်တတ်စေရန် တရားတော်များကို ဆန်းစစ်ကြည့်ဘို့ လိုပါမည်။
အထက်ပါ မျောက်မင်း တရားတော်ကို ကျွန်တော်တို့ လေ့လာ သုံးသပ်ကြည့်ကြပါစို့။ ဤတရားတော်တွင် အင်မတန်အဖိုးတန်လှသော သင်ခန်းစာများကို တွေ့လာရပါလိမ့်မည်။
ပထမ မျောက်မင်း၏ အလွန်မြဲမြံခိုင်မာလှသော သံဓိဌာန် ကို တွေ့ရပါလိမ့်မည်။ မည်ကဲ့သို့သော အနှောက် အယှက် အခက်အခဲများကိုတွေ့တွေ့ အသက်ဘေးနှင့် ရင်ဆိုင်လာစေကာမူ ပုဏ္ဏား၏အသက်ကို ရအောင် ကယ်မည် ဟူသော အဓိဌာန် ဖြစ်ပါ၏။
ထို့နောက် မိမိ၏ အဓိဌာန် ထမြောက်အောင်မြင်ရေးအတွက် ကံ၊ ဉာဏ်၊ ၀ီရိယ သုံးမျိုးလုံးပေါင်းစပ် လုပ်ဆောင်သွားခြင်း ကို တွေ့ကြရပါလိမ့်မည်။ ကျင်းအနက်၊ ပုဏ္ဏား၏ကိုယ်အလေးချိန် တို့ကိုတွက်ဆခြင်း၊ ပုဏ္ဏား၏ ကိုယ်အလေးချိန်နှင့် ညီမျှသောကျောက်တုံးကို အစမ်းချီမကာ ခုန်ကြည့်ခြင်းတို့သည် ကံ နှင့် ဉာဏ် အရာဖြစ်၍ ပုဏ္ဏားကို ထမ်းကာ မရရအောင်ခုန်တက်ခြင်းမှာ အလွန်ထက်သန်သော ၀ီရိယ ဖြစ်ပါ၏။
မိမိ၏ အသက်ကိုပင်ရန်ရှာလာသော ပုဏ္ဏားအပေါ် မေတ္တာမပျက်ပဲ အိမ်အရောက် အပင်ပန်းအဆင်းရဲခံကာ လိုက်ပြခြင်းကား တုနှိုင်းမရသော မေတ္တာဓါတ် ဖြစ်ပါ၏။ ရန်သူကိုပင် မေတ္တာမပျက်ပါနှင့် ဟု စံနမူနာ ပြလိုက်ခြင်းပင် ဖြစ်ပါ၏။
နောက် အရေးကြီးဆုံးတစ်ချက်မှာ မြတ်စွာဘုရားအလောင်းတော်သည် မိမိအသက်ကိုပင် ပမာမထားပဲ သူတစ်ပါးအရေးကို ဆောင်ကြဉ်းလိုစိတ် ဖြစ်ပါ၏။

သည်လိုဆို သည်တရားတော်မှ ရလိုက်သော သင်ခန်းစာများကို လက်တွေ့ လူနေမှုဘ၀တွင် မည်ကဲ့သို့ အသုံးချ ပါမည်နည်း။

၁။ မျောက်မင်း၏ မြဲမြံခိုင်မြဲသော သံဓိဌာန်ကဲ့သို့ မိမိချမှတ်ထားသော ရည်မှန်းချက်ကို အဘယ်မျှလောက်သော အခက်အခဲများတွေ့စေကာမူ မရောက်ရောက်အောင် သွားမည်ဟူသော ခိုင်ခံ့သော အဓိဌာန် ရှိရမည်။
၂။ ထို့နောက် မိမိရည်မှန်းချက် ထမြောက်အောင်မြင်ရေးအတွက် မည်ကဲ့သို့လုပ်ရမည်နည်း ဟူသော နည်းလမ်းများ ကို ရှာရမည်။ ဤသို့ရှာရာ၌ ကောင်းမွန်မှန်ကန်သောနည်းလမ်းများဖြစ်စေရေးအတွက် လေ့လာရမည်၊ စူးစမ်းရမည်၊ ဦးဏှောက်သုံးရမည်။ မှန်ကန်သင့်မြတ်သော နည်းလမ်းများရပြီဆိုပါက အရိုးကြေကြေ၊ အရေခန်းခန်း ၀ီရိယစိုက်ထုတ် လုပ်ကိုင်ရမည်။
၃။ မိမိရည်မှန်းချက်ပန်းတိုင် ရောက်အောင်သွားရာတွင် အနှောင့်အယှက် အခက်အခဲ အမျိုးမျိုးတို့ကိုတွေ့ရမည်။ မိမိကယ်ခဲ့ဖူးသောသူကပင် မိမိနောက်ကျောကို ဓါးနှင့်ထိုးတာ တွေ့ရနိုင်သည်။ ထိုအခါ ထိုသူများအပေါ် မေတ္တာမပျက်ပဲ ဆက်ဆံပါ ဟု အလောင်းတော် မျောက်မင်းက ကျွန်တော်တို့ လောကီလူသားအားလုံးကို very good example ဖြင့် lead လုပ်သွားခြင်း မဟုတ်ပါလော။
၎။ နောက် လောကတွင် ကျင့်သုံးရမည့် တရားတစ်ခုကိုလည်း အသက်ကိုပေး၍ စံနမူနာ ပြသွားခဲ့ပါသည်။ သူတစ်ပါးအကျိုးနှင့် မိမိအကျိုး ယှဉ်လာခဲ့ပါလျှင် သူတစ်ပါးအကျိုးကို အသက်ကိုပင်စွန့်၍ ဆောင်ကြဉ်းပါ ဟု သွယ်ဝိုက် သင်ကြားပြသပေးသွားခြင်း ဖြစ်ပါ၏။

ဘုန်းတော်ကြီးများအနေနှင့် စာတတ်ဖို့လိုပါမည်။ သို့မှသာ အထက်တွင် ကျွန်တော်ဝေဖန်ပြသကဲ့သို့ တရား တော်များကို မိမိ၏ ဒါယိကာ၊ ဒါယိကာမအပေါင်းတို့ လက်တွေ့လိုက်နာကျင့်သုံးလာနိုင်အောင် ညွှန်ကြားပြသပေးနိုင် မည် ဖြစ်ပါသည်။ (ဒါက ခင်ဗျားအထင်ကိုး၊ တောကဘုန်းကြီးတွေကို အဲဒီလို ဝေဖန်ဘို့ သွားမတိုက်တွန်းလိုက်လေနဲ့ ဆရာသမား။ သူတို့က လှေနံကို ဓါးနဲ့ထစ်ထားတဲ့လူတွေ ခင်ဗျ။ ဘယ့်နဲ့ ဘုရားဟောကို မဟုတ်က မဟတ်ကတွေ လျှောက်လုပ်နေတာလဲ ဆိုပြီး ကြိမ်နဲ့လိုက်ဆော်လို့ ပြေးပေါက်မှားနေမယ်။)
ဤကဲ့သို့ဝေဖန်ဆန်းစစ်ရကောင်းမှန်း၊ အနှစ်ထုတ်ရကောင်းမှန်း မသိသောအခါ လူအများ၏စိတ်တွင် ဗုဒ္ဓ ဘာသာဟူသည် လုံ့လ၀ီရိယနှင့် ဘ၀တိုးတက်အောင်မြင်ရေးအတွက် ဘာမှမပါ။ ဘာမှလုပ်စရာမလို။ သေသည့်အခါ တွင် ဤသည့်ဥစ္စာများသည် ထားခဲ့ရမည်ဖြစ်သဖြင့် ရသမျှလေးနှင့် ကျေနပ်တင်းတိမ်ရောင့်ရဲရမည် ဟု မြင်သွားပါတော့ သည်။ ဘယ်သူ့ကိုမေးလိုက် မေးလိုက် သည်အတိုင်းဖြေပါလိမ့်မည်။ ဒါပေသိ ကျေနပ်တင်းတိမ် ရောင့်ရဲကြပါသလား ဟု မေးလျှင်တော့ ဘယ်သူမှ ကျေနပ်ရောင့်ရဲသည့်သူ မရှိပါ။ မရောင့်ရဲနိုင်သဖြင့် မဟုတ်တာလုပ်ပြီး ကြီးပွားဘို့ လမ်းလွဲ လိုက်ကြတော့သည်။
ဘုန်းကြီးများကလည်း တခါလာလည်း သချိုင်းကုန်းနှင့် နီးသည့်တရား၊ တခါလာလည်း နိဗ္ဗာန်။ အားမာန်နှင့် ၀ီရိယစိုက်ထုတ် လုပ်ရမည့်ဟာ တစ်ခုမှမပါ။ ရှိသမျှအားလုံးစွန့်လွှတ်ဘို့ချည်း ဖြစ်တော့သည်။ လောကီရေးဘက်က ကြည့်လိုက်လျှင် အကျပိုင်း၊ အဆင်းပိုင်းဘက်ချည်း ဖြစ်သည်။ အတက်ပိုင်း ကို မပါ။ သည်လိုပြောလိုက်သည်နှင့် ကျွန်တော်က နိဗ္ဗာန်ရောက်ကြောင်းတရားပွဲများကို စော်ကားလိုက်တာ မဟုတ်ပါ။ သို့သော် သူရို့ပြောပြောနေသည့် ၀ိပဿနာကိုလည်း အချိန်ရသလောက် လုပ်သလို ဤကဲ့သို့ ၀ိပဿနာကို စိတ်အေးချမ်းသာ လုပ်နိုင်ရေးအတွက် အိမ်က ဆန်အိုးထဲ ဆန်အပြည့်၊ ငါးပိအိုးထဲ ငါးပိအပြည့်၊ ဆားဆိုလည်း မပူရ။ ငြုပ်သီးဆိုတာ ပုပ်လိုက် ရှိနေရေး မလို အပ်ပါသလော။ ကျွန်တော်ဆိုလိုသည်မှာ စားဝတ်နေရေးအတွက် နောက်ဆံမတင်းရလျှင် တစ်လတရားစခန်းကို စိတ်ချ လက်ချ မ၀င်နိုင်ပါလော။
ဘုရားအလောင်းတော်ကား အလွန်ကြည်ညိုစရာ ကောင်းလှပါသည်။ သူစံနမူနာပြခဲ့သည်များကား ကျလမ်း တစ်ခုမှ မပါ။ တက်လမ်း၊ ကံ၊ ဉာဏ်၊ ၀ီရိယ လမ်းချည်း ဖြစ်တော့သည်။ အဘယ်မျှ ၀ီရိယကောင်းလိုက်ပါသနည်း။ ဘုရားဖြစ်ကာနီး ဒုက္ကရစရိယ ခြောက်နှစ်ကျင့်တာ အသာထားလိုက်ပါဦး။ ရင့်မာတစ်ကျိပ်ထဲမှ မဟာဇနက္ကမင်းသားကို ကြည့်လိုက်စမ်းပါ။ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ပြင်ကို လက်ပစ်ကူးနေလိုက်ပုံများ ကြက်သီးထဖွယ် ဖြစ်ပါ၏။ တခြား ဟာတွေ အသာထားလို့ ကျွန်တော်ကား အလောင်းတော်ကို ဤတစ်ချက်ထဲနှင့်ပင် ကြည်ညိုမဆုံးဖြစ်ခဲ့ပါ၏။ မဏိမေခလာ နတ်သမီး(ထင်ပါသည်) က “အို - အသင်ယောက်ျား၊ မိုက်မဲလှချည့်။ သည်မျှ အပြောကျယ်လှသော ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးကို လက်ပစ်ကူးနေလို့ ဘဇာအကျိုးများ ထူးမည် ထင်ပါသလဲ” ဟု မေးသည်ကို အလောင်းတော်က “သည်မယ် နတ်သမီး၊ ၀ီရိယရဲ့ကျေးဇူးကို မြင်လို့ ငါကူးနေတာပေါ့ကွဲ့။ အကယ်၍ ငါသာခုချိန်ထိ လက်ပစ်ကူးမနေခဲ့ဖူးဆိုရင် အင်မတန်မှ မြင်ရခဲတဲ့ သင်လိုနတ်သမီးကိုတောင် မြင်ရစရာအကြောင်း မရှိဘူး” ဟု ပြန်ပြောခဲ့ဖူးပါပြီ။
အလောင်းတော်၏ ဇာတ်တော်များသည် ကျွန်တော်တို့လောကီလူသားများအတွက် အတုယူစရာ၊ အားကျစရာ ချည်း ဖြစ်၏။ သို့သော် အတုယူတတ်၊ အားကျတတ်ဦးမှ ဖြစ်မည်ကိုး။ သည်တွင် ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍ အရေးကြီးလာပါသည်။ အထက်တွင် ကျွန်တော်တင်ပြခဲ့သလို မိမိကိုယ်တိုင် ဇာတ်တော်များကို ကျကျနန (ဖတ်ရုံလေး မျှမဟုတ်) ဖတ်ရှုလေ့လာကာ အနှစ်ထုတ်တတ်ဖို့ လိုပါသည်။ ဇာတ်တော်များကို သိရုံ၊ ပြန်ပြောပြတတ်ရုံနှင့်တော့ အကျိုးများစရာ မရှိပါ။ စာဖတ်တတ်သူ မည်သူမဆို ဖတ်လို့ရနိုင်ပါသည်။
အလောင်းတော်သည် လူသားများအတွက် lead by example ဖြင့် လုပ်သွားရာ ဘုန်းတော်ကြီးများလည်း အလောင်းတော်၏ နည်းနာနိဿယများအတိုင်း lead by example ဖြင့် သွားရန် အရေးကြီးပါသည်။ ကျွန်တော်တို့ ငယ်ငယ်က မကြာခဏ ပြောင်ခဲ့ကြသလို “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” မဖြစ်ဖို့ အရေးကြီးပါသည်။ မိမိပြော သည့်အတိုင်း မိမိအရင်လိုက်နာနိုင်ဘို့ အရေးကြီးပါသည်။ ဟိုကျောင်းက ဆရာတချို့လို ကျောင်းသားတွေရိုက်တဲ့ ဖဲဝိုင်း ကျ လိုက်ဖမ်းပြီး မိမိတို့ကိုယ်တိုင်မှာ တစ်ဦးဦး၏ အိမ်တွင် ၀ိုင်းဖွဲ့နေသည်မှာ lead by example ကောင်းတစ်ခု မဟုတ် နိုင်ဟု ကျွန်တော်ကတော့ သည်အတိုင်း မြင်ပါသည်။ ဟာ - ငါတို့က အပျော်ရိုက်တာကွ၊ စီးပွားဖြစ်ရိုက်တာ မဟုတ်ဘူး ဟု ဆိုရအောင် ထို မောင်ကျောင်းသားတို့ကရော စီးပွားဖြစ်ရိုက်နေတာပါလား ဟု ပြန်အထွန့်တက်စရာ ရှိပါ၏။
အရက်သောက်နေသော ဖခင်သည် မိမိ၏သားကို အရက်မသောက်ဖို့ ဆုံးမနေသည်မှာ သိပ်လမ်းမကျပါ။ ထိုသားကို မည်ကဲ့သို့ ဆုံးမ၍ ရနိုင်ပါအံ့နည်း။ ထို့အတူ အထက်ကစကားကို ပြန်ကောက်ရလျှင် ရွာဦးဘုန်းတော်ကြီး များသည်လည်း ရွာသူရွာသားများကို စံနမူနာပြအဖြစ် နေထိုင်ကာ ပြောဆိုဆုံးမရမည် ဖြစ်ပါ၏။ (အနို့ ဘယ် ဘုန်းကြီး တွေက မဟုတ်တာတွေလုပ်နေလို့လဲဗျာ ဟု အပြစ်တင် မစောပါနှင့်၊ မလုပ်လျှင်ကောင်းလေစွ။ မလုပ်ဖြစ်အောင် ကျွန်တော်က သတိပေးခြင်းမျှ ဖြစ်ပါ၏။) ဘုန်းကြီးဝတ်သည်ဆိုသည်မှာ မလွယ်လှပါ။ သူတို့ကို အင်မတန်ကျေးဇူးတင် ရမည် ဖြစ်ပါ၏။ မယုံလျှင် မိတ်ဆွေ ဘုန်းကြီးဝတ်ဖို့ စိတ်ကူးကြည့်စမ်းပါ။ ကိုယ့်သားနှင့် မယားနှင့်၊ မိတ်ဆွေသင်္ဂဟနှင့်။ ဘာကြောင့် ညာကြောင့် ဟု အကြောင်းအမျိုးမျိုးပေါ်လာပါလိမ့်မည်။ ပိုင်ဆိုင်ခွင့် တစုံတရာမရှိသော ရဟန်းဘ၀တွင် နေကြည့်စမ်းပါ။ ၀င်ငွေမရသည့်အလုပ်တစ်ခုမရှိပဲ သူတစ်ပါးကလှူဒါန်းသမျှနှင့် တင်းတိမ်ရောင့်ရဲနေရသည်မှာ အတော့ကို မလွယ်လှပါ။ ၂၂၇ သွယ်သော သိက္ခာပုဒ်များကို ကျင့်သုံးလိုက်နာကာ သူတော်သူမြတ်ဘ၀တွင် လူတကာ ဦးချနေရသော ဘ၀သည် အဘယ်မျှ မြင့်မြတ်ပါသနည်း။ သို့သော် ဤမျှ မြင့်မြတ်သောဘ၀ကို ကျွန်တော်တို့ လွယ်လွယ်နှင့် ရယူနိုင်ပါသလား။
သို့သော် ထိုဆရာတော်ဘုန်းကြီးများသည် ဒါယိကာ၊ ဒါယိကာမများ၏ လှူဒါန်းသော ဆွမ်းကွမ်းများဖြင့် မျှတ နေကြရသည်ဖြစ်ရာ ထို လှူဒါန်းမှု ဒါနအစုစုအတွက် တာဝန်ကျေပွန်ဘို့လိုပါသေး၏။ ကျွန်တော်ပြောနေသည်မှာ ဘယာ ပဗ္ဗဇ္ဇိတရဟန်းများကို အဓိက ဆိုလိုပါသည်။ သဒ္ဓါပဗ္ဗဇ္ဇိတရဟန်းများတွင်လည်း အချို့ ပညာနုံ့နဲ့သူ ဆရာတော်များပါဝင် ပါ၏။ မသိလို့ မလုပ်ဖြစ်တာကို ဆိုလိုပါသည်။ မလုပ်ချင်လို့တော့ ဟုတ်ချင်မှ ဟုတ်ပါမည်။ လုပ်ရကောင်းမှန်း မသိတာ ဖြစ်ပါမည်။
ခေတ်ကြီးသည် ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ကျွန်တော်တို့၏ ဘာသာရေးဆိုင်ရာ အသိအမြင်များ သည်လည်း ပိုပြီးတိုးတက်နေစရာသာ ဖြစ်သင့်ပါသည်။ ယခင်ကထက် ဆုတ်ယုတ်သွားသည် ဆိုခြင်းမှာ မဖြစ်သင့် ဟု ထင်ပါ၏။ ဤသည်မှာ ဘုန်းကြီးများတွင် မဟုတ်။ လူပုဂ္ဂိုလ် ဒါယိကာ၊ ဒါယိကာမများအပေါ်တွင်လည်း များစွာ မူတည် နေပါသည်။ ပါးစပ်ကတင်ပြောနေတာမဟုတ်ပဲ လက်တွေ့ ၀ိုင်းဝန်းဆောင်ရွက်ကြဘို့ လိုပါသည်။ သင်္ကြန်ကျတော့ ရေပက်လိုက်၊ ၀ါဝင်၊ ၀ါထွက်များတွင် လူကြီးသူမများကို ကန်တော့လိုက်၊ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်လိုက်၊ တရားပွဲရှိ သွားနာလိုက်ရုံမျှဖြင့် ပြီးမနေကြပဲ ထို့ထက်ပိုပြီး အဓိပ္ပါယ်ရှိသော ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြစေဘို့ တိုက်တွန်းလိုက်ရပါကြောင်း။
(တော်လောက်ရောပေါ့ဗျာ၊ ဘာသာရေးဆိုတာ ထင်တိုင်း အရမ်းလျှောက်ပြောလို့ ကောင်းတာမျိုး မဟုတ်ပေဘူး။)

No comments: