Tuesday, January 14, 2014

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၉)

အခန်း (၁၈)

စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက် (Management Review)

၁၈၊ ၁။ အဘယ်ကြောင့် ပြန်လည်သုံးသပ်ချက် အရေးကြီးရသနည်း
           
            မိမိတို့ချမှတ်ရေးဆွဲထားသော လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်သည် ဤလုပ်ငန်းအတွက် လုံလောက်မှုရှိမရှိ၊ သင့်တော်မတော်၊ အကျိုးသက်ရောက်မှု ရှိမရှိကို အမြဲလေ့လာဆန်းစစ်နေရန် လိုသည်။ အကယ်၍ ပြုပြင်စရာရှိပါက စီမံခန့်ခွဲရေးအဖွဲ့ အနေနှင့် ပြန်လည်ပြုပြင်ရေးဆွဲရမည်။ မလိုအပ်သည်များကို ဖယ်၊ လိုအပ်သည်များကို ထပ်ဖြည့်ရမည်။ ပြောင်းလဲနေသည့် အစိုးရ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မျက်ခြည်မပြတ် စောင့်ကြည့်ကာ ထိုပြောင်းလဲလိုက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ လျော်ညီအောင် မိမိတို့၏ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်ပြုပြင်ရမည်။
            လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ် ဟူသည် လုပ်ငန်းခွင်အတွင်း မတော်တဆမှုများကို ထိန်းချုပ်ရန်၊ လျှော့ချရန် အရေးကြီးဆုံး စီမံချက်ဖြစ်သဖြင့် မိမိတို့လုပ်ငန်းခွင်အတွင်း၌ မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ များပြားနေပြီဆိုလျှင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ် အားနည်းနေပြီ၊ ချို့ယွင်းချက်များ ရှိနေပြီကို သိနိုင်သည်။ ထိုအခါများတွင် လုပ်ငန်းခွင် စီမံခန့်ခွဲရေး အဖွဲ့အနေနှင့် မိမိတို့၏ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်ကို သေချာစွာ ပြန်လည်သုံးသပ်ရန် အထူးလိုအပ်လေသည်။

၁၈၊ ၂။ လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက် လုပ်ငန်းအဆင့်ဆင့်

၁၈၊ ၂၊ ၁။ လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့က ပြန်လည်သုံးသပ်ခြင်း

            လုပ်ငန်းခွင်စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ခြင်းကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ပြုလုပ်သည်။
(က) နှစ်စဉ်
(ခ) စီမံကိန်းလုပ်ငန်းတစ်ခုပြီးတိုင်း
(ဂ) လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစစ် (Safety Audit) မစမီ သို့မဟုတ် ပြီးနောက်
            လုပ်ငန်းခွင်စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ခြင်းကို ဌာနချုပ်တွင်ဖြစ်စေ လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့ရုံးတွင်ဖြစ်စေ ပြုလုပ်နိုင်သည်။ စည်းဝေးပွဲကို အုပ်ချုပ်ရေးအဖွဲ့၏ အဆင့်မြင့် အရာရှိကြီးများ (ဥပမာ - ညွှန်ကြားရေးမှူး၊ စီမံခန့်ခွဲရေးညွှန်ကြားရေးမှူး စသည်) က ဦးဆောင်ပြုလုပ်သည်။ အခြားစီမံခန့်ခွဲရေး အဖွဲ့ဝင်များ (ဥပမာ - စီမံကိန်းမန်နေဂျာ၊ လုပ်ခွင်မန်နေဂျာ၊ အင်ဂျင်နီယာ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး အရာရှိ စသည်) တက်ရောက်သည်။

၁၈၊ ၂၊ ၂။ လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ခြင်းတွင် ဆွေးနွေးသည့် အချက်များ

            လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်သည့်စည်းဝေးပွဲတွင် အောက်ပါအချက်များကို ပြန်လည်သုံးသပ်မည်။ သုံးသပ်ချက်မှ ရလဒ်များကို မှတ်တမ်းတင်ထားပြီး ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ချမှတ်မည်။  

Ø ယခင်ကျင်းပခဲ့သော စည်းဝေးပွဲများမှ တွေ့ရှိချက်များ
Ø ကုမ္ပဏီတွင်း နှင့် ပြင်ပလုပ်ငန်းစစ်များမှ တွေ့ရှိချက်များ
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး မူဝါဒ နှင့် ရည်မှန်းချက်များကို ပြန်လည်သုံးသပ်ခြင်း
Ø စီမံခန့်ခွဲရေး အစီအမံကို ပြန်လည်သုံးသပ်ခြင်း
Ø လုပ်ငန်းခွင်ထိခိုက်မှု၊ မတော်တဆမှုစာရင်းအင်းများနှင့် စည်းကမ်းမလိုက်နာမှု အစီရင်ခံစာများကို ပြန်လည်သုံးသပ်ခြင်း
Ø ဆပ်ကန်ထရိုက်တာများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်း
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲရေးစနစ်မှ အရေးပါသော (ဥပမာ - အန္တရာယ် အကဲဖြတ်ခြင်း အစီအစဉ်၊ သတင်းဖြန့်ဝေခြင်း အစီအစဉ် စသည်)
Ø စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက် ဆွေးနွေးပွဲအတွင်း တွေ့ရှိချက်များကို အခြေခံကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲရေးစနစ်အား ပိုမိုကောင်းမွန်၊ တိုးတက်လာအောင် ပြုပြင်ရေးဆွဲခြင်း



၁၈၊ ၃။ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်

            အထက်ပါစည်းဝေးပွဲမှတ်တမ်းတွင် မည်သူတို့က မည်သည့်အချက်များအား မည်သည့်အချိန်၌ ဆောင်ရွက်ရမည်ကို တစ်ပါတည်း ဖော်ပြရမည်။ အကယ်၍ တာဝန်ယူ ဆောင်ရွက်ရမည့်သူသည် ယခုအစည်းဝေးပွဲ၌ မပါခဲ့ပါက ၎င်းအား စည်းဝေးပွဲမှတ်တမ်းကိုပေးကာ မည်သည်တို့ဆောင်ရွက်ရမည်ကို အသိပေး၊ အကြောင်းကြားရမည်။
            ဆောင်ရွက်ရမည့်အချက်များအား မည်သည့်အချိန်တွင် အပြီးဆောင်ရွက်ရမည်ကို စီမံခန့်ခွဲရေးအဖွဲ့ ကိုယ်စားလှယ်က သတိပေးရ မည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အပတ်စဉ်နှင့် လစဉ်စည်းဝေးပွဲများအတွင်း စီမံကိန်းမန်နေဂျာက မိမိတို့စီမံကိန်းအတွင်းမှ တာဝန်ရှိသူများအား စီမံခန့်ခွဲရေးအဖွဲ့စည်းဝေးပွဲမှတ်တမ်းကိုပေးကာ မည်သည်တို့ ဆောင်ရွက်ရမည်ကို အသိပေး၊ အကြောင်းကြားရမည်။
            စီမံခန့်ခွဲရေးအဖွဲ့စည်းဝေးပွဲမှတ်တမ်း၊ ထိုစည်းဝေးပွဲမှ တွေ့ရှိချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် စသည်တို့အား မှတ်တမ်းတင်ထားရမည်။ ထိုတွေ့ရှိချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် တာဝန်ရှိသူတို့နှင့်တကွ စီမံကိန်းမန်နေဂျာအားလုံးသို့ စီမံခန့်ခွဲရေးအဖွဲ့စည်းဝေးပွဲမှတ်တမ်းကို ပေးပို့ရမည်။

ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ

၁။ CTE Workplace Safety and Health Management System, Rev. 3; September 2013


ဆက်ပါဦးမည်။

အေးငြိမ်း

၁၄ ဇန္န၀ါရီ၊ ၂၀၁၄။ နေ့လည် ၁၂း၃၅ နာရီ

No comments: