Sunday, December 15, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၆)

အခန်း (၁၅)

လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်ခြင်း (Safety Promotion)

            လုပ်သားထုအကြား၊ လူအများအကြား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အသိသညာများ တိုးပွားလာစေရန် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်သည့်ပွဲများ မကြာခဏ ကျင်းပပြုလုပ်ပေးရန် လိုပါသည်။ ထိုပွဲများတွင် ကံစမ်းမဲများ ဖောက်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးခြင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၌ ထူးချွန်စွာ ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုခြင်း၊ ငွေသားဆု ပေးခြင်း၊ ၎င်းတို့၏ဓာတ်ပုံနှင့် ဂုဏ်ပြုလက်မှတ်ကို အများမြင်သာသည့် နေရာ၌ ချိတ်ဆွဲပြသခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများကျင်းပခြင်း၊ ဉာဏ်စမ်းဖြေဆိုပွဲများကျင်းပပြီး အဖြေမှန်သူများအား ဆုချီးမြှင့်ခြင်း စသည်တို့ပြုလုပ်ပေးနိုင်ပါသည်။
            သို့သော် ဤပွဲမျိုးများကျင်းပပြုလုပ်နိုင်ရန် ငွေလိုသဖြင့် စီမံကိန်းလုပ်ငန်းများတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ တွင် အသုံးပြုရန် ရံပုံငွေတစ်ရပ် သတ်မှတ်ထားရှိရန် လိုပါသည်။ အောက်တွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်နိုင်သည့် နည်းလမ်း များနှင့် လုပ်ပုံလုပ်နည်းများကို ဖော်ပြထားပါသည်။

၁၅၊ ၁။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်ရခြင်း လုပ်ငန်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်

Ø လုပ်သားထုများအကြား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အသိသညာများ တိုးပွားလာစေရန်
Ø လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အဘယ်ကြောင့် အရေးကြီးကြောင်း သဘောပေါက်လာစေရန် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအလေ့အထများ ပွားများလာစေရန်
Ø လုပ်ငန်းခွင်စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် မိမိတို့ဝန်ထမ်းများ၏ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကို မည်မျှအလေးဂရုပြုကြောင်း သတိပြုမိလာစေရန်
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဟူသည် မိမိကိုယ်တိုင် နှင့် မိမိ၏လုပ်ဖော်ကိုင်ဖက်များအတွက်သာမက မိမိ၏ မိသားစုအရေးကိစ္စလည်း ဖြစ်ကြောင်း ပိုမိုသိမြင် နားလည်လာစေရန်

၁၅၊ ၂။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်ရခြင်း၌ ပါဝင်နိုင်သော အစီအစဉ်၊ လုပ်ငန်းများ

Ø လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်ရခြင်း၌ လုပ်ငန်းခွင်အတွင်း အသုံးပြုနေသောစက်များ၏ ဒီဇိုင်းကို ပိုမိုအန္တရာယ်ကင်းသည့် စက်များဖြစ်လာစေရန် ပြုပြင်ရေးဆွဲခြင်း
Ø လုပ်သားများအား လုပ်ငန်းခွင် အန္တရာယ်ကင်းရေးသင်တန်းများသို့ စေလွှတ်ခြင်း
စေလွှတ်သည့် အန္တရာယ်ကင်းရေး သင်တန်းများ မှာ ၎င်းတို့လုပ်ကိုင်နေသည့် အလုပ်များနှင့် တိုက်ရိုက်ပတ်သက်နေသည့် သင်တန်းများ ဖြစ်ရပါမည်။
Ø ပိုမို ကောင်းမွန်သော အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်းအစီအစဉ်များ ရေးဆွဲခြင်း
ဤသို့ရေးဆွဲရာတွင် ကျွမ်းကျင်သူများ၏ အကြံဉာဏ်များ၊ စက်ပိုင်ရှင်လက်စွဲစာအုပ်များ၊ စက်ထုတ်လုပ်သူများ၏ အကြံဉာဏ်များ လိုပါလိမ့်မည်။
Ø စုပေါင်း လုပ်ငန်းခွင်သန့်ရှင်းရေးပွဲများ ကျင်းပပြုလုပ်ခြင်း
အပတ်စဉ် စနေနေ့ မနက် ၈ နာရီတိုင်း စသည်ဖြင့် တစ်ရက်၊ တစ်ချိန် သတ်မှတ်ပြုလုပ်သင့်ပါသည်။ လုပ်ငန်းခွင်အတွင်း ရှိနေသူ အားလုံး မည်သူမဆို ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ရပါမည်။
Ø လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်ပွဲများ ကျင်းပခြင်း
ဤပွဲများကျင်းပခြင်းအကြောင်း အသေးစိတ်ကို အောက်တွင် ဖော်ပြထားပါသည်။

ဉာဏ်စမ်းမေးခွန်းနမူနာများကို နောက်ဆက်တွဲ (-) တွင် ဖော်ပြထားပါသည်။

၁၅၊ ၃။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်ပွဲများ ကျင်းပခြင်း


            စီမံကိန်းလုပ်ငန်းခွင်တစ်ခု၌ လုပ်ငန်းခွင် ထိခိုက်ရှနာမှု စာရင်းအင်းကို လစဉ် ထုတ်ပြန်ရသည်။ ဤလုပ်ငန်းခွင်၌ လုပ်သား အင်အားစုစုပေါင်း မည်မျှရှိသည်။ အလုပ်ချိန်နာရီပေါင်းမည်မျှ ရှိသွားပြီ။ မတော်တဆမှု မည်မျှဖြစ်ခဲ့သည်။ အန္တရာယ်ကင်းစွာ အလုပ်လုပ် နိုင်သည့် နာရီပေါင်း မည်မျှရှိသည် အစရှိသည်တို့ကို လစဉ် လဆန်းတိုင်း ထုတ်ပြန်ကြေငြာသည်။


               လုပ်ငန်းခွင်အတွင်း၌ ထိခိုက်ရှာနာမှု တစ်စုံတစ်ရာမရှိဘဲ အလုပ်လုပ်ချိန်နာရီပေါင်း ၅ သောင်း၊ ၁ သိန်း စသည် ပြည့်အောင် လုပ်နိုင်လျှင် ဤကဲ့သို့လုပ်နိုင်ခြင်းအတွက် ဂုဏ်ပြုသောအားဖြင့် လုပ်သားအားလုံးပါဝင်သည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး မြှင့်တင်ပွဲများ ကျင်းပပေးနိုင်သည်။ ထိုနေ့ကို သို့မဟုတ် ထိုနေ့တွင် နေ့တစ်ဝက်ကို နားချိန်ပေး၍ လုပ်သားအားလုံး ပါဝင်ဆင်နွဲနိုင်ရန် စီစဉ်ပေးရသည်။


ဤပွဲတွင် အောက်ပါအစီအစဉ်များ ထည့်သွင်းနိုင်သည်။

Ø လုပ်ငန်းခွင်ရှိလုပ်သားနှင့် ၀န်ထမ်းအားလုံးကို အစားအသောက်များ ကျွေးမွေးခြင်း
Ø ကံစမ်းမဲများ ဖောက်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးခြင်း
လက်ဆောင်ပစ္စည်းများကို တန်ဘိုးသိပ်မကြီးလှသော၊ အန္တရာယ်ကင်းရေးနှင့်ပတ်သက်နေသော ပစ္စည်းများကို လူတိုင်းအား ပေးသင့်ပါသည်။
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၌ ထူးချွန်စွာ ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုခြင်း
ထူးချွန်သူများရွေးချယ်ရာတွင် ရွေးချယ်ရမည့် စံသတ်မှတ်ချက်ဇယား (performance criteria) ရေးဆွဲကာ အမှတ်ပေးစည်းမျဉ်း ဖြင့် သမာသမတ်ကျကျ ရွေးချယ်နိုင်ပါသည်။
Ø ရွေးချယ်ခံရသူအား ငွေသားဆု ပေးခြင်း၊ ၎င်းတို့၏ဓာတ်ပုံနှင့် ဂုဏ်ပြုလက်မှတ်ကို အများမြင်သာသည့်နေရာ၌ ချိတ်ဆွဲပြသခြင်း
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများကျင်းပခြင်း
Ø ဉာဏ်စမ်းဖြေဆိုပွဲများကျင်းပပြီး အဖြေမှန်သူများအား ဆုချီးမြှင့်ခြင်း

၁၅၊ ၄။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ပတ်သက်သော သရုပ်ပြပွဲများ၊ ဟောပြောပွဲများ ကျင်းပပေးခြင်း

            အခြား လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မြှင့်တင်နည်းတစ်ခုမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ပတ်သက်သော သရုပ်ပြပွဲများ၊ ဟောပြောပွဲများ ကျင်းပပေးခြင်း ဖြစ်သည်။ ဤသရုပ်ပြပွဲကို အချိန်ပေး၍ သီးသန့်မလုပ်လိုလျှင် နေ့စဉ်နံနက်တိုင်း ပြုလုပ်ရသော နံနက်ခင်း စုရုံးပွဲများ၌ ပြုလုပ်နိုင်ပါသည်။
            ဤသရုပ်ပြပွဲနှင့် ဟောပြောပွဲများတွင် အောက်ပါခေါင်းစဉ်များကို ဟောပြောနိုင်ပါသည်။


              မီးသတ်ဘူးအသုံးပြုနည်း၊ လူဖြင့် ပစ္စည်းများကို ချီ မ, နည်း၊ လှေခါးကို အသုံးပြုနည်း၊ အန္တရာယ်ကင်းကိုယ်သိုင်းကြိုး ၀တ်ဆင်နည်း စသည်တို့ကို လက်တွေ့ သရုပ်ပြနိုင်ပါသည်။





ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ



ဆက်ပါဦးမည်။

အေးငြိမ်း
၁၅ ဒီဇင်ဘာ၊ ၂၀၁၃။ ည ၉း၁၈ နာရီ

No comments: