Thursday, September 25, 2008

Public

လူမှုရေး ၊ ယဉ်ကျေးမှု နှင့် ပြည်သူလူထု
ဤခေါင်းစဉ်အောက်တွင် ကျွန်တော်ဆွေးနွေးချင်သည်မှာ ပြည်သူလူထုကြီး တစ်ရပ်လုံးအတွင်း ဖောက်ပြန် ပျက်စီးလာသော ကိုယ်ကျင့်တရားများ၊ လူမှုရေးချို့ယွင်းမှုများ နှင့် ယဉ်ကျေးမှု ဆုတ်ယုတ်လာမှုများ အကြောင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော်က ပညာရပ်ဆန်ဆန် ရှုမြင်သည် မဟုတ်ပဲ ကျွန်တော့်အတွေ့အကြုံများနှင့် ကျွန်တော့် အမြင်များကိုသာ စာဖတ်သူများသို့ တင်ပြမည်ဖြစ်ပါသည်။ ကျွန်တော့် ပုဂ္ဂလိကအမြင်များကို တင်ပြထားခြင်း ဖြစ်သဖြင့် စာဖတ်သူများနှင့် အမြင်သဘောထားခြင်း တူချင်မှ တူပါမည်။ မြန်မာ့ လူ့အဖွဲ့အစည်းကြီး တစ်ရပ်လုံး၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေလိုသော စေတနာဖြင့် ရေးသားခြင်း ဖြစ်ပါ၏။ အထက်တွင် ကျွန်တော် ပြောခဲ့သလို ကြိုက်တာပဲယူပြီး မကြိုက်တာ ချန်ခဲ့ဘို့ ဖြစ်ပါသည်။

ပြည်သူလူထု ဆိုရာတွင် အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ ဘာသာမရွေး မြန်မာပြည်အတွင်း မှီတင်း နေထိုင်ကြသူ ပြည်သူအားလုံးကို ဆိုလိုပါသည်။ လူမှုရေးဆိုရာတွင် မြန်မာ့လူ့အဖွဲ့အစည်းက သတ်မှတ် လက်ခံ ထားခဲ့သော ဓလေ့ထုံးတမ်း စဉ်လာများ ပါဝင်ပြီး ယဉ်ကျေးမှု ဆိုရာတွင်လည်း မြန်မာ့ယဉ်ကျေးမှု ကို ဆိုလိုပါ၏။
ပထမဆုံးပြောလိုသည်မှာ လူ့ယဉ်ကျေးမှု ထွန်းကားခဲ့သည့် သမိုင်းအစဉ်အလာ၌ နောက်မကျခဲ့သော ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အဘယ့်ကြောင့် ဤကဲ့သို့ ကပြောင်းပျိကပြောင်းပြန် ဇောက်တိဇောက်ထိုး များ ဖြစ်နေရသနည်းကို ဆန်းစစ်ရန် အကြောင်းရင်း (Root cause) ကို ရှာရန် ဖြစ်ပါ၏။
ဤနေရာတွင် ကျွန်တော်တို့သည် နင့်ကြောင့် ငါ့ကြောင့် ဟု တစ်ဦးကိုတစ်ဦး အပြစ်ပုံချနေရုံမျှဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပဲ ဘာ့ကြောင့်ဆိုသည့် အကြောင်းရင်းကိုရှာကာ ဒါဖြင့် ဘယ်လိုလုပ်မလဲ ဟူသော အဖြေကို ၀ိုင်းဝန်း တိုင်ပင်ဆွေးနွေးကာ အဖြေရှာရန် ဖြစ်ပါ၏။ ပြည်သူလူထု နှင့် ဆိုင်သော ပြဿနာမှာ အလွန်သိမ်မွေ့နက်နဲပြီး ဖြေရှင်းရန်ခက်သဖြင့် လွယ်လွယ်ကလေးတော့ မဟုတ်ပါ။ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူကာ လူထုအားဖြင့် ဖြေရှင်း မှ ရမည်၊ တစ်နည်းအားဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှ ဖြစ်နိုင်မည် ဖြစ်ပါသည်။ ဤသို့ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လိုစိတ် ဖြစ်ပေါ်လာအောင် သူတို့ကို အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ မက်လုံးများဖြင့် ဆွဲဆောင်ခြင်းများ လိုပါမည်။
အရေးကြီးဆုံးမှာ နောက်မျိုးဆက်သစ်များကို မှန်ကန်ကောင်းမွန် သင့်မြတ်သော ပညာကို ထိထိရောက်ရောက် (အဖြစ်မျှ မဟုတ်ပဲ) သင်ကြားပေးပြီး ၎င်းတို့၏ အသိပညာကို မြှင့်တင်ပေးရန် ဖြစ်ပါ၏။ ပညာရေး သင်ရိုးညွှန်းတမ်း ကိစ္စကား ကျွန်တော်တို့လို ပါမွှားများ အလုပ်မဟုတ်။ ပညာရှင်များ၏ အလုပ်ဖြစ်သဖြင့် သင်ရိုးကိစ္စ ကျွန်တော် ဘာမျှ ပြောစရာ မရှိပါ၊ သို့သော် ငါမှငါ ဟူသောအစွဲများကို ဖြုတ်ကာ အခြား ခေတ်မီနိုင်ငံကြီးများမှ ပညာရေးကို လေ့လာပြီး မိမိတို့တိုင်းပြည်နှင့် သင့်တော်သည်များကို ယူငင် အသုံးချဘို့တော့ လိုသည်ပေါ့။
သူတို့မှားယွင်းနေသည်ကို အပြစ်တင်မစောပဲ ဘာ့ကြောင့် သူတို့မှားယွင်း နေသလဲ ဟု ဆန်းစစ်ကာ သည်လို မမှားအောင် ဘယ်လိုလုပ်ပေးရမလဲ ဟု အဖြေရှာရန် လိုပါ၏။ ဥပမာအားဖြင့် - ရန်ကုန်မြို့လယ်ခေါင်တွင် ချောင်ကျ သော နံရံများ၌ သေးမပေါက်ရ ဟု ရေးထားပါ၏။ သည်နေရာ မပေါက်ရဆိုလျှင် ဘယ်နေရာ သွားပေါက်မည် နည်း။ အလွယ်တကူ သွားနိုင်ရန် ရန်ကုန်မြို့တွင်း၌ အများပြည်သူသုံး အိမ်သာများ ရှိပါသလော။ အန္တရာယ်ဆိုတာ လွယ်ထားလို့ ရစကောင်းသော အရာမဟုတ်။ သို့ ဤသည့်နေရာများတွင် သေးမပေါက်စေချင်လျှင် အများသုံး အိမ်သာ များကို လုံလောက်စွာ ထားမပေးသင့်ပေဘူးလား။ အိမ်သာအလွယ်တကူ ရှိနေပါလျှက်နှင့် အဘယ်သကောင့်သားသည် နံရံကွယ်ကာ ပုန်းလျှိုးကွယ်လျှိုးနှင့် သွားချင်ပါမည်နည်း။ (အမျိုးသမီးတွေဆို ပိုဆိုးသေးဗျာ၊ ယောက်ျားလေးတွေကမှ ကွယ်ရာထောင့်ရာ လှန်လိုက်လို့ ရသေး။ မိန်းကလေးတွေ အဲလို လုပ်လို့ ကောင်းမလား။)
ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ဟု အမျိုးမျိုးသော အဓိပ္ပါယ်မဲ့ စည်းကမ်းချက်တွေ ထုတ်နေမည့်အစား ဤသို့မလုပ်အောင် ငါတို့ ဘာတွေလုပ်ပေးရမလဲ ဟု လက်တွေ့ကျသော အဖြေရှာရန် ဖြစ်ပါ၏။

ကိုင်း - ပြောနေကြာရော့၊ ဆော်ပလော် တီးကြပါစို့။ လက်သံနည်းနည်းပြောင်သွားလျှင် သည်းညည်းခံကြပါ။

ကျွန်တော်မှာ ကိုယ့်ကိုယ်ကို သက်သက်ညှာညှာ ဝေဖန်ရလျှင် အလွန်တုံးသူတစ်ဦး ဖြစ်ပါ၏။ ကျွန်တော်၏ အဖျင်းနိုင်မှုများကို ခုတုံးလုပ်ကာ လူအတော်များများသည် ကျွန်တော့်အပေါ် ကျော်ခွ သွားခဲ့ဖူးပြီ။ သို့တိုင် ကျွန်တော့်မှာ ကျော်လို့ကျော်မှန်းမသိ။ သူများတွေ ပြန်ပြောပြမှ သြော် - ဟု အံ့သြရပါသည်။
ကျွန်တော် ငယ်စဉ် ၁၀တန်းကျောင်းသားဘ၀က ဆယ်တန်းဖြေရမည်ဆိုတော့ မှတ်ပုံတင်လုပ်ရမည်။ သည်တော့ ကျွန်တော်က ခုနစ်တန်းကျောင်းသား ညီဝမ်းကွဲကို အဖော်ပြုကာ လ၀ကရုံးသို့သွားကာ မှတ်ပုံတင်လုပ်ပါ၏။
“အစ်ကို့၊ ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေဘို့ မှတ်ပုံတင် လုပ်ချင်လို့” “အေး၊ အေး၊ ဓါတ်ပုံ အရင် သွားရိုက်ချေကွ” “ဟုတ်၊ ဟောဒီမှာ ဓါတ်ပုံ” “အေး၊ အေး၊ ခဏစောင့်။ ဒါနဲ့ အစ်ကို ဟိုဘက် ခဏသွားလိုက်အုံးမယ်။ မင်းတို့ ပိုက်ဆံပါရင် ငါးကျပ်လောက် ခဏပေးလိုက်ပါလား” “ဟုတ်ကဲ့၊ ပါပါတယ်၊ ရော့” --------
“ရော့၊ ရော့၊ ပြီးပြီ မင်းမှတ်ပုံတင်”“ဒါနဲ့ ခုန အစ်ကိုခဏယူသွားတဲ့ ၅ ကျပ် ....” “ဟေ - ငါ လက်ဖက်ရည် သောက် ပစ်လိုက်ပြီကွ” “ကိုအေးငြိမ်း၊ လာ ပြန်ရအောင်” “ဟေ- ဒို့ ငါးကျပ်..”“လာပါဗျာ”......................
“သူက လိုချင်လို့တောင်းတဲ့ပိုက်ဆံ၊ ဘာလို့ပြန်တောင်းရတာလဲ” “ဟကောင်၊ သူက ခဏဆိုပြီး ယူသွားတာကို”
မှန်ရာပြောရလျှင် ကျွန်တော့်မှာ ညီ ခုနစ်တန်းကျောင်းသားလောက်တောင် မပါးပါ။ အနို့ သူက ခဏဆို ယူသွားတော့ ကျွန်တော့်စိတ်ထဲ ပြန်ပေးမည် ဟု ရိုးသားစွာ ထင်နေခဲ့မိသည်။
ဤသည်မှာ ကျွန်တော့်ဘ၀တွင် ပထမဆုံး စတင် ကြုံတွေ့ခဲ့ရသော လက်ဖက်ရည်ဖိုး ဖြစ်ပါ၏။ နောက်တွင်တော့ (ကျောင်းပြီးသည်မှစ၍) လက်ဖက်ရည်ဖိုး၏ အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်ခဲ့ရ ပါတော့၏။ ဤသည့် “လက်ဖက်ရည်ဘိုး” ဟူသည့် ယဉ်ကျေးမှုတစ်ရပ်ကို အဘယ်ကဲ့သို့သော ပညာရှင်က မည်သည့်ခေတ်တွင် စတင် တီထွင် လိုက်ပါသနည်း။ သုတေသနပြုဘို့ ကောင်းလှပါဘိတောင်း။
နောက်ပြီး ကျွန်တော့်နှလုံးသားနုနုကို ဒါဏ်ရာရစေခဲ့သော အဖြစ်အပျက်ကလေး တစ်ခုကိုလည်း ပြန်ပြောင်း ဖောက်သည် ချချင်ပါ၏။
ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းတွင် ကြီးသူကိုသာ ရိုသေပြီး နေရာပေးကြသော်လည်း ကလေးများကိုမူ နေရာပေးလေ့ မရှိပါ။ ကလေးများကို နေရာတကာ “ဟဲ့ ကလေးတွေ” ဟု နှင်လွှတ်လေ့ ရှိပါ၏။ “အဲဒီ ကလေးတွေ ရှုပ်ကို ရှုပ်တယ်” ဟု ကောင်းချီပေးသလို “နင်တို့အရာ ဘာပါသလဲ၊ သွားကြ” ဟုလည်း အတင်းအဓမ္မ မောင်းထုတ် တာကိုလည်း ခံကြရပါသည်။
(စကားစပ်၍ ပြောရလျှင် ကလေးလူငယ် စာပေစာတမ်းများ ဟူ၍ စာတမ်းတစ်စောင် ၁၉၈၀ ခုနှစ်များ ပတ်ဝန်းကျင်က စာပေဗိမာန်မှ ထုတ်ဝေခဲ့ဖူးပါ၏။ ထိုစာတမ်းတွင် မြန်မာနိုင်ငံ၌ ကလေးစာပေ ဟူ၍ အလွန်နည်းပါးသေးကြောင်း၊ ကလေးများအတွက် ဟူ၍ သီးသန့်ထုတ်ဝေသော စာပေများမှာ လူကြီးဖတ်စာပေများနှင့် စာလျှင် လက်ချိုးရေလို့ ရနေ သေးကြောင်း၊ ထို့အတွက် ကလေးစာပေများ များများရေးဘို့လိုသေးကြောင်း တိုက်တွန်းထားပါ၏။ ကျွန်တော်တို့ ငယ်စဉ်က ဖတ်ခဲ့ရသော ကလေးစာပေများမှာ ရွှေသွေး၊ တေဇ၊ ဒို့ကျောင်းသား၊ မိုးသောက်ပန်း နှင့် ပြားခြောက်ဆယ် တန် ကာတွန်း(ဂျာနယ်အရွယ်) မောင်သံမဏိ၊ ရွှေစွန်ညို၊ ရွှေဂေါင်းပြောင် စသည် များ နှင့် ဆရာမကြီး ဒေါ်သိန်းယဉ် ၏ မိုးဆန်းပန်း ပုံပြင်များ ဖြစ်ပါ၏။ ကျွန်တော်က တောမြို့ကလေး သေးသေးမှာ နေခဲ့ရတော့ ကျွန်တော်တို့ဆီကို ကလေးဖတ် စာအုပ်စာတမ်းများ မရောက်လာတာလည်း ဖြစ်နိုင်ပါသည်။ ဤကား စကားချပ်)
ကျွန်တော် ခြောက်တန်းကျောင်းသားဘ၀ နွေရာသီကျောင်းပိတ်ရက် ကာလ (၁၉၇၄) က ဖြစ်ပါ၏။ ကျေးလက် တောရွာများတွင် လယ်သိမ်းအပြီး ဆောင်းနှောင်းနှင့် နွေရာသီများတွင် အလှူမင်္ဂလာဆောင်များ ကျင်းပလေ့ရှိပါသည်။ တောရွာများသဘာဝ အလှူဆိုသည်နှင့် ရွာလုံးကျွတ် ဖိတ်ကြားကာ မီးခိုးတိတ် လာရောက် အားပေးကြလေ့ ရှိပါသည်။ ကလေးများနှင့် ခွေးများပါမကျန် စည်စည်ကားကား တပျော်တပါးကြီးပေါ့။
ကျွန်တော်တို့အိမ်မှ လယ်စာရင်းငှားမှာ ကျွန်တော့် မိဘများနှင့် မောင်နှမများကို အလွန်ချစ်ပါသည်။ ကျွန်တော် တို့ကလည်း သူ့ကို စာရင်းငှားဟူ၍ သဘောမထားပဲ အစ်ကိုကြီးသဖွယ် ဆက်ဆံပါသည်။ ထိုနွေရာသီကျောင်းပိတ်ရက် တစ်ရက် ရွာတွင် အလှူလုပ်သည်နှင့် ထုံးစံအတိုင်း ကျွန်တော်တို့လည်း တပျော်တပါး သွားရောက် စားသောက်ကြ၏။ ထမင်းစားချိန်တွင် ထိုအစ်ကိုကြီး (ကိုအေးလှိုင်) က ထမင်းဝိုင်းပြင်ပေးရသော တာဝန်ကျသည်နှင့် သူပြင်ထားသော ထမင်းဝိုင်းတွင် လာ ညီလေး ဟု ကျွန်တော့်ကိုခေါ်ကာ တစ်နေရာထည့်ကျွေးပါသည်။ ကျွန်တော်ထိုင်ပြီး တစ်လုပ် နှစ်လုပ် စားရုံရှိသေး။ ဟေ့ကောင်၊ ဒါ ကလေးတွေစားဘို့ မဟုတ်ဘူး။ မင်းက ဘာလို့ဝင်စားရတာလဲ ဟု မာန်မဲကာ ထမင်းစားနေရင်းတန်းလန်း အတင်း ဆွဲထုတ်တာ ခံရပါသည်။ ထို ဆွဲထုတ်သူမှာ အခြားသူ မဟုတ်ပါ။ ကျွန်တော့်အမေ၏ မောင်ဝမ်းကွဲတော်သူ ကျွန်တော်တို့၏ ဘကြီး (ကျွန်တော်တို့က ဘကြီးငအုန်း ဟု ခေါ်ပါ၏) ဖြစ်ပါ သည်။ မိတ်ဆွေများခင်ဗျား၊ ကျွန်တော့်နေရာမှ ၀င်ခံစားကြည့်ပါ။ ကျွန်တော် ဘယ့်ကလောက် အရှက်ရသွားသည်ကို။ ကျွန်တော် ရှက်လည်း အင်မတန်ရှက်သွားသလို ထိုဘကြီးကိုလည်း အလွန်စိတ်နာသွားပါသည်။ အလှူ၊ မင်္ဂလာဆောင် သွားချင်စိတ်များပင် ကုန်ခမ်းသွားပါ၏။
(သို့သော် အသက်ကြီးလာတော့ ထိုအရာများကို မေ့ဖျောက်၊ သင်ပုန်းချေလိုက်ပါသည်။ ၂၀၀၄ ခုနှစ် စင်ကာပူမှ မြန်မာပြည် ခေတ္တပြန်စဉ် ရွာပြန်ရောက်သွားခိုက် သားသမီးများက ပြန်မကြည့်သဖြင့် အ၀တ်၊ အနေအထိုင်၊ အစားအသောက်မှစ အရာရာ ချို့တဲ့နေသော ထိုဘကြီး အိုကြီးအိုမ လင်မယားကို အ၀တ်အစား တစ်စုံစီ၊ မုံ့များနှင့် သုံးစရာ ပိုက်ဆံများပါ ကျွန်တော် သွားရောက် ကန်တော့ခဲ့ပါ၏)။
ထိုသည်မှ စ၍ ကျွန်တော်က ငါသာကြီးလာရင် ကလေးတွေကို အစစ အရာရာ ဦးစားပေးမယ် ဟု တေးမှတ်ထားခဲ့ပါသည်။ ထို့အတွက် ကျွန်တော် ရွာပြန်တိုင်း လူကြီးများအတွက် မုံ့ကို သင့်တော်ရုံမျှ ၀ယ်သွားပြီး ကလေးများအတွက်မူ ပီနံအိတ်နှစ်လုံးစာမျှ မုံ့များ ၀ယ်သွားကာ ကလေးများကို ဝေခြမ်းပေးလေ့ ရှိပါသည်။ ထို့ပြင် ကျွန်တော်တို့ရွာတွင် စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ပေးပြီး ကလေးဖတ်စာပေများ (ကာတွန်း၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်) ကို ဦးစားပေး ထည့်ပေးထားလိုက်ပါသည်။ အမှန်တကယ်လည်း လာရောက် ဖတ်ရှုသူများမှာ ကျောင်းသားကလေး ငယ်များ ဖြစ်ပါ၏။ လူကြီးများမှာ တချို့သာ ခဏတဖြုတ် လာဖတ်ကြပါသည်။ ကျွန်တော် စာကြည့်တိုက်ထဲထိုင်နေစဉ် ကလေးငယ်များမှာ ကျောင်းဆင်းသည်နှင့် တပြိုင်နက် ကျောင်းနှင့် သိပ်မဝေးလှသော စာကြည့်တိုက်သို့ အလုအယက် ပြေးလာကာ စာအုပ်များကို လှန်လှောဖတ်ရှုသည် တွေ့ရသည်နှင့် ကျွန်တော့်မှာ ကလေးများကို ကြည့်ပြီး များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။
စာကြည့်တိုက်ကလေးကို စောင့်ရှောက်နေသူ ဆရာကိုတင်သိန်းက “အစ်ကိုရေ့၊ စာကြည့်တိုက်ကို လာ အားပေးတာမှာ သူတို့တွေ အဓိကပဲ” ဟု ကျွန်တော့်ကို ရှင်းပြပါ၏။ ကျွန်တော်က စာကြည့်တိုက်အတွက် စာအုပ်များ ၀ယ်ပေးရာတွင် ကလေးများအတွက် အဓိကထားပြီး ၀ယ်ပေးရန် မမကို တိုက်တွန်းပါသည်။ ယနေ့ခေတ်တွင် မတော့ ကလေးလူငယ်ဖတ်စာပေများ ယခင်ကထက်စာလျှင် အတော်များများ ရှိလာပြီဖြစ်ပါသည်။ ကျွန်တော်လည်း နောက်ပိုင်း ကလေးဖတ်စာပေများ ရေးသားရန် စိတ်ကူးမိပါ၏။ ကလေးများ၏ ဦးဏှောက်ကို အရောင်တောက်လာအောင် လုပ်ပေးရန် လိုပါသည်။
ကျွန်တော့်ကလေးများ (သားနှင့် တူ၊ တူမများ) ကိုမူ သူတို့လုပ်ချင်ရာ စိတ်ကြိုက် လုပ်ကြစေရန် လွှတ်ထားပေး ဘို့ မမကို ပြောပါ၏။ အန္တရာယ်ရှိနိုင်သည်များမှလွဲ၍ တော်ရုံတန်ရုံ ဘာမျှ မချုပ်ချယ်စေပါ။ ကွဲပေ့စေ၊ ပျက်ပေ့စေ။ သူတို့ လုပ်လို့ ပျက်သွားလျှင် ဒီလိုလုပ်လျှင် ဒီလိုပျက်တတ်သည် ဆိုတာ သူတို့ဟာ သူတို့ သင်ခန်းစာ ယူပေ့စေ။ အော်ကြ၊ ဆော့ကြစမ်း။ လွတ်လွတ်လပ်လပ် ပေါ့။ ကလေးတွေ လွတ်လွတ်လပ်လပ် ဆော့လှောင် အော်ဟစ်နေတာ မြင်ရလျှင် ကျွန်တော် အလွန် စိတ်ချမ်းသာပါသည်။ ဟိုဟာဖြင့် မကိုင်နဲ့၊ ဒီဟာဖြင့် မလုပ်နဲ့ ချုပ်ချယ်တာ ကျွန်တော် အလွန်မုန်းပါသည်။ နေရာတကာ အချုပ်ချယ်ခံနေရသော ဦးဏှောက်သည် အဘယ်မှာ ပွင့်လင်းထက်မြက်သော ဦးဏှောက်တစ်ခု ဖြစ်လာနိုင်ပါ မည်နည်း။ သို့ဆိုလျှင် ဤကဲ့သို့သော ဦးဏှောက်မှ အကြံကောင်း၊ ဉာဏ်ကောင်းများ ထွက်ပေါ်လာနိုင်ပါမည်လော။
နေရာတကာ အချုပ်ချယ်ခံနေရသော ကလေးငယ်သည် သွက်လက် ထက်မြက်သူ ဖြစ်လာဘို့ အခွင့်အလမ်း များကို ပိတ်ပင်ထားခြင်း ခံရသူ ဖြစ်ပါသည်။ သွက်လက် ထက်မြက်သော ကလေးငယ်များကို မွေးထုတ်မပေးနိုင်သော လူ့ဘောင်သည် ခပ်တုံးတုံး ခပ်အအ၊ ခပ်ထုံထုံ ခပ်ညံ့ညံ့ ခေါင်းဆောင်များ ဦးဆောင်သော လူ့အဖွဲ့အစည်းသာ ဖြစ်လာ စရာ ရှိပါသည်။ သို့ဆိုလျှင် ထိုကျေးရွာ၊ မြို့ပြများသည် အဘယ်မှာလျှင် ဖွံ့ဖြိုးသောကျေးရွာ၊ မြို့ပြများ ဖြစ်လာနိုင်ပါ မည်နည်း။ ထိုကျေးရွာ၊ မြို့ပြများဖြင့် ဖွဲ့စည်းထားသော နိုင်ငံသည်လည်း အခြားနိုင်ငံများနောက် အနှစ် သုံးဆယ်မျှ နောက်ကျကျန်နေသော နိုင်ငံ ဖြစ်လာစရာ ရှိပါသည်။ (မကြာသေးမီက ခရီးသွားအေးဂျင့် တစ်ခု၏ ကြော်ငြာတွင် မြန်မာ ပြည်အကြောင်း မည်သို့ ကြော်ငြာထားသည် ထင်ပါသနည်း။ ယနေ့ခေတ်မှ ယခင် နှစ်ပေါင်းသုံးဆယ်ခန့် အကြာက လူ့အဖွဲ့အစည်းတစ်ခု၏ အခြေအနေကို လေ့လာလိုပါသလား၊ မြန်မာပြည်ကို သွားပါ ဟူ၏။ ထိုကြော်ငြာကို ဖတ်ပြီး ကျွန်တော် အတော် ကသိကအောက် ဖြစ်ခဲ့မိပါသည်။)

နောက်တစ်ခု။ လမ်းနံဘေးများတွင် အများပြည်သူများအတွက် သောက်ရေအိုးစင်များ တည်ထားပေးသော အင်မတန် ချစ်စရာကောင်းသည့် မြန်မာ့ဓလေ့ ကို အရုပ်ဆိုးစေသည်မှာ သံခြေကျင်းများဖြင့် တုပ်နှောင်ခြင်း ခံထားရသော သောက်ရေခွက်ကလေးများ ဖြစ်ပါ၏။ မိမိတို့သောက်ဘို့ စေတနာရှင်များ တည်ထားပေးသည့် ရေချမ်းစင် မှ ဘယ့်ကလောက်မှ တန်ဘိုးမရှိသော သောက်ရေခွက်များကို အဘယ်ကြောင့် အလီဘာဘာ လုပ်ချင်ရပါသနည်း။ ရေခွက်တစ်ခွက် မှ မ၀ယ်နိုင်လောက်အောင် ဘတ်ဂျက် ပြတ်လတ်နေပါပြီလား။
နောက်ပြီး အလှူ၊ မင်္ဂလာဆောင်များတွင် (တရားပွဲများပါမကျန်) ဖိနပ်ပျောက်မှု ဖြစ်ပါ၏။ အလှူလာသူများမှာ ဖိနပ်အတွက် နောက်ကြောင်းမအေးရ။ တချို့ စမတ်ကျသော အလှူရှင်များကမူ အလှူလာသူများ ဖိနပ်ကိစ္စအတွက် ဗျာမများရလေအောင် လူငယ်တစ်ဦးဦးကို ဖိနပ် သိမ်းစေပါသည်။ တရားပွဲတွင် ဖိနပ်ခိုးသည်ကတော့ အကျည်းတန် လှသည် ဟု ကျွန်ုပ် မြင်မိပါ၏။ တရားပွဲလာသူများက ဖျောင်သည်ဟုဆိုလျှင် သူတို့ဘာတရားနာပါသလဲ ဟု ကျွန်တော် က မေးလိုက်ချင်ပါသေး၏။ တရားနာလာသူများ ထဲမှ မဟုတ်မူ၍ အပြင်လူ ဆိုလျှင်တော့လည်း မပြောတတ်ပါ။ ဘုရားသွားပြီး ဘုရားကို ဦးချကန်တော့တာတောင် စိတ်မဖြောင့်ပါ။ ငါ့ဖိနပ် ရှိမှ ရှိသေးရဲ့လား ဟု စိတ်တထင့်ထင့်နှင့် နောက်ပြန် ပြန် လှည့်ကြည့်နေရပါသည်။ ဘုရားပေါ်တွင် အဘယ်ကဲ့သို့သော အချောင်သမားများသည် အနှီ စီးပြီးသား ဖိနပ်များကို အလစ်သုတ်ချင် ရပါသနည်း။
ဖိနပ်အလစ်သုတ်ရာတွင် နာမည်ကြီးဘူတာမှာ ပျဉ်းမနားဘူတာ ဖြစ်ပါ၏။ ရေဆင်းတွင် နေစဉ် တစ်ခါက ကျွန်တော် ရန်ကုန်သွားရာ ရထားစောင့်ရင်း ဘူတာထဲရှိ ထိုင်ခုံတွင် ထိုင်ကာ ငိုက်နေမိပါ၏။ နိုးလာပြီး ကြည့်လိုက်တော့ ဖိနပ်မရှိတော့ပါ။ ရန်ကုန်ရောက်တော့ ဘာမျှမလုပ်နိုင်ခင် ပထမဆုံး ဖိနပ်ဆိုင် အလျင် လိုက်ရှာရပါ၏။ ဘူတာမှာ အိပ်ငိုက်နေလို့ ခိုးတာ ထားပါတော့။ ရထားပေါ်မှာ အိပ်မငိုက်ပါပဲလျှက် ခြေညောင်းသဖြင့် ခေတ္တမျှ ထိုင်ခုံပေါ် ခြေတင် ထားလျှင်ပင် ဖိနပ်ပျောက်တတ်ပါသည်။ ကျွန်တော်တို့ လူမျိုးများသည် သားငံပြေသုတ် အင်မတန် ကြိုက်တတ်သော လူမျိုးများ ဖြစ်ပါသလား။
စင်ကာပူတွင် တိုးပါးရိုး ဘုန်းကြီးကျောင်း၌ ပွဲလမ်းသဘင်၊ တရားပွဲရှိ၍ သွားလျှင် ရာပေါင်းများစွာသော ရွှေပွဲလာ ပရိသတ်တို့သည် မိမိတို့၏ ဖိနပ်များကို ကျောင်းအ၀င် လှေခါး၌ သည်အတိုင်းပင် ချွတ်ထားခဲ့ကြပါ၏။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ဖိနပ်ကြီးကြပ်ရေးမှူး လုပ်နေစရာ မလိုပါ။ သို့သော်လည်း မည်သူမျှ ဖိနပ်ပျောက်သည် ဟု မကြားမိပါ။ မိတ်ဆွေတို့ အသိပင် ဖြစ်ပါ၏။
သို့ဆိုလျှင် မြန်မာပြည်မှ တရားပွဲလာ ပရိသတ်များ နှင့် စင်ကာပူမှ တရားပွဲလာ ပရိသတ်များအကြား ဘာများ မှားယွင်းနေပါသနည်း။ ပညာရှင်များ ဖိနပ်ပျောက်မှု သုတေသနစာတမ်း ပြုစုကြပါရန် ချောက်တွန်းပါ၏။ (တရားပွဲ လာသူ ဘယ်နှယောက်။ သားရေဖိနပ် က ဘယ်နှရံ၊ ဂျပန် ဖိနပ်က ဘယ်နှရံ။ တန်ဖိုးကြီးဖိနပ်က ဘယ်နှရံ၊ တန်ဖိုးနည်း ဖိနပ်က ဘယ်နှရံ။ တရားတစ်ပွဲလျှင် တန်ဖိုးကြီးဖိနပ် ဘယ်နှရံပျောက်ပြီး တန်ဖိုးနည်း ဖိနပ် ဘယ်နှရံ ပျောက်သည် စသည်...၊ နောက်ပြီး ရယ်စရာစာစောင်တွင် ထည့်လို့ရနိုင်ပါမည်။ ရေးပုံသားနည်းကိုတော့ ဂျက်(ကွမ်းခြံကုန်း) ကို အတုယူကြပါကုန်။)
နောက် အင်မတန် စိတ်ဝင်စားဖွယ်ရာ မြင်ကွင်းကို စောစောစီးစီး မြင်တွေ့ လေ့လာခဲ့ရပုံကလေး ပြန်ပြောင်း ပြောပြပါရစေဦး။
၁၉၉၆ ခုနှစ်လောက်က ကျွန်တော့်အစ်မကြီးတွင် အဆုတ်ထဲ ရေ၀င်သည့် ရောဂါဖြစ်သဖြင့် ရန်ကုန်သို့ လာရောက် ကုသပါသည်။ ထိုစဉ်က ရွာမကျောင်းလမ်း ရေခဲစက်ဝင်းအတွင်း အသိအိမ်တစ်အိမ်၌ တည်းခိုပါ၏။ နံနက် စောစော အိပ်ယာထပြီး မျက်နှာသစ်ဘို့ အိမ်ပြင်ထွက်လိုက်တော့ အလို- ဟိုရှေ့က လူတွေ စောစောစီးစီး ဘာတွေများ အလုပ်ရှုပ်နေပါလိမ့်။ ကျွန်တော် အလွန်စိတ်ဝင်စား သွားပြီး သူတို့အနား မလှမ်းမကမ်းသွားကာ စနည်းနာမိပါ၏။
ဟိုက် ရှာလပတ်ရည်၊ ကျွန်တော့၏ အလွန်ခေတ်နောက်ကျနေပြီ ဖြစ်သော ဗဟုသုတများကို ထိုသူများက လက်တွေ့ ပြသလိုက်ပါ ပကော။ ကျွန်တော်ထင်တာက ကြက်သား၊ ၀က်သားများကို ရေထိုးသည် ဆိုသည်မှာ ဆရာဝန်သုံးသော ဆေးထိုးပြွန်များဖြင့် ထိုးသွင်းတာ ဖြစ်မယ် ဟု တွေးထင်ခဲ့မိပါ၏။ ဘယ့်နယ့်၊ ဒီလောက် ကြက်ကောင်ရေအများကြီးကို ခင်ဗျား ဆေးထိုးပြွန်နဲ့ ထိုးသွင်းနေလို့ ထမင်းဘယ် နပ်မှန်လိမ့်မတုံး။ ထိုသူများကတော့ အ၀တ်လျှော်သော ဒန် ဇလုံကြီးထဲတွင် အမွေးနှုတ်ထားသော ကြက်တုံးလုံးများကို အစီအရီထည့်ကာ စက်ဘီးလေထိုးသော လေထိုးတံကြီးဖြင့် ထိုးထည့်နေခြင်း ဖြစ်ပါ၏။ ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။ ၎င်းတို့၏ ခေတ်လွန် နည်းပညာရပ်များကို ကျွန်တော် အင်ဂျင်နီယာကြီး အံ့သြဘနန်း ဖြစ်ခဲ့ရပါဘိ။
အခြားနိုင်ငံများက အသက်ရှင်နေသော ကြက်ကိုသာ အသားတိုး ၀ဖြိုးအောင် လုပ်တတ်သည်။ ကျွန်တော်တို့ မြန်မာနည်းပညာများကတော့ အသက်မရှိတော့သော ကြက်ကို အလေးချိန်တိုးကာ ပိန်ခြောက်နေသော ကြက်ကလေးမှ အလွန်ဆူဖြိုးသော ကြက်၀၀ကြီးအဖြစ်သို့ စက္ကန့်ပိုင်းအတွင်း လုပ်နိုင်နေပြီဖြစ်သည်။ သြစတေးလျား၊ အမေရိကန် စသော နိုင်ငံကြီးများမှ မွေးမြူရေးပညာရှင်များ လာရောက်လေ့လာရန် သင့်လျော်လှပါဘိ။ ကမ္ဘာ့ စားသုံးသူများအတွက် ၀မ်းမြောက်ဖွယ် သတင်းကောင်းကို ဤနေရာမှ စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပါကြောင်း။

နောက်ပြီး အခြားနိုင်ငံများထက် ပိုပြီး သမာသမတ်ကျသော စံနစ်ကလေးတစ်ခု မြန်မာပြည်တွင် ကျင့်သုံးနေပုံ ကလေး မိတ်ဆွေများ (အထူးသဖြင့် အမျိုးသမီး မိတ်ဆွေများ) သိပြီး ဖြစ်သော်လည်း ကျွန်တော့်ကို နည်းနည်းလောက် ပြန်ဖွခွင့် ပြုပါ။
အခြားနိုင်ငံများတွင်မတော့ မပြောတတ်။ စင်ကာပူတွင်တော့ သမာဓိချိန်ခွင် ဆိုတာ မတွေ့မိပါ။ ထိုသူများ သည် ကျွန်တော်တို့ ရွှေမြန်မာများလောက် သမာသမတ် မကျကြောင်း ဤအရာက သက်သေပြနေပါ၏။ ကျွန်တော်တို့ ဆီတွင် ဈေးများ၌ သမာဓိချိန်ခွင် ဆိုတာ ရှိပါ၏။ သည် သမာဓိချိန်ခွင်အကြောင်း မြန်မာပြည်သူ ပြည်သားများမှလွဲ၍ အခြား ကမ္ဘာသူ ကမ္ဘာသားများ နားလည်နိုင်စရာ အကြောင်း မရှိပါ။ ငါး ၀ယ်လာသလား၊ မကျေနပ်ရင် သမာဓိချိန်ခွင် သွားချိန်ကြည့်လေ။ “အောင်မယ်၊ ကောင်မ ဘာစကားပြောတာလဲ။ မကျေနပ်ရင် အဲဒီ အမဲသားတွဲ သမာဓိချိန်ခွင်မှာ သွား ချိန်လို့ရတယ်၊ ဟင်း လူများ အလေးခိုးတာ ကျနေတာပဲ။” “အစ်မ၊ ဟောသည်မှာကြည့်၊ ဇောက်ထိုးကြီး။ အဆစ်လဲ ထည့်ပေးလိုက်အုံးမယ်။ ဒါမှ မသင်္ကာသေးရင် ဟို ဈေးထိပ်က သမာဓိချိန်ခွင်မှာ သွားချိန်ကြည့်လို့ ရတယ်။”
ဤ ဒိုင်ယာလော့များကိုသာ အခြားတစ်နိုင်ငံမှ အိမ်ရှင်မများကြားပါက နားလည်နိုင်စရာ မရှိပါ။ “အနို့ အစ်မရယ်၊ ဒီမှာ ချိန်ပြီးနေပြီ မဟုတ်ဘူးလား။ ဘာကိစ္စ အဲဒီ သမာဓိချိန်ခွင် ဆိုတာကြီးကို အမြဲ ညွှန်းညွှန်း နေရတာလဲ။” “ညည်းမသိပါဘူးအေ၊ တိတ်တိတ်နေပါ။”
အလေးခိုးခြင်း၊ ရေထိုးခြင်း၊ သမာဓိချိန်ခွင် ဟူသည့် ဝေါဟာရများမှာ မြန်မာ အဘိဓါန်အတွက် အထူးတီထွင် ထုတ်လုပ်ထားတာ ဖြစ်ပါကြောင်း။ ဒါတင် မကသေးပါ။ လယ်ယာ၊ စပါး၊ ကောက်ပဲသီးနှံများနှင့် မနီးစပ်သည့် မိတ်ဆွေ များတော့ သိချင်မှ သိပါလိမ့်မည်။ တင်းတောင်း နှစ်မျိုးအကြောင်း ဖြစ်ပါ၏။
၂ လမြူ = ၁ လမြက်
၂ လမြက် = ၁ စလယ်
၂ စလယ် = ၁ ခွက်
၂ ခွက်= ၁ ပြည် (ယခုခေတ်တွင် နို့ဆီဗူး ၈ လုံး = ၁ ပြည် ဖြစ်ပါ၏)
၎ ပြည် = ၁ စိတ်
၂ စိတ် = ၁ ခွဲ
၂ ခွဲ = ၁ တင်း ( ၁၆ ပြည် = ၁ တင်း)
၁၆ ပြည်=တစ်တင်း ဆိုသည်မှာ စာအရသာ ဖြစ်ပါ၏။ တကယ်လက်တွေ့တွင် တစ်တင်း၌ မည်မျှပါသည်ကို ကိုရွှေပွဲစားများသာ သိပါမည်။ (လယ်သမားများလည်း သိပ်မခေတော့ပါ)။ ကိုယ်က ၀ယ်သည့်အခါများတွင် တင်းတောင်းသည် ၁၆ ပြည်ခွဲ သို့မဟုတ် ပိုပြီးလောဘကြီးလျှင် ၁၇ ပြည်=တစ်တင်း ဖြစ်၍ ကိုယ်က ရောင်းသည့် အခါများတွင်တော့ ၁၅ ပြည်ခွဲ တစ်တင်း ဖြစ်ပါလိမ့်မည်။
အောင်မယ်၊ ကိုယ့်ဆရာ။ အထာမသိပဲ လူတတ်ကြီးလုပ်ပြီး သွား တင်းတောင်း တိုက်မကြည့်လေနဲ့။ ခင်ဗျား ချင် ကြည့်ရင်၊ ၁၆ပြည် တစ်တင်း ကွက်တိ ဖြစ်နေလိမ့်မယ်။ လူလယ်ခေါင် အရှက်ကွဲကိန်းပဲ။ ဒါဖြင့် အဲဒီ တင်းတောင်းနဲ့ ၁၆ပြည်ခွဲရအောင် ဘယ်လိုချိန်သလဲဗျာ။ အာ - အဲဒါ hightech ဗျ။ ခင်ဗျားကို ပြောလို့ ဘယ်ဖြစ်လိမ့်မလဲ။ ဟဲ ဟဲ။ သိချင်သပ ဆို ပွဲစားလောကကို သုံးနှစ် သုံးမိုး ခြေစုံပစ် ၀င်ပြီးလေ့လာ။ ခင်ဗျား မသိသေးတဲ့ အံ့သြ ကုန်နိုင်ဖွယ်တွေ တွေ့လိမ့်မယ်။ ကိုင်း - မှတ်ကရော့။
ကျွန်တော်တို့ ရွှေမြန်မာများ၏ တီထွင်ထုတ်လုပ်မှုများကိုသာ ကျမ်းပြုပါက Encyclopaedia Britanica ကပင် အဘ ခေါ်သွားရမည် ဖြစ်ပါ၏။
ဒါ့ထက် ဆိုးတာများ ရှိပါသေးသည်။ သည်အပိုင်းကတော့ လောဘ အားကြီးလွန်း၍ ဖြစ်လာမည့် အကျိုးဆက် ကို ဘာမှထည့်တွက်မနေတော့ပဲ ကိုယ် ပိုက်ဆံမြက်မြက် ရဘို့ မလုပ်ထိုက်တာ မှန်သမျှ အကုန် လုပ်ခြင်း ဖြစ်ပါ၏။
ကျွန်တော် ကျောင်းပြီးစက အလုပ်မရသေးသဖြင့် ဟိုဟာ ကောင်းနိုး သည်ဟာ ကောင်းနိုး လျှောက်လေ့လာကာ စပ်စပ် စပ်စပ် လျှောက်လုပ်နေခဲ့ပါ၏။ သည်တွင် တချို့မသိသေးသည်များ သိလာရပါသည်။ တချိန်တွင် ကျွန်တော်တို့ရွာနှင့် အတန်ငယ်ဝေးသော ကွင်းကောက်ဘက်သို့ ရောက်သွားပါ၏။ နှမ်းဖြူများဈေးကောင်းနေသဖြင့် သူတို့လုပ်ပုံကိုင်ပုံ များကို သွားရောက် လေ့လာခြင်း ဖြစ်ပါသည်။ အို့ အို၊ နှမ်းဖြူမှာ ဈေးကောင်းလေရကား အချိန်ပိုစီးအောင် နှင့် များများရအောင် နှမ်းဖြူစေ့နှင့် အရွယ်တူ ကျောက်စရစ်ခဲ ဖြူဖြူများကို ဆန်ကာနှင့် ချကာ နှမ်းများအတွင်း ရောရောင်း ခြင်း ဖြစ်ပါ၏။
ဤအဆင့်ကတော့ ဆိုးဝါးသည့်အဆင့်ထက် ယုတ်မာသည့် အဆင့်ကို ရောက်သွားပြီ ဖြစ်ပါသည်။ ဤနှမ်းများကို လှော်ကာ လဖက်ထဲသာ ဖြူးစားပါက သို့မဟုတ် ကိတ်မုံ့ဖြစ်စေ မုံ့များပေါ်တွင် သာ ဖြူးစားပါက .........။ ကျွန်တော်တို့ လူမျိုးများသည် အခါမလပ် သြကာသကိုဆိုကာ သီလယူနေပြီး ဥပုသ်နေ့များတွင် စိပ်ပုတီးကြီး တကားကားနှင့် ဘုရားသွား ကျောင်းတက် အခါမလပ် လုပ်နေကြသူများ ဖြစ်ပါ၏။ သို့စင်လျှက် ဤမျှ ယုတ်မာသော လုပ်ရပ်ကို ဘယ့်အတွက် လုပ်ရက်ကြပါသနည်း။ (ဟကောင်၊ ၀ါးလုံးချေးသုတ် မရမ်းနဲ့လေ။ ဥပုသ်စောင့်တာက တစ်ယောက် ကျောက်ခဲရောတာက တစ်ယောက်ကွ ဟု အဓွန့်တက်ပါ။ ထို ကိုကျောက်ခဲများသည်လည်း ဗုဒ္ဓဘာသာ များ ဖြစ်လေရာ တရားပွဲမရောက်ဖူးသူ၊ သီလမယူဖူးသူများ ရှိမည် မထင်ပါ။)
ထိုမျှမက အရောင်တင်မှုံ့များကို အုန်းဆံမှုံ့များ ရောရောင်းခြင်း၊ ပိုဆိုးသည်မှာ နွားနို့ထဲတွင် ဘာမှန်းမသိသော အရာများရောပြီး လူသေများအား မပုပ်အောင်သုံးသည့် ဖော်မလင်များ ရောရောင်းခြင်း တို့ ဖြစ်ပါ၏။ မမကတော့ ကြောက်လွန်း၍ ဈေးမှ နွားနို့များကို ၀ယ်မသောက်ပါ။ ရေရောရောင်းတာ ထားပါတော့။ ပေါက်တတ်ကရတွေ လျှောက် လုပ်တာ အဆိပ်ရောင်းတာထက် ဆိုးပါသေးသည်။ အဆိပ်ဟု ပြောရောင်းလျှင် ဆင်ခြင်နိုင်ပါ သေးသည်။ အစာတဖြစ်လဲ အဆိပ်များကို အဘယ်ကဲ့သို့ သိနိုင်ပါမည်နည်း။
ယဉ်ကျေးမှု ထွန်းကားပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမအောက်တွင် နေထိုင်ကြသော ကျွန်တော်တို့ လူမျိုးများသည် အဘယ့်ကြောင့် ဤမျှ ယုတ်မာသည့်အလုပ်များကို လုပ်ရက်ကြပါသနည်း။ မသိ၍လော။ သိသိကြီးနှင့် လုပ်နေကြ သည်လော။ ကျွန်တော်မသိပါ။
ပြီးခဲ့သည့်လက အိမ်ကိုဖုံးဆက်တော့ မမက ဈေးမှ ငြုပ်သီးမှုံ့များကို ၀ယ်မစားမိစေဘို့ သတိပေးပါ၏။ မြန်မာ ပြည်မှ လာသော ငြုပ်သီးမှုံ့များကို ဆိုလိုခြင်း ဖြစ်ပါသည်။ “နင့်ဟယ်၊ အဲဒီ ငြုပ်သီးမှုံ့ကြိတ်ရောင်းတဲ့ စက်က ကောင်လေး ပြောပြတာ။ သူတို့က ဖလံဖြူတွေကို လိုက်ဝယ်ပြီးတော့ ကြိတ်ပြီးမှ အရောင်ဆိုးတာ တဲ့။ နောက်ပြီး သူက ပြောသေးတယ်။ အောင်မယ် အစ်မ၊ ဖလံဖြူဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကားတစ်စီးတိုက်ရဘို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ မနည်းလိုက်ဝယ်ထား ရတာ ဆိုပဲ။ ငါတို့တော့ ငြုပ်သီးအတောင့်လိုက် ၀ယ်ပြီး ကိုယ့်ဟာကိုယ် ကြိတ်စား တယ်။” ဖလံဖြူ ဆိုသည်မှာ ပိုးကျထားသော ငြုပ်သီးကို ဆိုလိုပါ၏။ ဖလံဖြူက လူများ မ၀ယ်သဖြင့် လျှော့ဈေးနှင့် ရောင်းရသည်ဖြစ်ရာ ကောင်းသောငြုပ်သီးထက် အများကြီးဈေးသက်သာပါ၏။
ကျွန်တော် ဗမာပြည်မှ ထွက်ခွါလာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ရာ သည့်ထက်ပိုပြီး ဆိုးရွားယုတ်မာသည့် လုပ်ရပ်များ ရှိနိုင်ပါသေးသည်။ ကျွန်တော် မသိလို့ ဖြစ်နိုင်ပါသည်။ အစားအသောက် ရောင်းရာတွင် မဟုတ်ပါ။ ဆောက် လုပ်ရေး လောကတွင်ရော။
တိုက်တစ်လုံး ပြိုကျလျှင် လူပေါင်းများစွာ သေကျေ ပျက်စီးမည်ကို ကလေးကအစ သိပါသည်။ သို့သော် ထို ဦးကန်ထရိုက်များသည် အဆောက်အဦများကို စံချိန်စံညွှန်းမီမီ စံနစ်တကျ ဆောက်ကြပါသည်လော။ ကွန်ကရစ်ကို အားဖြည့်မည့် သံချောင်းများကို အပြည့်အ၀ ထည့်ကြပါ၏ လော။ ဘိလပ်မြေကို အချိုးကျကျ ထည့်ပါ၏ လော။ သူရို့က ဘုရားစူးရပါစေ့၊ ကျွန်တော်တို့ အပြည့်သုံးပါတယ် အစ်ကိုရယ် ဟု ကျိန်ပြောသည့်တိုင် ဘုရားများသာ သူတို့ကို စူးချင်စူးရမည်၊ ကျွန်တော်ကတော့ မယုံရေးချ မယုံပါ။
ပြီးခဲ့သည့် လအနည်းငယ်က လှည်းတန်း ၇ လမ်းထဲတွင် ကျွန်တော် တိုက်ခန်းတစ်ခန်း ၀ယ်လိုက်ပါ၏။ တိုက်ခန်းမှာ အသစ်ဖြစ်သော်လည်း အားလုံးပြန်ပြင်ရသည် ဟု မမက ပြန်ပြောပြပါ၏။ “ထုံးစံအတိုင်းပေါ့ဟယ်။ တစ်အိမ်လုံး ပြန်ပြင်ရတာပေါ့။ နံရံတွေကို စမ်းပြီး အခေါင်းဖြစ်နေတဲ့နေရာတွေကို ခွါချ၊ အသစ် ပြန်ချော။ ကြမ်းပြင်တွေ ပြန်ပြင်။ မီးကြိုးတွေ နဲ့ မီးခလုတ်တွေ ပြန်လဲ။ မိန်းခလုတ် အသစ်ပြန်တပ်။ ရေကန်လဲ ကောင်းတာနဲ့ ပြန်လဲ။ အကုန်ပြန်လဲ၊ ပြန်ပြင်ရတာ။ သူတို့က အဖြစ်လုပ်သွားတာ။”
အိမ်ပြန်ပြင်ရသည့် ကုန်ကျစရိတ်မှာ မူလ၀ယ်သည့်ဈေး၏ ၂၂ ရာခိုင်နှုံး ရှိပါသည်။ ဒါတောင် အားလုံးကောင်း သွားသည်ထိ စိတ်ကြိုက် ပြန်ပြင်တာ မဟုတ်သေး။ နေလို့ရရုံ ပြင်တာ ဖြစ်ပါ၏။ စိတ်ကြိုက်ရသည်ထိသာ ပြင်ရလျှင် ၀ယ်ရင်းဈေး၏ ၂၅ ရာနှုံး အကျော်မှာ ရှိပါမည်။ သူတို့ ဘာတွေလုပ်နေသည်ကို သူတို့မှ အသေအချာ သိပါမည်။ အခြား မည်သူမျှ မသိနိုင်။ ချပေးလိုက်သော မူရင်းဈေးနှုံး၏ မည်သည့်ရာနှုံးမျှ လုပ်ငန်းထဲတွင် သုံးလိုက်ပါသနည်း။
ကျွန်တော့်သူငယ်ချင်း ဆောက်လုပ်ရေး အင်ဂျင်နီယာများမှာ ခြံကြီးများနှင့်၊ ကားအကောင်းစားကြီးများနှင့် နောက်မိန်းမ ချောချော ငယ်ငယ်လေးများနှင့်၊ နောက်ဆုံးပေါ် ခေတ်မီ အသုံးအဆောင် ပစ္စည်းများနှင့်။ ရေသောက်ရတာ ပေါ့လှသည်၊ ဘာမှ အရသာမရှိ။ နေ့လည်နေ့ခင်း နေပူပူမှာ ဘီယာကလေး စုပ်လိုက်ရမှ ရေငတ်ပြေ မည်ပေါ့။ အလုပ်လုပ်ရတာ ပင်ပန်းလှသည်။ သည်တော့ ညနေများတွင် အကင်ဆိုင်မှာ ၀ီစကီနှင့် အပန်းဖြေဘို့လိုသည်။ တခါတလေ အညောင်းဖြေရန် ရန်ကုန်မြို့လယ်ခေါင်များတွင် ပေါ်တင်ဖွင့်ထားသော အနှိပ်ခန်းများသို့ သွားရောက် အနှိပ်ခံဘို့လည်း လိုသေး၏။ သူတို့ ဘယ်က ပိုက်ဆံတွေ ဘယ်လိုရသလဲ ဆိုတာ သူတို့သာ သိပါလိမ့်မည်။ ကျွန်တော်တို့လို ခပ်တုံးတုံးလူများ၏ အရာမဟုတ်။ ထူးအိမ်သင့် သီချင်းလို ဒီခေတ်ကြီးမှာ ရိုးသားမှုကို မိုက်မိုက်မဲမဲ ဖက်တွယ်ထားသူ အကျွန်ုပ်တို့လို လူများအဖို့ ဘယ့်နှာလုပ် ကြီးပွားဘို့ရာ ဖြစ်နိုင်ပါမတုံး။
အထက်ပါ ဦးရေထိုး၊ ဒေါ်ချိန်ခွင်၊ ဦးကျောက်ခဲ၊ မမဖလံဖြူ၊ ကိုတင်းတောင်း၊ ဆရာကန်ထရိုက်တာ များမှာ သူတို့ ရသင့်ရထိုက်သော သို့မဟုတ် ထိုက်တန်သော ဈေးများကို မရသဖြင့် ဤကဲ့သို့ ကြက်များကို ရေထိုးခြင်း၊ အလေး ခိုးခြင်း၊ တောင်းခိုးခြင်း၊ ဘိလပ်မြေ ခိုးခြင်းများ ဖြစ်ပါသလား။ ဤဈေးနှုံးများသည် သူတို့ စိတ်ကြိုက်ခေါ်ရောင်းသော ဈေးများ မဟုတ်ပေဘူးလား။ မည်သူက အတင်းအကြပ် သတ်မှတ်ပေးလိုက်သော ဈေးနှုံးများ ဖြစ်ပါသနည်း။ သို့ဆိုလျှင် စိတ်ကြိုက်ဈေး ရနေပါလျှက် အဘယ့်ကြောင့် ထပ်မံ ခိုးချင် ၀ှက်ချင် ရပါသေးသနည်း။ ဈေးဝယ်သူများကို ဘယ့်နှာ ကြောင့် မိအေး နှစ်ခါ နာစေရပါသနည်း။

No comments: