Thursday, December 12, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၄)

အခန်း (၁၃)

လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စည်းဝေးပွဲများ (Safety Meetings)

            လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ၊ အစိုးရ၏ ထုတ်ပြန်ချက်များ၊ မတော်တဆမှုများ၊ စီမံကိန်း လုပ်ငန်းအတွင်းမှ စည်းမျဉ်းစည်းကမ်းများ၊ လုပ်သားများ၏ ကျန်းမာရေးအခြေအနေ၊ လုပ်ငန်းခွင်အတွင်းမှ အန္တရာယ်မကင်းသည့် အပြုအမူ၊ အခြေအနေများ၊ လတ်တလောဖြစ်ပျက်နေသည့် ပတ်ဝန်းကျင် ကျန်းမာရေးအခြေအနေများ၊ အရေးပေါ်အခြေအနေ စသည်တို့ကို ဆပ်ကန်ထရိုက်တာများ အပါအ၀င် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူအားလုံးအား အသိပေးရန်၊ အကြောင်းးကြားရန် နှင့် လုပ်ငန်းခွင် အန္တရာယ်များကို ထိန်းချုပ်ရန် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စည်းဝေးပွဲများ ကျင်းပပြုလုပ်ရန် လိုပါသည်။
            လုပ်ငန်းခွင်စည်းဝေးပွဲအမျိုးအစား အမျိုးမျိုးရှိရာ အကြမ်းဖျဉ်းအားဖြင့် အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်ပါသည်။
            ၁။ အောက်ခြေမှ အပေါ်သို့ (သတင်းပို့ခြင်း) (Feedback)
            ၂။ အပေါ်မှ အောက်သို့ (ညွှန်ကြားချက်၊ ထုတ်ပြန်ချက်၊ သတင်းပေးခြင်း၊) (Disseminate)
            ၃။ အဆင့်တူ (သတင်းဖြန့်ဝေခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း) (Information Sharing and discussion)
             လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စည်းဝေးပွဲများ ပြုလုပ်ခြင်းဖြင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင်နိုင်သည်။ မတော်တဆမှုများကို လျှော့ချနိုင်သည်။ လုပ်သားများအား အသိပညာများ ဖြန့်ဝေပေးခြင်းဖြင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရေး၏အရေးကြီးပုံကို ၎င်းတို့ကိုယ်တိုင် ပိုမိုသဘောပေါက် သိရှိနားလည်နိုင်စေသည်။
            တစ်ဖက်တွင် လုပ်သားများအနေနှင့် မိမိတို့၏ အခြေအနေ၊ လုပ်ငန်းခွင်အတွင်းမှ လိုအပ်ချက် စသည်တို့ကို လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စည်းဝေးပွဲများမှတစ်ဆင့် အသိပေးပြောကြားနိုင်သည်။ ထိုအခါ စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် အရေးယူဆောင်ရွက်မှုများကို လွယ်ကူစွာ ပြုလုပ်နိုင်သည်။  
            ပိုမို၍ တိကျစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် စီမံကိန်းအတွင်း၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ကော်မတီ ဖွဲ့စည်းရမည်။ ထို ကော်မတီတွင် ဥက္ကအနေနှင့် စီမံကိန်းမန်နေဂျာ၊ အတွင်းရေးမှူးအနေနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး အရာရှိ၊ အဖွဲ့ဝင်များအနေနှင့် အင်ဂျင်နီယာ၊ ကိုအော်ဒီနေတာ၊ ကြီးကြပ်ရေးမှူး နှင့် ဆပ်ကန်ထရိုက်တာများမှလည်း မန်နေဂျာ၊ အင်ဂျင်နီယာ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရေးအရာရှိ စသည့် ကိုယ်စားလှယ်တစ်ဦးကျစီ ပါဝင်စေရမည်။ ပို၍သေချာစေရန် ၎င်းတို့အသီးသီးအား လုပ်ငန်းခွင် အန္တရာယ်ကင်းရေး ကော်မတီ၏ အဖွဲ့ဝင်များအဖြစ် ခန့်အပ်စာ ထုတ်ပေးထားရမည်။
            လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စည်းဝေးပွဲများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ပုံမှန်ပြုလုပ်ရန် လိုသလို၊ အရေးတကြီးကိစ္စများ ရှိသည့်အခါ အရေးပေါ်စည်းဝေးပွဲများ ခေါ်ယူကျင်းပနိုင်သည်။


၁၃၊ ၁။ နံနက်ခင်း နေ့စဉ်စုဝေးပွဲများ (Toolbox Meeting)


မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ အလုပ်သမားများအပါအ၀င် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေသူအားလုံး ပါဝင်ကာ ယမန်နေ့ကတွေ့ရှိခဲ့သော အန္တရာယ်မကင်းသည့် လုပ်ရပ်၊ အဖြစ်အပျက်၊ အခြေအနေများအကြောင်း၊ ယနေ့လုပ်ကိုင်မည့် အလုပ်များနှင့် ထိုအလုပ်များတွင် မည်သည့်အန္တရာယ်များရှိနိုင်ပြီး မည်ကဲ့သို့ အန္တရာယ်ကင်းအောင် လုပ်ရမည်ဖြစ်ကြောင်း၊ ထိုအန္တရာယ်များကို ကာကွယ်ရေးနည်းလမ်းများ၊ ၀တ်ဆင်ရမည့် ပီပီအီး၊ သုံးရမည့် စက်ကိရိယာများအကြောင်း၊ မိမိတို့လုပ်ငန်းခွင်နှင့် အခြားလုပ်ငန်းခွင်များ၌ မကြာသေးမီက ဖြစ်ပျက်ခဲ့သော လုပ်ငန်းခွင် မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှု၊ လူသေဆုံးမှု သတင်းများ၊ လုပ်ငန်းခွင်အတွင်း ထူးခြားသည့် အဖြစ်အပျက် အစရှိသည်တို့ကို သတိပေးပြောကြားနိုင်ရန် နေ့စဉ် နံနက်ခင်းတိုင်း အလုပ်မစမီ စုဝေးပွဲများ ပုံမှန်ကျင်းပရသည်။
            ဤစုဝေးပွဲများတွင် ကြီးကြပ်ရေးမှူး၊ အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း၌ မိမိတို့ကြုံတွေ့ခဲ့ရသော အန္တရာယ်မကင်းသည့် အဖြစ်အပျက်၊ အန္တရာယ်ရှိသော အခြေအနေ၊ အပြုအမူများ၊ ကြုံတွေ့နေရသော ပြဿနာများနှင့် ဤပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ အစရှိသည်တို့ကို စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြနိုင်သည်။

v  စုဝေးပွဲကို လုပ်ငန်းခွင်အတွင်း၌သာ လုပ်ပါ။
v  စုဝေးပွဲကို လုပ်ငန်းမစမီ နာရီဝက်အတွင်း ကျင်းပပါ။
v  စုဝေးပွဲကြာချိန်မှာ ၁၀ မိနစ် အများဆုံး ၁၅ မိနစ်ထက်မပိုစေရ။
v  မိမိပြောမည့် အကြောင်းအရာကို ဂရုတစိုက်ရွေးချယ်ပါ။
v  ပြောလိုသည့်အကြောင်းအရာကို လိုရင်းတိုရှင်းသာ ပြောရမည်။
ဥပမာ - မတော်တဆမှုအကြောင်းပြောလျှင် -
v  ဘာဖြစ်သလဲ
v  ဘာကြောင့်ဖြစ်သလဲ
v  ဘယ်နေရာမှာ ဘယ်လိုဖြစ်တာလဲ
v  ဒါမျိုးနောက်ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ
v  ပြောမည့်အကြောင်းအရာများသည် အလွန်ကျယ်ပြန့်သော အကြောင်းအရာများမဖြစ်စေရ။
v  လုပ်ငန်းခွင်အတွင်း လတ်တလောဖြစ်ပျက်နေသည်များကို ဦးစားပေးပြောဆိုပါ။
v  ၎င်းတို့၏ အမြင်များကိုပါ လွတ်လွတ်လပ်လပ်တင်ပြနိုင်အောင် အလုပ်သမားများအား အားပေးစကားပြောပါ။

ဤစုဝေးပွဲများသည် အရေးကြီး၏။ ဤစုဝေးပွဲများတွင် ပြောလိုက်သော သတင်းအချက်အလက်များကို လူတိုင်းသိရှိ နားလည်ရန် လိုသည်။ ထို့ကြောင်း ဤစုဝေးပွဲသို့ တက်ရောက်လာသည့် သူများစာရင်းကိုလည်း ၎င်းတို့၏ လက်မှတ်များနှင့်တကွ မှတ်တမ်းတင်ထားရ မည်။ ဤစုဝေးပွဲများတွင် ပြောခဲ့သည့် အကြောင်းအရာအချုပ်ကိုလည်း မှတ်တမ်းတင်ထားရမည်။
            ဤစုဝေးပွဲမှတ်တမ်းပုံစံကို နောက်ဆက်တွဲ (-) တွင် ဖော်ပြထားပါသည်။

၁၃၊ ၁၊ ၁။ ပြောနိုင်သည့် အကြောင်းအရာ/ခေါင်းစဉ်များ

            ဤခေါင်းစဉ်များမှာ အကြံပြုချက်မျှသာဖြစ်၍ လက်တွေ့တွင် ပိုမိုကျယ်ပြန့်ပါသည်။



၁၃၊ ၁၊ ၂။ ပြောသည့်ပုံစံများ (နမူနာမျှသာဖြစ်ပါသည်။)

ခေါင်းစဉ် - ရာသီဥတုအခြေအနေ

Ø မိုးရွာထားတဲ့အတွက် အားလုံးစွတ်စိုနေတယ်။ ဖောင်ဝပ်မျက်နှာပြင်တွေဟာ ရေတွေစိုပြီး ချောနေတယ်။ အဲဒါကြောင့် ဖောင်ဝပ် ပေါ်မှာ အလုပ်လုပ်တဲ့သူတွေ ချော်ပြီးလဲနိုင်တယ်၊ အထူးသတိထားပါ။ အထူးသဖြင့် ဖောင်ဝပ်အစွန်းမှာ အလုပ်လုပ်ရတဲ့သူတွေ။ မိုးရေနဲ့ချောပြီး ချော်လဲရင် အောက်ကိုပြုတ်ကျနိုင်တယ်။ အခု လေးထပ်မှာအလုပ်လုပ်နေတဲ့အတွက် အောက်ကိုပြုတ်ကျလိုက်ရင် ရှင်ကိန်း မမြင်ဘူး။ အဲဒါကြောင့် ဖောင်ဝပ်အစွန်းမှာ အလုပ်လုပ်တဲ့သူတွေ ကိုယ်သိုင်းကြိုးဝတ်ထားပါ။ ချိတ် ချိတ်ထားပါ။
Ø အတက်အဆင်းလှေခါးတွေဟာ ရေစိုနေတဲ့အတွက် ဖိနပ်မှာကပ်နေတဲ့ ရွှံ့တွေနဲ့ဆို ချော်ကျနိုင်တယ်။ ဒါကြောင့် လှေခါးကို အတက်အဆင်းလုပ်တဲ့အခါ လက်ရမ်းတန်းတွေကို သေသေချာချာကိုင်ပြီး တက်၊ ဆင်းပါ။ ထောင်လိုက်လှေခါးကို တက်/ဆင်း တဲ့အခါ လက်ထဲမှာ ဘာမှကိုင်မထားပါနဲ့။ အပေါ်ကိုယူမဲ့ပစ္စည်းတွေကို ပုံးထဲထည့်ပြီး ကြိုးနဲ့ဆွဲတင်ပါ။
Ø ဓာတ်ကြိုးတွေကို ကြမ်းပြင်ပေါ်ချပြီး မသွယ်တန်းပါနဲ့။ ရေစိုနေတဲ့ကြမ်းပြင်နဲ့ ပေါက်ပြဲနေတဲ့ ဓာတ်ကြိုးထိမိပြီး ဓာတ်လိုက် တတ်တယ်။
Ø ကိုယ်အလုပ်လုပ်တဲ့နေရာမှာ ရေ၀ပ်နေသလား စစ်ဆေးပါ။ ရေ၀ပ်နေရင် ရေတွေကို ကုန်စင်အောင် ခပ်ထုတ်ပစ်ပါ။ ရေ၀ပ်တဲ့ နေရာမှာ ခြင်တွေပေါက်နိုင်တယ်။

ခေါင်းစဉ် - ရာသီဥတုအခြေအနေ

Ø အခုနွေရာသီဆိုတော့ နေအရမ်းပူတယ်။ နေအပူရှိန်ကြောင့် ခန္ဓာကိုယ်က ရေဆုံးရှုံးမှုများတယ်။ အဲဒီအတွက် ရေများများ သောက်ပါ။ အလုပ်လုပ်တဲ့နေရာထိ ရေပုလင်းကို ယူသွားပါ။ ရေကို မကြာမကြာသောက်ပေးပါ။
Ø မိနစ် ၂၀ တန်သည်၊ နာရီဝက်တန်သည် နေရိပ်ထဲမှာ မကြာခဏနားပါ။ ဖြစ်နိုင်ရင် အလုပ်လုပ်တဲ့နေရာမှာ ကင်းဘတ်စနဲ့ဖြစ်စေ အမိုးလုပ်ပေးပါ။
Ø နေပူဒဏ်ကြောင့် ခေါင်းမူးတတ်တယ်၊ မူးဝေတတ်တယ်၊ ကြွက်တက်တတ်တယ်။ အကယ်၍ ခေါင်းမူးတယ်၊ ကြွက်တက်တယ် ဆိုရင် အလုပ်ရပ်ပြီး ကြီးကြပ်ရေးမှူးကို အမြန်ဆုံးအကြောင်းကြားပါ။ လိုအပ်ရင် ဆေးကုသမှုခံယူပါ။

ခေါင်းစဉ် - လျှပ်စစ်သုံးပစ္စည်းများကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

Ø လျှပ်စစ်သုံး လက်နက်ကိရိယာတွေကို အသုံးမပြုမီ စစ်ဆေးပါ။
Ø လက်မှတ်ရကျွမ်းကျင်သူတွေက လျှပ်စစ်သုံး လက်နက်ကိရိယာတွေကို တစ်လတစ်ခါ စစ်ရမယ်။
Ø ပျက်စီးနေတဲ့ ဓာတ်ကြိုးတွေ၊ လျှပ်စစ်သုံး လက်နက်ကိရိယာတွေကို မသုံးပါနဲ့။
Ø ပလပ်ချွတ်တဲ့အခါ ပလပ်ခေါင်းက ကိုင်ပြီးချွတ်ပါ။ ဓာတ်ကြိုးကနေ ဆွဲမချွတ်ပါနဲ့။
Ø လက်သုံးကိရိယာတွေ သယ်တဲ့အခါ ဓာတ်ကြိုးကနေ တန်းလန်းမဆွဲပါနဲ့။ ကိရိယာရဲ့ကိုယ်ထည်ကနေ ကိုင်ပါ။
Ø နားမလည် မတတ်ကျွမ်းဘဲနဲ့ ဓာတ်ကြိုးတွေ၊ လျှပ်စစ်သုံး လက်နက်ကိရိယာတွေကို မပြင်ပါနဲ့။ တတ်ကျွမ်းသူကိုသာ ပြင်ခိုင်းပါ။
Ø ဓာတ်ကြိုးတွေကို ကြမ်းပြင်ပေါ်ချပြီး မသွယ်တန်းပါနဲ့။ လက်ခုပ်တစ်ဖောင် အမြင့်မှာ သွယ်တန်းပါ။
Ø ဓာတ်ကြိုးကို သွယ်တန်းတဲ့အခါ သံချိတ်တွေမသုံးပါနဲ့။ သစ်သား ဒါမှမဟုတ် ပလတ်စတစ်ပစ္စည်းတွေသာ သုံးပါ။
Ø ဓာတ်ကြိုးတွေကို ပစ္စည်းတွေ အတင်အချလုပ်ရာမှာကြိုးအဖြစ် မသုံးပါနဲ့။
Ø ရေစိုနေတဲ့နေရာမှာ လျှပ်စစ်သုံး လက်နက်ကိရိယာတွေကို မသုံးပါနဲ့။ ဓာတ်လိုက်တတ်တယ်။
Ø လည်ပတ်နေတဲ့၊ ဒါမှမဟုတ် လှုပ်ရှားနေတဲ့ စက်ရဲ့အစိတ်အပိုင်းတွေကို ကာထားရမယ်။

ခေါင်းစဉ် - ငြမ်းစင်နှင့် အလုပ်လုပ်ခြင်း

Ø ငြမ်းစင်ကို မသုံးမီ အန္တရာယ်ကင်း၊ မကင်း ဦးစွာ သေသေချာချာ စစ်ဆေးပါ။
Ø ငြမ်းစင်မှာ အတက်အဆင်း လှေခါးရှိပါစေ။
Ø ငြမ်းစင်ရဲ့ အလုပ်လုပ်ရာကြမ်းပြင်ပတ်ပတ်လည်ကို လက်ရမ်းတန်းတွေနဲ့ ကာထားရမယ်။
Ø ငြမ်းစင်ရဲ့ အလုပ်လုပ်ရာကြမ်းပြင်ပတ်ပတ်လည်မှာ ခြေကာပြား (toe board) တွေရှိရမယ်။
Ø ငြမ်းစင်ပေါ်မှာ ပစ္စည်းတွေကို ပျံ့ကျဲမထားရဘူး။ ပုံးတွေ ခွက်တွေနဲ့ ထည့်ထားရမယ်။
Ø ငြမ်းစင်ရဲ့ လက်တန်းတွေပေါ် တက်မထိုင်ရဘူး။
Ø ငြမ်းစင်ပေါ်ကို ပစ္စည်းအလေးကြီးတွေ တင်မထားရဘူး။ ၀န်ပိုရင် ငြမ်းပြိုတတ်တယ်။
Ø ငြမ်းစင်ကို ကိုယ့်သဘောနဲ့ကိုယ် ပြင်တာ၊ ဖျက်တာ ဘာမှ မလုပ်ရဘူး။ အခွင့်ရတဲ့သူတွေပဲ လုပ်ခွင့်ရှိတယ်။
Ø ငြမ်းစင်ပေါ်မှာ အလုပ်လုပ်တိုင်း ကိုယ်သိုင်းကြိုးဝတ်ပြီး ချိတ် ချိတ်ထားရမယ်။

၁၃၊ ၂။ အပတ်စဉ်စည်းဝေးပွဲများ (Weekly Safety Coordination Meeting)

            နေ့စဉ်စုဝေးပွဲများသာမက တစ်ပတ်အတွင်း လုပ်ငန်းခွင်ထဲ၌ ကြုံတွေ့ခဲ့ရသည်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေး အဖြေရှာမည့် အပတ်စဉ်စည်းဝေးပွဲများကိုလည်း ပုံမှန်ကျင်းပရန်လိုပါသည်။ ဤစည်းဝေးပွဲတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ၀န်ထမ်းများ၏ တစ်ပတ်စာ ရှာဖွေတွေ့ရှိချက်များကို တင်ပြပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုများပြုရန် အကြံပြုသည်။ လုပ်ငန်းခွင်အတွင်းမှ အန္တရာယ်မကင်းသည့်အခြေအနေ၊ အပြုအမူများကို ထောက်ပြသည်။
            ဤစစ်ဆေးတွေ့ရှိချက်များကို မည်သည့်နေ့တွင် အပြီးဆောင်ရွက်ရမည့်အကြောင်း သတိပေးသည်။ ယခင်က သတိပေးခဲ့သည့် တိုင် မဆောင်ရွက်ခဲ့သော ကုမ္ပဏီများအား အပြစ်ပေး၊ အရေးယူခဲ့သည့် အထောက်အထားများ တင်ပြသည်။ အကယ်၍ လုပ်ငန်းခွင်အတွင်း မတော်တဆမှုများဖြစ်ခဲ့ပါက မည်သူသည် မည်သည့်နေရာတွင် မည်သည့်နေ့ရက်က မည်ကဲ့သို့ဖြစ်ခဲ့ကြောင်း အသိပေးသည်။ ထို မတော်တဆမှုများကို မည်ကဲ့သို့ ကာကွယ်နိုင်ကြောင်း ဆွေးနွေးပြီး လိုက်နာဆောင်ရွက်ရန် တိုက်တွန်းရသည်။

ဆွေးနွေးမည့် အကြောင်းအရာများ

Ø ဤအပတ်အတွင်း အစိုးရ၏ သတင်းထုတ်ပြန်ကြေငြာချက်များ
Ø မိမိတို့လုပ်ငန်းခွင်၌ဖြစ်သော မတော်တဆမှုများ
Ø အခြားလုပ်ငန်းခွင်များမှ မတော်တဆမှုများ
Ø လုပ်ငန်းခွင်ကြောင့် ဖြစ်သော ရောဂါများ (ရောဂါမဖြစ်အောင် မည်ကဲ့သို့ နေထိုင်ရမည်ကို အကြံပြုပါ။)
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု လက်စွဲ (WSH Management System manual) ပါ အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
Ø အခြားကိစ္စများ


            စည်းဝေးပွဲပြုလုပ်မည့်ရက်ထက် အနည်းဆုံး ၃ ရက်ခန့်ကြိုကာ သက်ဆိုင်သူအားလုံးကို စည်းဝေးပွဲဖိတ်စာ ပို့ရမည်။ မှတ်ရ လွယ်စေရန် ပုံမှန် အပတ်စဉ်စည်းဝေးပွဲများအား ရက်တစ်ရက်သတ်မှတ်ကာ (ဥပမာ - အပတ်စဉ် သောကြာနေ့၊ ညနေ ၃ နာရီတိုင်း) ကျင်းပသင့်ပါသည်။ သို့မှသာ အခြားအလုပ်များနှင့် မတိုက်အောင် ကြိုတင်စီစဉ်နိုင်မည်ဖြစ်ပေသည်။
စည်းဝေးပွဲတက်ရောက်လာသူများအား မှတ်တမ်းယူထားရမည်။ စည်းဝေးပွဲမတက်သူများအား သတိပေးစာ ပို့ရမည်။ စည်းဝေးပွဲတွင် ယခင်အပတ်က စည်းဝေးပွဲမှတ်တမ်းကို ဝေငှကာ ဖတ်ကြားအတည်ပြုသည်။ စည်းဝေးပွဲပြီးလျှင် စည်းဝေးပွဲမှတ်တမ်း ရေးကာ မှတ်တမ်းတင်ထားရသည်။ အပတ်စဉ်စည်းဝေးပွဲမှတ်တမ်း နမူနာကို နောက်ဆက်တွဲ (-) တွင်ပြထားပါသည်။
            စည်းဝေးပွဲတွင် လုပ်ငန်းခွင်စစ်ဆေးခြင်းမှ ရှာဖွေတွေ့ရှိသည့် ဓာတ်ပုံမှတ်တမ်းများကို အားလုံးသို့ တင်ပြနိုင်ရန် ပရော်ဂျက်တာ (projector) သုံးသင့်ပါသည်။ စည်းဝေးပွဲကို ၄၅ မိနစ်မှ အများဆုံး တစ်နာရီခန့်သာ ကျင်းပပြုလုပ်သင့်ပါသည်။ အချိန်ကြာလွန်းသော စည်းဝေးပွဲများသည် ငြီးငွေ့မှုကိုဖြစ်စေ၏။
စည်းဝေးပွဲနှင့် မသက်ဆိုင်သောအကြောင်းအရာများကို ဆွေးနွေးလာပါက စည်းဝေးပွဲကို ဦးဆောင်ကျင်းပသူ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက ဟန့်တားကာ မူလဆွေးနွေးမည့် အကြောင်းအရာများထံ ပြန်လည် ဆွဲယူရမည်။ သို့သော် ဆွေးနွေးသည့် အကြောင်းအရာများအပေါ်တွင် တက်ရောက်လာသူတို့၏ အကြံဉာဏ်ကို ရယူသင့်သည်။

၁၃၊ ၃။ လစဉ် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ကော်မတီ စည်းဝေးပွဲများ (Monthly Safety Committee Meeting) 


လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ကော်မတီ စည်းဝေးပွဲများကို လတစ်လ၏ နောက်ဆုံးနေ့များတွင် ကျင်းပပြုလုပ်နိုင်သည်။ မှတ်ရ လွယ်စေရန် လတစ်လ၏ နောက်ဆုံးသောကြာနေ့၊ ညနေ ၃ နာရီ စသဖြင့် ပုံသေသတ်မှတ် ပြုလုပ်နိုင်ပါသည်။ ထိုစည်းဝေးပွဲကို လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ကော်မတီ အဖွဲ့ဝင်အားလုံး တက်ရောက်ရန်လိုသည်။ အကယ်၍ မတက်ရောက်နိုင်လျှင် အဘယ်ကြောင့် မတက်နိုင်ကြောင်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ကော်မတီဥက္ကဋ္ဌ ထံ ခွင့်တိုင်ကြားရမည်။ အကြောင်းမဲ့ ပျက်ကွက်သူကို သတိပေးစာပို့ပြီး နောက်ထပ် ထပ်မံပျက်ကွက်မှုများအတွက် ဒဏ်ရိုက်နိုင်ပါသည်။
            လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ကော်မတီ စည်းဝေးပွဲများ ကျင်းပမည့်အကြောင်းကို ငါးရက်တန်သည် တစ်ပတ်တန်သည်၊ ကြိုတင်အကြောင်းကြား ထားရပါမည်။ ထိုအကြောင်းကြားစာတွင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ယခင်ကျင်းပခဲ့သော စည်းဝေးပွဲမှတ်တမ်းကိုပါ ပူးတွဲပေးပို့ရသည်။
            စည်းဝေးပွဲသို့ တက်ရောက်လာသူများစာရင်းကို စည်းဝေးပွဲမှတ်တမ်းနှင့်တကွ ပူးတွဲ မှတ်တမ်းတင်ထားရမည်။

စည်းဝေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာများ

၁။ ပြီးခဲ့သောစည်းဝေးပွဲမှတ်တမ်းကို ဖတ်ရှုအတည်ပြုခြင်း
ဤအထဲတွင် ယခင်လက စည်းဝေးပွဲမှတ်တမ်းဆုံးဖြတ်ချက်များကို ကြည့်ရှု၍ ဆောင်ရွက်မှုအခြေအနေများကိုသုံးသပ်ကာ မဆောင်ရွက်ရသေးသည့် ကိစ္စများရှိပါက ရက်သတ်မှတ်ပေး၍ အပြီးဆောင်ရွက်ရန် ဆုံးဖြတ်ခြင်းများ ပါဝင်သည်။
၂။ ထိုစည်းဝေးပွဲမှတ်တမ်းမှ သို့မဟုတ် အသစ်ပေါ်လာသည့် အကြောင်းအရာများကို ဆွေးနွေးခြင်း
ဤအထဲတွင် အစိုးရမှ ထုတ်ပြန်ကြေငြာချက်များ၊ အသစ်ထုတ်ပြန်လိုက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊
ထူးခြားသည့်အကြောင်းအရာ ဥပမာ - ဆားစ်ရောဂါဖြစ်ပွားမှု စသည်တို့ကို ကြေငြာသည်။
၃။ လုပ်ငန်းခွင် စစ်ဆေးချက်မှတ်တမ်းများအပေါ် တင်ပြဆွေးနွေးခြင်း
စစ်ဆေးချက်ကို ဓာတ်ပုံမှတ်တမ်းများနှင့် ပြသကာ အရေးကြီးသည့် (အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အပြုအမှုမျိုး) ဖြစ်ပါက ချက်ချင်း ဒဏ်ရိုက်ရမည်။ လုပ်သင့်လုပ်ထိုက်သည်များကို ရက်သတ်မှတ်ပေးပြီး သတ်မှတ်ရက်အတွင်း အပြီးလုပ်ရန် တွန်းအားပေးသည်။ မပြီးခဲ့ပါက ဒဏ်ရိုက်အရေးယူမည့်အကြောင်းကိုလည်း သတိပေးပြောကြားသည်။
၎။ တစ်လတာအတွင်း လုပ်ငန်းခွင် အန္တရာယ်ကင်းရေး အခြေအနေများကို အစီရင်ခံတင်ပြခြင်း
ဤအထဲတွင် လုပ်ငန်းခွင်အတွင်းရှိ ဆပ်ကန်ထရိုက်တာ အရေအတွက်၊ လုပ်သားဦးရေ၊ လုပ်ငန်းခွင်အတွင်း သုံးစွဲနေသည့်
စက်ကိရိယာများ၊ စက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု အခြေအနေများ၊ ဆပ်ကန်ထရိုက်များ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ
စွမ်းဆောင်မှုများ စသည်တို့ကို ဆွေးနွေးသည်။
၅။ ဖြစ်ပေါ်ခဲ့သော မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှု၊ အန္တရာယ်ရှိသော အခြေအနေများအကြောင်း တင်ပြဆွေးနွေးခြင်း
ဤအထဲတွင် ယခုလအတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှု၊ ထိခိုက်မှုများ၊ မည်သည့် ကန်ထရိုက်တာက မည်သည့်နေ့၊ မည်သည့် အချိန်၊ မည်သည့်နေရာတွင် မည်သည်ကိုလုပ်ရင်း မည်ကဲ့သို့ ဖြစ်ပွားသည် စသည်တို့ကို တင်ပြသည်။ စီမံကိန်း စကတည်းက ယခု အချိန်ထိဖြစ်ပွားခဲ့သည့် မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှုများကို ပြန်လည်သုံးသပ်သည်။
၆။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို မည်ကဲ့သို့မြှင့်တင်နိုင်မည့်အကြောင်း တင်ပြဆွေးနွေးခြင်း
ဤအထဲတွင် လုပ်သားများအား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သည့် ပြပွဲများ၊ ပိုစတာရေးဆွဲသည့် ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ အန္တရာယ်ကင်းရေးနှင့် ပတ်သက်၍ အကောင်းဆုံး ဆောင်ရွက်နိုင်သည့် အလုပ်သမားအား လက်ဆောင်ချီးမြှင့်ခြင်း၊ ဆုပေးခြင်းများ၊ စီမံကိန်းအတွင်းမှ အလုပ်သမားအားလုံးအတွက် အထူးညစာစားပွဲကျင်းပပေးခြင်း စသည်တို့ ပါဝင်သည်။
၇။ အခြားအကြောင်းအရာများ
အထက်အကြောင်းအရာများတွင် မပါရှိသေးသော အခြားအကြောင်းအရာများကို ဆွေးနွေးနိုင်သည်။

စည်းဝေးပွဲအချိန်ကို ၄၅ မိနစ် (အများဆုံး တစ်နာရီ) သာပြုလုပ်ရန် ကန့်သတ်ထားပါ။ စည်းဝေးပွဲ အချိန်ကြာလွန်းလျှင် ပြောဆို သည့် အကြောင်းအရာအပေါ် စိတ်ဝင်စားမှု လျော့ပါးသွားနိုင်သည်။ မလိုအပ်သည်များကို မပြောဘဲ လိုရင်းတိုရှင်းသာ ပြောပါ။ စည်းဝေးပွဲ နှင့် မသက်ဆိုင်သောအကြောင်းအရာများကို ဆွေးနွေးလာပါက စည်းဝေးပွဲကို ဦးဆောင်ကျင်းပသူ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက ဟန့်တားကာ မူလဆွေးနွေးမည့် အကြောင်းအရာများထံ ပြန်လည်ဆွဲယူရမည်။ သို့သော် ဆွေးနွေးသည့် အကြောင်းအရာများအပေါ် တက်ရောက်လာသူတို့၏ အကြံဉာဏ်ကို ရယူသင့်သည်။
ဆုံးဖြတ်သင့်သည်များကို တစ်ထိုင်တည်းဆုံးဖြတ်ကာ ချက်ချင်းဆုံးဖြတ်ရန်မဖြစ်နိုင်သည့် အကြောင်းအရာများကို နောက်ဆုံးရက် သတ်မှတ် ဆောင်ရွက်ရမည်။ ဤကဲ့သို့ဆုံးဖြတ်နိုင်ရန် လပတ်စည်းဝေးပွဲများကို ဆပ်ကန်ထရိုက်တာများမှ မန်နေဂျာများ၊ အနိမ့်ဆုံးအဆင့် အင်ဂျင်နီယာများကိုသာ တက်ရောက်စေရမည်။ ကြီးကြပ်ရေးမှူးနှင့် အလုပ်သမားများကို စေလွှတ်လိုက်ပါက စည်းဝေးပွဲခန်းအတွင်းသို့ အ၀င်မခံရ။
စည်းဝေးပွဲပြီးသည်နှင့် တစ်ပတ်အတွင်း စည်းဝေးပွဲမှတ်တမ်းကို အပြီးရေးထားသင့်ပါသည်။ သို့မှသာ ဆုံးဖြတ်ရန် သို့မဟုတ် ဆောင်ရွက်ရန် ရက်သတ်မှတ်ပေးထားသည့် ကိစ္စများကို မျက်ခြည်မပြတ် စောင့်ကြည့်နိုင်ပါမည်။
လပတ်စည်းဝေးပွဲမှတ်တမ်း နမူနာကို နောက်ဆက်တွဲ (-) တွင်ပြထားပါသည်။

ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ

၁။ SAS Pte Ltd - Workplace Safety and Health Management System, Rev 3; Sep, 2013
၃။ State of California; Department of Industrial Relations - Tailgate/Toolbox Topics, Revised Oct 2011


ဆက်ပါဦးမည်။

အေးငြိမ်း
၁၂၊ ဒီဇင်ဘာ၊ ၂၀၁၃။ ည ၉း၄၀ နာရီ

No comments: