Sunday, December 1, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၀)

အခန်း (၉)

လုပ်ငန်း အန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း (Job Hazard Analysis)

၉၊ ၁။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို မည်သူများ သိထားသင့်သနည်း

            လုပ်ငန်းခွင်ဟူသည် အန္တရာယ်များသည့်နေရာဖြစ်၏။ လူဦးရေ၏ ထက်ဝက်ကျော် (၅၈%) မျှသော လူတို့သည် နေ့စဉ် အလုပ်လုပ်ကြရကုန်၏။ အရွယ်ရောက်ပြီးသော လူတစ်ဦး၏ ဘ၀သက်တမ်း သုံးပုံတစ်ပုံကျော်ကို လုပ်ငန်းခွင်ထဲ၌သာ ကုန်ဆုံးစေရသည်။ ထို့ကြောင့် အန္တရာယ်ဖြစ်စရာရှိလျှင် လုပ်ငန်းခွင်အတွင်း၌သာ ဖြစ်ဘို့များလေသည်။ ထို့ကြောင့် ထိုအန္တရာယ်များကို မဖြစ်တန်တာ မဖြစ်ရ လေအောင် ကြိုတင်ကာကွယ်ရန် အရေးကြီးပေသည်။
            လုပ်ငန်းခွင် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် လုပ်ငန်းခွင်အတွင်း၌ ဖြစ်တတ်သည့် အန္တရာယ်များကို လေ့လာဆန်းစစ် ရန်လိုသည်။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို အလုပ်ရှင်၊ စီမံကိန်းမန်နေဂျာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အရာရှိ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ အလုပ်သမား စသည့်အဆင့်တိုင်း က သူ့အဆင့်နှင့်သူ သိရှိနားလည်ထားရန် အရေးကြီးပါသည်။
            ဤသို့သိရှိနားလည်နိုင်ရန် လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို စနစ်တကျ ရေးဆွဲထားပြီး သက်ဆိုင်သူအားလုံး အား ရှင်းလင်းပြောပြထားရပါမည်။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို လုပ်ငန်းမစမီကပင် တင်ကြိုရေးဆွဲထားပြီး လုပ်ငန်း စသည့်အချိန်တွင် ကြီးကြပ်ရေးမှူးနှင့် အလုပ်သမားအားလုံးတို့သည် ထိုဆန်းစစ်ချက်ကို ကောင်းစွာ သဘောပေါက် နားလည်ပြီးနေရန် အလွန် အရေးကြီးပါသည်။ သို့မှသာ ဖြစ်နိုင်ချေရှိသည့် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ပေလိမ့်မည်။

၉၊ ၂။ အန္တရာယ် (Hazard) ဟူသည် အဘယ်နည်း

            အန္တရာယ်ဟူသည် ထိခိုက်ရှနာဖြစ်နိုင်ချေတစ်ခု ဖြစ်သည်။ လက်တွေ့ဆန်ဆန်ပြောရပါမူ အန္တရာယ်သည် ထိန်းချုပ်နိုင်ခြင်း မရှိသော ဒဏ်ရာအနာတရဖြစ်စေမှု၊ ကျန်းမာရေးချို့ယွင်းမှုတို့ကို ဖြစ်စေသည့် အခြေအနေ၊ အပြုအမူတို့နှင့်ပတ်သက်နေသည်။ အန္တရာယ် ဖြစ်နိုင်သည့်အခြေအနေကို ကြိုတင်မှန်းဆနိုင်လျှင် ထိုအန္တရာယ်ကို ထိန်းချုပ်နိုင်သည့်နည်းလမ်းများအား ဖော်ထုတ် အသုံးချခြင်းဖြင့် လုပ်ငန်းခွင် အန္တရာယ်များကို လျှော့ချနိုင်သည်။

            အောက်တွင် ယေဘူယျ အန္တရာယ်များအား ဖော်ပြထားပါသည်။




၉၊ ၃။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း ဟူသည် အဘယ်နည်း

            လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း ဟူသည် အလုပ်လုပ်ခြင်းကြောင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို အန္တရာယ်မဖြစ်မီကပင် ကြိုတင်ရှာဖွေဖော်ထုတ်ကာ ထိုအန္တရာယ်များအား နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင် ထိန်းချုပ်သည့်နည်းလမ်း များ ချမှတ်ပေးသော နည်းနာနိသယျတစ်ခုဖြစ်၏။ ထိုနည်းက အလုပ်၊ လုပ်ငန်းခွင်တွင်သုံးသည့်ကိရိယာ၊ လူ နှင့် ပတ်ဝန်းကျင် အခြေအနေ တို့ကို ဆက်စပ်မှုကို အဓိကထားစဉ်းစားသည်။ ထိန်းချုပ်ရန် မလွယ်ကူသည့် အန္တရာယ်များကိုတွေ့ပါက ထိုအန္တရာယ်များကို လက်ခံနိုင်သည့် အန္တရာယ်အဆင့်ထိရောက်အောင် ထိန်းချုပ်ရန် နည်းလမ်းများဖြင့် လျှော့ချရသည်။

မှတ်ချက်။             ။ အန္တရာယ်အဆင့်ကို အန္တရာယ်မရှိ၊ အသင့်အတင့် အန္တရာယ်ရှိ နှင့် အန္တရာယ်အလွန်များ ဟု အကြမ်းဖျဉ်းအားဖြင့် သုံးဆင့် ခွဲနိုင်သည်။ အန္တရာယ်အလွန်များသည့် အဆင့်တွင်ရှိနေလျှင် အလုပ်လုပ်ခွင့် မပြုနိုင်။ ထိုအန္တရာယ်များကို သင့်တော်သော နည်းများဖြင့် ထိန်းချုပ်လျှက် အသင့်အတင့် အန္တရာယ်ရှိသည့် အခြေအနေရောက်အောင် လျှော့ချပေးရသည်။ ထိုထိန်းချုပ်နည်းများကို လက်တွေ့လိုက်နာ ကျင့်သုံးမှုရှိမရှိကို တာဝန်ရှိသူက စစ်ဆေးအရေးယူရသည်။

၉၊ ၄။ အဘယ်ကြောင့် လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းသည် အရေးကြီးရသနည်း

            လုပ်ငန်းခွင်အတွင်း၌ ထိခိုက်ရှနာမှုများ၊ မတော်တဆမှုများ၊ ခြေကျိုးခြင်း၊ လက်ပြတ်ခြင်းများ၊ အသက်ဆုံးရှုံးရမှုများကို နေ့စဉ်နှင့် အမျှ တွေ့ကြုံနေကြရသည်။ မတော်တဆမှု သို့မဟုတ် သေဆုံးမှု ဖြစ်လျှင်၊ မကျန်းမာလျှင် ဆေးကုသရခြင်း၊ စိတ်ညစ်ရခြင်း၊ လုပ်အားများ ဆုံးရှုံးခြင်း၊ တရားတဘောင် ရင်ဆိုင်ရခြင်းစသည့် မလိုအပ်သော အလုပ်ပိုများစွာ လုပ်ရလေရာ အလုပ်ရှင်ရော၊ အလုပ်သမားတွင်ပါ လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရခြင်း၊ ငွေကုန်ကြေးကျများခြင်း စသည်တို့နှင့် မလွဲမသွေ တွေ့ကြုံရပေမည်။
လုပ်သားများ ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်နေခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို များစွာတိုးတက်စေ၊ အထောက်အကူ ဖြစ်စေသည်။ လုပ်သားများအား သင်တန်းပေးခြင်း၊ ပညာပေးခြင်း၊ အန္တရာယ်ကင်းစွာ အလုပ်လုပ်နည်းစနစ်များ ရေးဆွဲအကောင်အထည် ဖော်ခြင်း၊ စနစ်တကျ အစီအမံ၊ အကာအကွယ်၊ အတားအဆီးများလုပ်ပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်သည်။ အန္တရာယ်လုံးဝမဖြစ်အောင် မကာကွယ်နိုင်လျှင်သော်မှ မဖြစ်သင့်သည်တို့ မဖြစ်အောင်၊ အန္တရာယ်ကို အနည်းဆုံး အခြေအနေထိ လျှော့ချနိုင်ပေသည်။
ဤကဲ့သို့ အန္တရာယ်များလျှော့ချရန်၊ အတားအဆီး၊ အကာအကွယ်များကို စနစ်တကျကျင့်သုံးရန် အကောင်းဆုံးနည်းမှာ လုပ်ငန်း အန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းပင် ဖြစ်သည်။ ထိုလေ့လာဆန်းစစ်ချက်ကို တန်ဘိုးထားပြီး လုပ်ငန်းခွင်၌ လက်တွေ့ကျင့်သုံးရန် အရေးကြီးပါသည်။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ချက် ဇယားကို နောက်ဆက်တွဲ (-) ဖြင့် ဖော်ပြထားပါသည်။

၉၊ ၅။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း၏ တန်ဘိုးကား အဘယ်နည်း

            လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ချက်ရှိထားခြင်းဖြင့် လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးများသည် မိမိလုပ်ငန်း၌ ကြုံတွေ့ရနိုင် သောအန္တရာယ်များကို အလွယ်တကူ မြင်တွေ့နိုင်သည်။ အန္တရာယ် ဆန်းစစ်ချက်ဇယား၌ အန္တရာယ်ထိန်းချုပ်နည်းများကိုပါ ဖော်ပြထားရာ ကြီးကြပ်ရေးမှူးများအဖို့ ထို ထိန်းချုပ်နည်းများကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် မိမိလုပ်ငန်းခွင်၌ အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်သည်။ ထိုဇယားပါ အန္တရာယ်များအား အလုပ်သမားများကို ရှင်းပြခြင်း၊ ထိန်းချုပ်ရေးနည်းလမ်းများကို သင်ကြားပေးကာ လိုက်နာဆောင်ရွက်စေ ခြင်းဖြင့် အန္တရာယ်များကို အနည်းဆုံးသို့ လျှော့ချနိုင်သည်။
            အလုပ်သမားများအဖို့ ဤဇယားကို သေချာစွာနားလည်ထားလျှင် မိမိတို့လုပ်နေသည့်အလုပ်ကို မည်ကဲ့သို့ အန္တရာယ်ကင်းအောင် လုပ်ရမည်ကို ကောင်းစွာ သဘောပေါက်မည်။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း ဇယားပါ ထိန်းချုပ်နည်းများကို လက်တွေ့ လိုက်နာလုပ်ဆောင်ရန် စီမံခန့်ခွဲရေးအဖွဲ့၏ အရေးတယူဆောင်ရွက်မှု၊ တွန်းအားပေးမှု အရေးကြီးပါသည်။ ဤဇယားပါ ထိန်းချုပ်နည်းများကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သော ပစ္စည်းကိရိယာ၊ ငွေကြေးများ ပံ့ပိုးပေးခြင်းဖြင့် အန္တရာယ်ကင်းသော လုပ်ငန်းခွင်တစ်ခုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပေသည်။

၉၊ ၆။ မည်သည့်အလုပ်များသည် လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းလုပ်ရန် သင့်တော်သနည်း

            အမှန်ဆိုရပါမူ လုပ်ငန်းတိုင်းအတွက် လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းလုပ်ရန် လိုပါသည်။ သို့သော် ပို၍ အရေးကြီးသော၊ ပိုပြီးအန္တရာယ်များသော အလုပ်များကို ပိုပြီးဦးစားပေး လုပ်ဆောင်ရမည်။ အောက်ပါလုပ်ငန်းများမှာ လုပ်ငန်းအန္တရာယ်များ အား လေ့လာဆန်းစစ်ခြင်းလုပ်ရန် မဖြစ်မနေလိုအပ်သော လုပ်ငန်းများဖြစ်ပါသည်။

Ø ဒဏ်ရာပြင်းထန်စွာရနိုင်သောအလုပ် သို့မဟုတ် ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်သော အလုပ်
Ø ယခင်အခါကာလများက အန္တရာယ်ဖြစ်သည့် မှတ်တမ်းများပင် မရှိစေကာမူ ဒဏ်ရာပြင်းထန်စွာရနိုင်ချေရှိသောအလုပ် သို့မဟုတ် ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ချေရှိသော အလုပ်
Ø လူက အနည်းငယ်ဂရုမစိုက်မိရုံကလေးမျှနှင့် ဒဏ်ရာအနာတရ ပြင်းထန်စွာဖြစ်သွားနိုင်သော အလုပ်
Ø အလုပ်သမားများအဖို့ လုံးဝအသစ်ဖြစ်နေသော အလုပ် သို့မဟုတ် ယခင်အခါကာလများနှင့် မတူစွာပင် လုပ်ငန်းသဘာဝ သို့မဟုတ် လုပ်ငန်းအစီအစဉ် ပြောင်းလဲသွားသော အလုပ်
Ø စာဖြင့်ရေးသားဖော်ပြရလောက်အောင် ရှုပ်ထွေးလှသော လုပ်ငန်းအစဉ်

၉၊ ၇။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို မည်သည့်နေရာမှ စမည်နည်း

၁။ ၀န်ထမ်းများပါ ပါဝင်ပါစေ။
             လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း ရေးဆွဲရာတွင် ကြီးကြပ်ရေးမှုးများနှင့် လုပ်သက်ရင့် လုပ်သားများပါ ပါဝင်ပါစေ။ အလုပ်သမားများသည် နေ့စဉ်လုပ်ငန်းခွင်တွင် ၀င်ရောက်လုပ်ကိုင်နေကြသည့်ဖြစ်ရာ ၎င်းတို့၌ လက်တွေ့လုပ်ငန်းအတွေ့အကြုံ များစွာရှိနေ သည်။ ထို့ကြောင့် ၎င်းတို့သည် ဖြစ်နိုင်သော၊ ဖြစ်တတ်သော အန္တရာယ်များကို သိမြင်ကြသည်၊ သိမြင်နိုင်သည်ဖြစ်ရာ လုပ်ငန်းအန္တရာယ်များ အား လေ့လာဆန်းစစ်ခြင်းကို ရေးဆွဲရာ၌ ၎င်းတို့ကိုပါ ပါဝင်စေသင့်ပါသည်။ သို့မှသာ မြင်ရန်မလွယ်သော အန္တရာယ်များအား မျက်စိလျှမ်း၊ မကျန်ခဲ့စေပဲ စုံစုံလင်လင်ပါဝင်နိုင်မည် ဖြစ်ပါသည်။
            ၎င်းတို့ကိုယ်တိုင် ပါဝင်ရေးဆွဲထားသော ဆန်းစစ်ချက်ဖြစ်သဖြင့်လည်း အလုပ်သမားများအနေနှင့် လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ချက်ကို ပိုမိုလေးစားလိုက်နာနိုင်စေသည်။ လက်တွေ့အသုံးချရာတွင် ပိုမိုထိရောက်အောင်မြင်နိုင်ပေမည်။  

၂။ ယခင်က မတော်တဆမှုမှတ်တမ်းများကို ပြန်လည်လေ့လာသုံးသပ်ပါ။
            လွန်ခဲ့သောကာလများက မတော်တဆမှုမှတ်တမ်းများကို ပြန်လည်လေ့လာသုံးသပ်ခြင်းဖြင့် ထိုလုပ်ငန်းခွင်၌ မည်ကဲ့သို့သော အန္တရာယ်များရှိသည်ကို သိမြင်နိုင်သည်။ ထို့ပြင် အဘယ်ကြောင့် ထိုမတော်တဆမှုဖြစ်ရသည်ကို လေ့လာပြီး လုပ်ငန်းခွင်အတွင်း ကျင့်သုံးနေသော ထိန်းချုပ်မှုနည်းစနစ်များ၏ အားနည်းချက်၊ ချို့ယွင်းချက်များအားလည်း ရှာဖွေနိုင်သည်။ ဤသို့ဖြင့် ပိုမိုကောင်းမွန် ထိရောက်သည့် ထိန်းချုပ်မှုနည်းစနစ်များကို ပြဌာန်းကျင့်သုံးနိုင်သည်။

၃။ အကြိုဆွေးနွေးပွဲများကျင်းပခြင်း
            လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းမရေးဆွဲမီ အလုပ်သမား၊ ကြီးကြပ်ရေးမှူး၊ သက်ဆိုင်ရာအင်ဂျင်နီယာ၊ မန်နေဂျာ များပါဝင်ပြီး အကြိုဆွေးနွေးပွဲများကျင်းပလျှက် ၎င်းတို့လုပ်ကိုင်နေရသော လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရနိုင်သည့် အန္တရာယ်များနှင့် ထိုအန္တရာယ်များကို မည်သို့လျှော့ချရမည်၊ မည်ကဲ့သို့ကာကွယ်နိုင်သည်ကို စုံနိုင်သမျှစုံအောင် ရှာဖွေဖော်ထုတ်ရပါမည်။
            အကယ်၍ ထိုအန္တရာယ်သည် အလုပ်သမား၏ အသက်အန္တရာယ်ကို လက်ငင်း ခြိမ်းချောက်နေသည်ဆိုပါက အချိန်မဆိုင်းဘဲ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုပါသည်။ ယခုလုပ်လို့ရသည့် ကာကွယ်ရေးနည်းလမ်းများကို ယခုပင် ချက်ချင်းလက်ငင်း အကောင် အထည်ဖော် ဆောင်ရွက်ရမည်။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း အပြည့်အစုံရေးဆွဲပြီးသည်ထိ စောင့်နေစရာမလို။ လုပ်လို့ရတာ ချက်ချင်းလုပ် ဟူသည့် အလေ့အထကို မွေးမြူရပါမည်။
            ဤကဲ့သို့ ချက်ချင်းအကောင်အထည်ဖော်ပြခြင်းအားဖြင့် စီမံခန့်ခွဲရေးအဖွဲ့သည် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်သားများ၏ ကျန်းမာရေးအတွက် မည်မျှအလေးထားကြောင်း ပြသရာရောက်သည်။

၎။ အန္တရာယ်များကို အဆင့်အတန်းခွဲခြင်း
            ဖော်ထုတ်တွေ့ရှိသော အန္တရာယ်များကို စာရင်းပြုစုပါ။ ထို့နောက် ထိုအန္တရာယ်များကို အန္တရာယ်ရှိမှု အတိုင်းအဆပမာဏ အလိုက် အဆင့်အတန်းခွဲခြားပါ။ သေနိုင်သော၊ သို့မဟုတ် တစ်သက်တာ မသန်မစွမ်းဖြစ်သွားနိုင်သော၊ နာတာရှည်ရောဂါ ရနိုင်သော အန္တရာယ်များကို အန္တရာယ်အများဆုံး။ အပြင်းအထန် ဒဏ်ရာရနိုင်သည့် အန္တရာယ်များကို အလယ်အလတ်၊ မပြောပလောက်သော ဒဏ်ရာ ရနိုင်သည့် အန္တရာယ်များကို အန္တရာယ်အနည်းဆုံး ဟု အဆင့်ခွဲနိုင်ပါသည်။
            အန္တရာယ်အဆင့်ခွဲရာတွင်လည်း အလုပ်သမား၊ ကြီးကြပ်ရေးမှူး၊ အင်ဂျင်နီယာ၊ မန်နေဂျာတို့ ခေါင်းချင်းဆိုင် တိုင်ပင်လျှက် မည်သည့်အဆင့်တွင် ထားမည်နည်းကို ဆုံးဖြတ်ရပါမည်။ အလွန်အန္တရာယ်ရှိသော အလုပ်မျိုးကို လုပ်ငန်းခွင်အတွင်း လုပ်ခွင့်မပြုနိုင်ပါ။ သင့်တော်ကောင်းမွန်သော အန္တရာယ်ထိန်းချုပ်ရေးနည်းစနစ်များဖြင့် အလယ်အလတ်တန်းစား အန္တရာယ်ဖြစ်လာသည်ထိ လျှော့ချရပါမည်။ ထိုထိန်းချုပ်ရေးနည်းများကို လက်တွေ့အကောင်အထည်ဖော်မှသာ ထိုအလုပ်ကို ဆက်လုပ်ခွင့် ပြုရပါမည်။

၅။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းရေးဆွဲရန် အစီအစဉ်၊ အဆင့် နှင့် လုပ်ငန်းများ ချမှတ်ခြင်း
            မည်သည့်လုပ်ငန်းမဆို လုပ်ငန်းလုပ်ကိုင်ရမည့် အဆင့်ဆင့်အစီအစဉ်ရှိပါသည်။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း မရေးဆွဲမီ ၀ါရင့်လုပ်သား နှင့် ကြီးကြပ်ရေးမှူးများအား ထိုလုပ်ငန်းအစီအစဉ် အဆင့်ဆင့်ကို ရေးခိုင်းပါ။ ထိုလုပ်ငန်းအစီအစဉ်အဆင့်ဆင့်ကို အသေးစိတ်ရေးဆွဲရာတွင် အဆင့်ကျော်မသွားစေရန် အထူးဂရုစိုက်ပါ။ သို့သော်လည်း မလိုလားအပ်သော အသေးအဖွဲအဆင့်များ မပါစေရန်လည်း သတိပြုပါ။ (ဥပမာ - ဆေးသုတ်ခြင်းလုပ်ငန်းအတွက် ပထမဦးဆုံးလုပ်ရမည်မှာ ဆေးပုံးနှင့် ဆေးသုတ်ကိရိယာများကို လုပ်ငန်းခွင်အတွင်း သယ်လာခြင်းဖြစ်ပါသည်။ ဤအဆင့်တွင် ဆေးပုံးများကို ကားပေါ်တင်ခြင်း၊ ကားပေါ်တွင် စနစ်တကျနေရာချခြင်း၊ ကားကို လုပ်ငန်းခွင်သို့မောင်းလာခြင်း၊ ဆေးပုံးများကို ကားပေါ်မှချခြင်း၊ ဆေးပုံးများကို လုပ်ငန်းခွင်အတွင်းမှ သိုလှောင်မည့်နေရာသို့ သယ်ခြင်း စသဖြင့် မလိုလားအပ်သော အသေးစိတ်များ မပါစေဘဲ ဆေးပုံးနှင့်ဆေးသုတ်ကိရိယာများကို လုပ်ငန်းခွင်အတွင်း သယ်လာခြင်း ဟု တစ်ဆင့်တည်းရေးလိုက်လျှင် ကိစ္စပြီးပါသည်။)
            ထို့နောက် သူတို့ရေးထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြန်လည်စစ်ဆေးပါ။ ကျန်ခဲ့သည်များ ထပ်ဖြည့်၍ မလိုသည့်အဆင့်များ ကို ဖြုတ်ပစ်ပါ။
            ဤသို့လုပ်ရာတွင် ဓာတ်ပုံ၊ ပုံကြမ်း၊ ဗီဒီယိုစသည်တို့ကို ထည့်သွင်းအသုံးပြုခြင်းဖြင့် ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်နိုင် ပါသည်။ ဗီဒီယိုပြလိုက်ခြင်းဖြင့် မည်ကဲ့သို့လုပ်ရမည်ကို ပိုပြီးအသေးစိတ်ကျကျ သိမြင်နားလည်သွားနိုင်သည်။ ဤဗီဒီယိုထဲမှာပင် ဖြစ်နိုင်သည့် အန္တရာယ်နှင့် ကာကွယ်နိုင်သည့်နည်းလမ်းများကို တစ်ပါတည်း ထောက်ပြ ရှင်းပြသွားနိုင်ပါသည်။
၉၊ ၈။ လုပ်ငန်းအန္တရာယ်များအား မည်ကဲ့သို့ ရှာဖွေဖော်ထုတ်နိုင်မည်နည်း

            လုပ်ငန်းအန္တရာယ်များအား မည်ကဲ့သို့ ရှာဖွေဖော်ထုတ်ခြင်းမှာ လုပ်ငန်းအား အသေးစိတ်ကျကျ စုံစမ်းထောက်လှမ်းခြင်း ဖြစ်၏။ ရည်ရွယ်ချက်မှာ အောက်ပါအချက်များကို ရှာဖွေဖော်ထုတ်ရန် ဖြစ်ပါသည်။

v လုပ်ငန်း၌ ဘာတွေမှားနိုင်သနည်း။
v ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်သနည်း။
v ဘယ်လို ဖြစ်နိုင်သနည်း။
v အခြား ဘယ်အရာများ ပါဝင်ပတ်သက်နေသေးသနည်း။
v ထိုအန္တရာယ် ဖြစ်နိုင်ချေမှာ အဘယ်နည်း။

            လုပ်ငန်းအန္တရာယ်များအား မည်ကဲ့သို့ ရှာဖွေဖော်ထုတ်ချက် ကို လက်တွေ့အသုံးချနိုင်ရန်မှာ အထက်ပါ မေးခွန်းများကို လက်တွေ့ကျသောနည်းများဖြင့် ဖြေဆိုရန်ဖြစ်၏။ အန္တရာယ်အားလုံးကို ဤနည်းဖြင့် ရှာဖွေဖော်ထုတ်၊ ထိန်းချုပ်နိုင်ခြင်းဖြင့် လုပ်ငန်းခွင် မတော်တဆမှုများကို သိသိသာသာ လျှော့ချနိုင်ပေလိမ့်မည်။
            အန္တရာယ်ဖြစ်စဉ်တွင် အောက်ပါတို့ကို ဖော်ပြရမည်။

v မည်သည့်နေရာတွင် ဖြစ်သနည်း။ (ပတ်ဝန်းကျင်အခြေအနေ)
v မည်သူ့ကြောင့် သို့မဟုတ် မည်သည့်အရာကြောင့် ဖြစ်ရသနည်း။ (အန္တရာယ်ကျစေသည့်၊ ဖြစ်စေသည့်အရာ)
v ဤအန္တရာယ် ရုတ်တရက်ဖြစ်ရသည့် အကြောင်းရင်းမှာ မည်သည့်အရာနည်း။ (လက်သည်)
v ဤအန္တရာယ်ကြောင့် မည်သည့် ဘေးဒုက္ခ၊ နာကျင်ခံစားမှု၊ ပျက်စီးမှုများ ဖြစ်သွားသနည်း။ (အကျိုးဆက်)
v ထိုဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေသည့် အခြားအချက်များကား မည်သည်တို့နည်း။

            နမူနာကို နောက်ဆက်တွဲ (-) တွင် ဖော်ပြထားပါသည်။
            မတော်တဆမှုတစ်ခုသည် အကြောင်းတစ်ခုတည်းကြောင့်လည်း ဖြစ်နိုင်သည်။ အကြောင်းများစွာ ပေါင်းဆုံ၍လည်း ဖြစ်နိုင်သည်။ ဥပမာ - သတ္ထုထည်လုပ်ငန်းတစ်ခု (ပတ်ဝန်းကျင်) တွင် သတ္တုဖြတ်စများ (လက်သည်) ကို ရှင်းထုတ်ရာ အလုပ်သမား ၀တ်ထားသည့်လက်အိတ်သည် သတ္တုစတွင် စူးဝင်ပြီး လည်နေသော တွင်ခုံဘီးက လက်အိတ်ကို ဆွဲယူသွားခြင်းဖြင့် စက်အတွင်း လက် (အန္တရာယ်ကျစေသည့်အရာ) ညပ်ခြင်းကြောင့် လက်ပြတ်သွားခြင်း (အကျိုးဆက်) ဖြစ်ရပ်။
            ထိုဖြစ်ရပ်ကို အောက်ပါအတိုင်း ဆန်းစစ်နိုင်ပါသည်။

ဘာမှားနေသလဲ
            စက်လည်နေစဉ် လည်ပတ်နေသော စက်အစိတ်အပိုင်းအနီးအနားတွင် လက် ရောက်ရှိနေခြင်း

အကျိုးဆက်ကဘာလဲ
            လက်ညပ်ခြင်း၊ လက်ပြတ်ခြင်း

ဘယ်လိုဖြစ်တာလဲ
            အလုပ်သမားသည် လည်ပတ်နေသော စက်အစိတ်အပိုင်းမှ သံတိုသံစများကို ရှင်းရာမှ လက်အိတ်နှင့်သံစငြိမိကာ လက်ကို စက်အတွင်း ဆွဲသွင်းသွားခြင်းဖြင့် စက်နှင့်လက် ညပ်ကာ လက်ပြတ်ရခြင်း

ဘာတွေ ပါဝင်ပတ်သက်နေသလဲ
            ဖြစ်ပျက်မှုမှာအလွန်လျင်မြန်လှသည်ဖြစ်ရာ အလုပ်သမားအနေနှင့် ရုတ်တရက် တုံ့ပြန်ဘို့ရာ အချိန်မရလိုက်။ လည်ပတ်နေသော စက်အစိတ်အပိုင်းအား အလုပ်လုပ်နေစဉ် မကိုင်တွယ်ရမှန်း မသိသဖြင့်သာ ဖြစ်ရခြင်းဖြစ်သည်။ ထို့ပြင် လည်ပတ်နေသော အစိတ်အပိုင်း ကိုလည်း ကာရံမထားခြင်းသည် အချက်တစ်ခုဖြစ်၏။ ထို့ပြင် သံစနှင့် ငြိတတ်သော ချည်လက်အိတ်သည်လည်း အကြောင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အလုပ်သမားအား အန္တရာယ်ကင်းစွာ စက်မောင်းနည်းကို သင်ပြမထားမှု၊ လည်ပတ်နေသော စက်အစိတ်အပိုင်းကို ဖုံးအုပ်မထားမှု၊ လည်ပတ်နေသည့် စက်အစိတ်အပိုင်းအနီးတွင် အလုပ်လုပ်မှု၊ ချည်လက်အိတ် ၀တ်ထားမှုတို့သည် အန္တရာယ်ဖြစ်မှု အကြောင်းအချက်များဖြစ်လေသည်။

ထိုအန္တရာယ် ဖြစ်နိုင်ချေမှာ အဘယ်နည်း။
            အတွေ့အကြုံရင့်ပြီးသား စက်မောင်းသူဆိုလျှင် ဖြစ်နိုင်ချေနည်းပါသည်။ ထို့ပြင် လည်ပတ်နေသော စက်အစိတ်အပိုင်းကို ဖုံးကာ ထားမည်ဆိုပါကလည်း အန္တရာယ်ကို ထိုက်သင့်သလောက် ကာကွယ်နိုင်မည်ဖြစ်သည်။ ချည်လက်အိတ်အစား၊ အခြား သံစများ အလွယ်တကူ မငြိနိုင်သည့် လက်အိတ်ကို ပြောင်းသုံးပါကလည်း အန္တရာယ်နည်းပါလိမ့်မည်။ အထူးကား လည်နေသော စက်အစိတ်အပိုင်းမှ သံစများကို ဖယ်ထုတ်လိုပါက စက်ကိုရပ်ပြီး လုံးဝစက်သေသွားမှ ထုတ်သင့်သည်ဆိုခြင်းကို အလုပ်သမား ကောင်းစွာနားလည်ထားရေး ဖြစ်ပါသည်။ ဤသို့နားလည်ရန် စက်မောင်းသည့်အလုပ်သမားအားလုံးကို စနစ်တကျ သင်တန်းပေးထားရန် လိုပါသည်။

၉၊ ၉။ လုပ်ငန်းအန္တရာယ်များအား မည်ကဲ့သို့ဖျောက်ဖျက် သို့မဟုတ် ကာကွယ်နိုင်သနည်း

            လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းအတွက် လုပ်ကိုင်နည်းအဆင့်ဆင့် နှင့် ထိုအဆင့်များရှိ အန္တရာယ်များကို ဇယားချပြီးပြီ ဆိုပါက ထိုအန္တရာယ်များကို မည်ကဲ့သို့ ဖယ်ရှားမည်နည်း သို့မဟုတ် လျှော့ချမည်နည်းကို စီမံရပါသည်။ အန္တရာယ် ထိန်းချုပ်ခြင်းအကြောင်း အခန်း (၃) နှင့် (၄) တွင် ပြည့်စုံစွာဖော်ပြခဲ့ပြီးဖြစ်၍ ထပ်မံ မဖော်ပြတော့ပါ။
            အရေးကြီးသည်မှာ ထိုထိန်းချုပ်ခြင်း နည်းလမ်းများသည် လက်တွေ့ အသုံးကျသည့် နည်းလမ်းများဖြစ်ရပါမည်။ အလုပ်သမားများ နှင့် ကြီးကြပ်ရေးမှုးများသည် ထိုနည်းလမ်းများကို ကောင်းစွာနားလည်ပြီး လက်တွေ့ လိုက်နာလုပ်ဆောင်ရပါမည်။ ထိန်းချုပ်နည်းများ မည်မျှ ပင်ကောင်းနေစေကာမူ စာရွက်ထဲတွင်ပင် လမ်းဆုံးသွားပါကလည်း ဘာမှတန်ဘိုးရှိမည် မဟုတ်ပါ။ ထို့ကြောင့် ထိုထိန်းချုပ်နည်းများ ရှာဖွေ ချမှတ်ရာတွင် အလုပ်သမားများ လက်တွေ့လိုက်နာလုပ်ဆောင်နိုင်သည့် ထိန်းချုပ်နည်းများ ဖြစ်ရပါမည်။
            အကယ်၍ ၎င်းတို့လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် မနှေးအမြန် အရေးယူ ဆောင်ရွက်ရန်လည်း အရေးကြီးပါသည်။ စီမံခန့်ခွဲရေးအဖွဲ့၏ ပံ့ပိုးကူညီမှုမပါဘဲ အန္တရာယ်ထိန်းချုပ်ရေးနည်းစနစ်များ အကောင်အထည် မပေါ်နိုင်ဆိုသည်ကို လည်း အထူးသတိပြုရပါမည်။

၉၊ ၁၀။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း မလုပ်မီ မည်သည်တို့ သိထားသင့်သနည်း

            အလုပ်တစ်ခုကို လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းလုပ်တော့မည်ဆိုလျှင် ထိုအလုပ်နှင့်ပတ်သက်သမျှ သိသင့် သိထိုက်သည်များကို အလုံးစုံ သိထားရေးသည် အလွန်အရေးကြီး၏။ ထိုလုပ်ငန်းတွင် စက်ကိရိယာများ ပါဝင်ပတ်သက်နေပါက ထိုစက်နှင့် အတူပါလာသည့် စက်ပိုင်ရှင်လက်စွဲကို သေချာစွာ ဖတ်ရှုနားလည်ထားရမည်။ ထိုစက်ကိရိယာများအား အန္တရာယ်ကင်းစွာ မောင်းနှင်ရေး အစီအစဉ်၊ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ချက် စသည်တို့ကို ကောင်းစွာ သိနားလည်ထားရမည်။ အကယ်၍ ထိုလုပ်ငန်းတွင် ဓာတုပစ္စည်းများ ပါဝင်ပါက ပါသမျှ ဓာတုပစ္စည်းအားလုံး၏ အန္တရာယ်ကင်းဆိုင်ရာ သတင်းအချက်အလက် (Material Safety Data Sheet) ကို သေချာစွာ နားလည်သဘောပေါက်ထားရမည်။ ဤအချက်များကို ကိုင်တွယ် သုံးစွဲနေသူ အလုပ်သမားများအား ရှင်းပြထားရမည်။
            မရှင်းလင်းသည်များရှိပါက ပစ္စည်းထုတ်လုပ်သူ၊ ရောင်းချသူ၊ ငှားရမ်းသူ၊ ထောက်ပံ့သူများအား မေးမြန်း စုံစမ်းနိုင်ပါသည်။ ထိုလုပ်ငန်း၏ လုပ်ငန်းသဘောသဘာဝနှင့် ထိုလုပ်ငန်းကြောင့်ဖြစ်နိုင်သည့် ထိခိုက်ရှာနာမှု၊ မတော်တဆမှု၊ ကျန်းမာရေးကို ထိခိုက်နိုင်မှု အစရှိသည်တို့ကို စုံစုံစေ့စေ့ သိနားလည်ထားရန် အရေးကြီးပါသည်။
            အရေးကြီးသည့်တစ်ချက်မှာ အစိုးရက ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား အတိအကျ လိုက်နာ ရေးပင်ဖြစ်ပါသည်။ (လောလောဆယ် မြန်မာနိုင်ငံတွင် အစိုးရမှ ချမှတ်ထားသော လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ များများစားစားမရှိသေးပါ။ နောင်အခါများတွင် ရှိလာပါလိမ့်မည်။) သက်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများ ကိုလည်း ရည်ညွှန်းကိုးကားနိုင်ပါသည်။ သို့သော် တိုင်းပြည်၏ ရေမြေတောတောင်၊ ရာသီဥတု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအလိုက် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျင့်သုံးပုံ၊ ကျင့်သုံးနည်းများ ကွဲပြားသွားနိုင်ပါသည်။ ၎င်းတို့ကျင့်သုံးနေသည့် လုပ်ငန်းလမ်းညွှန် (guidelines) များကို ယူငင်လျှက် မိမိတို့နှင့် ကိုက်ညီအောင် ပြုပြင်သုံးစွဲနိုင်ပါသည်။ သို့သော် မိမိတို့လုပ်ငန်း၊ မိမိတို့တိုင်းပြည်နှင့် ကိုက်ညီမည့် လုပ်ငန်း လမ်းညွှန်များကို ရွေးချယ်တတ်ရန် အရေးကြီးပါသည်။
             
၉၊ ၁၁။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို မည်သည့်အချိန်တွင် ပြန်လည် သုံးသပ်ရန် လိုသနည်း

            လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် အမြဲပုံမှန် ပြန်လည် ဆန်းစစ်နေဘို့ လိုပါသည်။ ထိုမျှသာမက လုပ်ငန်းခွင်အတွင်း ထိခိုက်ရှနာမှု၊ မတော်တဆမှု၊ ပွတ်ကာသီကာ လွဲချော်မှု (near miss) စသည်တို့ ဖြစ်ပေါ် ပါကလည်း မိမိတို့ ရေးဆွဲထားသော လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းတွင် မည်သည့်အားနည်းချက်များရှိနေသည်ကို ပြန်လည် ဆန်းစစ်ရန် လိုပါသည်။
            ထို့ပြင် လုပ်ငန်းအစီအစဉ် ပြောင်းသွားလျှင်၊ လုပ်ငန်းလုပ်ကိုင်ရာ နေရာဌာနပြောင်းသွားလျှင်လည်း လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို ပြန်လည်သုံးသပ်ရန် လိုပါသည်။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းကို ပြန်လည်သုံးသပ်တည်းဖြတ် ပြီးသည့်အခါတိုင်း အလုပ်သမားများအား ရှင်းပြရန် လိုပါသည်။


၉၊ ၁၂။ လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းပြုလုပ်ရန် ပြင်ပအဖွဲ့အစည်းများမှ မည်သူတို့ ပါဝင်သင့်သနည်း

            လုပ်ငန်းအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်း ရေးဆွဲရန် ပြင်ပအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအနေနှင့် စက်ကိရိယာများ သုံးစွဲရန်လိုသည့် လုပ်ငန်းများအတွက် စက်ငှားရမ်းသူ၊ ရောင်းချသူ၊ ထုတ်လုပ်သူများ၊ ဓာတုပစ္စည်းများ သုံးစွဲသည့် လုပ်ငန်းများဖြစ်ပါက ထိုဓာတုပစ္စည်း ရောင်းချသူ၊ ထုတ်လုပ်သူများ၊ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်သူ အကြံပေး ပုဂ္ဂိုလ်များ၊ လက်မှတ်ရ အင်ဂျင်နီယာများ (Professional Engineers)၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစိုးရ အကြံပေး အရာရှိများ စသည်တို့ ပါဝင်နိုင်ပါသည်။

Pls refer to Sample Job Hazard Analysis Form from  OSHA 3071 - Job Hazard Analysis; 2002(Revised) for Appendix

ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ

၁။ OSHA 3071 - Job Hazard Analysis; 2002(Revised)
၂။ The Regional Municipality of Durham – Hazrd Analysis and Risk Assessment Final Report
၃။ Office of the Fire Commissioner, Manitoba – Hazrd Analysis and Risk Assessment
၎။ OSH Answers - Job Hazard Analysis; www.ccosh:ca/oshanswers
၅။ Marvin Rausand, Norwegian University of Science and Technology – Preliminary Hazard Analysis; 2005

ဆက်ပါဦးမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၊ ၁၂၊ ၂၀၁၃။ ညနေ ၅း၀၁ နာရီ

No comments: