Wednesday, September 24, 2008

Art of Living Part 2

တမြန်မနှစ်က ကျွန်တော်တို့ရွာမှ စုပေါင်းထိုးသော ထီ သိန်း၅၀ ဘိုး ပေါက်ပါ၏။ သူရို့အဖို့ သိန်း၅၀ ဆိုတာ နည်းတဲ့ပိုက်ဆံ မဟုတ်ပါ။ တစ်သက်လုံးကိုင်ဖူးသော ငွေပမာဏမဟုတ်။ ကျွန်တော်တို့ အဆွေအမျိုးများ ဖြစ်ပါ၏။ ရန်ကုန်လာတော့ ကျွန်တော်တို့အိမ်တွင် တည်းပါသည်။ မမကပဲ အစစအရာရာ စီစဉ်ပေးပါ၏။ ပထမ သူတို့ထီလက်မှတ် ကို အမြတ်နှင့်ရောင်းချရေးဖြစ်၏။ မမက ကျွန်တော်တို့နှင့် စီးပွားဘက်ဖြစ်သူ အင်မတန် သဘောကောင်းသော ကျွန်တော်တို့၏ မိတ်ဆွေကို အကူအညီတောင်းတော့ ထိုမိတ်ဆွေက ထီလက်မှတ်ကို အမြတ်အများဆုံးရအောင် သူ့ကားနှင့်သူ ဟိုပြေးလိုက်၊ သည်ပြေးလိုက်နှင့် လိုက်လုပ်ပေးရှာပါသည်။ ထို့ပြင် ထိုသကောင့်သားများ ရန်ကုန်တွင်း သွားချင်သည် ဆိုတော့လည်း သူ့ကားနှင့် လိုက်ပို့ပေးပါ၏။

အနှီ ကျွန်တော့်ညီအစ်ကို၊ ယောက်ဖ၊ တူ များမှာ (စုစုပေါင်း ၇ ယောက်လာသည် ဟု မမက ပြန်ပြောပြပါသည်) ပိုက်ဆံလက်ထဲရောက်လာသည်နှင့် ဟော်တယ်သို့သွားကာ အရက်အကောင်းစားများ တစ်ပုလင်းပြီးတစ်ပုလင်း မှာယူ သောက်သုံးကာ အမြည်းဘိုးနှင့်ပေါင်းလိုက်လျှင် တစ်ထိုင်ထဲ သုံးသိန်းကျော်ဘိုး ကုန်ခဲ့သည်ဆို၏။ သိန်း ၅၀ မှာ ပမာဏ အားဖြင့်သာ များသယောင် ထင်ရသော်လည်း ၇ ယောက်ခွဲဝေယူလိုက်ပါက တစ်ယောက်လျှင် ၇ သိန်း ထားပါတော့ အမြတ်နှင့် ၈ သိန်း ရသည်ပဲထား။ ဘာမှ ပြောပလောက်သည့် ပိုက်ဆံမဟုတ်ပါ။ ထားပါတော့။
သည်လိုနှင့် ပြန်တော့မည်ဆိုတော့ မမက ဟဲ့၊ ဖိုးခွေးရဲ့ နင့်အဖေနဲ့အမေ အိုကြီးအိုမ စားဘို့ ကိတ်မုံ့တို့၊ ပန်းသီးတို့ ၀ယ်သွားဟဲ့ ဆိုသည်ကို မည်သို့မှပြောလို့မရ။ ကိုယ့်မိဘစားရမည်ကို မသထာသဖြင့် ဘာတစ်ခုမှ ၀ယ်မသွား ဟု ဆိုပါသည်။ ထို့ပြင် ဖိုးငွေ၊ နင့်အမေဘို့ ပါတိတ်လုံချည်လေးတစ်ထည်လောက် ဥပုသ်စောင့်၊ အလှူအတန်း စသဖြင့် ၀တ်ရအောင် ၀ယ်သွားဟဲ့ ဆိုသည်ကိုလည်း ၎င်းတို့ ၇ ယောက်ထဲမှ တစ်ဦးတစ်လေမျှ ကိုယ့်အဖေအမေစားဘို့၊ ၀တ်ဖို့ စသဖြင့် ၀ယ်မသွားကြ ဟု မမက ပြန်ပြောပြပါသည်။
မမမှာ ၎င်းမောင်မင်းကြီးသား ၇ ယောက်ကို တစ်ပတ်မျှ ထမင်းချက်ကျွေးလိုက်ရပါသည်။ ထိုငနဲများမှာ ရန်ကုန်လာစဉ်ကလည်း သြော် ငါတို့ သူတို့အိမ်မှာတည်းမဟဲ့၊ သူတို့စားဘို့ တောဟင်းတောကျွေးကလေး၊ မသကာ ကောက်ညှင်းထုပ်ကလေးများ လုပ်သွားမှ ဟု မစဉ်းစားမိသလို ပြန်တော့လည်း ငါ့ဘကြီးကို မုံ့ကလေးတစ်လုံးလောက် တော့ ကန်တော့ခဲ့မှ တော်မယ် ဟု မတွေးမိ။ ညနေတိုင်လျှင် ဘီယာကို အဖွဲ့လိုက်သွားသောက်လိုက်။ ပြန်လာလိုက်ဖြင့် သာ အချိန်ကုန်သွားခဲ့သည်။ သို့နှင့် သူတို့ပြန်သွားတော့ မမက သူ့မေတ္တာရပ်ခံချက်ဖြင့် လိုက်ပါဆောင်ရွက်ပေးသူ ကျွန်တော်တို့မိတ်ဆွေကို သူတို့ဘယ်လောက် အကျိုးဆောင်ခအဖြစ် ပေးသွားသလဲ ဟု မေးကြည့်ရာ အကျိုးဆောင်ခ နေနေသာ လိုက်ပို့သူ ကံဆိုးသူ ထိုမောင်ရှင့်မှာ မောင်မင်းကြီးသား ၇ ယောက်ကို လဖက်ရည်တောင် တိုက်လွှတ်လိုက် ရသေးသည် ဆိုပါ၏။
မသိတတ်တော့လည်း မသိတတ်လွန်းလှသည်။ မသကာ၊ ကျွန်တော်တို့ဘို့ ဘာမှမပေးချင်နေ။ တစိမ်းဖြစ်သော ကျွန်တော်တို့ မိတ်ဆွေကိုတော့ အလိုက်တသိ ပေးခဲ့ဘို့ကောင်းသည်။ ခုတော့ ရူးချင်ယောင်ဆောင်သွားသည်မှာ ကျွန်တော်တို့အဖို့ မျက်နှာပူစရာများ ဖြစ်ခဲ့ရသည်။ သူ့ကိုမပေးခဲ့သည်ထား။ ကိုယ့်ကို လူ့လောကထဲအရောက် ပို့ဆောင် ပေးခဲ့ပြီး တစ်သက်လုံး အခမဲ့ကျွေးမွေးပြုစုလာခဲ့သူ အဖေနှင့် အမေကိုတော့ နည်းနည်းလောက် စေတနာကလေး ရှိဘို့ မကောင်းပါလား။ တောမှဆိုတော့လည်း ဘ၀နေနည်းတွေဘာတွေ လာမပြောနဲ့။ ဒီလို တစ်သက်လုံးနေလာတာပဲ။ ဘာလဲ ဘ၀နေနည်း အနုပညာဆိုတာ။ ငါးပိချက်နဲ့ တို့စားရတဲ့ ကိုးရီးယားချဉ်ဖတ် နာမည်ကို ပြောတာလား ဟု မေးလိမ့် မည်။ (တောသားတွေဆိုပြီး အထင်မသေးလိုက်ပါနှင့်။ ကိုရီးယားချဉ်ဖတ်လောက်တော့ ဟို့ နှပ်ချေးတွဲလောင်း ကျွန်တော့် မြေးများ(တူ၊ တူမများ၏ သားသမီးများ) ပင် သိသည်။)
သည်လိုပဲ။ ကျွန်တော့်ဦးကြီး၏ အဖြစ်မှာ ရင်နာစရာကောင်းပါ၏။ သူအသက်ကြီးလို့ နေထိုင်မကောင်းတော့ အနီးတွင် သားသမီးများရှိပါလျှက် ပြုစုမည့်သူမရှိ။ သူ့သား၊ သမီးများမှာ သူနှင့် တစ်ရွာထည်းတွင်နေထိုင်ပြီး အိမ်ချင်း သိပ်မဝေးကြပေမင့် မိမိဖခင် အသက် ၇၅ နှစ်ကျော် နေထိုင်မကောင်း ဖြစ်နေသည်ကို အနီးကပ်လာရောက် ပြုစုမည်ဟု မသိတတ်။ ဦးကြီးမှာ ချိုချိုချဉ်ချဉ်ကလေးများ စားချင်တာတောင် ဘာမှ စားစရာမရှိ။ ငါ့မှာ ကြက်ဥပြုတ်နဲ့ချည်း နေ့တိုင်း နှစ်ပါးသွားနေရတယ် ဆိုသဖြင့် မမမှာ မျက်ရည်ကျခဲ့ရပါသည်။ မမကလည်း အိမ်မှာ သူပဲ စီမံခန့်ခွဲနေရတာ ဆိုတော့ ရက်ရှည်လများမနေနိုင်။ ပိုက်ဆံပဲ ဦးကြီးလက်ထဲထည့်ကာ စားချင်တာ သူတို့ကို ၀ယ်ခိုင်းဟု မှာခဲ့ရပါသည်။ ဦးကြီးက အလွန်အလိုက်သိတတ်တော့ ကျွန်တော်တို့က ရန်ကုန်လာနေလှည့်ပါ ဟု အတန်တန်ခေါ်သည့်တိုင် ငါသေရင် နင်တို့ ဒုက္ခများမယ်။ ရန်ကုန်ဆိုတာ နေရေးမလွယ်၊ သေရေးမလွယ် ဟု ဆိုကာ တစ်ပတ်ဆယ်ရက်လောက်ပဲ နေပြီး ပြန်သွား လေ့ ရှိပါသည်။ ခုတော့လည်း ဆုံးပါးသွားခဲ့ပါပြီ။ ကျွန်တော်တို့မှာ ဦးကြီး၏ အဖြစ်ကို ကြည့်ကာ ရင်ထုမနာ ဖြစ်ခဲ့ရပါ၏။ ဤသည်မှာ ကျွန်တော်တို့ ဦးကြီးတစ်ဦးထဲ မဟုတ်ပါ။ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာလည်း အများအပြား တွေ့နိုင်ပါသည်။
ဗမာမှန်လျှင် သိင်္ဂလောဝါဒသုတ်ကို ရကြသည်ချည်း။ သို့သော် ဤသုတ်၏ အနှစ်သာရ ကို မည်သူများ နဖူးပေါ် လက်တင်၍ဖြစ်စေ၊ လက်ပေါ်နဖူးတင်၍ဖြစ်စေ စဉ်းစားသုံးသပ်မိကြပါသနည်း။ မစဉ်းစား မသုံးသပ်သည့် နောက်တော့ လက်တွေ့ဘ၀ထဲ ရောက်လာဘို့ဆိုတာ အလှမ်းဝေးနေဦးမည် ဖြစ်ပါသည်။

ကျွန်တော် စင်ကာပူရောက်စက တစ်ခန်းထဲတွင် လူ ၁၄ ယောက် စုနေရ၏။ ဤအကြောင်း အထက်တွင် ဖော် ပြခဲ့ပြီးဖြစ်ပါသည်။ အများစုမှာ ပညာမတတ်သူများဖြစ်ရာ စရိုက်မျိုးစုံ တွေ့ရသည်။ မနက် အိပ်ယာထ မျက်နှာသစ်သည့် အခါ မျက်နှာသစ်တော့မယ်ဟေ့ ဆိုသည်နှင့် ရေခလုတ်ကို စဖွင့်လိုက်ပါသည်။ ထို့နောက် သွားတိုက်၊ မျက်နှာသစ် စသည့် တစ်ချိန်လုံး ရေကိုဖွင့်ထားသည်ဖြစ်ရာ ၎င်းဖြုံးလိုက်သောရေသည် ၎င်းသုံးလိုက်သောရေထက် ၅ ဆမျှ မကပါ။ ထို့အတူ အိုးခွက်၊ ပန်းကန်များဆေးသော အခါတွင်လည်း တစ်ချိန်လုံး ရေကို ဖွင့်ထားသဖြင့် ၎င်းတို့တစ်ဦးချင်းသုံးသော ရေသည် စနစ်တကျသုံးတတ်သူ သုံးသည့် ရေပမာဏ၏ ၅ ဆကျော် ရှိပါမည်။
စင်ကာပူနိုင်ငံ၏ တစ်ရက်ရေ အသုံးပမာဏသည် ဂါလံ သန်း ၃၀၀ ကျော် ရှိသည်ဟု မှတ်သားရပါ၏။ စင်ကာပူနိုင်ငံတွင် နိုင်ငံခြားမှ လာရောက် အလုပ်လုပ်နေသူ အများစုမှာ ပညာမတတ်သူ လူတန်းစားများ ဖြစ်ပါ၏။ မည်ရွေ့မည်မျှဟု ကျွန်တော်မသိပါ။ သို့သော် သေချာသည် တစ်ခုက ထိုသူအများစုမှာ အထက်ပါ ကျွန်တော့် မိတ်ဆွေများကဲ့သို့ ရေကို ဖြုံးမည့်သူများဖြစ်လေရာ စင်ကာပူနိုင်ငံအတွက် ထောက်ပံ့ပေးရသော ရေဂါလံ သန်း ၃၀၀ အနက် ဂါလံမည်မျှသည် မသုံးရပဲ အလဟဿ လေလွင့်သွားမည်နည်း။ ကျွန်တော်မမှားလျှင် ၅ ရာခိုင်နှုံးမျှပင် ရှိချင် ရှိနိုင်ပါသည်။ ထို့ထက် ပိုချင်ပင် ပိုနိုင်ပါသေး၏။ ထို့ပြင် ရေသုံးပြီးပါကလည်း ရေခလုတ်ကို သေသေချာချာ မပိတ်သဖြင့် ရေများ တစ်စက်စက်နှင့် လေလွင့် ဆုံးရှုံးနိုင်ပါသေးသည်။ ယခု ကျွန်တော်အလုပ်လုပ်နေရာ ECC Project တွင်ပင် ထမင်းစားအပြီး လက်ဆေးရအောင် သွားသောအခါ၌ ရေခေါင်းမှ တစ်စက်စက်ကျနေသော ရေများကို အမြဲလိုလို တွေ့နေရပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က လင်းရောင်ခြည်စာစဉ်၌ ပျောက်လွယ် ဆုံးလွယ် ရေအရင်းအမြစ်များ ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရပါသည်။ မြေအောက်ရေကို အတိုင်းအဆမရှိ ထုတ်ယူသုံးစွဲမှုကြောင့် တွေ့ရှိလာရမည့် ဆိုးကျိုးများကို ထောက်ပြရေးသားထားခြင်း ဖြစ်ပါ၏။ မြေအောက်ရေသည် ဘယ်လောက်ထုတ်သုံးသုံး မကုန်နိုင်သည့် ဘိုးဘိုးအောင် ၀လုံး ဖြစ်ပါသလား။ ကုန်ဆုံးသွားမည့် ဤမြေအောက်ရေများကို သဘာဝတရားကြီးက အလျဉ်မီအောင် ပြန်လည် ဖြည့်တင်းပေးနိုင်ပါရဲ့လား။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်း ကမ္ဘာ့လူဦးရေ၏ မည်မျှသော ရာခိုင်နှုံး သည် ခေါင်းထဲထည့်မိပါသနည်း။ ပညာမတတ်သော လူဦးရေ၏ ၁၀၀ ရာခိုင်နှုံးမှာ ဤကဲ့သို့သော လူများဖြစ်ပါသည်။ သို့ဆိုလျှင် ပညာတတ်များကရော၊ ပိုဆိုးသေးသည်။ ပညာတတ်ဆိုသူများက မြေအောက်ရေကို အတိုင်းအဆမရှိ ထုတ် ယူသည်။ ပညာမတတ်သူများက ထို ထုတ်ပေးလိုက်သောရေများကို အတိုင်းအဆမရှိ ဖြုံးချင်တိုင်း ဖြုံးလိုက်သည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ခေါင်းထဲထည့်သူများမှာ ကမ္ဘာ့လူဦးရေ၏ ၁ ရာခိုင်နှုံး မပြောနှင့်၊ ၀.၀၀၁ ရာခိုင်နှုံးမျှပင် ရှိမည် မဟုတ်ပါ။ ၀.၀၀၀၀၁ ဆိုလျှင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ကျွန်တော်တို့အိမ်တွင်နေသည့် ကိုရင်များကို ထမင်းများအမြဲကျန်ကာ သွန် သွန်ပစ်နေရသဖြင့် ကိုယ်စားနိုင် သလောက် တိုင်းချက်ကာ မလေလွင့်အောင် နားချသော်လည်း အလကား လေကုန်တာသာ အဖတ်တင်ပါ၏။ နှစ်ခါ လောက်ပြောပြီးသည့်နောက်တော့ ထပ်ပြောစရာ အကြောင်းမရှိတော့ပါ။ အနို့ ကလေးမှ မဟုတ်တော့တာ။ သူရို့သွန်ပစ် သော ထမင်းပမာဏမှာ ကျွန်တော်တစ်ခါစားလောက် ရှိပါသည်။ ဤကဲ့သို့သာ လူပေါင်း ၁၀၀ လောက်က လွှင့်ပစ်နေပါလျှင် တစ်နေ့လျှင် လူ ၁၀၀ လောက်စားနိုင်သည့် ထမင်းများသည် အလဟဿ အမှိုက်တောင်းထဲ မရောက်ကုန်ပါလား။ ဗမာပြည် လူဦးရေ သန်း ၅၀ ကျော်အနက် ၀.၀၀၁ ရာခိုင်နှုံး (ထမင်းဆိုင်များအပါအ၀င်) က ပဲ ဤ ပမာဏကို လွှင့်ပစ်နေသည်ထား။ ဘုရား၊ ဘုရား။ ကျွန်တော်တို့သည် လူ ငါးသောင်းစားမည့် ထမင်းများကို အလဟဿ နေ့စဉ်နေ့တိုင်း သွန်ပစ်နေကြပါကလား။
နောက် ပန်းကန်ခွက်ယောက်များကို ပန်းကန်စင်ပေါ်စီရာတွင် လည်းကောင်း။ အ၀တ်များကို တန်းပေါ်တွင် လှန်းရာတွင်လည်းကောင်း။ ဘောင်းဘီတစ်ထည်ထည်းနှင့် အ၀တ်လျှော်စက်ထဲ ထည့်လျှော်ခြင်းသည် လည်းကောင်း။ ယုတ်စွအဆုံး ရေချိုးအပြီး ရေချိုးခန်းဆန်ကာပေါ်တွင် ဆံပင်မျှင်များ သည်အတိုင်း ထားခဲ့ခြင်းသည် လည်းကောင်း။ ဤ အရာများမှာ နေ့စဉ်လူနေမှုဘ၀မှ အလွန်သေးဖွဲသော အရာများဖြစ်ပါ၏။ သို့သော် ဤကဲ့သို့သေးဖွဲသော အရာများကို တောင်မှ စံနစ်တကျ ဂရုတစိုက်မလုပ်တတ်သူသည် လုပ်ငန်းကြီးများကို စံနစ်တကျ စီမံခန့်ခွဲတတ်ပါမည်လော။ ကျွန်တော်သေချာ မသိပါ။ သည်နေရာ မတော်ပေမင့် အလုပ်ထဲတော်ချင် တော်ပါမည်။ ဒါတော့ သေသေချာချာ သုတေ သန လုပ်ကြည့်မှ သိနိုင်ပါမည်။ ကျွန်တော်ပြောတာတောင် နောက်ကျချင် ကျနေပါဦးမည်။ တိုးတက်သော နိုင်ငံကြီး များတွင် ဤသုတေသနများ ရှိပြီးဖြစ်ချင် ဖြစ်ပါလိမ့်မည်။

ထိုမျှမကသေးပါ။ ကျွန်တော်တို့ ရုံးတွင်လည်း စက္ကူများကို အတိုင်းအဆမရှိ print ထုတ်ချင်တိုင်းထုတ်။ ဆုတ်ချင်တိုင်းဆုတ်၊ ဗုံးဗောလအော လုပ်ချင်တိုင်းလုပ်နေသည်မှာ တစ်နေ့တစ်နေ့ လေလွင့်သွားသည့်စက္ကူများကို တစ်ကမ္ဘာလုံးနှင့်သာ တိုင်းတာကြည့်လိုက်ပါက တန်ချိန်ပေါင်း နည်းလှမည်မဟုတ်ပါ။ ဆယ်ဂဏန်းတော်တော်များများ ရောက်လာသော အေဖိုးဆိုဒ် စက္ကူပုံးများမှာ ရက်ပိုင်းအတွင်း ပြိုက်ကနဲ ပြိုက်ကနဲ ကုန် ကုန် သွားတာ ကျွန်တော့် မျက်စိရှေ့တင်ပင် တွေ့နေရပါသည်။ နောက်ပြီး print ထုတ်လျှင် မည်သည့်အခါမျှ စာမျက်နှာနှစ်ဖက်ထုတ်ဖို့ မကြိုးစား။ များသောအားဖြင့် စာမျက်နှာ တစ်ဖက်ထဲသာ ထုတ်လေ့ရှိပါသည်။ တခါတလေ ကျွန်တော့်မှာ မဆီမဆိုင် နှမြော လှသဖြင့် သူတို့ လွှင့်ပစ်ထားသော ထိုတစ်ဖက်လွတ် စာရွက်များကို အမှိုက်ပုံးထဲမှ ပြန်ယူပြီး recycle လုပ် သုံးပါသည်။ သို့သော် အရေးကြီးသော စာရွက်စာတမ်းများကိုမူ recycle လုပ်ခွင့်မရှိ။ ဆုတ်ပြီး လွှင့်ပစ်ရပါသည်။

(ကိုင်း - ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ ဆယ်မျက်နှာတောင် ရှိသွားပါပေါ့။ ဘ၀နေနည်း အနုပညာကို သရုပ်ဖော်တာ အတော်များသွားပြီ။ ဆိုင်တာတွေလည်းပါ မဆိုင်တာတွေလည်းပါ။ ဘာပဲဖြစ်ဖြစ် ရေးချင်တာတွေ ရေးလိုက်ရတော့ ရင်ထဲအတော် ပေါ့သွားတာပေါ့။)

(ခဏလေး၊ ပြောစရာတစ်ခု ကျန်သွားလို့။ ကျွန်တော်တို့၊ ခင်ဗျားတို့ လူထုအများစုကြီးသာ ဘ၀နေနည်း အနုပညာကို သေသေချာချာ သဘောပေါက် နားလည်ကျင့်သုံးသွားမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အများ ကြီး အထောက်အကူ ပြုသွားမှာ ဖြစ်ပါကြောင်း။ ဘယ်ပုံဘယ်နည်းဆက်စပ်နေသလဲ သိချင်ရင် အထက်က စာပိုဒ်လေး ကို တစ်ခေါက်လောက် ထပ်ဖတ်ကြည့်လိုက်ပါ။ နားလည်သွားပါလိမ့်မည်။)

သည်မျှ ကျွန်တော် အာချောင်လိုက်လျှင် ဘ၀နေနည်း အတတ်ပညာ (အတတ်ပညာ ဟုပဲ သုံးပြစေ) သည် လူတိုင်းအတွက် အဘယ်မျှလောက် အရေးကြီးကြောင်း၊ ထိုအတတ်ပညာကို တတ်မြောက်ထားခြင်းအားဖြင့် မိမိပါတင် မက မိမိပတ်ဝန်းကျင်၊ မိမိနှင့်ပေါင်းသင်းဆက်ဆံနေရသူအားလုံး။ အထူးအားဖြင့် မိမိ မိသားစု အတွက် မည်မျှ အကျိုးရှိ သွားမည်ဖြစ်ကြောင်း သိသာ လောက်ပါပြီ။ လေ့လာဘို့၊ သင်ယူဘို့ နှင့် လက်တွေ့လိုက်နာဘို့ကတော့ အသင်တို့ တစ်ဦး ချင်းစီပေါ် မူတည်နေပါကြောင်း။

No comments: