Wednesday, December 4, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၂)

အခန်း (၁၁)

စက်ကိရိယာများအား ပြုပြင်၊ မွမ်းမံ၊ ထိန်းသိမ်းခြင်း (Maintenance Regime)
           
            ဆောက်လုပ်ရေးလုပ်ငန်းတွင် ယန္တယားကြီးများအပါအ၀င် စက်ကိရိယာအများအပြားသုံးစွဲရသည်ဖြစ်ရာ ထိုစက်ကိရိယာများ မှန်ကန်ကောင်းမွန်နေရန် လိုပါသည်။ စက်ကိရိယာများ ကောင်းကောင်း အလုပ်မလုပ်လျှင် အန္တရာယ်များ၏။
            စက်ကိရိယာများ ကောင်းမွန်စွာ အလုပ်လုပ်နေစေရေးအတွက် ပုံမှန် ပြုပြင်ထိန်းသိန်းခြင်းနှင့် ကြံ့ခိုင်ရေးလုပ်ခြင်း (servicing and maintenance) သည် အရေးကြီး၏။

၁၁၊ ၁။ တာဝန်ဝတ္တရားများ

            ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ကိရိယာများတွင် အချို့စက်ကိရိယာအငယ်စားများကိုသာ လုပ်ငန်းရှင်က ၀ယ်ယူသုံးစွဲခြင်း ဖြစ်ပြီး ယန္တယားကြီးများအပါအ၀င် အခြားစက်ကိရိယာ အတော်များများကို ငှားရမ်းသုံးစွဲခြင်း ဖြစ်ပါသည်။ ထို့ကြောင့် စက်ကိရိယာများကို အမြဲကောင်းမွန်စေရန် ထိန်းသိမ်းရေး၌ ဆောက်လုပ်ရေးလုပ်ငန်းရှင်သာမကပဲ စက်ငှားရမ်းသူ၊ ရောင်းချပေးသူများ၌လည်း တာဝန်ရှိ၏။
စက်ကို မရောင်းချမီ သို့မဟုတ် မငှားရမ်းမီ ထိုစက်အား အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြောင်း လက်မှတ်ရ စစ်ဆေးသည့်အဖွဲ့မှ စစ်ဆေးထားပြီးဖြစ်ရမည်။

v စက်ရောင်းချသူ သို့မဟုတ် ငှားရမ်းသူသည် မိမိတို့ရောင်းချလိုက်သော သို့မဟုတ် ငှားရမ်းလိုက်သော စက်ကိရိယာများသည် အရည်အသွေးကောင်းမွန်မှန်ကန်ကာ အန္တရာယ်ကင်းကင်း စိတ်ချလက်ချ သုံးစွဲနိုင်သည့်စက်ဖြစ်ကြောင်း အာမခံနိုင်ရမည်။
v စက်နှင့်တကွ စက်သုံးသူလက်စွဲ သို့မဟုတ် စက်ပိုင်ရှင်လက်စွဲစာအုပ်ကိုပါ တစ်ပါတည်း ထည့်ပေးလိုက်ရမည်။
v ထိုစက်အား အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် စက်နှင့်ပတ်သက်သည့် သိသင့်သိထိုက်သော အချက်အလက်အားလုံးကို ပံ့ပိုးပေးရမည်။
v လုပ်ငန်းခွင်အတွင်းရောက်မှ ဆင်ရသောစက်ဖြစ်ပါက ထိုစက်ဆင်သည့်အဖွဲ့သည် လက်မှတ်ရ ကျွမ်းကျင်လုပ်သားများ ဖြစ်ရမည်။
v ထိုစက်ကို တပ်ဆင်ပြီးပါက စမ်းသပ်စစ်ဆေးပြီး အန္တရာယ်ကင်းစွာအသုံးပြုနိုင်ကြောင်း အာမခံလက်မှတ် ထုတ်ပေးရမည်။
v စက်တွင်တပ်ဆင်ထားသော မီတာများ၊ အန္တရာယ်အချက်ပေးကိရိယာများအားလုံး မှန်ကန်ကောင်းမွန်နေရမည်။ အချိန်မှန် ချိန်ညှိပေးရန် (calibration) လိုသော ကိရိယာများအား အချိန်မှန် ချိန်ညှိပေးရမည်။
v လုပ်ငန်းပိုင်ရှင်သည် စက်ကိရိယာပြင်ဆင်ထိန်းသိမ်းရေးအစီအမံ (Maintenance of the machinery programme) ရေးဆွဲထားကာ ပုံမှန် ပြင်ဆင်ထိန်းသိမ်းမှုများ လုပ်မလုပ် စောင့်ကြည့် စစ်ဆေးနေရမည်။
v လက်သုံးကိရိယာများနှင့် အခြားစက်ကိရိယာအငယ်စားများ၊ မီတာများအားလည်း နားလည်တတ်ကျွမ်းသူမှ ပုံမှန်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ကြောင်း သေချာစေရမည်။  

၁၁၊ ၂။ ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် လိုအပ်သော စက်ကိရိယာများ

            ဆောက်လုပ်ရေးလုပ်ငန်း၌ ရှိနိုင်သော အောက်ပါစက်ကိရိယာများကို ပြုပြင်ထိန်းသိမ်းမှုလုပ်ရန်လိုပါသည်။

Ø သံချောင်းဖြတ်စက်၊ သံချောင်းကွေးစက် (bar cutter, bar bender)
Ø ဖိအားမြင့် လေတိုင်ကီများ (high pressure vessels, air compressor)
Ø ချေးချွတ်စက်များ (abrasive blasting equipments)
Ø ဖောက်ခွဲအားသုံး ကိရိယာများ (explosive powered tools)
Ø ၀န်ချီစက်များ (တာဝါကရိန်း၊ မိုဘိုင်းကရိန်း၊ ခရော်လာကရိန်း၊ လော်ရီကရိန်း) (tower crane, mobile crane, crawler crane, lorry crane)
Ø ဖောက်ကလစ် (Forklift)
Ø ဂဟေဆော်စက်၊ ကျောက်စက်၊ ဖောက်စက် (welding machine, grinder, drilling machine)
Ø ပိုင်ရိုက်စက် (Piling machine)
Ø ကွန်ကရိလောင်းစက်၊ မြေတူးစက်၊ ကွန်ကရိခွဲစက်စသော ယန္တယားကြီးများ (concrete pump, excavator, hacking machine)
Ø ဆစ်ဆာလစ်ဖ်၊ ဘွန်းလစ်ဖ် (scissor lift, boom lift)
Ø Passenger hoist, mast climber, gondola
၁၁၊ ၃။ ပြုပြင်၊ မွမ်းမံ၊ ထိန်းသိမ်းခြင်း အစီအစဉ် ရေးဆွဲထားခြင်း

Ø လုပ်ငန်းခွင်အတွင်းရှိ စက်ယန္တယား၊ စက်ကိရိယာ၊ လက်သုံးကိရိယာအားလုံးကို စာရင်းပြုစုပါ။
Ø ၎င်းတို့အား သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ သို့မဟုတ် အခွင့်အာဏာရအဖွဲ့အစည်း မှ စမ်းသပ်စစ်ဆေးပြီး ထုတ်ပေးထားသော လက်မှတ်များကို စုဆောင်း၍ စာရင်းပြုစုထားပါ။
Ø ထိုလက်မှတ်များ၏ သက်တမ်းကုန်မည့်ရက်ကို မှတ်တမ်းတင်ပါ။
Ø ထိုစက်ကိရိယာများ၏ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ရမည့် အချိန်ဇယား ရေးဆွဲပါ။ (အချို့စက်များမှာ တစ်လတစ်ကြိမ်၊ အချို့စက်များမှာ ၃ လတစ်ကြိမ်၊ အချို့စက်များမှာ ၆ လတစ်ကြိမ်၊ အချို့စက်များမှာ တစ်နှစ်တစ်ကြိမ်၊ အချို့စက်များမှာ သုံးနှစ်တစ်ကြိမ် အစားစားရှိပါသည်။)
Ø ထိုစက်ကိရိယာများအား ပြင်ဆင်ထိန်းသိမ်းရေးလုပ်သည့် ရက်စွဲများကို မှတ်သားထားပါ။ ပြင်ဆင်ထိန်းသိမ်းမှု မှတ်တမ်းများကို စနစ်တကျ သိမ်းဆည်းထားပါ။
Ø ပြင်ဆင်ထိန်းသိမ်းရေးလုပ်ရမည့် အချိန်ကျော်လွန်သည့်တိုင် မလုပ်ရသေးသည့်စက်များအတွက် သက်ဆိုင်သူများသို့ သတင်းပို့ပါ။
Ø စက်ချို့ယွင်းသဖြင့် ပြင်ဆင်ရသည့် မှတ်တမ်းများကို စနစ်တကျ သိမ်းဆည်းထားပါ။
Ø စက်ပြင်ဆင်သူများ၏ သက်ဆိုင်ရာစက်အလိုက် ကျွမ်းကျင်လက်မှတ်များကို ရယူထားပါ။ အကယ်၍ စက်ပြင်သူသည် ငှားရမ်းသည့် ကုမ္ပဏီမှဖြစ်ပါက ထိုကုမ္ပဏီသို့ ၎င်းစက်ပြင်ဆရာအတွက် အလုပ်ခန့်စာ တောင်းပါ။
Ø စက်ပြင်ရန်လာတိုင်း ထိုသူအား အခွင့်အာဏာရစက်ပြင်ဆရာ ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုပါ။
Ø စက်မောင်းသူသည် နေ့စဉ် မိမိမောင်းနှင်နေသည့်စက်အား ဂရုတစိုက်စစ်ဆေးကြည့်ရှု၍ စက်ချို့ယွင်းမှု တစ်စုံတစ်ရာတွေ့ပါက စက်ပြင်ဆရာ သို့မဟုတ် စက်ငှားရမ်းသည့်ကုမ္ပဏီသို့ ချက်ချင်း သတင်းပို့ပါ။
Ø ချိန်ညှိရန် (calibration) လိုသည့် မီတာ စသည့်ကိရိယာများကို သက်တမ်းမကုန်မီ ထပ်မံချိန်ညှိပါ။


၁၁၊ ၄။ ပြုပြင်၊ မွမ်းမံ၊ ထိန်းသိမ်းခြင်း အစီအစဉ် ဇယားနမူနာ


ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ

၁။ SAS Pte Ltd - Workplace Safety and Health Management System, Rev 3; Sep, 2013
၂။ LTA, Singapore – Safety News, March 2009


ဆက်ပါဦးမည်။

အေးငြိမ်း
၎ ဒီဇင်ဘာ၊ ၂၀၁၃။ ည ၁၁း၁၅ နာရီ

No comments: