Tuesday, December 17, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၇)

အခန်း (၁၆)

လုပ်ငန်းခွင် မတော်တဆမှုများအား စုံစမ်းစစ်ဆေးခြင်း (Accident Investigation)

            အလုပ်လုပ်နိုင်သူမှန်သမျှသည် လုပ်ငန်းခွင်အတွင်း၌ တစ်နေ့တာကို ကုန်ဆုံးကြရ၏။ လုပ်ငန်းခွင်ဟူသည် လူများ၊ စက်များ၊ ယာဉ်များ လှုပ်ရှားလုပ်ကိုင်နေသည့်နေရာ ဖြစ်လေရာ စနစ်တကျ စီမံမထားလျှင် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သည်။ ထိုအခါ လုပ်ငန်းခွင် မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရမှုများကို မလွှဲသာမရှောင်သာ ကြုံကြရသည်။
            လုပ်ငန်းခွင် မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှု၊ အန္တရာယ်နှင့် ပွတ်ကာသီကာ လွဲချော်မှု တစ်ခုခုဖြစ်ပါက ထိုမတော်တဆမှုများကို စုံစမ်းစစ်ဆေးရန်လိုသည်။ မည်သူသည် မည်သည့်နေ့ရက်၊ မည်သည့်အချိန်က မည်သည့်နေရာတွင် မည်သည့်ပစ္စည်းကြောင့် မည်ကဲ့သို့ ထိခိုက်ဒဏ်ရာရသည်ကို သေချာစွာ စုံစမ်းစစ်ဆေးရမည်။ ထို့နောက် မတော်တဆမှုဖြစ်ရသော အကြောင်းရင်းကိုရှာကာ နောင် ဤကဲ့သို့ ထပ်မံ မဖြစ်ပွားရလေအောင် လိုအပ်သော ကာကွယ်ရေး အစီအမံများ ပြုလုပ်ရသည်။
            စင်ကာပူတွင် လုပ်ငန်းခွင်မတော်တဆမှုများအား အစိုးရသို့သတင်းပို့ရန် Workplace Safety and Health (Incident Reporting) Regulations ဟု ဥပဒေ ပြဌာန်းထား၏။ ထိုဥပဒေအရ မတော်တဆမှုတစ်ခုသည် ဆေးခွင့် ၃ ရက်ထက်ပိုပါက သို့မဟုတ် ဆေးရုံတက်ချိန် ၂၄ နာရီထက် ကျော်ပါက MOM (Ministry of Manpower) သို့ မတော်တဆမှုဖြစ်အပြီး ၁၀ ရက်အတွင်း သတင်းပို့ရ သည်။ အကယ်၍ သတင်းပို့ရန်ပျက်ကွက်ခဲ့ပါက ပထမအကြိမ် ဒဏ်ငွေ စင်းဒေါ်လာ ၅၀၀၀၊ ဒုတိယနှင့်နောက်အကြိမ်များ ဒဏ်ငွေ စင်းဒေါ်လာ တစ်သောင်း နှင့်/သို့မဟုတ် ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။
မှတ်ချက်။             ။ သတင်းပို့ရသည်မှာ လွယ်ကူပါသည်။ MOM website မှ iReport စာမျက်နှာတွင် လိုအပ်သည့် အချက်အလက်များ နှင့်တကွ မတော်တဆမှုဖြစ်သည့် ဖြစ်ပုံအသေးစိတ်ကို ဖြည့်ကာ ဓာတ်ပုံ၊ ဆေးစစ်ချက် စာရွက်စာတမ်းများနှင့် တင်ရခြင်းဖြစ်ပါသည်။

            မတော်တဆမှုသည် ဆေးခွင့် ၃ ရက်ထက်နည်းပါက သို့မဟုတ် ဆေးရုံတက်ချိန် ၂၄ နာရီထက် မကျော်ပါက မိမိတို့ ကုမ္ပဏီတွင်း ၌ပင် စစ်ဆေးကာ မှတ်တမ်းပြု သိမ်းဆည်းထားရပါသည်။ ဤမှတ်တမ်းများသည် အရေးကြီး၏။ နောင်အခါလုပ်မည့် လုပ်ငန်းများတွင် အန္တရာယ်ဆန်းစစ်ချက်များ ရေးဆွဲသည့်အခါ ထိုမှတ်တမ်းများကို ပြန်လည်ကိုးကား၍ လိုအပ်သော ကာကွယ်ရေး အစီအမံများ ရေးဆွဲပြဌာန်းရခြင်းကြောင့် ဖြစ်လေသည်။


၁၆၊ ၁။ လုပ်ငန်းခွင် မတော်တဆမှု (Accident) ဟူသည် အဘယ်နည်း


လုပ်လက်စ လုပ်ငန်းများကို ပြီးဆုံးအောင် မလုပ်နိုင်စေရန် အနှောင့်အယှက်ဖြစ်စေသော ကြိုတင်စီမံမထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့လျှင် (ထိုဖြစ်ရပ်ကြောင့် ဒဏ်ရာအနာတရဖြစ်မှု ရှိချင်ရှိမည်၊ ရှိချင်မှလည်း ရှိမည်) ထိုဖြစ်ရပ်ကို မတော်တဆမှုဟု အဓိပ္ပာယ်ဖွင့်သည်။ လုပ်ငန်းခွင်မတော်တဆမှုများကို accident (ထိခိုက်ဒဏ်ရာရမှု), incident (မတော်တဆဖြစ်မှု), near miss or dangerous occurance (ပွတ်ကာသီကာလွဲချော်မှု) ဟု ခွဲခြားထားသည်။
            မတော်တဆမှုတွင် လူ သို့မဟုတ် စက်ကိရိယာများကြောင့်ဖြစ်သော မတော်တဆမှုနှင့် သဘာဝကြောင့် ဖြစ်သော မတော်တဆမှု ဟု ခွဲခြားနိုင်သည်။ ဥပမာ - လူတစ်ဦးသည် မည်သည့်အကာအရံမှမရှိသော ကြမ်းပြင်အစွန်းတွင် မည်သည့် အကာအကွယ်မှမရှိဘဲ အလုပ်လုပ်ရာမှ ပြုတ်ကျခြင်း၊ ကျောက်စက်တိုက်နေရာမှ မျက်လုံးအတွင်း သံစ၀င်ခြင်း စသည်တို့သည် လူ သို့မဟုတ် စက်ကြောင့်ဖြစ်ပြီး မိုးရွာသဖြင့် မြေသားများနူးကာ တူးထားသော မြေကျင်းပြိုကျခြင်း၊ ငြမ်းစင်များ ပြိုလဲခြင်း စသည်တို့သည် သဘာဝကြောင့်ဖြစ်သော မတော်တဆမှု ဖြစ်၏။ 
            မတော်တဆမှုတစ်ခု မည်မျှပြင်းပြင်းထန်ထန်ဖြစ်သည် ဆိုခြင်းမှာ အကြောင်းအချက်များစွာပေါ် မူတည်နေသည်။ အလွန်ဆိုးဝါး လှသော အခြေအနေတွင် အသက်ပင် ဆုံးရှုံးနိုင်ပါသည်။ မတော်တဆမှုကို စုံစမ်းစစ်ဆေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဖြစ်ရပ်၏ အဓိက အကြောင်းရင်းကို ရှာဖွေဖော်ထုတ်၍ နောင်ထပ်မံမဖြစ်ရလေအောင် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများကို ဖော်ထုတ် အသုံးချရေးပင် ဖြစ်လေသည်။ ထိုရည်ရွယ်ချက်တွင် အောက်ပါအချက်များလည်း ပါဝင်နေပေသည်။

Ø အရေးကြီးဆုံးမှာ မတော်တဆမှုဖြစ်ရခြင်း အဓိကအကြောင်းရင်းကို ရှာဖွေဖော်ထုတ်၍ နောင်ထပ်မံမဖြစ်ရလေအောင် ကာကွယ်တားဆီး နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်အသုံးချရေး
Ø ချမှတ်ပြဌာန်းထားသော ဥပဒေကို လေးစားလိုက်နာရေး
Ø မတော်တဆမှုကြောင့် ပေးဆပ်လိုက်ရမှုများ
Ø မတော်တဆမှုဖြစ်ရခြင်းမှာ မည်သည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသောကြောင့်နည်း
Ø မတော်တဆမှုဖြစ်သော လုပ်သား၏ အာမခံဆိုင်ရာ လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်
မတော်တဆမှုများ စုံစမ်းစစ်ဆေးခြင်းကို မတော်တဆမှုဖြစ်ရပ် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးသည်ဖြစ်စေ၊ မဆုံးရှုံးသည်ဖြစ်စေ မတော်တဆမှုအားလုံးကို ပြုလုပ်ရပါမည်။

၁၆၊ ၂။ မည်သူသည် မတော်တဆမှု စုံစမ်းစစ်ဆေးခြင်းကို ပြုလုပ်ရမည်နည်း

            ယေဘူယျအားဖြင့် မတော်တဆမှုကို မည်ကဲ့သို့ စုံစမ်းစစ်ဆေးရမည်ကို သေချာကျနစွာ သိနားလည်သူ၊ မတော်တဆမှု စစ်ဆေးခြင်း၌ အတွေ့အကြုံရှိသူ၊ စစ်ဆေးခြင်းနည်းလမ်းများကို ကျွမ်းကျင်စွာ အသုံးချတတ်သူ၊ လုပ်ငန်း၏ လုပ်ပုံကိုင်နည်း သဘော၊ သဘာဝတို့ကို သိနားလည်သူက ပြုလုပ်သည်။ ဤသူသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအရာရှိ၊ မန်နေဂျာ၊ အင်ဂျင်နီယာ စသည် ဖြစ်နိုင်သည်။
            ခက်ခဲရှုပ်ထွေးသော အမှုများ၌ မတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးနိုင်သည်။ ထိုအဖွဲ့တွင် ထိုလုပ်ငန်းကို ကြီးကြပ်သူ၊ မတော်တဆမှုဖြစ်ခဲ့သူ ကိုယ်တိုင်၊ မတော်တဆမှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူ၊ အင်ဂျင်နီယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအရာရှိ၊ မန်နေဂျာ စသည်တို့ ပါဝင်နိုင်သည်။ လိုအပ်လျှင် ပြင်ပကျွမ်းကျင်သူတစ်ဦး၊ အစိုးရအရာရှိတစ်ဦး စသည်တို့ကိုပါ ဖိတ်ခေါ်နိုင်သည်။ မတော်တဆမှုဖြစ်ခဲ့သည့်လုပ်ငန်းမှ လုပ်ငန်းကြီးကြပ်သူအနေနှင့် ထိုလုပ်ငန်းအကြောင်းကို သေချာဂနစွာ သိသည့်အပြင် ထိုလုပ်ငန်းကြောင့်ဖြစ်နိုင်သည့် မတော်တဆမှု၊ မည်ကဲ့သို့ကာကွယ်နိုင်သည် စသည်တို့ကို အကြံပေးနိုင်သည်ဖြစ်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် မပါမဖြစ် ပါဝင်သင့်ပါသည်။

၁၆၊ ၃။ ဖြစ်ရသည့်အကြောင်းရင်းကို အဘယ်ကြောင့် ရှာဖွေဖော်ထုတ်ရသနည်း

             မတော်တဆမှုသည် လုပ်ငန်းခွင်အတွင်း အန္တရာယ်မကင်းသည့် အခြေအနေကြောင့်ဟု ယူဆရပါက ထိုအန္တရာယ်မကင်းသည့် အခြေအနေကို ဖော်ထုတ်ရန်လိုသည်။ အခြားတစ်ချက်မှာ လူကြောင့်ဖြစ်သော အန္တရာယ်မကင်းသည့် အပြုအမူကြောင့်ဟု ယူဆနိုင်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုသူသည် အန္တရာယ်မကင်းသည့် အမှုကို ပြုဘိသနည်း ဆိုခြင်းအကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရမည်။ ထို့ကြောင့် မတော်တဆမှုတွင် ပါဝင်ပတ်သက်နေသည့် အကြောင်းများ၊ မတော်တဆမှုကို ဖြစ်စေသော အကြောင်းခံကွင်းဆက်များအားလုံး ကို ဖြစ်နိုင်သမျှ ရှာဖွေဖော်ထုတ်ရမည်။
            အရေးကြီးသည့်အချက်တစ်ခုမှာ ထင်သာမြင်သာရှိသော မတော်တဆမှု၌ပင်လျှင် ဖြစ်ရသည့်အကြောင်းရင်းကို တစ်ချက်ထဲ မျှသာဟု ခပ်ပေါ့ပေါ့ တွေးထင်၊ ဆုံးဖြတ်တတ်ကြခြင်းပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် - အလုပ်သမားတစ်ယောက် လက်ကို သံစူးသည့် ကိစ္စ ဆိုပါစို့။ ဤမတော်တဆမှုကို အလုပ်သမား၏ ပေါ့ဆမှုကြောင့်ဟု အလွယ်တကူ ကောက်ချက်ဆွဲတတ်ကြပါသည်။ မတော်တဆမှု စုံစမ်း စစ်ဆေးရေးကို ဤအကြောင်းပြချက်နှင့်ရပ်လိုက်ပါက ထို့ထက်ပို၍ အသိရခက်သော၊ နက်နဲသော အကြောင်းအချက်များဆီ မရောက်နိုင် တော့ပါ။ ထိုအချက်များတွင် အောက်ပါတို့ ပါဝင်နေနိုင်သည်။

Ø အလုပ်သမားဟာ စိတ်ညစ်ညူးနေသလား၊ စိတ်အနှောင့်အယှက် ဖြစ်နေသလား။
Ø အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်းအစီအစဉ် (Safe Work Procedure) ကို မလိုက်နာဘူးလား။ ဘာကြောင့် မလိုက်နာသလဲ။
Ø အန္တရာယ်ကာကွယ်ရေးပစ္စည်းတွေ အဲဒီနေရာမှာရှိသလား။ မရှိဘူးဆို ဘာကြောင့်ရှိမနေရတာလဲ။
Ø အဲဒီအလုပ် လုပ်ဖို့ အလုပ်သမားကို သင်တန်းပေးထားသလား။ မပေးထားဘူးဆို ဘာကြောင့်မပေးရတာလဲ။

ထိုမေးခွန်းများ၏ အဖြေကို ရှာဖွေခြင်းဖြင့် ပိုမိုခိုင်လုံသော အကြောင်းရင်းကိုသိနိုင်ကာ အလုပ်သမား၏ ပေါ့ဆမှုကြောင့် ဖြစ်ရလျှင်ပင် အဘယ်ကြောင့် ပေါ့ဆရသည်ကို သိနိုင်ပေမည်။

၁၆၊ ၄။ လုပ်ငန်းခွင် မတော်တဆမှုများအား စုံစမ်းစစ်ဆေးခြင်း၌ မည်သည့်အဆင့်များ ပါဝင်သနည်း

Ø ခန့်အပ်ထားသောအရာရှိက မတော်တဆမှုကို သတင်းပို့ရမည်။
Ø ဒဏ်ရာရရှိသူကို ရှေးဦးသူနာပြုစုပေးခြင်းဖြင့် ရရှိလာသော ဒဏ်ရာကို ပိုဆိုးမသွားစေရန် ထိန်းထားပါ။
Ø မည်ကဲ့သို့ မတော်တဆမှုဖြစ်ကြောင်း စုံစမ်းစစ်ဆေးပါ။
Ø မတော်တဆမှုဖြစ်ရခြင်း အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပါ။
Ø တွေ့ရှိချက်များကို အစီရင်ခံ တင်ပြပါ။
Ø နောင်တွင် ဤမတော်တဆမှုမျိုး ထပ်မံမဖြစ်ရလေအောင် မည်ကဲ့သို့ကာကွယ်တားဆီးနိုင်ကြောင်း အစီအမံများကို ရေးဆွဲတင်ပြပါ။
Ø ပိုမိုအန္တရာယ်ကင်းသော လုပ်ငန်းခွင်တစ်ခုဖြစ်လာစေရန် ဖန်တီးပါ။

မတော်တဆမှုဖြစ်ပြီဆိုသည်နှင့် အချိန်ဆွဲမနေဘဲ ချက်ချင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပါ။ စုံစမ်းစစ်ဆေးရာ၌ မှတ်စုစာအုပ်၊ ပေကြိုး၊ မာကာပင်၊ ခဲတံ၊ ဘောပင်၊ ကင်မရာ၊ ဓာတ်မီး စသည်တို့ လိုပါမည်။ မတော်တဆမှုဖြစ်ပွားသည့်နေရာကို ခြေရာလက်ရာမပျက် ထိန်းထားပါစေ။ သို့မှသာ မည်ကဲ့သို့ ဖြစ်သည်ကို သေသေချာချာ သိမြင်နိုင်မည် ဖြစ်ပါသည်။

၁၆၊ ၅။ မတော်တဆမှုဖြစ်ရခြင်း အကြောင်းရင်းအနေနှင့် မည်သည်တို့ကို ကြည့်ရမည်နည်း

            မတော်တဆမှုဖြစ်ရခြင်း အကြောင်းရင်းများကို အောက်ဖော်ပြပါပုံအတိုင်း task (အလုပ်), material (ပစ္စည်း), environment (ပတ်ဝန်းကျင်), personnel (လူ) နှင့် management (စီမံခန့်ခွဲမှု) ဟု အုပ်စု ၅ ခု ခွဲနိုင်သည်။


ထိုအုပ်စုငါးခုထဲမှ မတော်တဆမှုဖြစ်ရခြင်း အကြောင်းများကို ရှာရန် ဖြစ်သည်။ ဤသည်မှာ နမူနာမျှသာဖြစ်ပြီး ပိုမိုပြည့်စုံ  ကောင်းမွန်သည့် စစ်ဆေးချက်စာရင်း (Check list) ကိုပါ ပြင်ဆင်ရန် ကြိုးစားရပါမည်။

၁၆၊ ၅၊ ၁။ အလုပ် (task)

            ယခုမတော်တဆမှုတစ်ခုဖြစ်လျှင် လက်တွေ့လုပ်ကိုင်ရမည့်နည်းလမ်း အဆင့်ဆင့်ကို ဖော်ပြပါမည်။ မတော်တဆမှု စုံစမ်း စစ်ဆေးရေးအဖွဲ့ဝင်များအနေနှင့် အောက်ပါမေးခွန်းများ၏ အဖြေကို ရှာဖွေရပါမည်။

Ø အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်းအစီအစဉ် (Safe Work Procedure) ကို လိုက်နာရဲ့လား။
Ø လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ရင် အန္တရာယ်များတဲ့အတွက် အန္တရာယ်ပိုနည်းတဲ့ အခြေအနေရောက်အောင် ပြောင်းလဲထားရဲ့လား။
Ø သင့်တော်တဲ့ ကိရိယာတွေ၊ ပစ္စည်းတွေ ရနိုင်ရဲ့လား။
Ø အဲဒီ သင့်တော်တဲ့ ကိရိယာတွေ၊ ပစ္စည်းတွေကို အသုံးပြုရဲ့လား။
Ø အန္တရာယ်ကာကွယ်ရေးပစ္စည်းတွေ ကောင်းကောင်း အလုပ်လုပ်ရဲ့လား။
Ø လိုတို (LOTO – Lock Out Tag Out) ကို လိုအပ်တိုင်း အသုံးပြုရဲ့လား။

မှတ်ချက်။             ။ လိုတို (LOTO – Lock Out Tag Out) အကြောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

၁၆၊ ၅၊ ၂။ ပစ္စည်း (material)

            မတော်တဆမှုသည် ပစ္စည်းကြောင့်လား၊ စက်ကိရိယာကြောင့်လား ဆိုသည်ကို ရှာဖွေရန် မတော်တဆမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များအနေနှင့် အောက်ပါမေးခွန်းများ၏ အဖြေကို ရှာဖွေရပါမည်။

Ø မတော်တဆမှုဟာ စက်ပျက်လို့ဖြစ်တာလား။
Ø ဘာကြောင့် စက်ပျက်ရတာလဲ။
Ø စက်ဟာ အလုပ်လုပ်ဖို့လို့ သေသေချာချာ ဒီဇိုင်းဆွဲထားတာ ဟုတ်ရဲ့လား။
Ø အန္တရာယ်မကင်းတဲ့ပစ္စည်းတွေ ပါနေသလား။
Ø အဲဒီ အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို မြင်ရအောင် သေသေချာချာ ပြထားရဲ့လား။
Ø အဲဒီ အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို ပိုပြီး အန္တရာယ်နည်းတဲ့ ပစ္စည်းတွေနဲ့ အစားထိုးလို့မရဘူးလား။
Ø ကုန်ကြမ်းတွေဟာ အရည်အသွေးမမီတဲ့ ပစ္စည်းတွေဖြစ်နေသလား။
Ø အဲဒီအလုပ်လုပ်ရင် တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေကို ၀တ်ဆင်ဘို့ လိုသလား။
Ø လိုတယ်ဆိုရင် သင့်တော်တဲ့ တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေကို ၀တ်ဆင်ရဲ့လား။
Ø တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေကို ဘယ်လိုစနစ်တကျ ၀တ်ရမယ်ဆိုတာ သင်တန်းပေးထားရဲ့လား။

            ထို့ပြင် အဘယ်ကြောင့် ထိုကဲ့သို့ဖြစ်နေရသနည်းဆိုသည့် အကြောင်းကိုပါ ရှာဖွေစုံစမ်းပါ။

၁၆၊ ၅၊ ၃။ ပတ်ဝန်းကျင် (environment)

            ပတ်ဝန်းကျင်ကြောင့်လည်း မတော်တဆမှုဖြစ်နိုင်ပေသည်။ အထူးသဖြင့် အလုပ်လုပ်နေကျ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်သွားသည့် အခါများတွင် ဖြစ်၏။ ထိုအခါ ထိုအလုပ်သမားသည် ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်မဖြစ် စုံစမ်းစစ်ဆေးရပါမည်။ ထိုအထဲတွင် အောက်ပါမေးခွန်းတို့ ပါဝင်နိုင်ပါသည်။

Ø ရာသီဥတုအခြေအနေ ဘယ်လိုလဲ။
Ø လုပ်ငန်းခွင် သန့်ရှင်းရေးဟာ ပြဿနာတစ်ခု ဖြစ်နေသလား။
Ø ပူလွန်းနေသလား၊ ဒါမှမဟုတ် သိပ်အေးလွန်းနေသလား။
Ø အလုပ်လုပ်တဲ့နေရာဟာ သိပ်ဆူလွန်းနေသလား။
Ø အလုပ်လုပ်တဲ့နေရာဟာ အလင်းရောင် အလုံအလောက် ရရဲ့လား။
Ø အလုပ်လုပ်တဲ့နေရာမှာ အဆိပ်ငွေ့၊ ဖုန်၊ အမှုန်၊ ဓာတ်ငွေ့တွေ ရှိနေသလား။

၁၆၊ ၅၊ ၄။ လူ (personnel) 

            မတော်တဆမှုအဖြစ်အပျက်တွင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပါဝင်ပတ်သက်နေသည်ဖြစ်ရာ ဤအကြောင်းများကို စုံစမ်းဖော်ထုတ်ရမည်။ မတော်တဆမှုကို စုံစမ်းခြင်းသည် တစ်ဦးတစ်ယောက်အား အပြစ်တင်ဘို့မဟုတ်။ ၎င်း၏ စိတ်နေသဘောထား၊ အကျင့်စရိုက်စသည်တို့ကို စစ်ဆေးကြည့်ရန် လိုသည်။ များသောအားဖြင့် အချို့အချက်များကို ပုံသေယူဆ၍ရသော်လည်း အချို့မှာမူ နေ့စဉ်၊ အချိန်နှင့်အမျှ ပြောင်းလဲနေနိုင်သည်။ ဤသည်တို့တွင် အောက်ပါတို့ ပါဝင်၏။

Ø ဒီအလုပ်သမားဟာ အဲဒီအလုပ်မှာ အတွေ့အကြုံရှိသလား။
Ø သူ့ကို ဒီအလုပ်လုပ်ဖို့ သေသေချာချာ သင်တန်းပေးထားသလား။
Ø ဒီအလုပ်လုပ်ဖို့ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်းမှုရှိသလား။
Ø သေသေချာချာရော ကျန်းမာရေး ကောင်းရဲ့လား။
Ø အလွန်မောပန်း နွမ်းနယ်နေသလား။
Ø စိတ်ဖိစီးမှုအောက်မှာ အလုပ်လုပ်နေရတာလား။

၁၆၊ ၅၊ ၅။ စီမံခန့်ခွဲမှု (management)

            စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် လုပ်ငန်းခွင်နှင့် အလုပ်သမားများ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် တာဝန်အရှိဆုံး ဖြစ်သည်။  ကြီးကြပ်ရေးမှူးအစ၊ အင်ဂျင်နီယာအလယ်၊ မန်နေဂျာအဆုံး မိမိတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုသည်။ စီမံခန့်ခွဲရေးညံ့ဖျင်းမှုသည် လုပ်ငန်းခွင်မတော်တဆမှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အဖြစ်များစေသည်။ မတော်တဆမှု စုံစမ်းစစ်ဆေးရာတွင် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အောက်ပါမေးခွန်းတို့ကို မေးနိုင်သည်။

Ø အန္တရာယ်ကင်းရေးစည်းမျဉ်းတွေကို အလုပ်သမားတွေကိုပြောပြထားသလား။ သူတို့ တကယ်ရောနားလည်ရဲ့လား။
Ø အန္တရာယ်ကင်းရေး ရေးဆွဲထားတဲ့အစီအစဉ်တွေရှိရဲ့လား။
Ø အဲဒါတွေကို လက်တွေ့တကယ်အသုံးချရဲ့လား။
Ø သူတို့ကို လုံလောက်တဲ့ကြီးကြပ်အုပ်ချုပ်မှု ပေးရဲ့လား။
Ø အလုပ်သမားတွေကို အဲဒီအလုပ်လုပ်ဖို့ သေသေချာချာသင်တန်းပေးထားရဲ့လား။
Ø ဖြစ်နိုင်တဲ့အန္တရာယ်တွေကို ကြိုရှာထားရဲ့လား။
Ø အဲဒီအန္တရာယ်တွေကို ကျော်လွှားဘို့ အစီအစဉ်တွေ ရေးဆွဲချမှတ်ထားရဲ့လား။
Ø အန္တရာယ်မကင်းတဲ့အခြေအနေတွေကို အန္တရာယ်ကင်းတဲ့အထိ ပြန်ပြင်ပြီးပြီလား။
Ø စက်ကိရိယာတွေကို ပုံမှန် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်သလား။
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ပုံမှန်စစ်ဆေးမှုတွေ လုပ်ရဲ့လား။

အထက်ပါအချက်များမှာ လုပ်ငန်းခွင်မတော်တဆမှု အကြောင်းရင်းများကို ဖော်ထုတ်ရာတွင် အထောက်အကူပြုမည့် နမူနာ နည်းလမ်း အချို့သာဖြစ်သည်။ ဤသည်ကို မှီး၍ပိုမိုကောင်းမွန်ပြည့်စုံသော စစ်ဆေးချက်ဇယား (Checklist) များ ပြင်ဆင်နိုင်သည်။

၁၆၊ ၆။ အချက်အလက်တွေကို ဘယ်လိုစုဆောင်းမလဲ

            မတော်တဆမှုကို စုံစမ်းစစ်ဆေးခြင်းမှာ ရှင်းလင်းလွယ်ကူပါသည်။ စစ်ဆေးသူများလုပ်ရမည်မှာ သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ ထိုအချက်အလက်များကို ဝေဘန်ဆန်းစစ်ခြင်း၊ ကောက်ချက်ချခြင်း နှင့် အကြံပေးခြင်း တို့ ဖြစ်သည်။ ဤအဆင့်များမှာ ရိုးရှင်းသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် အဆင့်အလိုက် မျက်စိရှမ်းကာ ကျန်ခဲ့သည့်အချက်များ ရှိနိုင်သည်။ မတော်တဆမှုကို စုံစမ်းစစ်ဆေးရာတွင် ဖွင့်ထားသောစိတ်သည် အလွန်အရေးကြီး၏။ ဘက်လိုက်တွေးဆမှု၊ အကောင်းမြင်မှုများသည် မလိုအပ်သော ကောက်ချက်များကို ဖြစ်စေသည်။ အချက်အလက်မှန်များကို ဖော်ထုတ်ရေး၌ ရေလိုက်လွဲတတ်သည်။ ဤသို့စုံစမ်းရာတွင် ဖြစ်နိုင်ချေရှိ သော အကြောင်းအချက်အားလုံးကို ထည့်သွင်းစဉ်းစားရမည်။ ရလာသောအကြံဉာဏ်များကို ရေးမှတ်ထားခြင်းသည် ကောင်းပင်ကောင်း သော်လည်း အချက်အလက်အားလုံး အပြည့်အစုံ မစုဆောင်းရသေးမီ ကြိုတင်ဆုံးဖြတ်ချက်ချခြင်းမျိုး မပြုသင့်ပေ။

၁၆၊ ၆၊ ၁။ ဒဏ်ရာရ လုပ်သား

            အရေးကြီးဆုံးနှင့် ချက်ချင်းလုပ်ရမည်မှာ အရေးပေါ်ကယ်ဆယ်ရေး၊ ဒဏ်ရာရလုပ်သားကို ဆေးကုသပေးရေး နှင့် အခြေအနေ    ပိုဆိုးမသွားအောင် တားဆီးထားရေးတို့ပင် ဖြစ်၏။ ဤကဲ့သို့ပြုလုပ်ရာတွင် အခြားမည်သည့်အရာကမှ အနှောက်အယှက် မပြုစေရ။ အားလုံး တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီဆိုမှ စုံစမ်းစစ်ဆေးမှုကို စတင်ရမည်။
            စုံစမ်းစစ်ဆေးရာတွင် ဒဏ်ရာရသူသည် အကောင်းဆုံးမျက်မြင်သက်သေဖြစ်၏။ ၎င်းသည် ဖြစ်ပုံပျက်ပုံအလုံးစုံကို အသေးစိတ် ပြောပြနိုင်လိမ့်မည်။

၁၆၊ ၆၊ ၂။ သက်သေခံပစ္စည်း

            မတော်တဆမှုဖြစ်ပြီဆိုသည်နှင့် ခြေရာလက်ရာမပျက်မီ အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားပြီး ဓာတ်ပုံမှတ်တမ်းများ ရယူပါ။ လိုအပ်သည့်ပစ္စည်းများ သိမ်းဆည်းပါ။ အကယ်၍ မတော်တဆမှုအား အစိုးရသို့ အကြောင်းကြားရန်လိုပါက ထိုဖြစ်ပွားသည့် နေရာကို ၀င်းခတ်၍ မည်သူမှမ၀င်နိုင်ရန် ဟန့်တားထားပါ။ မတော်တဆမှုကို စုံစမ်းစစ်ဆေးရာ၌ အခင်းဖြစ်ပွားသည့်နေရာမှ သက်သေခံ အထောက် အထားများသည် အလွန်အရေးကြီးသည်။ ၎င်းတို့ကိုကြည့်၍ မည်ကဲ့သို့ဖြစ်ပွားသည်၊ မည်သည်တို့ မှားယွင်းနေသည်၊ မည်သည့်အတွက် ဤမတော်တဆမှုဖြစ်နိုင်သည်။ မည်ကဲ့သို့ ကာကွယ်နိုင်သည် စသည်တို့ကို ဆုံးဖြတ်နိုင်သည်။
            သက်သေခံပစ္စည်းများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
Ø ဒဏ်ရာရသူနေခဲ့သော ကိုယ်ဟန်အနေအထား
Ø ၎င်းသုံးစွဲခဲ့သည့် ကိရိယာ၊ စက်ပစ္စည်း
Ø ၎င်းလုပ်ကိုင်ခဲ့သော ပစ္စည်း သို့မဟုတ် အန္တရာယ်ရှိသောပစ္စည်း သို့မဟုတ် ဓာတုပစ္စည်း
Ø အန္တရာယ် ကာကွယ်ရေး ကိရိယာ
Ø အဖုံးအကာများ တပ်ဆင်ထားမှု
Ø အထိန်းခလုတ်များ၏ အနေအထား
Ø စက်ပစ္စည်း၊ ကိရိယာ ချို့ယွင်းမှု
Ø လုပ်ငန်းခွင် သန့်ရှင်းရေး အခြေအနေ
Ø ရာသီဥတုအခြေအနေ
Ø အလင်းရောင်ရရှိမှု အခြေအနေ
Ø ဆူညံသံ အခြေအနေ
Ø မည်သည့်အချိန်တွင် ဖြစ်သည်

ခြေရာလက်ရာမပျက်မီ ဓာတ်ပုံမှတ်တမ်းများ ရယူထားရပါမည်။ ဓာတ်ပုံမှတ်တမ်းယူရာတွင် လုပ်ငန်းခွင်တစ်ခုလုံး ခြုံလျက် အနေအထား၊ အလုပ်လုပ်သည့်နေရာ အနီးကပ်ပုံ၊ ပစ္စည်းတစ်ခုချင်း၏ပုံ၊ မတော်တဆမှုဖြစ်ခဲ့သည့်နေရာ၊ ပစ္စည်း စသည်တို့အားလုံးကို ရယူပါ။ လိုအပ်လျှင် အတိုင်းအတာများပါ ရယူပါ။ နမူနာပစ္စည်းရနိုင်လျှင်လည်း ယူထားပါ။ ကျိုးကြေသွားသည့်ပစ္စည်းများဖြစ်လျှင် လွှင့်မပစ် ပါနှင့်။ စနစ်တကျရေးမှတ် သိမ်းဆည်းပါ။ လိုအပ်လျှင် ပုံကြမ်းဆွဲ မှတ်ထားပါ။ စက်ပစ္စည်းဖြစ်လျှင် မည်သည့်စက်အမျိုးအစားဖြစ်သည် ဆိုသည်ကိုပါ ဓာတ်ပုံရိုက်ယူထားပါ။

၁၆၊ ၆၊ ၃။ မျက်မြင်သက်သေ

            မတော်တဆမှုစုံစမ်းရေးတွင် မျက်မြင်သက်သေများလည်း အရေးကြီး၏။ ၎င်းတို့က မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို အသေးစိတ် ပြန်ပြောပြနိုင်ပါလိမ့်မည်။ ထိုမျက်မြင်သက်သေများသည် ဒဏ်ရာရသူနှင့်အတူ အလုပ်လုပ်နေသူများ ဖြစ်နိုင်သည်။ အတူပင် အလုပ်လုပ် မနေသော်ငြားလည်း အနီးတွင်ရှိနေကာ ထိုမတော်တဆမှုကို သေချာစွာ တွေ့မြင်လိုက်ရသူလည်း ဖြစ်နိုင်ပါသည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များသည် မတော်တဆမှု စုံစမ်းရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ၎င်းတို့ထံမှ အဘိုးတန်သော အချက်အလက်များကို ရနိုင်သည်။ အကြောင်းကား ထိခိုက်ဒဏ်ရာရမှုကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည့် ၎င်းတို့အဖို့ စိတ်လှုပ်ရှားမှု များစွာဖြင့် သူတို့ တွေ့မြင်သမျှကို မခြွင်းမချန် ရင်ဖွင့်လိုကြမည်သာ ဖြစ်လေသည်။ မည်ကဲ့သို့ ပြုပြင်လိုက်လျှင် အလားတူ မတော်တဆမှု များမှ ကာကွယ်နိုင်မည်ကို ၎င်းတို့ကပင် အကြံပေးနိုင်ပါလိမ့်ဦးမည်။
            မျက်မြင်သက်သေ တစ်ဦးထက်အများပိုရှိနေလျှင် မတော်တဆမှုဖြစ်လျှင် ဖြစ်ချင်း ၎င်းတို့ကို ခွဲခြားထားဘို့လည်း အရေးကြီးပါ သည်။ အဘယ်ကြောင့်ဆိုသော် နောက်ကျသွားလျှင် ၎င်းတို့အချင်းချင်း ဆွေးနွေးတိုင်ပင်ကာ လုပ်ဇာတ်များ ပေါ်ထွက်လာနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် လူတွေ့မေးမြန်းချင်းကို ၎င်းတို့ တစ်စုံတစ်ရာ အကြံမထုတ်နိုင်မီ မတော်တဆမှုဖြစ်ဖြစ်ချင်း ချက်ချင်းမေးရန် အရေးကြီး ပါသည်။ သို့မှသာ မှန်ကန်သော အချက်အလက်များရနိုင်မည်။
            ထို့ပြင် မျက်မြင်သက်သေများကို လူတွေ့မေးမြန်းရာတွင် တစ်ဦးချင်းစီ ခေါ်မေးပါ။ အားလုံးခေါ်ပြီး စားပွဲတစ်ဝိုင်းတည်း ထိုင်မေး ခြင်းကို ရှောင်ကြဉ်ပါ။ ဒဏ်ရာရသူနှင့် အတူလုပ်သူကို ဦးစွာမေးပြီး ကျန်သည့်သူများကို နောက်မှ မေးပါ။
            မေးမြန်းသည့်အခန်းသည် တိတ်ဆိတ်ငြိမ်သက်ပြီး အနှောက်အယှက်ကင်းသော အခန်းဖြစ်လျှင် ကောင်းပါသည်။ လူတွေ့ မေးနေစဉ် မည်သူမှ ၀င်ရောက်နှောက်ယှက်ခြင်းမပြုနိုင်ရန် အခန်းတံခါးကို ချက်ချထားပါ။ ဖြစ်နိုင်လျှင် မေးသမျှကို အသံဖမ်းထားပါ။ အသံ ဖမ်းရန် မလွယ်ကူလျှင် စာနှင့်ရေးမှတ်ထားပါ။
            အရေးကြီးသည်မှာ မျက်မြင်သက်သေအား စိတ်မပူရန်၊ ယခုမေးသမျှကို စိတ်အေးအေးထားဖြေရန်၊ မြင်လျှင် မြင်သည့်အတိုင်း အမှန်အတိုင်းပြောပြရန် အားပေးရပါမည်။ ၎င်း၏ထွက်ဆိုချက်များအပေါ် ကာကွယ်တားဆီးရေးအစီအမံများ ပြုရမည်ဖြစ်သဖြင့် ထိုသူ ပြောဆိုချက်များသည် အရေးကြီးပါသည်။

၁၆၊ ၆၊ ၄။ လူတွေ့ မေးမြန်းခြင်း

            လူတွေ့မေးခြင်းကို လိမ်မာပါးနပ်စွာ ပြုလုပ်ရန်လိုပါသည်။ မည်ကဲ့သို့ လူတွေ့မေးရမည်ဟု စနစ်များချမှတ်ထားခြင်းမရှိစေကာမူ ဆောင်ရန်၊ ရှောင်ရန်များကိုမူ သိထားရန် လိုပါသည်။ အမေးခံရသူသည် သူသိမြင်ထားသည့်အတိုင်း ပြည့်စုံမှန်ကန်စွာ ပြောပြနိုင်ရေးမှာ လူတွေ့မေးသူ၏ ကျွမ်းကျင်လိမ္မာမှုပေါ် များစွာ မူတည်နေပါသည်။

လူတွေ့မေးရာ၌ လိုက်နာရန် အချက်များ

ü  မေးမည့်သူသည် ပျာယာခတ်နေလျှင်၊ စိတ်လှုပ်ရှားနေလျှင်၊ စိုးရိမ်ကြောင့်ကြနေလျှင် ၎င်းကို ဦးစွာ တည်ငြိမ်သွားအောင် လုပ်ပါ။
ü  မတော်တဆဖြစ်ခဲ့မှုအပေါ်တွင်သာ အာရုံစိုက်မေးပါ။ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကို ရှင်းလင်းစွာ မေးပါ။
ü  သူ့ကိုသာပြောပါစေ၊ သင်က စိတ်ဝင်စားစွာ နားထောင်ပေးပါ။ မရှင်းသည့်အချက်များကိုမူ ပြန်မေးနိုင်ပါသည်။
ü  သူပြောသမျှ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် မှတ်ထားပါ။ သင်မမှတ်နိုင်လျှင် ဘေးမှနေ၍ တစ်စုံတစ်ယောက်ကို လိုက်မှတ်ခိုင်းပါ။
ü  သူပြောသည့်အချက်များကို သင်မှတ်စုလိုက်ရာတွင် မှန်ကန်တိကျပါစေ။
ü  ၎င်း၏ ငုပ်လျှိုးနေသည့် ခံစားချက်များကို ပေါ်လာအောင် ဆွဲဆောင်ပါ။
ü  ဖြစ်နိုင်လျှင် သူပြောသမျှကို အသံဖမ်းထားပါ။ သို့သော် အသံဖမ်းနေကြောင်း သူ့ကိုအသိပေးထားရပါမည်။
ü  အကောင်းဘက်သို့ဦးတည်သည့် စကားများပြောလျှက် မေးမြန်းခြင်းကို အဆုံးသတ်ပါ။

လူတွေ့မေးရာ၌ ရှောင်ကြဉ်ရန် အချက်များ

Ø မျက်မြင်သက်သေကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း လုံးဝမလုပ်ပါနှင့်။
Ø ၎င်းပြောနေစဉ် ကြားထဲမှ ဖြတ်မပြောပါနှင့်။ ဖြတ်မမေးပါနှင့်။
Ø ကိုယ်လိုချင်သည့် အဖြေကို လမ်းကြောင်းပေးသည့် မေးခွန်းမျိုး မမေးပါနှင့်။
Ø မိမိ၏ စိတ်လှုပ်ရှားမှုကို မပြပါနှင့်။
Ø ရုတ်တရက် ရပ်လိုက်ခြင်းမျိုး မလုပ်ပါနှင့်။

မေးရာတွင် အဖွင့်မေးခွန်းမျိုးသာ မေးပါ။ ဟုတ်တယ်၊ မဟုတ်ဘူး ဟုသာဖြေနိုင်သော မေးခွန်းမျိုးကို ရှောင်ပါ။ လက်တွေ့မေးရာတွင် မေးခွန်း ပုံစံမှာ ဖြစ်ပျက်ခဲ့သော မတော်တဆမှုအပေါ်မူတည် ကွာခြားသွားနိုင်ပါသည်။ သို့တိုင် ယေဘူယျအားဖြင့် အောက်ပါမေးခွန်းမျိုးကို မေးနိုင်ပါသည်။

Ø မတော်တဆမှုဖြစ်တုံးက မင်းဘယ်နေရာမှာရှိနေသလဲ။
Ø အဲဒီအချိန်က မင်းဘာလုပ်နေသလဲ။
Ø မင်းဘာကိုမြင်လိုက်သလဲ၊ ဘာကိုကြားလိုက်မိသလဲ။
Ø မတော်တဆမှုဖြစ်တုံးက ရာသီဥတုအခြေအနေ ဘယ်လိုရှိသလဲ။ မိုးရွာနေသလား၊ နေပူနေသလား။ ဆူညံပွက်လောရိုက်နေသလား စသည်
Ø မတော်တဆမှုဖြစ်တုံးက ဒဏ်ရာရတဲ့သူဟာ ဘာလုပ်နေသလဲ။
Ø ဒီမတော်တဆမှုဟာ ဘာကြောင့်ဖြစ်တာလို့ မင်းထင်သလဲ။
Ø ဒီလို မတော်တဆမှုမျိုး ထပ်မဖြစ်ရအောင် ဘာတွေလုပ်သင့်သလဲ။

            မတော်တဆမှုကို သင်မျက်မြင်ကိုယ်တွေ့မကြုံရလျှင် မျက်မြင်သက်သေကို မေးမြန်းခြင်းဖြင့်သာ ဖြစ်ရပ်အမှန်ကို သိနိုင်သည်။ တစ်ခါတစ်ရံတွင် ပိုမိုရှင်းလင်းစွာ နားလည်နိုင်စေရန် အခင်းဖြစ်ပွားရာသို့သွားပြီး မျက်မြင်သက်သေကို လက်တွေ့ လုပ်ပြခိုင်းနိုင်သည်။ ဤသို့လုပ်ပြခိုင်းခြင်းဖြင့်လည်း နောက်ထပ် မတော်တဆမှုတစ်ခု ထပ်မံမဖြစ်ပွားစေရန် အထူးသတိပြုပါ။

၁၆၊ ၆၊ ၅။ နောက်ခံ အချက်အလက်များ

            အချို့ လျှမ်းသွားသည့်အချက်အလက်များကို ယခင်က ရှိနှင့်ပြီးသား အချက်အလက်များတွင် ရှာဖွေနိုင်ပါသည်။ ဤအထဲတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စည်းဝေးပွဲမှတ်တမ်းများ၊ စက်အသုံးပြုနည်းလက်စွဲများ၊ ဓာတုပစ္စည်း အချက်အလက်များ (MSDS)၊ လုပ်ငန်းခွင်စစ်ဆေးချက်မှတ်တမ်းများ၊ ယခင်က မတော်တဆမှု မှတ်တမ်းများ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လုပ်ငန်းစစ် (Safety Audit) အစီရင်ခံစာများ၊ အန္တရာယ်ကင်းစွာ အလုပ်လုပ်နည်း အစီအစဉ်၊ အန္တရာယ်အကဲဖြတ်ဇယား စသည်တို့ ပါဝင်သည်။

၁၆၊ ၇။ မတော်တဆမှုများကို ဆန်းစစ်ခြင်းနှင့် ကောက်ချက်ဆွဲခြင်းအတွက် မည်သည့်အရာများ သိထားရမည်နည်း

            ဤအဆင့်တွင် ထိုမတော်တဆမှုမှာ အဘယ်ဖြစ်သည်၊ အဘယ်ကြောင့်ဖြစ်သည် ဆိုသည်ကို သိထားရမည်။ ထိုမှတစ်ဆင့် ဘာကြောင့်ဖြစ်ရသည်ကို စစ်ဆေးကြည့်ရမည်။ နောင် ဤမတော်တဆမှုမျိုးထပ်မံမဖြစ်ရလေအောင် စုံစမ်းစစ်ဆေးသူသည် ဤမေးခွန်းများ ၏ အဖြေကို ပြည့်စုံမှန်ကန်စွာ ဖြေတတ်ဘို့ လိုပေသည်။

Ø စုံစမ်းစစ်ဆေးမှုပြီးသွားပြီဆိုလျှင် ဘာဖြစ်ခဲ့သည်ကို တစ်ဆင့်ချင်း ချရေးပါ။
Ø ထို့နောက် မတော်တဆမှုဖြစ်ရခြင်းအကြောင်းများ၊ ဖြစ်နိုင်ချေရှိသည့်အကြောင်းများအားလုံးကို ချရေးပါ။
Ø ဤအကြောင်းအချက်များကို သက်သေပြချက်များဖြင့် ပံ့ပိုးပေးပါ။
Ø သက်သေပြချက်များသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်နိုင်သည်။ မျက်မြင်သက်သေများ ဖြစ်နိုင်သည်။
Ø သက်သေပြချက်များသည် ယူဆချက်များအပေါ် အခြေခံသည်။

၁၆၊ ၈။ အဘယ်ကြောင့် အကြံပြုချက်များပေးရန် လိုသနည်း

            နောက်ဆုံးနှင့် အရေးကြီးဆုံးအချက်မှာကား ဝေဘန်အကြံပြုချက်များ ပေးရန် ဖြစ်၏။ ထိုအကြံပြုချက်များက နောက်ထပ် ဤမတော်တဆမှုမျိုးမဖြစ်စေရန် မည်သည်တို့ ပြုလုပ်ရမည်ကို သိစေသည်။ အကယ်၍သာ သင်သည် မတော်တဆမှုဖြစ်သည့် လုပ်ငန်းစဉ် တစ်ခုလုံး အစအဆုံးကျေညက်စွာ နားလည်သဘောပေါက်သူဖြစ်ပါက ဤကောက်ချက်ဆွဲရန် ခဲယဉ်းမည် မဟုတ်ပါ။ ဤအချက်များသည် လိုက်နာလုပ်ဆောင်နိုင်သည့် လက်တွေ့ကျသော အချက်များဖြစ်ရမည်။ ဤအကြံပြုချက်များသည် -

ü  တိတိကျကျရှိရမည်။
ü  အပြုသဘောဆောင်ရမည်။
ü  အကြောင်းရင်းကို တိုက်ရိုက်ဖြေရှင်းထားသည့် အချက်ဖြစ်ရမည်။
ü  အခြားပတ်သက်ဆက်နွယ်နေသည့် အချက်များကိုပါ ထောက်ပြရမည်။

၁၆၊ ၉။ အစီရင်ခံစာ ရေးသားတင်ပြခြင်း

            ဖြစ်ပွားသော မတော်တဆမှုတိုင်းအတွက် အမှုကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ အစီရင်ခံစာ ရေးသားတင်ပြရသည်။    
မတော်တဆမှုဖြစ်ပွားသူ၊ ဖြစ်ပွားသည့်နေ့ရက်၊ အချိန်၊ နေရာ၊ မည်ကဲ့သို့ ဖြစ်ပွားသည်၊ ဒဏ်ရာရမရ၊ ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်း တွင် ဒဏ်ရာရသည်။ ဆေးခွင့် ဘယ်နှစ်ရက်ယူရသည်။ ဆေးရုံ ဘယ်နှစ်ရက် တက်ရသည်။ ဆေးရုံဆေးခန်းနာမည်။ မည်သည့်အရာများ ပါဝင်ပတ်သက်နေသည် စသဖြင့် အသေးစိတ် ဖော်ပြရသည်။
            ရရှိခဲ့သည့် ဒဏ်ရာ၊ ဖြစ်ပျက်ခဲ့သည့်နေရာ၊ စက်ကိရိယာ၊ လက်သုံးကိရိယာ စသည့် ဓာတ်ပုံမှတ်တမ်းများလည်း ပူးတွဲတင်ပြရ သည်။ မတော်တဆမှုဖြစ်ပွားစဉ် ထိုနေရာ၌ ရှိနေခဲ့သူ မျက်မြင်သက်သေများအား လူတွေ့စစ်ဆေးမေးမြန်းချက်များကိုလည်း မှတ်တမ်းတင် ထားရသည်။
            နောက်ဆုံးတွင် ဤမတော်တဆမှုမျိုး နောက်ထပ်မဖြစ်အောင် မည်ကဲ့သို့ အကာအကွယ်၊ အတားအဆီးများ ပြုလုပ်သင့်သည်ကို အကြံပြု တင်ပြရသည်။ ထို့နောက် စုံစမ်းစစ်ဆေးသူအရာရှိက လက်မှတ်ထိုးကာ စီမံကိန်းမန်နေဂျာထံတင်ပြပြီး စီမံကိန်းမန်နေဂျာက လိုအပ်သည့်မှတ်ချက်များပြုကာ အတည်ပြု မှတ်တမ်းတင်သည်။
အစီရင်ခံစာအတွက် စံပုံစံရှိပါသည်။ ထိုပုံစံကို နောက်ဆက်တွဲ (-) တွင် ဖော်ပြထားပါသည်။

၁၆၊ ၁၀။ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်နည်း

            မတော်တဆမှုဖြစ်ပွားကြောင်း လုပ်ငန်းခွင်၌ ရှိသူအားလုံးကို ထုတ်ပြန်အကြောင်းကြားရမည်။ နံနက်ခင်း စုဝေးပွဲများတွင် လုပ်သားအားလုံးကို အသိပေးပြောကြားသည်။ အပတ်စဉ်စည်းဝေးပွဲ၊ လပတ်စည်းဝေးပွဲများတွင် ဆပ်ကန်ထရိုက်တာအားလုံးအား အသိပေးသည်။ ကြော်ငြာသင်ပုန်းတွင်ကပ်ကာ ကြေငြာရသည်။     
အစီရင်ခံစာပါ အချက်အလက်များအရ ကာကွယ်ရမည့်အစီအမံများကို သက်ဆိုင်သူများမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရသည်။ မည်သည့်ရက်တွင် အပြီးဆောင်ရွက်ရမည်ကို အစီရင်ခံစာ၌ ထည့်သွင်းရေးသားထားရမည်။ မည်ကဲ့သို့လုပ်ရမည်ကို အစီရင်ခံစာတွင် အတိအကျ ရေးသားဖော်ပြထားသည်ဖြစ်၍ ထိုအတိုင်း လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။ အမှန်တကယ် လိုက်နာ ဆောင်ရွက်ခြင်းရှိမရှိကို တာဝန်ရှိသူ (ဥပမာ - လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အရာရှိ) က စောင့်ကြည့်စစ်ဆေးရသည်။ မလုပ်ရသေး လျှင် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် တွန်းအားပေးရသည်။
လိုအပ်လျှင် အလုပ်သမားများအား မွမ်းမံသင်တန်းများ ပေးရမည်။ ပိုမိုအန္တရာယ်ကင်းသော စက်များနှင့် လဲလှယ်ပေးရမည်။ ပိုမို အန္တရာယ်ကင်းသည့် လုပ်ငန်းခွင် ဖန်တီးပေးရမည်။ မိမိတို့ အကြံပေးချက်များသည် လက်တွေ့တွင် တကယ်ထိရောက်မှုရှိမရှိ၊ အမှန်တကယ် မတော်တဆမှုကို လျှော့ချပေးနိုင်၊ မပေးနိုင်ကိုလည်း အမြဲပြန်လည် ဆန်းစစ်နေရန်လိုသည်။  

ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ

၁။ http://www.ccohs.ca  - Accident Investigation

ဆက်ပါဦးမည်။

အေးငြိမ်း
၁၇ ဒီဇင်ဘာ၊ ၂၀၁၃။ ည ၉း၃၅ နာရီ

No comments: