Monday, December 9, 2013

CU5 Assignment

So stressful . . .

CU5 သင်တန်းပြီးသွားတော့ စင်ကာပူသင်တန်းများထုံးစံအတိုင်း assignment များရေးတင်ရသည်။ ယခုလည်း CU5 assignment ရေးနေရသည်။ သူများတကာတွေက ဟိုကဒီက ကော်ပီကူးကာ နည်းနည်းပါးပါးပြင်ပျက် တင်လိုက်လျှင် ပြီးသော်လည်း လျှာရှည်သည့် ကျွန်တော်က သူများတွေတက်သည့်ကျောင်း မတက်မိဘဲ IAL (Institute for Adult Learners) မှာသွားတက်တော့ သူတို့ရေးထားသည့် assignment နှင့်မတူ။ သည်တော့ ကိုယ့်ဟာကိုယ်ပဲ ရေးဘို့ ဖြစ်လာသည်။ တစ်ခုတော့ ကောင်းပါသည်။ သူများရေးထားတာ ခိုးချလျှင် ဘာမှ သိလိုက်မည်မဟုတ်။ ကိုယ့်ဟာကိုယ်ရေးတော့ မွှေနှောက်ရှာဖွေရသည်။ သည်တော့ ခရီးမတွင်သည့်တိုင် ကျကျနန နားလည်သွားသည် ပေါ့။

အီးမေးလေးဖွင့်ဖတ်လိုက်၊ နားထောင်ဘို့ အင်တာနက်မှ သီချင်းရွေးလိုက်နှင့် တစ်နေကုန်ထိုင်ရေးတော့ ၆၀% လောက်ပြီးသွားပြီ။ အမှန်က သည်ကနေ့ အပြီးရေးတင်ချင်တာ။ ဘာလို့လည်ဆိုတော့ ကာလာက မင်းတို့ရေးပြီး ငါ့ဆီ အရင်ပြ။ သူပြင်ပေးပြီးမှ တင် ဆိုသဖြင့် သူခရီးမထွက်ခင် အမီရေးရမှာ ဖြစ်သောကြောင့် ဖြစ်၏။ ကျွန်တော်ကလည်း ဒီဇင်ဘာ ၂၀ ပြန်မည်ဆိုတော့ ပြန်မည့်ရက်မတိုင်မီ တင်နိုင်ရန် ကြိုးစားရမည်။ အင်တာဗျူးက ဇန္န၀ါရီ ၆ ရက်နေ့။ အင်တာဗျူးမတိုင်မီ တစ်ပါတ်အလိုနောက်ဆုံးထားပြီး assignment ကိုတင်ရမှာဖြစ်သဖြင့် ဇန္န၀ါရီလဆန်းမှ ပြန်လာမည့် ကျွန်တော့်အတွက် အဆင်မပြေ။


နောက်တစ်ကြောင်းကလည်း လက်ရှိရေးနေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစာအုပ်ကို ရန်ကုန်မပြန်မီ အတော်များများပြီးသွားအောင် (အနည်းဆုံး ၉၀%လောက်) ရေးသွားချင်သဖြင့် တခြားကိစ္စတွေကို ခေါင်းမစားချင်။ (တစ်ပါတ်မှာ ရုပ်ရှင်တစ်ကားကြည့်တဲ့ကိစ္စတော့ ဖျက်လို့မဖြစ်ဘူးပေါ့လေ။)



ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစာအုပ်က ၆ ခန်းကျန်သေးသည်။ သို့သော် သည်အခန်းများမှာ သိပ်ဟဲဗီးမဟုတ်။ တစ်ခန်းလျှင် ငါးမျက်နှာ၊ ခြောက်မျက်နှာလောက်သာရှိမည်ဖြစ်သဖြင့် တခြား ဘာဗာဟီရမှ မရှိလျှင် လေးငါးရက်ကို တစ်ခန်း ပြီးအောင် ရေးလို့ရသည်။

ည ဆက်ပြီး မနားတမ်းရေးလိုက်ရင်တော့ assignment က ပြီးသလောက်ဖြစ်သွားမယ် ထင်ပါရဲ့။
ဇန္န၀ါရီလထဲမှာ နောက်ထပ်သင်တန်းတစ်ခုရှိသည်။

အေးငြိမ်း
၈ ဒီဇင်ဘာ ၂၀၁၃။ ညနေ ၆ နာရီ

No comments: