Thursday, December 19, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄၈)

အခန်း (၁၇)

လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စီမံချက်အား လုပ်ငန်းစစ်ခြင်း
(Workplace Safety and Health Management System Audit)


            လုပ်ငန်းခွင်တစ်ခုကို အန္တရာယ်အကင်းနိုင်ဆုံး ထိန်းထားရန်အတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အား အမြဲမပြတ် တိုးတက်နေအောင် ဆောင်ရွက်နေရန်လိုပေသည်။ ဤသို့ဆောင်ရွက်ရာတွင် PDCA စက်ဝိုင်းပေါ် အခြေခံဆောင်ရွက်သည်။ PDCA စက်ဝိုင်းမှာ အောက်ပါအတိုင်းဖြစ်၏။


P – Plan                         - ရည်မှန်းချက်နှင့် စီမံချက်ရေးဆွဲပါ။ (OH&S policy)

D – Do               - ထိုစီမံချက်အတိုင်း အကောင်အထည်ဖော်ပါ။ (Implementation and Operation)
C – Check          - မိမိတို့လုပ်ငန်းစဉ်များသည် ချမှတ်ထားသော ပေါ်လစီ၊ ရည်မှန်းချက်၊ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း
                           ရှိမရှိ အမြဲစောင့်ကြည့်နေပါ။ မှားနေ၊ လွဲနေသည်များရှိလျှင် ပြန်လည်ပြင်ဆင်ပါ။ (Checkin and Corrective Action)
A – Act              - လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးလုပ်ငန်းစဉ်များ အမြဲတိုးတက်ကောင်းမွန်နေရန် အရေးယူ
                            ဆောင်ရွက်ပါ။ (Management Review)

            ထိုစက်ဝိုင်းအရ စီမံကိန်းတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲရေးစနစ်တစ်ခု ရေးဆွဲသည်။ ထို့နောက် ထိုရေးဆွဲ ထားသည့် စနစ်အတိုင်း လုပ်ငန်းခွင်အတွင်း လက်တွေ့ကျင့်သုံးသည်။ ထို့နောက် ထို လက်တွေ့ကျင့်သုံးနေသည်များနှင့် ရေးဆွဲထားသော စနစ်၏ ချို့ယွင်းချက်အားနည်းချက်များကို ရှာဖွေမည်။ ထို့နောက်ရှာဖွေတွေ့ရှိချက်များအပေါ်အခြေခံကာ ပိုမိုကောင်းမွန်သည့် စနစ်တစ်ခု ဖြစ်လာစေရန် စီမံခန့်ခွဲရေးအဖွဲ့က ပြန်လည် သုံးသပ်စစ်ဆေးသည်။ ဤနည်းဖြင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အား အမြဲမပြတ် တိုးတက်နေအောင် ဆောင်ရွက်နိုင်သည်။
            လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အား လုပ်ငန်းစစ်ခြင်းသည် အထက်ပါ PDCA cycle မှ Check အပိုင်း ဖြစ်သည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်၏ ပြဌာန်းထားသော ဥပဒေများနှင့် မညီညွတ်သည့်အချက်၊ ချို့ယွင်းချက်။ အားနည်းချက် များကို လုပ်ငန်းစစ်ခြင်းဖြင့် ဖော်ထုတ်နိုင်သည်။
            စင်ကာပူတွင် ကန်ထရိုက်တန်ဘိုး သန်း ၃၀ ထက်ကျော်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုသည် လုပ်ငန်းလုပ်ခွင့်လိုင်စင်ရပြီး နှစ်လအတွင်း လုပ်ငန်းစစ်ရသည်။ ထိုလုပ်ငန်းစစ် အစီရင်ခံစာကို MOM သို့ တင်ပြရသည်။ အကယ်၍ စီမံကိန်းလုပ်ငန်းတစ်ခုသည် နှစ်လ အတွင်း လုပ်ငန်းစစ်ခြင်း မလုပ်ခဲ့ပါက ချပေးထားသည့် လိုင်စင်ကို ပြန်လည် ရုပ်သိမ်းနိုင်သည်။ ပထမအကြိမ် လုပ်ငန်းစစ်ပြီးနောက်တွင်မူ ခြောက်လတစ်ကြိမ် လုပ်ငန်းစစ် ၀င်ရသည်။
            ဤသို့လုပ်ငန်းစစ်ခြင်းကို လုပ်ငန်းစစ်အဖြစ် မှတ်ပုံတင်ထားသော အရာရှိများက ဆောင်ရွက်သည်။ ထိုလုပ်ငန်းစစ်များက အစိုးရ မှ သတ်မှတ်ထားသည့် လုပ်ငန်းစစ်ဆေးချက်ဇယားကို ကိုင်ကာ စစ်သည်။ ထိုဇယားကို Construction Safety Audit Scoring System (ConSASS) ဟုခေါ်၏။ ဇယားကြီးမှာ အလွန်ကြီးမားရှုပ်ထွေးပြီး မေးခွန်းပေါင်း ၃၅၀ ခန့်ရှိသည်။ သာမန်လူတို့ သိနားလည်နိုင်ရန် မလွယ် ကူ။ မြန်မာနိုင်ငံအတွက် အသုံးမတည့်နိုင်သဖြင့် ဤနေရာတွင် မဖော်ပြတော့ပါ။
            ယခုဖော်ပြမည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အား လုပ်ငန်းစစ်ဆေးခြင်းမှာ ယေဘူယျအားဖြင့် လုပ်ငန်းစစ် တစ်ခုတွင် မည်သည်တို့ ပါဝင်သည်။ မည်သည်တို့ကို စစ်ဆေးသည် စသည့် ယေဘူယျ လုပ်ပုံကိုင်နည်းများသာ ဖြစ်ပါသည်။

၁၇၊ ၁။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လုပ်ငန်းစစ်ခြင်းဟူသည် အဘယ်နည်း

            လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လုပ်ငန်းစစ်ခြင်းသည် ချမှတ်ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲမှုအဖွဲ့က မိမိတို့အဖွဲ့၏ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်သားများ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရေး၊ ပတ်ဝန်းကျင်ကို မည်မျှကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြောင်း စစ်ဆေးသည့် စနစ်ကျသော၊ ပုံမှန်ဖြစ်သော၊ ရည်ရွယ်ချက်ရှိသော စီမံခန့်ခွဲမှုဆိုင်ရာ ကိရိယာတစ်ခုဖြစ်သည်။
            လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လုပ်ငန်းစစ်ခြင်းတွင် ကုမ္ပဏီတွင်းစစ်ဆေးခြင်း (Internal Audit) နှင့် ပြင်ပအဖွဲ့အစည်းမှ ခေါ်ယူစစ်ဆေးခြင်း (External Audit) ဟု နှစ်မျိုးရှိ၏။

၁၇၊ ၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လုပ်ငန်းစစ်ရခြင်း ရည်ရွယ်ချက်

Ø  အစိုးရမှ ချမှတ်ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီမညီ သက်သေပြခြင်း
Ø  မောင်းနှင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်များနှင့် စံနှုန်းများနှင့် လွဲချော်နေသည့် အချက်များကို ထောက်ပြခြင်း
Ø  မတော်တဆမှုကိုဖြစ်စေနိုင်သည့်၊ အသက်ဆုံးရှုံးစေနိုင်သည့်၊ ပစ္စည်းများကို ပျက်စီးစေနိုင်သည့် လုပ်ငန်းခွင်အတွင်းမှ အခြေအနေများကို စစ်ဆေးဖော်ထုတ်ခြင်း
Ø  လုပ်ငန်းခွင်အတွင်းမှ လုပ်ဆောင်ချက်များနှင့် ပြင်ဆင်ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်များသည် ချမှတ်ထားသော စံနှုန်းများ၊ စည်းမျဉ်းများ နှင့် ညီညွတ်ကြောင်း သေချာစေခြင်း
Ø  လုပ်ငန်းလုပ်ကိုင်နေသူများအား အလုပ်ခွင်အတွင်းမှ အန္တရာယ်များကို ပိုမိုသတိပြုမိလာစေခြင်း
Ø  လက်ရှိလုပ်ငန်းလုပ်ကိုင်ပုံစနစ်များသည် အသစ်ပြုပြင်ထားသည့် နည်းစနစ်များနှင့် ကိုက်ညီမညီ စစ်ဆေးခြင်း
Ø  အသစ်ပြောင်းလဲသုံးစွဲသည့် စက်ကိရိယာ သို့မဟုတ် နည်းလမ်းများသည် အန္တရာယ်အသစ်များကို ဖန်းတီးပေးခြင်း ရှိမရှိ စစ်ဆေးခြင်း
Ø  လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုများသည် ပြည့်စုံလုံလောက်ခြင်းရှိမရှိ သုံးသပ်ခြင်း
Ø  လုပ်ငန်းကြီးတစ်ခုလုံး၏ အန္တရာယ်ကင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို လေ့လာကာ အဓိကအန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေများ အတွက် အကြံဉာဏ်များ ပေးခြင်း

၁၇၊ ၃။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လုပ်ငန်းစစ်အစီအစဉ်

Ø လုပ်ငန်းစစ်အစီအစဉ်ရေးဆွဲခြင်း
Ø လုပ်ငန်းစစ်နယ်ပယ် (ပါဝင်ရမည့်ဧရိယာနှင့်လုပ်ငန်း)
Ø လုပ်ငန်းစစ် ကြိမ်နှုန်း
Ø လုပ်ငန်းစစ်နည်းနာနိသျများ
Ø လုပ်ငန်းစစ်များ၏ အဓိကတာဝန်ဝတ္တရားများ
Ø လုပ်ငန်းစစ်အစီရင်ခံစာတင်ပြခြင်း
Ø လုပ်ငန်းစစ်တွေ့ရှိချက်များကို မှတ်တမ်းတင်ထားခြင်း

လုပ်ငန်းစစ်ဆေးခြင်းကို ကြိုတင်ကာကွယ်ခြင်းနှင့် ပြင်ဆင်ခြင်း (preventive and corrective action) တို့နှင့် ချိတ်ဆက် ထားရမည်။

 ၁၇၊ ၄။ လုပ်ငန်းစစ် ကြိမ်နှုန်းကို ရှာဖွေခြင်း

            မိမိတို့လုပ်ငန်းနှင့်လိုက်လျောညီထွေဖြစ်မည့် လုပ်ငန်းစစ်ကြိမ်နှုန်း (မည်မျှကြာလျှင် တစ်ကြိမ်လုပ်ငန်းစစ်မည်) ကိုရှာရန်အတွက် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။

Ø မိမိတို့လုပ်ငန်း၏ လုပ်ငန်းသဘာဝ နှင့်ဆောင်ရွက်မှုများ
Ø လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ပေါ် ထိခိုက်နိုင်ခြေများ (လုပ်ငန်းမစမီကတည်းက ကြိုတင်ရှာဖွေထားရမည်)
Ø လုပ်ငန်းအစဉ်အပေါ် စောင့်ကြည့်လေ့လာမှု ရလဒ်များ
Ø ယခင်လုပ်ငန်းစစ်ဆေးခြင်းမှ တွေ့ရှိချက်များ

၁၇၊ ၅။ မည်သည့်အရာကို လုပ်ငန်းစစ်လုပ်မည်နည်းဟု ရွေးချယ်သတ်မှတ်ခြင်း

            မိမိလုပ်ငန်းခွင်အတွင်း၌ ကိရိယာများစွာ၊ စက်များစွာ၊ ကန်ထရိုက်များစွာ၊ လုပ်ငန်းများစွာရှိသည့်အနက် မည်သည့်အရာကို လုပ်ငန်းစစ်ဆေးခြင်းပြုမည်ကို မှန်ကန်စွာရွေးချယ်တတ်ဘို့ လိုပါသည်။ အောက်တွင် ရွေးချယ်ရာ၌ လိုက်နာသင့်သည့်အချက်မျာကို ဖော်ပြထားပါသည်။

Ø လုပ်ငန်းအသစ် သို့မဟုတ် စက်အသစ်၊ လုပ်ငန်းအသစ်ကို ပြောင်းသွားသလား။
Ø ဓာတုပစ္စည်းတွေအတွက် အသစ်ထွက်လာတဲ့ သတင်းအချက်အလက်တွေမှာ လူကိုအန္တရာယ်ဖြစ်စေတာတွေ ထပ်ပါလာသလား။
Ø ပြင်ပအဖွဲ့အစည်း၊ ဥပမာ - စက်ငှားရမ်းသူတွေဆီကနေ သတင်းအချက်အလက်သစ်တွေ ထပ်ရလာသလား။
Ø ပတ်ဝန်းကျင်ဆိုင်ရာကို အရင်တုံးက မစဉ်းစားပဲ အခုမှ ထည့်သွင်းစဉ်းစားသလား။
Ø လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုကို စတင်အကောင်အထည်ဖော်မလား။
Ø လုပ်ငန်းစစ်ဆေးခြင်းအစီအစဉ်ကို ပြောင်းမလား။

အထက်ပါကဲ့သို့ အပြောင်းအလဲတစ်ခုခုဖြစ်သည့်အခါ ထိုအရာကို အာရုံစိုက်၍ လုပ်ငန်းစစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ မသိသေးသောအချက်အလက်များစွာ ပါနေမည်ဖြစ်သဖြင့် လိုအပ်ချက်များ၊ လစ်ဟာချက်များ၊ အားနည်းချက်များ အများအပြား ရှိနိုင်သော ကြောင့် ဖြစ်သည်။

၁၇၊ ၆။ လုပ်ငန်းစစ် အစီအစဉ်

            ယေဘူယျအားဖြင့် လုပ်ငန်းစစ်အစီအစဉ်ကို သုံးပိုင်းပိုင်းခြားနိုင်သည်။

Ø လုပ်ငန်းစစ်မစတင်မီ ဆောင်ရွက်ရမည့်အချက်များ (Pre-Audit Activities)
Ø လုပ်ငန်းစစ်နေစဉ် ဆောင်ရွက်ရမည့်အချက်များ (On-Site Audit Activities)
Ø လုပ်ငန်းစစ်ပြီးသွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များ (Post Audit Activities)

၁၇၊ ၆၊ ၁။ လုပ်ငန်းစစ် မစတင်မီ ဆောင်ရွက်ရမည့် လုပ်ငန်းများ

            လုပ်ငန်းစစ်မ၀င်မီ ပထမဦးစွာလုပ်ရမည်မှာ လုပ်ငန်းစစ်မည့် နေ့ရက်၊ အချိန်၊ နေရာ သတ်မှတ်ခြင်းဖြစ်သည်။ ဤသည်မှာ လုပ်ငန်းစစ်အဖွဲ့ဝင်များနှင့် စီမံကိန်းလုပ်ငန်းမှ စီမံခန့်ခွဲရေးအဖွဲ့တို့ ညှိနှိုင်းကာ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် နေ့ရက်၊ အချိန်ကို ရွေးချယ်ခြင်း ပင်ဖြစ်ပါသည်။ နေရာကိုမူ လုပ်ငန်းခွင်အတွင်းမှ စည်းဝေးခန်းမကို ရွေးချယ်ခြင်းက ပိုမိုသင့်တော်ပါသည်။
            ဤသို့ရွေးချယ်ပြီးနောက် လုပ်ငန်းစစ်အဖွဲ့ဝင်များအနေနှင့် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ ဥပမာ - ခရီးဝေး မှ လာရမည့်သူဖြစ်ပါက သယ်ယူပို့ဆောင်ရေးအစီအစဉ်၊ နေထိုင်စားသောက်ရေး အစီအစဉ်၊ ၎င်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှု စသည်တို့ ပါဝင်ပါသည်။ လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့အနေနှင့်လည်း လုပ်ငန်းစစ်အတွက် လိုအပ်သော စာရွက်စာတမ်း၊ မှတ်တမ်းမှတ်ရာ၊ သက်သေ အထောက်အထားများ စုဆောင်းခြင်းကို ပြုလုပ်ထားရန်လိုပါသည်။ 
            ထို့နောက် မည်သည့်နေရာ၊ မည်သည့်လုပ်ငန်းများကို လုပ်ငန်းစစ်မည်၊ မည်မျှကြာမည်၊ မည်သည်တို့ ကြိုတင်ပြင်ဆင်ထားရန် လိုသည်စသည်တို့ကို လုပ်ငန်းစစ်အဖွဲ့မှ လုပ်ငန်းခွင်စီမံခန့်ခွဲရေးအဖွဲ့သို့ ကြိုတင်အကြောင်းကြားထားရပါမည်။
            လုပ်ငန်းစစ်အတွက်လိုအပ်သည်များမှာ အောက်ပါတို့ဖြစ်နိုင်ပါသည်။ သို့သော် လုပ်ငန်းစစ်မည့်သူများ အသုံးပြုမည့်နည်းများပေါ် မူတည်ကာ ကွဲပြားနိုင်သည်။

Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ် လက်စွဲစာအုပ် (Safety Management System Manual)
Ø လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးမူ ၀ါဒ
Ø လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းပုံ
Ø လုပ်ငန်းခွင်ပြ မြေပုံ
Ø လုပ်ကိုင်နေသော လုပ်ငန်းအမျိုးအစားများ၊ သုံးနေသောစက်များ၊ ပါဝင်လုပ်ကိုင်နေသော လုပ်သားများ၏ သတင်းအချက်အလက်
Ø စက်များနှင့် ယာဉ်မောင်းတို့၏ လိုင်စင်များ၊ သင်တန်းဆင်းလက်မှတ်များ
Ø စက်ကိရိယာများ၏ ပြင်ဆင်ထိန်းသိမ်းမှု မှတ်တမ်းများ
Ø လုပ်ငန်းခွင် မတော်တဆမှု မှတ်တမ်းများ
Ø လုပ်ငန်းစစ်အတွင်း ပါဝင်ဆောင်ရွက်ရမည့်သူများစာရင်း (မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ အလုပ်သမားတို့၏ နာမည်စာရင်း)

၁၇၊ ၆၊ ၂။ လုပ်ငန်းစစ်နေစဉ် ဆောင်ရွက်ရမည့်အချက်များ

လုပ်ငန်းစစ် အဖွင့်စည်းဝေးပွဲ

ဤစည်းဝေးပွဲတွင် လုပ်ငန်းစစ်အဖွဲ့အား မိတ်ဆက်ရင်း လုပ်ငန်းစစ်ရခြင်းရည်ရွယ်ချက်၊ မည်သည်တို့ကို လုပ်ငန်းစစ်မည်၊ မည်သည့်နည်းများဖြင့်စစ်မည် အစရှိသည်တို့ကိုရှင်းလင်းပြောပြသည်။

ပဏာမခရီး

            ဤအဆင့်တွင် လုပ်ငန်းခွင်နှင့်ပတ်သက်သော လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းသည်။ လက်ရှိစစ်ဆေးမည့် နယ်ပယ်အပြင် လိုအပ်ပါက နောက်ထပ်စစ်မည့်နယ်ပယ်များ (ဥပမာ - ဆပ်ကန်ထရိုက်တာများ) ကို သတ်မှတ်သည်။ လုပ်ငန်းခွင်၏ အဓိက လုပ်ငန်းများ၊ စနစ်များနှင့် အကျွမ်းတ၀င်ရှိစေရန် အကျဉ်းရုံး လေ့လာသည်။ လုပ်ငန်းခွင်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို သိနားလည်နိုင်အောင် ကြိုးစားသည်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်အား စစ်ဆေးခြင်း

            ရေးဆွဲကျင့်သုံးနေသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်သည် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာခြင်းရှိမရှိ ဦးစွာစစ်ဆေးသည်။ ဤသို့စစ်ဆေးရာတွင် ကြိုတင်စီစဉ်ထားသော စစ်ဆေးချက်ဇယား (Checklist) ကို အသုံးပြုနိုင်သည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်၏ ကျစ်လစ်ခိုင်မာမှု၊ တိကျပြတ်သားမှုနှင့် ထိရောက်မှုတို့ကို လေ့လာ သည်။
            ရေးဆွဲထားသည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်သည် ပြဌာန်းထားသည့် ဥပဒေများအတွက် လုံလောက်မှုရှိမရှိ၊ ကိုက်ညီမှုရှိမရှိ စစ်ဆေးသည်။ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေမှုများသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်တွင် ရေးဆွဲ ချမှတ်ထားသည်များနှင့် ကိုက်ညီခြင်းရှိမရှိ စစ်ဆေးသည်။ စစ်ဆေးတွေ့ရှိချက်ကို လုပ်ငန်းစစ်အစီရင်ခံစာတွင် ထည့်သွင်းရေးသားသည်။

မှတ်ချက်။             ။ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်ကိုရေးဆွဲရန် လုပ်ထုံး လုပ်နည်း၊ လုပ်ငန်းလမ်းညွှန်ရှိသည်။ CP 79 – Safety Management System for Construction Worksites ဖြစ်၏။ ဤ Code of Practice က ညွှန်ပြသည့်အတိုင်း ရေးဆွဲသည်။ ၎င်းတွင် အပိုင်း (၁၄) ပိုင်း (14 elements) ပါသည်။
သို့သော် ConSASS လုပ်ငန်းစစ် စနစ်ဖြင့် စစ်ဆေးသည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်မှာ OSHAS  (International Occupational Health and Safety Management System) ပေါ် အခြေခံ ရေးသားထားခြင်း ဖြစ်ပါသည်။ ဤအခန်း ရှေ့ဆုံးတွင် ဖော်ပြထားခဲ့သော PDCA စက်ဝိုင်းအတိုင်း အကောင်အထည်ဖော်ခြင်းဖြစ်၏။ ၎င်းတွင် အပိုင်း (၁၇) ပိုင်း (17 elements) ပါသည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ် (SHMS - Safety And Health Management System) မှာ လုပ်ငန်းခွင် အတွင်း အန္တရာယ်ကင်းရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ လိုက်နာလုပ်ဆောင်ရမည့် လက်စွဲစာအုပ် ဖြစ်၏။ CP 79 အတိုင်းရေးထားသည့် SHMS နှင့် အနည်းငယ်ကွာသည်။
           
လုပ်ငန်းစစ်အတွက် အချက်အလက်များ စုဆောင်းခြင်း

            ဤလုပ်ငန်း၏ရည်ရွယ်ချက်မှာ လုပ်ငန်းခွင်အတွင်း လက်တွေ့ချမှတ်ကျင့်သုံးနေသည့်စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်ရန်ဖြစ်သည်။ စုဆောင်းရယူသော အချက်အလက်များသည် မိမိတို့ဆန်းစစ်သည့်လုပ်ငန်းသည် စံနှုန်းများနှင့် ကိုက်ညီကြောင်း၊ မကိုက်ညီကြောင်းကို သက်သေပြရန်အတွက် ကိုယ်စားပြုနိုင်ရမည်၊ လုံလောက်ရမည်။
            ပိုပြီး အန္တရာယ်များသည့်လုပ်ငန်းများကို ဦးစားပေး လေ့လာဆန်းစစ်ရမည်။ (ဤနေရာတွင် ပိုပြီးအန္တရာယ်များသည့်လုပ်ငန်း ဟူသည်မှာ အကြီးအကျယ်ထိခိုက်ဒဏ်ရာရစေနိုင်သော သို့မဟုတ် အသက်အန္တရာယ်ရှိသော လုပ်ငန်းကိုဆိုလိုသည်။)
            အကယ်၍ လုပ်ငန်းတစ်ခုသည် လုပ်ကိုင်ဆဲ သို့မဟုတ် မပြီးပြတ်သေးပါက ထိုလုပ်ငန်းအတွက် အချိန်အကန့်အသတ်တစ်ခု ဖြင့်သာ လုပ်ကိုင်ရမည်။
            ဤသို့အချက်အလက်စုဆောင်းရာတွင် အောက်ပါအတိုင်း စုဆောင်းပုံ၊ စုဆောင်းနည်း သုံးမျိုးရှိသည်။
၁။ စာရွက်စာတမ်းများအား လေ့လာခြင်း
၂။ လုပ်ငန်းခွင်အတွင်းမှ လူများအား လူတွေ့စစ်ဆေးခြင်း
၃။ လုပ်ငန်းခွင်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း

၁။ စာရွက်စာတမ်းများအား လေ့လာခြင်း

            လုပ်ငန်းခွင်အတွင်း ကွင်းဆင်းစစ်ဆေးနေစဉ်ဖြစ်စေ၊ ကွင်းဆင်းမစစ်ဆေးမီဖြစ်စေ စာရွက်စာတမ်းများ လေ့လာခြင်းကို အဆင်ပြေသလို ပြုလုပ်နိုင်သည်။ များသောအားဖြင့် အခြား မည်သည့်အရာမှမလုပ်မီ စာရွက်စာတမ်းများအား ဦးစွာ စစ်ဆေးလေ့ရှိသည်။
            စစ်ဆေးရာတွင် ဥပဒေအရ ရှိထားရမည့် စာရွက်စာတမ်းများ၊ ဥပမာ ၀န်ချီစက်မောင်းသူလိုင်စင်၊ ၀န်ချီစက်လိုင်စင်၊ ၀န်ချီကိရိယာ လက်မှတ်များ၊ မဖြစ်မနေတက်ထားရမည့် သင်တန်းဆင်းလက်မှတ်များ၊ သတ်မှတ်ထားသည့်အလုပ်ကို လုပ်ကိုင်ရန် ခန့်အပ်ထားသည့် အလုပ်ခန့်စာများ စသည်တို့ကို အဓိကထား စစ်ဆေးသည်။

စစ်ဆေးရန်လိုသည့် စာရွက်စာတမ်းများ

Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်လက်စွဲစာအုပ်
Ø လုပ်ငန်းခွင် ဖွဲ့စည်းပုံဇယား
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စည်းမျဉ်းစည်းကမ်းများ
Ø သင်တန်းမှတ်တမ်းများ
Ø ထိခိုက်ဒဏ်ရာရမှု၊ မတော်တဆမှုမှတ်တမ်းများ
Ø အန္တရာယ်ကင်းစွာ အလုပ်လုပ်ရေးအစီအစဉ်များ
Ø လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စည်းဝေးပွဲမှတ်တမ်းများ
Ø စက်ကိရိယာပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းများ
Ø လုပ်ငန်းခွင်စစ်ဆေးမှုမှတ်တမ်းများ
Ø လုပ်ငန်းခွင်အတွင်း အသုံးပြုနေသော စက်ယန္တယားများစာရင်း၊ ကိရိယာများစာရင်း
Ø အလုပ်လုပ်ခွင့်ပြုမိန့် (Permit-To-Work)
Ø အန္တရာယ်ရှိသောပစ္စည်းများ၏ သတင်းအချက်အလက်စာစောင် (Safety Data Sheet)
Ø အရေးပေါ်အစီအမံ
Ø လုပ်ငန်းခွင် ကျန်းမာရေးအစီအမံ
Ø ယခင်ကစစ်ခဲ့သည့် လုပ်ငန်းစစ်မှတ်တမ်းများ - - - စသည်

၂။ လုပ်ငန်းခွင်အတွင်းမှ လူများအား လူတွေ့စစ်ဆေးခြင်း

            နောက်တစ်ခုမှာ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူများအား လူတွေ့စစ်မေးခြင်း ဖြစ်သည်။ ဤသို့စစ်မေးရာတွင်လည်း မေးခွန်းများကို ကြိုတင်ပြင်ဆင်လာနိုင်သည်။ မေးခွန်းများတွင် သမားရိုးကျမေးခွန်းများနှင့် သမားရိုးကျ၊ မေးရိုးမေးစဉ်မဟုတ်သော မေးခွန်း များလည်း ပါနိုင်သည်။ ဤနည်းဖြင့် ချမှတ်ကျင့်သုံးနေသည့်စနစ်ကို လုပ်ငန်းခွင်အတွင်း လက်တွေ့လုပ်ကိုင်နေသူများ နားလည် သဘောပေါက်ခြင်းရှိမရှိ၊ စီမံခန့်ခွဲရေးအဖွဲ့၏ ရည်မှန်းချက်နှင့်မူဝါဒများကို သတိပြုမိခြင်းရှိမရှိ၊ ပြဌာန်းထားသည့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ရေးအစီအစဉ်များအတိုင်း လိုက်နာလုပ်ကိုင်ခြင်းရှိမရှိ စသည်တို့ကို သေချာစွာ သိနိုင်သည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်လက်စွဲစာအုပ်ပါနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ သက်သေပြချက်တစ်ခုလည်း ဖြစ်သည်။
            လူတွေ့စစ်မေးခြင်းတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။
Ø အမေးခံရသူ၏ ကျွမ်းကျင်တတ်မြောက်မှု (competence of interviewee)
Ø တုံ့ပြန်ဖြေကြားမှု၏ ကျိုးကြောင်းဆီလျော်မှု (reasonableness of response)
Ø ဖြစ်နိုင်ချေရှိသော ဘက်လိုက်မှု (possible biases)
Ø မေးခွန်း၏ သင့်လျော်မှန်ကန်မှု (suibability of the question being asked)

စစ်မေးရာတွင် -
·         အလုပ်သမား
·         ကြီးကြပ်ရေးမှူး
·         မန်နေဂျာ - စသည်တို့ ပါဝင်နိုင်သည်။

ပထမဦးဆုံးမေးရမည်မှာ ၎င်းတို့၏ တာဝန်နှင့် ၀တ္တရားများဖြစ်သည်။ ၎င်းတို့အား လုပ်ငန်းခွင်၌ ချမှတ်ထားသော လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးမူဝါဒကို သတိပြုမိခြင်းရှိမရှိ၊ ထိုမူဝါဒကို ကောင်းစွာ သဘောပေါက်ခြင်းရှိမရှိ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးခြင်းရှိမရှိ၊ မိမိတို့လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း တီးခေါက်မိခြင်းရှိမရှိ၊ မိမိတို့လုပ်ငန်းအတွက် ရေးဆွဲထားသော အန္တရာယ်ကင်းစွာ အလုပ်လုပ်ရေး အစီအစဉ် အတိုင်း လိုက်နာလုပ်ဆောင်ခြင်း ရှိမရှိ၊ အန္တရာယ် အကဲဖြတ်ချက် (Risk Assessment) အကြောင်း သိမသိ စသည်တို့ကို မေးမြန်းနိုင်သည်။
အင်တာဗျူးလုပ်စဉ် ဓာတ်ပုံရိုက်ခြင်း၊ အသံသွင်းမှတ်တမ်းတင်ခြင်းများ ပြုလုပ်နိုင်သော်လည်း ၎င်းတို့၏ သဘောတူညီမှုကို ဦးစွာ ရယူရမည်။ ဖြေကြားချက်များကို သေချာစွာ မှတ်သားထားရမည်။ အလွန်ကြာမြင့်စွာ မေးမြန်းခြင်းမပြုရ။ မူလသတ်မှတ်ထားသည့် အချိန် ဘောင်အတွင်းမှသာ မေးမြန်းရမည်။ မေးခွန်းတစ်ခုတည်းကို ထပ်ခါတလဲလဲ မေးမြန်းခြင်းအား ရှောင်ကြဉ်ပါ။  

၃။ လုပ်ငန်းခွင်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း

            လက်တွေ့ကွင်းဆင်းလေ့လာခြင်း၏ ရည်ရွယ်ချက်မှာ စာရွက်စာတမ်းများ၊ လူတွေ့မေးမြန်းခြင်းများမှရသော အချက်အလက်များ နှင့် လက်တွေ့လုပ်ငန်းခွင်၌ လုပ်ကိုင်နေသည်တို့ ကိုက်ညီမှုရှိမရှိ သေချာအောင် ထပ်မံသက်သေထူခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်လည်း အထောက်အထားများကို လုပ်ငန်းခွင်အတွင်းမှ လက်တွေ့လိုက်လံစုဆောင်းခြင်းဖြစ်သည်။ အထောက်အထား ယူရာတွင် စိတ်အချရဆုံး နည်းတစ်ခုဖြစ်၏။ လိုက်လံစစ်ဆေးရာတွင် အရေးကြီးသော (ဥပမာ - ဥပဒေအရ ပြဌာန်းထားသည့် မဖြစ်မနေ လိုက်နာရမည့် အချက်များ၊ အသက်အန္တရာယ်နှင့် တိုက်ရိုက်ပတ်သက်နေသည့် လုပ်ငန်းများ) ကို ဦးစားပေး စစ်ဆေးရပါမည်။ သို့သော် လက်တွေ့စစ်ဆေးရသည့် အချိန်မှာ အကန့်အသတ်ရှိလေရာ လုပ်ငန်းခွင်အတွင်း မြင်နေရသော လုပ်ပုံကိုင်နည်းများသည် စနစ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုရန် မလုံလောက်နိုင်ခြင်းပင် ဖြစ်ပါသည်။

            လုပ်ငန်းခွင်အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယိုမှတ်တမ်း၊ စာရွက်စာတမ်း အထောက်အထား (ဥပမာ - အမြင့်၌ အလုပ်လုပ်ခွင့် ပါမစ် - Permit To Work for Working At Height)  စသည်တို့ ရယူနိုင်သည်။ လက်တွေ့ကွင်းဆင်း မစစ်ဆေးမီ လိုအပ်သည့် ပစ္စည်း ကိရိယာများ စုံလင်အောင် စုဆောင်း ပြင်ဆင်ထားရမည်။ ထိုပစ္စည်းများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

Ø လုပ်ငန်းခွင်အတွင်းသွားရာတွင် ၀တ်ဆင်ရန်လိုအပ်မည့် တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများ (PPE)
Ø စစ်ဆေးချက်စာရင်းဇယား (Checklist)
Ø မှတ်စုစာအုပ်၊ ဘောပင်၊ ခဲတံ (Auditor’s Notes)
Ø ကင်မရာ၊ ဗီဒီယိုကင်မရာ
Ø အခြားပစ္စည်းများ (ဥပမာ - ပေကြိုး၊ လက်နှိပ်ဓာတ်မီး၊ ဆူညံသံတိုင်းမီတာစသည်)

ကွင်းဆင်းစစ်ဆေးရာတွင် မိမိဦးတည်စစ်ဆေးမည့်အရာကို သိရမည်။ (ဥပမာ - အမြင့်တွင်အလုပ်လုပ်ခြင်း) အောက်ပါတို့သည် ကွင်းဆင်းစစ်ဆေးရာတွင် ဦးစားပေးရမည့် အရာများ၊ အာရုံစူးစိုက် စစ်ဆေးရန် လိုသော နယ်ပယ်များဖြစ်၏။

Ø အမြင့်မှပြုတ်ကျခြင်း
Ø အမြင့်မှကျလာသည့်ပစ္စည်းနှင့် ထိခိုက်မိခြင်း
Ø မြေတူးခြင်းနှင့်ဆက်နွယ်နေသည့် အန္တရာယ်များ
Ø အန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင်နေရခြင်း
Ø လျှပ်စစ်အန္တရာယ်
Ø စက်များ၊ အလုပ်ရုံများနှင့် ဆက်နွယ်နေသော အန္တရာယ်များ
Ø လိုဏ်ခေါင်း၊ ကတုတ်ကျင်းများအတွင်း အလုပ်လုပ်ခြင်း (Confined Space Works)
Ø မီး သို့မဟုတ် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်

လေ့လာတွေ့ရှိချက်များသည် ပြည့်စုံလုံလောက်မှုရှိရမည်။ တွေ့ရှိချက်များကို သတ်မှတ်ထားသောစံများအပေါ်မူတည်၍ လေ့လာ သုံးသပ်ရမည်။
စစ်ဆေးချက်စာရင်းဇယား (Audit Checklist) ကို နောက်ဆက်တွဲ (-) တွင် ဖော်ပြထားပါသည်။


၎။ လုပ်ငန်းစစ် အပိတ်စည်းဝေးပွဲ (Exit Meeting)

            လုပ်ငန်းစစ်ဆေးစဉ်အတွင်း မိမိတို့တွေ့ရှိချက်များကို ရှင်းလင်းတင်ပြရန်၊ လုပ်ငန်းစစ်အစီရင်ခံစာကို မည်သည့်နေ့ရက်တွင် တင်ပြနိုင်မည်ဖြစ်ကြောင်း အသိပေးရန်၊ လုပ်ငန်းစစ်တစ်လျှောက်လုံး အကူအညီပေးခဲ့ခြင်းအတွက် လုပ်ငန်းခွင်မှ လူအားလုံးကို ကျေးဇူး တင်ပါကြောင်း ပြောကြားရန်၊ မရှင်းလင်းသည်များရှိပါက ထပ်မံရှင်းပြရန်တို့အတွက် လုပ်ငန်းစစ် အပိတ်စည်းဝေးပွဲကို လုပ်ရသည်။

၅ ။ ပြန်လည်သုံးသပ်ချက် (Evaluation)

            လုပ်ငန်းစစ်ခြင်းမှ တွေ့ရှိချက်များကို ပြန်လည်အကဲဖြတ် သုံးသပ်ရန်လိုပါသည်။ တွေ့ရှိချက်များထဲမှ -
v အဆိုးဆုံးအခြေအနေ
v ဘာတွေမှားနိုင်သလဲ
v လုပ်ငန်းစစ်ရာမှာ ဘာတွေ မေ့ကျန်ခဲ့သလဲ - စသည်တို့ကို ဆန်းစစ်ရပါမည်။

မှန်ကန်သည့်လူကို မေးမြန်းခြင်း၊ မှန်ကန်သည့် စက်ကိရိယာကို ရွေးချယ်နိုင်ခြင်းဖြင့် မိမိတို့၏ စစ်ဆေးတွေ့ရှိချက်များကို ပိုမိုခိုင်မာစေသည်။ မိမိတို့စစ်ဆေးနေစဉ်အတွင်း လုပ်ကိုင်မနေသော အခြားလုပ်ငန်း ရှိသေးသလားဟုလည်း စုံစမ်းရမည်။ စစ်ဆေးတွေ့ရှိ သမျှ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အားလုံးကို အပြည့်အစုံ မှတ်တမ်းတင်ထားရမည်။  
            ယေဘူယျ စစ်ဆေးတွေ့ရှိချက်များအား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်နှင့် ဆက်စပ်နိုင်ရမည်။ ထို့နောက် နည်းလမ်းများရှာဖွေလျှက် စနစ်၏ အားပျော့ချက်ကို ထောက်ပြနိုင်ရမည်။


၁၇၊ ၆၊ ၃။ လုပ်ငန်းစစ်ပြီးသွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များ

            လုပ်ငန်းစစ်များသည် လုပ်ငန်းစစ်ခြင်းပြီးသွားပြီးနောက် မိမိတို့တွေ့ရှိချက်များကို အစီရင်ခံစာ ရေးတင်ရသည်။ အစီရင်ခံစာကို နှစ်ပတ် သို့မဟုတ် တစ်လထက်မပိုစေဘဲ လုပ်ငန်းခွင် တာဝန်ရှိသူများထံ ပေးပို့ရသည်။
ပထမဦးစွာ အစီရင်ခံစာကို အကြမ်းရေးပြီး လုပ်ငန်းခွင် တာဝန်ရှိသူများထံ ပေးပို့ကာ စစ်ဆေးခိုင်းရသည်။ လုပ်ငန်းခွင်တာဝန်ရှိသူ များက ထိုအစီရင်ခံစာကို ဖတ်ရှုပြီး လိုအပ်လျှင် ပြန်လည်ပြင်ဆင်ရန် လုပ်ငန်းစစ်များထံ ပြန်လည်ပေးပို့သည်။ နောက်ဆုံး အားလုံး အတည် ဖြစ်မှ လုပ်ငန်းစစ်များက အချောသတ် လုပ်ငန်းစစ် အစီရင်ခံစာကို ပြင်ဆင်ပေးပို့သည်။
အစီရင်ခံစာတွင် လုပ်ငန်းစစ်၌တွေ့ရှိသမျှ ကောင်းကျိုးဆိုးပြစ်တို့ကို ဖော်ပြသည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်၏ အားနည်းချက်၊ လစ်ဟာချက်၊ ဥပဒေ၊ နည်းဥပဒေများနှင့် မကိုက်ညီသောအချက်၊ လိုအပ်ချက်များကို ထောက်ပြသည်။ ထို့နောက် မည်သည်တို့ ပြုလုပ်သင့်သည်ကို အကြံပေး (recommendation) သည်။
လုပ်ငန်းရှိ တာန်ရှိသူက ထို လုပ်ငန်းစစ်အစီရင်ခံစာပေါ်မူတည်၍ လုပ်သင့်သည်တို့ကို ပြုလုပ်ရန် လုပ်ငန်းဆောင်ရွက်ရန်ဇယား (Follow-up Action Table) ရေးဆွဲသည်။ ထိုဇယားတွင် မည်သည်တို့ကို မည်သည့်နေ့၌ မည်သူကဆောင်ရွက်ရမည်ကို ဖော်ပြထားသည်။ ပြီးရမည့်ရက်ကိုပါ ဖော်ပြထားကာ လက်တွေ့လုပ်မလုပ်လည်း စောင့်ကြည့် စစ်ဆေးနေရန် လိုပါသည်။
လုပ်ကိုင်ပြီးသွားလျှင် မည်သည့်နေ့က ပြီးကြောင်း လက်မှတ်ထိုး မှတ်တမ်းတင်ထားရမည်။ အကယ်၍ မလုပ်ရသေးလျှင် အကောင်အထည်ဖော် ဆောင်ရွက်ရန် တာဝန်ရှိသူကို သတိပေးပြောကြားရမည်။
ထိုလုပ်ကိုင်ဆောင်ရွက်မှုမှတ်တမ်းကို သေချာစွာသိမ်းဆည်းထားကာ နောက်တစ်ကြိမ် လုပ်ငန်းစစ်ဝင်သောအခါ ယခင် လုပ်ငန်းစစ်တုံးက တွေ့ရှိချက်များကို ဆောင်ရွက်ပြီးကြောင်း သက်သေပြရမည်။

ရည်ညွှန်းကိုးကားစာအုပ်စာတမ်းနှင့် အင်တာနက် website များ

၁။ Batch Chemical Manufacturing Industry – EMS Audits
၂။ WSH Graduate Certificate Course – Conduct WSH Management System Audit
၃။ Audit Checklist for Construction Site

ဆက်ပါဦးမည်။

အေးငြိမ်း
၁၉ ဒီဇင်ဘာ၊ ၂၀၁၃။ ညနေ ၅း၃၀ နာရီ

No comments: