Tuesday, December 3, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၁)

အခန်း (၁၀)

အရေးပေါ်အစီအမံများ ချမှတ်ခြင်း (Emergency Preparedness)

၁၀၊ ၁။ အရေးပေါ်အခြေအနေဟူသည် အဘယ်နည်း

            လုပ်ငန်းခွင်အတွင်း၌ ၀န်ထမ်းများ၊ အလုပ်သမားများ၊ သဘာဝပတ်ဝန်းကျင်၊ ပိုင်ဆိုင်မှုပစ္စည်း၊ အဆောက်အဦစသည်တို့ကို အန္တရာယ်ဖြစ်စေနိုင်သည့် ပုံမှန်မဟုတ်သော မတော်တဆမှု ဘေးအန္တရာယ်တစ်ခုခုကို အရေးပေါ်အခြေအနေဟု ခေါ်သည်။ ထိုအရေးပေါ် အခြေအနေတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။

Ø မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း
Ø ဓာတ်ငွေ့ယိုစိမ့်ခြင်း
Ø အမြင့်မှ လိမ့်ကျသေဆုံးခြင်း
Ø ကရိန်းလဲပြိုခြင်း
Ø တူးထားသော မြေကျင်းများ ပြိုကျခြင်း
Ø ငြမ်းစင်များ ပြိုလဲခြင်း
Ø မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း စသော သဘာဝဘေးအန္တရာယ်

ထိုအရေးပေါ်အခြေအနေများဖြစ်လာလျှင် စနစ်တကျ ချက်ချင်းတုံ့ပြန်နိုင်ရန် စီမံချက်ရေးဆွဲကာ လုပ်ငန်းခွင်အတွင်း ရှိသူအားလုံး ကို လေ့ကျင့် ပေးထားရပါမည်။ အလုပ်သမားအသစ်များ ၀င်ရောက်လာလျှင်လည်း ၎င်းတို့ကို အရေးပေါ်အစီအမံအား နားလည်အောင် ရှင်းးပြထားရမည်။
   သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းကိုလည်း အရေးပေါ်အစီအမံတွင် ထည့်သွင်းစဉ်းစားထားရပါမည်။ အဘယ်ကြောင့် ဆိုသော် သဘာဝဘေးများ (ဥပမာ- မုန်တိုင်း) သည် ပိုမိုပြင်းထန် ဆိုးဝါးစေတတ်သောကြောင့် ဖြစ်၏။ သဘာဝဘေးဒဏ်များအတွက် စီမံရာ တွင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရမည်။
v  သဘာဝဘေးဒဏ်အမျိုးအစား
v  ပြင်းထန်မှုပမာဏ
v  အနီးရှိ အခြားလုပ်ငန်း၊ လူနေအိမ်ခြေ၊ အဆောက်အဦ၊ လမ်းသွားလမ်းလာများ၊ အများပြည်သူသုံး လမ်း
v  ကယ်ဆယ်ရေးအဖွဲ့များ၏ စွမ်းဆောင်နိုင်မှုပမာဏ နှင့် စွမ်းရည်
v  အခြား ပြင်ပကယ်ဆယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နိုင်မှု

၁၀၊ ၂။ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း


            အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်ပါသည်။


၁၀၊ ၃။ တာဝန်နှင့် ၀တ္တရားများ

            အရေးပေါ်အခြေအနေကို စီမံခန့်ခွဲရန် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့ထားရပါမည်။ ထိုအဖွဲ့တွင် အရေးပေါ်အခြေအနေ တုံ့ပြန်မှု ထိန်းချုပ်ရေးမှုး၊ အရေးပေါ်အခြေအနေတုံ့ပြန်မှု လက်ထောက်ညှိနှိုင်းရေးမှူး၊ အဆောင်မှူး၊ အရေးပေါ်အခြေအနေတုံ့ပြန်ရေး အဖွဲ့၊ ရှေးဦးသူနာပြုအဖွဲ့တို့ ပါဝင်ပါသည်။

အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုး

            အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုးသည် အရေးပေါ်အခြေအနေအတွက် တာဝန်အရှိဆုံးဖြစ်၏။ ၎င်းသည် အရေးပေါ် အခြေအနေတစ်ရပ်ရပ်ကျရောက်လာပါက မည်ကဲ့သို့ဆောင်ရွက်မည်၊ မည်သည့်သူများ ပါဝင်သင့်သည် စသည်တို့ကို ဆုံးဖြတ်၍ ဤ အရေးပေါ်စီမံချက်ကို ပြုစုရပါမည်။ ဤစီမံချက်ကို လုပ်ငန်းခွင်အတွင်းရှိသူအားလုံး အစမ်းလေ့ကျင့်ရာ၌ ဦးဆောင်တာဝန်ယူရမည်။ အကယ်၍ အရေးပေါ်အခြေအနေတစ်ရပ်ရပ် ကျရောက်လာပါက ၎င်းကပင် အစစ၊ အရာရာကို အမိန့်ပေးကာ စနစ်တကျ ဆောင်ရွက်သွား ရပါမည်။ လုပ်ငန်းခွင်အတွင်းရှိ အခြားသူအားလုံးသည် ၎င်း၏ အမိန့်၊ ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်ကြရမည်။

အရေးပေါ်အခြေအနေ ညှိနှိုင်းရေးမှုး

အရေးပေါ်အခြေအနေ တုံ့ပြန်မှု ညှိနှိုင်းရေးမှုးသည် အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်လာခဲ့ပါက အရေးပေါ်အခြေအနေတုံ့ပြန်မှု ထိန်းချုပ်ရေးမှုးအား အဓိက ကူညီဆောင်ရွက်ရမည့်သူဖြစ်သည်။ ၎င်းသည် အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး နှင့် အလုပ်သမားများအကြား ညှိနှိုင်းဆောင်ရွက်ရမည်။ ထိန်းချုပ်ရေးမှူး၏ ညွှန်ကြားချက်များကို လက်တွေ့အကောင်အထည် ဖော်ရမည့်သူလည်း ဖြစ်သည်။

အဆောင်မှူး

            လုပ်ငန်းခွင်တွင် အဆောက်အဦ သုံးလေးခုရှိပါက အဆောက်အဦတစ်ခုလျှင် အဆောင်မှူးတစ်ဦး၊ အထပ်မြင့် အဆောက်အဦ ဖြစ်ပါက တစ်ထပ်လျှင် အဆောင်မှူးတစ်ဦး ခန့်အပ်ထားရမည်။ ကြီးကြပ်ရေးမှူးသည် အဆောင်မှူးဖြစ်သင့်သည်။ အရေးပေါ်  အခြေအနေ တစ်ခုခုဖြစ်ခဲ့ပါက အဆောင်မှူးသည် မိမိတာဝန်ယူထားသော ဧရိယာမှ အလုပ်သမားအားလုံးကို စနစ်တကျ ကယ်ထုတ်သွားရန် တာဝန် ရှိသည်။ အဆောင်မှူးသည် မိမိတာဝန်ယူထားသည့်နေရာ၌ အလုပ်သမားမည်မျှရှိသည်၊ မည်သည့်ကန်ထရိုက်တာများ အလုပ်လုပ်နေသည်၊ မည်သည့် ကန်ထရိုက်တာ၌ အလုပ်သမားမည်မျှစီရှိသည် အစရှိသည်တို့ကို သိထားရန် လိုသည်။ သို့မှသာ အရေးအကြောင်းရှိလျှင် ထိုသူ အားလုံးကို ကယ်ထုတ်သွားနိုင်ပေမည်။
           
ရှေးဦးသူနာပြုအဖွဲ့

            ရှေးဦးသူနာပြုအဖွဲ့တွင် တစ်ယောက် သို့မဟုတ် ထို့ထက်ပိုရှိနိုင်သည်။ ရှေးဦးသူနာပြုသေတ္တာကိုလည်း ပစ္စည်းကိရိယာ အစုံအလင်နှင့် အဆင်သင့်ထားရှိရမည်။ ဒဏ်ရာအနာတရဖြစ်သူ၊ မူးလဲသူများရှိခဲ့ပါက သယ်ထုတ်ရန် ထမ်းစင်လည်း ရှိထားသင့်ပါသည်။ ရှေးဦးသူနာပြုသည် သေချာစွာ လေ့ကျင့်ပေးထားသော ကျွမ်းကျင်သူဖြစ်ရမည်။

၁၀၊ ၄။ အရေးပေါ်အခြေအနေ အမျိုးအစား

            အရေးပေါ်အခြေအနေ အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။

၁၀၊ ၄၊ ၁။ ကျန်းမာရေး အရေးပေါ်အခြေအနေ

ဥပမာ -
Ø နေပူထဲ၌ အလုပ်လုပ်နေစဉ် မူးလဲခြင်း
Ø ဆီးချိုရှိသူတစ်ဦးသည် သွေးတွင်းသကြားဓာတ် အလွန်အမင်းကျကာ မူးမေ့ခြင်း
Ø ရုတ်တရက် နှလုံးရောဂါထကြွလာခြင်း
Ø ဆားစ်ရောဂါအရေးပေါ် - စသည်
ထိုအခြေအနေမျိုးတွင် ဆက်သွယ်ရန် အရေးပေါ်ကား၊ အနီးဆုံးဆေးရုံဆေးခန်း စသည့် ဖုံးနံပါတ်နှင့် တည်နေရာများကို သိရှိထားရပါမည်။ ထိုအရေးပေါ်နံပါတ်များကို လုပ်ငန်းခွင် ၀င်ပေါက်၊ ရုံးခန်း၊ လုပ်သားများနားနေဆောင်၊ စားသောက်ဆောင်များတွင် ကပ်ထားရပါမည်။
၁၀၊ ၄၊ ၂။ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း

            ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဓာတ်ငွေ့သုံး ဖြတ်ခြင်း၊ ဂဟေဆော်ခြင်းကဲ့သို့သော မီးလောင်နိုင်သည့် လုပ်ငန်းများရှိရာ မီးအရေးပေါ်ကိစ္စကိုလည်း ကြိုတင်စီစဉ်ထားရပါမည်။ မီးလောင်လျှင် ဆက်သွယ်ရမည့် ဖုံးနံပါတ်၊ အနီးဆုံးမီးသတ်သို့ ဆက်သွယ်ရန် နံပါတ် စသည်တို့ကို သိထားရမည်။ ထိန်းနိုင်လောက်သော မီးဖြစ်လျှင် မီးသတ်နိုင်ရန် မီးသတ်ဘူးများကို လုပ်ငန်းခွင်အနှံ့ ထားပေးရန်လိုသည်။ မီးနှင့်အလုပ်လုပ်သည့်နေရာတိုင်း၌ မီးသတ်ဘူးရှိရမည်။ စားသောက်ဆိုင်များတွင် မီးသတ်ဘူး ထားရမည်။ မီးလောင်လျှင် မည်ကဲ့သို့ လုပ်ရမည်ကို လုပ်သားအားလုံးအား ကြိုတင်လေ့ကျင့်ပေးထားရမည်။
            မိမိလုပ်ငန်းခွင် အတွင်းမှသာမက အနီးပတ်ဝန်းကျင်မှ မီးအန္တရာယ်ကိုလည်း အစဉ်သတိပြုနေရပါမည်။ ပြင်ပမှမီးသည် မိမိတို့ လုပ်ငန်းခွင်၏ ထွက်ပေါက်ကို ပိတ်၍လောင်နေလျှင် မည်ကဲ့သို့ ထွက်ရမည်ကိုလည်း ကြိုတင်စဉ်းစား စီစဉ်ထားရပါမည်။

၁၀၊ ၄၊ ၃။ လုံခြုံရေး အရေးပေါ်

            ထိုအထဲတွင် အကြမ်းဖက်မှုများနှင့် ဗုံးပေါက်ကွဲခြင်းများပါသည်။ ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်သော်လည်း ဖြစ်လာခဲ့လျှင် အဆင်သင့် ဖြစ်နေစေရန် ထည့်သွင်းစဉ်းစားကာ အစီအစဉ်များ ပြုလုပ်ထားရပါမည်။

၁၀၊ ၄၊ ၄။ သဘာဝဘေးအန္တရာယ်

            မုန်တိုင်းတိုက်ခြင်း၊ မိုးသည်ထန်စွာရွာသဖြင့် မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းတို့ကိုလည်း အရေးပေါ်ကိစ္စတွင် ထည့်သွင်းစဉ်းစား ရပါ မည်။ အဘယ်ကြောင့်ဆိုသော် အုတ်မြစ်ချရန် မြေတူးနေစဉ် မိုးသည်းထန်စွာရွာလာသောကြောင့် မြေသားများ ပျော့အိ ပြိုကျကာ အနီး ပတ်ဝန်းကျင်ရှိ အဆောက်အဦများ ပြိုလဲနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ အကယ်၍ မုန်တိုင်းတိုက်လျှင် ဆင်လက်စ ငြမ်းများ၊ ဖောင်ဝပ်များ လဲပြိုနိုင်သဖြင့် ဤဘေးအန္တရာယ်များကိုပါ ထည့်သွင်းစဉ်းစား စီစဉ်ထားရပါမည်။ မိုးသည်းထန်စွာရွာလျှင် မြေသားများပျော့ကာ ထိုနေရာမှ ငြမ်းစင်များပြိုလဲတတ်သည်ကို သတိပြုပါ။

၁၀၊ ၄၊ ၅။ ဓာတ်ငွေ့ယိုစိမ့်ခြင်းအရေးပေါ်

            ဓာတုဗေဒစက်ရုံများ၊ ထိုစက်ရုံများအနီးတ၀ိုက်တွင် လုပ်ကိုင်နေသည့် လုပ်ငန်းများအနေနှင့် ဓာတုစက်ရုံများမှ အဆိပ်ငွေ့များ ယိုစိမ့်တတ်သည်ကို သတိပြုရပါမည်။ အဆိပ်ငွေ့ယိုစိမ့်မှုသည် မည်သည့်ဘက်မှ ဖြစ်နိုင်သည်။ မည်သည့်ဘက်သို့ လေတိုက်နိုင်သဖြင့် လူများကို မည်သည့်ဘက်သို့ သယ်ထုတ်သွားရမည်။ မည်သည့်နေရာသည် အန္တရာယ်ကင်းသည့်နေရာဖြစ်သည် စသည်တို့ကို မူလ ကတည်းက ထည့်သွင်း စဉ်းစားစီမံထားရပါမည်။ မိမိတို့လုပ်ငန်းခွင်မှ အလုပ်သမားများအားလည်း ကြိုတင် သတိပေး လေ့ကျင့်ပေးထားရ ပါမည်။

၁၀၊ ၄၊ ၆။ ဆောက်လုပ်ရေးလုပ်ငန်းမှ အရေးပေါ်

            ကရိန်းများလဲပြိုခြင်း၊ ငြမ်းစင်များ ပြိုပျက်ကျခြင်း၊ ဖောင်ဝပ်များ လဲပြိုခြင်း၊ အမြင့်မှ ပြုတ်ကျသေဆုံးခြင်း၊ ဆောက်လုပ်ရေးသုံး ယန္တယားကြီးများနှင့် မတော်တဆ တိုက်ခိုက်မိ၍ ပြင်းထန်စွာ ဒဏ်ရာရခြင်း၊ သေဆုံးခြင်း စသည်တို့သည် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ကြုံတွေ့ရသော အခြေအနေများဖြစ်၏။ မည်ကဲ့သို့သော အရေးပေါ်အခြေအနေဖြစ်လာခဲ့လျှင် မည်ကဲ့သို့လုပ်မည်နည်း ဟူသည့် အစီအစဉ် ကို သေချာစွာ ရေးဆွဲထားရပါမည်။ သို့မှသာ အရေးကြုံလာလျှင် စနစ်တကျ စီမံခန့်ခွဲနိုင်မည်ဖြစ်၏။ 

၁၀၊ ၅။ အရေးပေါ်ကယ်ဆယ်ရေး အစီအမံ (Emergency Evacuation Plan)

            ဤအစီအမံတွင် အောက်ပါအချက်များ ထည့်သွင်းစဉ်းစားရမည်။
၁။ အရေးပေါ်ကယ်ဆယ်ရေးအတွက် လိုအပ်သော ပစ္စည်းကိရိယာများ
၂။ လုပ်ငန်းခွင်အတွင်းရှိသူအားလုံးအား အရေးပေါ်ကယ်ဆယ်ရေးအတွက် လေ့ကျင့်ပေးရန် လိုအပ်ချက်
၃။ အရေးပေါ်အခြေအနေကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ရလဒ်များ
၎။ ဖြစ်နိုင်သည့် အရေးပေါ်ကိစ္စများနှင့် ဖြစ်နိုင်သည့်ကြိမ်နှုန်း
၅။ ကျွမ်းကျင်သူများပါသည့် ကယ်ဆယ်ရေးအဖွဲ့
၆။ လက်မှတ်ရရှေးဦးသူနာပြုများပါသည့် ရှေးဦးသူနာပြုအဖွဲ့
၇။ အနီးဆုံးဆေးခန်း၊ ဆေးရုံများ၏ ဖုံးနံပါတ်နှင့် အမြန်ဆုံးသွားနိုင်သည့် လမ်းကြောင်း
၈။ အရေးပေါ်ယာဉ်၊ မီးသတ်၊ ရဲစခန်း၊ ဆေးရုံကြီးများ၏ ဖုံးနံပါတ်များ
၉။ အရေးပေါ်အခြေအနေတွင် မည်ကဲ့သို့ပြုလုပ်ရမည်ဟူသော အလုပ်သမားများအား ညွှန်ကြားချက်
၁၀။ အရေးပေါ် စုရပ်၊ ထိုစုရပ်ကို မူလကတည်းက သတ်မှတ်ထားရမည်။ စုရပ်သည် လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားအားလုံး စုရုံးနိုင်လောက်အောင် ကျယ်ဝန်းရမည်။ လမ်းမကြီးသို့ အလွယ်တကူထွက်နိုင်သည့်နေရာ ဖြစ်ရမည်။ ပိတ်မိနေစေမည့် နေရာမျိုး မဖြစ်စေရ။ လုပ်ငန်းခွင်အတွင်း ရှိသူအားလုံးအား အရေးပေါ်ကိစ္စရှိလျှင် ဤနေရာ၌ စုရုံးကြရမည်ဖြစ်ကြောင်း အသိပေးထားရမည်။
၁၁။ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား အသုံးပြုနည်းသင်တန်းများပေးခြင်း (ဥပမာ - အရေးပေါ်ထမ်းစင်သယ်နည်း၊ မီးသတ်ဘူး
      အသုံးပြုနည်း၊ အသက်ကယ်အင်္ကျီဝတ်နည်း စသည်)

            အရေးပေါ်ကယ်ဆယ်ရေးကြိုတင်လေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်အခါတိုင်း၊ အရေးပေါ်ကိစ္စများ ဖြစ်ပွား ပြီးသည့်အခါတိုင်း၊ လုပ်ငန်းခွင်အတွင်း အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာနိုင်သည့်အခါများတွင် အရေးပေါ်အစီအမံကို ပြန်လည်သုံးသပ်ရန် လိုပါသည်။

၁၀၊ ၆။ အရေးပေါ်ကယ်ဆယ်ရေး သင်တန်းပေးခြင်း နှင့် ကြိုတင်လေ့ကျင့်ခြင်း

            အရေးပေါ်အခြေအနေများတွင် မည်ကဲ့သို့တုံ့ပြန်မည်ဆိုသည်ကို လုပ်ငန်းခွင်အတွင်း ရှိသူအားလုံးအား သေချာစွာ ရှင်းပြထားပြီး လက်တွေ့လည်း အစမ်းလေ့ကျင့်ပေးထားရန် လိုပါသည်။ ထိုအစမ်းလေ့ကျင့်ခန်းကို အရေးပေါ်ကယ်ဆယ်ရေး အစီအမံတွင်ပါသည့် အစီအစဉ်အတိုင်း အတိအကျပြုလုပ်ရမည်ဖြစ်ပြီး မည်ကဲ့သို့ပြုလုပ်သည့်အကြောင်းလည်း ဓာတ်ပုံများနှင့်တကွ မှတ်တမ်းတင်ထားရပါမည်။
            ထိုမှတ်တမ်းတွင် -
Ø အရေးပေါ်ကယ်ဆယ်ရေး အစမ်းလေ့ကျင့်သည့်နေ့ရက်၊ အချိန်၊ နေရာ
Ø ပါဝင်သည့် ကန်ထရိုက်တာများနှင့် ၎င်းတို့၏ လူအင်အား (မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ အလုပ်သမား တစ်ယောက်မကျန် ပါဝင်စေရမည်။)
Ø အစမ်းလေ့ကျင့်မှု စသည့်အချိန်
Ø ကြာချိန်စုစုပေါင်း
Ø အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း
Ø ချို့ယွင်းချက်၊ အားနည်းချက် နှင့် ပိုမိုကောင်းမွန်လာအောင် ပြုပြင်ရမည့် အကြံပြုချက်များ
Ø ထိုအကြံပြုချက်များ အားလျော်စွာ လက်ရှိ အရေးပေါ်ကယ်ဆယ်ရေး စီမံချက်ကို ပြုပြင်ရေးဆွဲရပါမည်။

၁၀၊ ၇။ အရေးပေါ်ကယ်ဆယ်ရေးအတွက် လက်တွေ့ဆောင်ရွက်ပုံ

၁။ အရေးပေါ်ကိစ္စဖြစ်သည်နှင့်တပြိုင်နက် အရေးပေါ်ထိန်းချုပ်ရေးမှုး၊ အရေးပေါ်အခြေအနေ ညှိနှိုင်းရေးမှုး၊ အဆောင်မှူး၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ ရှေးဦးသူနာပြုအဖွဲ့တို့ကို ချက်ချင်းအကြောင်းကြားရမည်။ အကယ်၍ အရေးပေါ်အခြေအနေသည် ရုံးချိန်ပြင်ပတွင် ဖြစ်ခဲ့ပါက လုပ်ငန်းခွင်မှ အလှည့်ကျ တာဝန်ကျအရာရှိက အရေးပေါ်ထိန်းချုပ်ရေးမှုးရာထူးကိုယူကာ စီမံခန့်ခွဲသွားရပါမည်။
၂။ အကယ်၍ လုပ်ငန်းခွင်၌ အရေးပေါ်အချက်ပေးခေါင်းလောင်း တပ်ဆင်ထားပါက အချက်ပေးခေါင်းလောင်းကို တီးရမည်။ (အချက်ပေး ခေါင်းလောင်းမရနိုင်လျှင် အရေးပေါ် သံချောင်းခေါက် အချက်ပေးနိုင်ပါသည်။)
၃။ အချက်ပေးခေါင်းလောင်းသံ (သံချောင်းခေါက်သံ) ကြားပါက လုပ်ငန်းခွင်အတွင်းရှိသူအားလုံး (တစ်ယောက်မကျန်) အရေးပေါ် စုရပ်သို့ သွားကြရမည်။
၎။ အဆောင်မှူးသည် မိမိတာဝန်ယူထားသည့် အဆောက်အအုံ (အထပ်) ရှိသူအားလုံး တစ်ယောက်မှမကျန်စေရဘဲ အရေးပေါ်စုရပ်သို့ ခေါ်ထုတ်သွားရမည်။
၅။ အရေးပေါ်စုရပ်ရောက်လျှင် သက်ဆိုင်ရာ တာဝန်ကျအဆောင်မှူးများက မိမိတာဝန်ယူထားသည့်နေရာမှ လူအားလုံးစုံမစုံ ချက်ချင်း စစ်ရမည်။
၆။ အကယ်၍ လူမစုံဘဲ တစ်ယောက်ယောက်လျော့နေပါက မည်သူ့အဖွဲ့မှဖြစ်ကြောင်း၊ မည်သည့်နေရာတွင် အလုပ်လုပ်နေသူ ဖြစ်ကြောင်း စုံစမ်းကာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ထိုနေရာသို့သွားရောက် စုံစမ်း စစ်ဆေးရမည်။
၇။ အကယ်၍ ဒဏ်ရာရသူရှိပါက ရှေးဦးသူနာပြုအဖွဲ့က ဒဏ်ရာရသူကို ပြုစုပေးရမည်။ အကယ်၍ ဒဏ်ရာပြင်းထန်ပါက အရေးပေါ် လူနာတင်ယာဉ်ကို ဖုံးဆက်ခေါ်ယူကာ ဆေးရုံသို့ ပို့ရမည်။
၈။ ထို့နောက် အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုး ညွှန်ကြားသည့်အတိုင်း ဆက်လုပ်ကြရမည်။
၉။ ဖြစ်စဉ်တစ်လျှောက်လုံး အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုး အမိန့်ပေးသည့်အတိုင်း လှုပ်ရှားဆောင်ရွက်ကြရမည်။




၁၀၊ ၈။ မီးအရေးပေါ်ကိစ္စ လက်တွေ့ဆောင်ရွက်ပုံ အဆင့်ဆင့်

၁။ မီးလောင်သည်နှင့် တပြိုင်နက် အရေးပေါ်အချက်ပေးခေါင်းလောင်းရှိပါက အချက်ပေးခေါင်းလောင်း တီးမည်။ သို့မဟုတ် အရေးပေါ် သံချောင်း ခေါက်မည်။
၂။ ဝေါ်ကီတော်ကီဖြင့်သော်လည်းကောင်း၊ ဖုံးဆက်၍သော်လည်းကောင်း၊ လူစေလွှတ်၍သော်လည်းကောင်း၊ ဖြစ်နိုင်သည့်နည်းအားလုံး သုံး၍ အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုးကို ချက်ချင်းအကြောင်းကြားမည်။
၃။ မီးသည်ထိန်းချုပ်နိုင်သော အနေအထားတွင်ရှိပါက (မီးကိုနိုင်နိုင်နင်းနင်းငြိမ်းသတ်နိုင်မည်ဟု အထင်ရှိပါက) မီးသတ်ဘူးသုံး၍ မီးသတ်ရမည်။ အကယ်၍ မီးများပြီး နိုင်ပုံမပေါ်ပါက မီးသတ်ရန် မကြိုးစားပါနှင့်။ မိမိအန္တရာယ်ကင်းရေးကိုသာ စဉ်းစားပါ။
၎။ အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုးကသော်လည်းကောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အရာရှိကသော်လည်းကောင်း မီးသတ်သို့ ဖုံးဆက်အကြောင်းကြားရမည်။
၅။ သံချောင်းခေါက်သံကြားလျှင် လုပ်ငန်းခွင်အတွင်းရှိသူအားလုံးသည် အလုပ်ကိုရပ်၊ မောင်းထားသောစက်အားလုံးကိုရပ်၍ အရေးပေါ် စုရပ်သို့ သွားကြမည်။ ပြေးမသွားရ။ ရုန်းရင်းဆန်ခတ်မဖြစ်ရ။ ပျာယာမခတ်ရ။ အေးအေးဆေးဆေး စီတန်းသွားပါ။
၆။ အဆောင်မှူး၊ လက်ထောက်အဆောင်မှူးများသည် မိမိတာဝန်ကျရာနေရာမှ လူအားလုံးကို အရေးပေါ်စုရပ်သို့ ခေါ်ဆောင်သွားမည်။
၇။ အရေးပေါ်အခြေအနေတုံ့ပြန်ရေးအဖွဲ့က ဖြစ်စဉ်ကို အလျင်အမြန်သုံးသပ်ကာ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ချက်ချင်း လုပ်မည်။
၈။ အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုးသည် အရေးပေါ်အခြေအနေသတင်းအချက်အလက်များကို ရယူကာ ဆောင်ရွက်ရန် ညွှန်ကြားချက်များကို အဆောင်မှူးများသို့ တိုက်ရိုက်သော်လည်းကောင်း၊ အရေးပေါ်အခြေအနေ ညှိနှိုင်းရေးမှုးမှတစ်ဆင့်သော် လည်းကောင်း ပေးမည်။  
၉။ ရှေးဦးသူနာပြုအဖွဲ့သည် ရှေးဦးသူနာပြုသေတ္တာနှင့်အတူ စုရပ်တွင် အဆင်သင့်စောင့်နေမည်။
၁၀။ အဆောင်မှူး၊ လက်ထောက်အဆောင်မှူးများသည် မိမိတာဝန်ယူထားသည့်နေရာမှ လူအားလုံး စုံမစုံအလျင်အမြန်စစ်ဆေး၍ လူမစုံ၊ လျော့နေပါက မည်သူသည် မည်သည့်နေရာတွင် ကျန်နေကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သို့ သတင်းပို့မည်။
၁၁။ အကယ်၍ ဒဏ်ရာရသူရှိပါက ရှေးဦးသူနာပြုအဖွဲ့သည် အလျင်အမြန်ပြုစု၍ ဆေးရုံပို့တန်ပို့မည်။
၁၂။ အရေးပေါ်အခြေအနေ ထိန်းချုပ်ရေးမှုးက အားလုံးအခြေအနေများ အေးဆေးငြိမ်သက်သွားပြီ။ အလုပ်ပြန်စနိုင်ပြီဟု ကြေငြာမှ လုပ်ငန်း ပြန်စရမည်။

မှတ်ချက်။             ။ အရေးပေါ်အခြေအနေတွင် အရေးပေါ်စုရပ်မှတပါး အခြားမည်သည့်နေရာသို့မှ မသွားရပါ။ ဤလုပ်ငန်းခွင်အတွင်းရှိ လူများအားလုံး ဘေးရန်ကင်းကြောင်း သေချာစေရန် ဤစီမံကိန်းမှ လူအားလုံး တစ်ယောက်မကျန် စုရပ်သို့ရောက်နေရပါမည်။ အခြေအနေ များ အေးချမ်းငြိမ်သက်သွားကြောင်း ကြေငြာမှ မိမိသွားလိုရာသို့ သွားနိုင်ပါသည်။

၁၀၊ ၉။ အရေးပေါ်အခြေအနေ တုံ့ပြန်မှု အစီအစဉ်


၁၀၊ ၁၀။ အရေးပေါ်အခြေအနေ တုံ့ပြန်မှု Flow Chart


ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ

၁။ http://www.gov.mb.ca - Health and Safety Management System; Emergency Response Plan
၂။ The Hartford; Loss Control Department - Elements of an Emergency Preparedness Plan, 1999
၃။ SAS Pte Ltd - Workplace Safety and Health Management System, Rev 3; Sep, 2013
၎။ UNEP, ICMM – Good Practice in Emergency Preparedness and Response; 2005

ဆက်ပါဦးမည်။

အေးငြိမ်း
၃ ဒီဇင်ဘာ၊ ၂၀၁၃။ ည ၁၀း၄၅ နာရီ

No comments: