Friday, December 13, 2013
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၅)
အခန်း (၁၄)
လုပ်ငန်းခွင် လုံခြုံရေး (Site Security)
            ဆောက်လုပ်ရေးလုပ်ငန်းဟူသည် လူအများဝင်ထွက်သွားလာနေသည့် နေရာတစ်ခုဖြစ်သလို ဆောက်လုပ်ရေးပစ္စည်းများနှင့် တကွ လုပ်ငန်းသုံးစက်များ၊ လက်သုံးကိရိယာများ အများအပြား ရှိနေသော နေရာလည်းဖြစ်သည်။ လူပေါင်းစုံ ၀င်ထွက်သွားလာနေသဖြင့် လုပ်ငန်းခွင် လုံခြုံရေးကို အထူးဂရုစိုက်၊ ထိန်းသိမ်းထားရန် လိုပေသည်။ မိမိလုပ်ငန်းခွင်၌ မည်သည့် ကန်ထရိုက်တာများမှ လူအင်အား မည်မျှရှိသည်၊ မည်သည့်စက်ကိရိယာများကို သုံးစွဲနေသည်။ မည်သည့် ကန်ထရိုက်တာများမှ မည်သည့် လက်သုံးကိရိယာများကို သွင်း လာသည်၊ မည်သည့်နေ့က မည်သည့် စက်ပစ္စည်းများကို ထုတ်သွားသည်၊ မည်မျှကျန်သေးသည် စသဖြင့် စာရင်းအင်းနှင့် ကျကျနန ရေးမှတ်ထားရန် လိုပါသည်။
            ဤကဲ့သို့ လူအ၀င်အထွက်၊ ပစ္စည်းအ၀င်အထွက်၊ စက်ကိရိယာများ အ၀င်အထွက်ကို စနစ်တကျ မှတ်ပုံတင်နိုင်ရန် လုပ်ငန်းခွင် အဓိက၀င်ပေါက်၌ လုံခြုံရေး ထားပေးရန် လိုပါသည်။ လုပ်ငန်းခွင်အတွင်း ၀င်/ထွက်ပေါက်ကိုလည်း ဖြစ်နိုင်လျှင် တစ်ပေါက်ထဲသာ ထားပြီး လုပ်ငန်းခွင်အတွင်း ၀င်/ထွက်ရာ၌ ထိုတစ်ပေါက်ထဲကိုသာ အသုံးပြုရန်၊ အခြားနေရာများမှ (ခြံစည်းရိုးကိုဖျက်၍ဖြစ်စေ) ၀င်/ထွက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ရမည်။
၁၄၊ ၁။ လုပ်ငန်းခွင်အား ကာရံထားခြင်း၊ အဓိက ၀င်ပေါက်ထွက်ပေါက် နှင့် သော့ခတ်ခြင်း
            လုပ်ငန်းခွင်ပတ်ပတ်လည်ကို ခြံစည်းရိုးများဖြင့် ကာရံထားရမည်။ လုပ်ငန်းခွင်အတွင်း ၀င်/ထွက်ပေါက်များကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထားရမည်။ ဖြစ်နိုင်လျှင် လမ်းမကြီးကို မျက်နှာပြုထားသော သို့မဟုတ် လမ်းမကြီးနှင့်နီးသည့်ဘက်၌ ၀င်/ထွက် ပေါက် တစ်ပေါက်သာ ထားပါ။ မော်တော်ယာဉ်ဝင်ပေါက်အပြင် လူဝင်ပေါက်ကိုလည်း သီးသန့်ထားပါ။ သို့မှသာ မလိုအပ်သည့်အချိန်များ တွင် မော်တော်ယာဉ်ဝင်ပေါက်ကို အသေပိတ်ထားပြီး လူဝင်ပေါက်ကိုသာ ထိန်းထားခြင်းဖြင့် လူအ၀င်အထွက်ကို ထိန်းချုပ်ရ ပိုလွယ်ပါ လိမ့်မည်။ အလုပ်ချိန်ပြင်ပ၌ ထိုနှစ်ပေါက်လုံးကို သော့ခတ်ပိတ်ထားပါ။
            ခြံစည်းရိုးပတ်လည်၊ ဂိတ်ပေါက်များ၊ ပစ္စည်းသိုလှောင်သည့်နေရာများ စသည့် အရေးကြီးသည့်နေရာများကို တစ်ညလုံး မီးထွန်း ထားပါ။
၁၄၊ ၂။ လုပ်ငန်းခွင်အတွင်း လူအ၀င်အထွက်၊ ယာဉ်အ၀င်အထွက်ကို ထိန်းခြင်း  
            လုပ်ငန်းခွင်အတွင်း ၀င်/ထွက်သည့် လူများကို ဧည့်မှတ်ပုံတင်ကဒ်ပြားများချိတ်ဆွဲထားစေခြင်းဖြင့် ထိန်းနိုင်ပါသည်။ မိမိကုမ္ပဏီမှ ၀န်ထမ်းများအားလုံးကို ကုမ္ပဏီကဒ်ပြား ထုတ်ပေးထားပါ။ မိမိဝန်ထမ်းများအား ၀န်ထမ်းနံပါတ်ထုတ်ပေးထားပြီး ထိုနံပါတ်ကို ခမောက်တွင် ကပ်ထားခြင်းဖြင့် ၎င်းအား အလွယ်တကူ မှတ်မိစေနိုင်သည်။ လုပ်ငန်းခွင်အတွင်း အမြဲအလုပ်လုပ်နေသည့် ဆပ်ကန်ထရိုက် တာများမှ ၀န်ထမ်းများ၊ အလုပ်သမားများအားလုံးကိုလည်း အလုပ်လုပ်ခွင့် ကဒ်ပြားထုတ်ပေးထားပါ။ တစ်ခါတစ်ရံမှလာသည့် ဧည့်သည်များ အတွက် ဧည့်ကဒ်ပြားများ လုပ်ပေးထားပါ။
 ဧည့်မှတ်ပုံတင်ကဒ်နမူနာ  
လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်မည့်သူများအားလုံး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး မိတ်ဆက်သင်တန်းကို မဖြစ်မနေ တက်ခိုင်းစေရပါမည်။ ထိုသင်တန်းက မိမိတို့လုပ်ငန်းခွင်အတွင်းမှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောပြမည်။ ဤသင်တန်းတက်ပြီးသူများကိုသာ ကုမ္ပဏီကဒ်ပြား၊ အလုပ်လုပ်ခွင့်ကဒ်ပြား ထုတ်ပေးပါ။ သင်တန်းတက်ပြီးကြောင်း အလွယ်တကူသိနိုင်ရန် ခမောက်တွင် စတစ်ကာ ကပ်ပေးလိုက်ပါ။ ကဒ်ထုတ်ပေးသည့် မှတ်တမ်းကို လုံခြုံရေးကင်းတဲတွင် မိတ္တူတစ်စောင် ထားပါ။
            ဆပ်ကန်ထရိုက်တာများသို့ ကဒ်ထုတ်ပေးရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး မိတ်ဆက်သင်တန်းတက်စဉ်က မှတ်ပုံတင် ထားသော လုပ်သားနံပါတ်အလိုက် ထုတ်ပေးပါ။ ထိုလုပ်သားနံပတ်ကို ခမောက်တွင် ကပ်ထားပေးခြင်းဖြင့် ထိုအလုပ်သမားသည် မည်သည့် ကုမ္ပဏီမှ မည်သည့်အလုပ်လုပ်နေသူဖြစ်ကြောင်း၊ ဤလုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်နေသူဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။
            တစ်ခါတစ်ရံမှလာသည့် ဧည့်သည်များအား ဧည့်မှတ်တမ်းတွင် စာရင်းသွင်းခိုင်းပါ။ ဧည့်မှတ်တမ်းနမူနာကို နောက်ဆက်တွဲ (-) တွင် ဖော်ပြထားပါသည်။ ထိုသူအား ဧည့်မှတ်တမ်းစာရွက်ပိုင်းကလေး ပေးလိုက်ပြီး ထိုစာရွက်ပေါ်တွင် ၎င်းတွေ့ခဲ့သူအား လက်မှတ်ထိုးခိုင်း ခဲ့ပါစေ။ ထိုဧည့်သည် ပြန်ထွက်အလာတွင် ထိုစာရွက်ပိုင်းကလေးအား သိမ်းဆည်းထားပြီး ဖိုင်တွဲထားပါ။  
            ပစ္စည်းပို့လာသူများအားလည်း ကားမောင်းသူ၏အမည်၊ ယာဉ်နံပါတ်၊ မည်သည့်ပစ္စည်းပို့သည်၊ မည်သည့်အချိန်က ၀င်လာပြီး မည်သည့်အချိန်က ပြန်ထွက်သွားသည်။ မည်သည့်ပစ္စည်းများ သယ်ထုတ်သွားသည် စသည်တို့ကို မှတ်သားထားပါ။
            မသင်္ကာသူတွေ့ပါက တာဝန်ရှိသူတစ်ဦးဦးသည် ၎င်းကိုင်ဆောင်ထားသော ကဒ်ကို စစ်ဆေးနိုင်သည်။ ကဒ်ကိုင်ဆောင်ထားခြင်း မရှိလျှင် မည်သည့်အတွက် ၀င်ခွင့်ကဒ်မရှိရကြောင်း စစ်ဆေး၍ ခိုးဝင်လာသူဖြစ်ပါက ချက်ချင်းအရေးယူနိုင်သည်။ ဤနည်းဖြင့် မိမိတို့ စီမံကိန်းလုပ်ငန်းအတွင်း လူစိမ်း အ၀င်အထွက်ကို ထိန်းထားနိုင်သည်။
၁၄၊ ၃။ လုပ်ငန်းခွင်အတွင်းမှ ပစ္စည်းများ ခိုးယူခံရခြင်း
            လုပ်ငန်းခွင်အတွင်းမှ ပစ္စည်းများ ပျောက်ရှခြင်းသည် ဖြစ်ရိုးထုံးစံပင်ဖြစ်သော်လည်း ပစ္စည်းပျောက်ရှမှု အနည်းဆုံးဖြစ်စေရန် ထိန်းသိမ်းထားရမည်။ လုပ်ငန်းခွင်အတွင်း၌ ပစ္စည်းမျိုးစုံရှိရာ ခိုးယူသည့်နည်းလည်း အမျိုးစုံလင်လှသည်။ ပစ္စည်းခိုးသူများ မျက်စိကျသည့် အရာမှာ သေးငယ်ပြီး ဈေးကောင်းရမည့် ပစ္စည်းများဖြစ်သည်။ ထို့ပြင် ပျောက်မှန်းမသိသာသည့် ပစ္စည်းများကိုလည်း ခိုးယူတတ်ကြသည်။
            အခိုးခံရသည့် ပစ္စည်းများတွင် ပလိုင်ယာ၊ ၀က်အူလှည့်၊ ပေကြိုး၊ တူ စသော လက်သုံးကိရိယာများ၊ ကျောက်စက်၊ ဖောက်စက်၊ လွှစက် စသော စက်ကိရိယာများ၊ မီတာများ၊ ၀ါယာကြိုးများ၊ အလွယ်တကူ ယူငင်နိုင်သော ဆောက်လုံးရေးပစ္စည်းများ (ဥပမာ - အိမ်ရိုက်သံ ချောင်းများ) စသည်တို့ ပါဝင်သည်။
            ပစ္စည်းခိုးမည့်သူများသည် နေ့လည်ကတည်းက မည်သည့်ပစ္စည်းကို ခိုးလျှင် လွယ်ကူမည်၊ ခိုးပြီးမည်သည့်နေရာ၌ ထားမည်၊ မည်ကဲ့သို့ လုပ်ငန်းခွင်ပြင်ပသို့ ထုတ်သွားမည် စသည်တို့ကို ကြိုတင်ရှာဖွေထားတတ်ကြသည်။ အလုပ်နားချိန်၊ အလုပ်ပြီးချိန်များတွင် အလွယ်တကူ ယူလို့ရသော ပစ္စည်းများကို ယူငင်ကာ ချောင်ကျသည့် တစ်နေရာရာတွင် ၀ှက်ထားခြင်းအားဖြင့် သော်လည်းကောင်း၊    ပေါက်ပြဲနေသော ခြံစည်းရိုးမှ အပြင်သို့ ထုတ်၍သော်လည်းကောင်း ထားတတ်သည်။ လုပ်ငန်းသိမ်း၍ အိမ်ပြန်သည့်အခါ အထုပ်အပိုး၊ လွယ်အိတ်များအတွင်း ထည့်သွားတတ်သည်။
            လော်ရီများမှာ များသောအားဖြင့် ပစ္စည်းအထုတ်အသွင်း ပြုလုပ်တတ်ကြရာ ၎င်းတို့သယ်ထုတ်သွားသည့် ပစ္စည်းများကို သေချာစွာစစ်ဆေးရန် လိုပါသည်။ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လူကြီးများမရှိချိန်တွင် ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင် လုံခြုံရေး ကင်းအနေနှင့် အထူးသတိဝီရိယထား စောင့်ကြပ်စစ်ဆေးရန် အရေးကြီးပါသည်။
            ညအချိန်များတွင် ညကင်းထားကာ ညကင်းသမားကလည်း လုပ်ငန်းခွင် စည်းရိုးတစ်လျှောက် မပြတ်ကင်းလှည့် စစ်ဆေးနေရန် အရေးကြီးပါသည်။
၁၄၊ ၄။ အခိုးခံရခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ
Ø မိမိတို့လုပ်မည့်လုပ်ငန်းအတွက် လိုမည့်လက်သုံးကိရိယာများကို စာရင်းရေးမှတ်ကာ လိုသလောက်သာ မှာယူပါ။
Ø မိမိတို့၏ ပစ္စည်းများကို စာရင်းလုပ်ထားပါ။ ပစ္စည်းတိုင်းတွင် မိမိတို့ကုမ္ပဏီနာမည်နှင့် ပစ္စည်းနံပါတ် ရေးမှတ်ထားပါ။
Ø ဖြစ်နိုင်လျှင် ပစ္စည်းထားသိုသော စတိုခန်းတစ်ခု လုပ်ထားပြီး ပစ္စည်းအားလုံးထည့်ပြီး သော့ခတ်ထားပါ။ (ယခုခေတ်တွင် အကောင်းဆုံး စတိုခန်းမှာ ကွန်တိန်နာ ဖြစ်ပါသည်။ ပေ ၄၀ ကွန်တိန်နာတစ်လုံးဆိုလျှင် ပစ္စည်းများစွာ ထည့်သွင်းသိမ်းဆည်း၍ ရသလို အပေါက်တစ်ပေါက်တည်းရှိသဖြင့် ထိန်းရလည်း လွယ်ပါသည်။)
Ø ပစ္စည်းထိန်းတစ်ယောက်ထားပြီး မည်သူသည် မည်သည့်ပစ္စည်းကို မည်သည့်နေ့၊ မည်သည့်အချိန်က ထုတ်သွားကြောင်း၊ မည်သည့်နေ့ မည်သည့်အချိန်တွင် ပြန်လည်အပ်နှံပြီးကြောင်း စသည့် ပစ္စည်းအထုတ်အသွင်း မှတ်တမ်းရေးသွင်းပါ။
Ø ပစ္စည်းထုတ်ရာတွင် အလုပ်သမားများအား မထုတ်ခိုင်းဘဲ ကြီးကြပ်ရေးမှုးကိုသာ ထုတ်ခိုင်းပါ။ အကယ်၍ပစ္စည်းပျောက်လျှင် ထိုကြီးကြပ်ရေးမှုးကို တာဝန်ယူဖြေရှင်းခိုင်းပါ။
Ø တစ်နေကုန်၍ အလုပ်သိမ်းတိုင်း မိမိတို့ပစ္စည်းများ အစုံအလင်ရှိမရှိ စစ်ဆေးပါ။
Ø ပစ္စည်းများအားလုံးကို သော့ခတ်ထားသော သေတ္တာထဲတွင် ထည့်သိုသိမ်းဆည်းပါ။ ကြီးမားသောပစ္စည်းများကို သံကြိုးဖြင့်ချည်၍ သော့ခတ်ထားပါ။
Ø ဖြစ်နိုင်သမျှ ပစ္စည်းများကို လုပ်ငန်းခွင် ခြံစည်းရိုးပြင်ပတွင် ညလုံးပေါက် မထားပါနှင့်။ စည်းရိုးအတွင်း၌သာ ထားပါ။
Ø စတိုခန်းအတွင်း ထည့်သွင်းမသိမ်းဆည်းနိုင်သော ကြီးမားသည့် ပစ္စည်းများ ထားသိုရာနေရာတွင် မီးအလုံအလောက် ထွန်းထားပါ။
Ø ပစ္စည်းထားသိုသည့် နေရာပတ်လည်တွင် ခိုအောင်းနိုင်သော၊ သိုဝှက်နိုင်သော ချောင်များ၊ ကျင်းများ၊ သေတ္တာများ မရှိပါစေနှင့်။
Ø ပို၍ငွေကုန်ကြေးကျခံနိုင်ပါက လုပ်ငန်းခွင် ပတ်လည်၌သော်လည်းကောင်း၊ စတိုခန်းများတွင်သော်လည်းကောင်း၊ အ၀င်အထွက် တံခါးမကြီး ၌ သော်လည်းကောင်း စီစီတီဗီ (CCTV - Closed Circuit Television) များ တပ်ဆင်ထားသင့်ပါသည်။
Ø လုံခြုံရေးများကိုလည်း လုံခြုံရေးသင်တန်း (Secirity Officer training course) ပေးထားသင့်ပါသည်။
Ø လုံခြုံရေးများနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ ကြီးကြပ်ရေးမှူး စသည်တို့ အပြန်အလှန်ဆက်သွယ်နိုင်ရန် စကားပြောစက် (Walkie Talkie) များ ထားပေးပါ။
ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ
၁။ https://manager.clearrisk.com - Construction Site Security Plan
၂။ Florida Partnership for Safety and Health – Construction Equipment Security; 2003
၃။ Britich Security Industry Association – Construction Site Security; Jan, 2012
ဆက်ပါဦးမည်။
အေးငြိမ်း
၁၃၊ ဒီဇင်ဘာ၊ ၂၀၁၃။ ည ၁၁း၃၀ နာရီ
No comments: