Monday, August 19, 2013

ကျွန်ုပ်တို့ လုပ်ပုံကိုင်ပုံ နှင့် သူတို့လုပ်ပုံကိုင်ပုံ

 (၁) ကျွန်ုပ်တို့ဆီမှာ လုပ်ပုံ

လွန်ခဲ့သော တနင်္ဂနွေနေ့က မမနှင့် ဖုံးဆက်တော့ သူက နင့် ပြောစရာရှိတယ် ဆိုကာ ရီကာမောကာ ပြောပြပါသည်။

မနေ့ညကဟယ် အောက်မှာ ခေါင်းလောင်းတွေတီးနေတာကြားလို့ ဟဲ့၊ ဖြူဖြူ၊ အမှိုက်လာသိမ်းတဲ့ကားများလား မသိဘူး။ အမှိုက် ဆင်းပစ်ချေစမ်းလို့ ခိုင်းလိုက်တော့ ဟုတ်တယ် ကြီးကြီး လို့ပြောတယ်။
နင်သိတဲ့အတိုင်းပဲ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ခုလိုပဲ ခေါင်းလောင်းတီးပြီး အမှိုက်သိမ်းတယ်။ နောက်တော့ အမှိုက်ကား မလာတော့ဘူး။ အနားမှာကလည်း ဘယ်မှ အမှိုက်ပစ်စရာ နေရာမရှိဘူး။ အဲဒီတော့ လူတွေက ဟိုလမ်းထိပ်မှာ အမှိုက်သွား ပစ်ကြတယ်။ အဲဒီနေရာမှာ အမှိုက်ပုံပြန်တော့လည်း မပုံရဘူးလို့ အမိန့်ထုတ်ပြန်တယ်ဟဲ့။
အဲဒီနေရာမပုံလို့ ဘယ်အနားသွားပုံမလဲ။ သူတို့လည်း နေရာသတ်မှတ်ပေးထားတာမဟုတ်။ ဒို့ရပ်ကွက်ကလည်း အိမ်တွေနဲ့ ပြည့်နေတာ ဘယ်အနားသွား အမှိုက်ပစ်မလဲ။
ပြောပြောဆိုဆို လူတွေက အဲဒီမှာပဲ အမှိုက်ပစ်ကြတော့ သူတို့ ဘာမှ မပြောတော့ဘူး။ စည်ပင်က အမှိုက်ကားကြီး လာပြီး အဲဒီအမှိုက်တွေကို ကြုံးတယ်။ နောက်တော့ အဲဒီနေရာက တရားဝင်အမှိုက်ပုံဖြစ်သွားရော။
နောက်ကျတော့ အဲဒီနေရာမှာ အမှိုက်မပုံပါနဲ့။ အိမ်ကအမှိုက်တွေကို အမျိုးအစားလိုက်ခွဲပြီး ပစ်ရမယ်ဆိုပြီး စည်ပင်က ပလတ်စတစ်အိတ်၊ အပြာရောင်၊ အစိမ်းရောင်၊ အနက်ရောင် စသဖြင့်ဝေပြန်တယ်။ အဲဒီ သူတို့ပေးတဲ့ အမှိုက်အိတ်နဲ့ပဲ ပစ်ရမယ်။ တခြားအိတ်နဲ့ပစ်ရင် ဒဏ်ရိုက်မယ် ဖြစ်ပြန်ရော။
အဲဒီပလတ်စတစ်အိတ်နဲ့ အမှိုက်ပစ်တဲ့စနစ်လည်း သိပ်မခံဘူး။ တော်ကြာကျတော့ အဲဒီလို ပလတ်စတစ်အိတ်တွေ မဝေတော့ပြန်ဘူး။ ကြိုက်ရာအိတ်နဲ့ ပစ်လို့ရတယ်လို့ ဂျာနယ်တွေကနေ ကြေငြာပြန်ရောဟေ့။ အဲဒီတော့ ဒို့လည်း နဂိုအမှိုက်ပုံကြီး နေရာမှာ ပြန်ပစ်ကြရပြန်တာပေါ့။
ဟိုတစ်နေ့ကတော့ အဲဒီနေရာမှာ အမှိုက်မပစ်ရဆိုပြီး အမိန့်ထုတ်ပြန်တယ်။ နို့ အဲဒီနေရာမပစ်လို့ ဘယ်နေရာသွားပစ်မလဲ ဆိုတော့ သူတို့လည်းမသိဘူး။
အဲဒါ မနေ့က ခေါင်းလောင်းသံကြားလို့ ဆင်းကြည့်ခိုင်းတော့မှ အမှိုက်သိမ်းတဲ့ကား ဖြစ်နေတယ်။ အမှိုက်သိမ်းတဲ့ကား လာလိမ့်မယ်၊ ဘယ်နှနာရီလာမယ်၊ ကြိပြင်ထားကြပါလို့လည်း မကြေငြာဘူး။ ဖြူ့ဖြူ့ကို အမှိုက်သိမ်းတဲ့ကားက နေ့တိုင်းလာမှာလား၊ ဘယ်နှနာရီလာမလဲလို့မေးခိုင်းလိုက်တာ ဘာမှ ပြန်မပြောဘူးလို့ ပြောတယ်။ အဲဒီကောင်လေးတွေလည်း သေသေချာချာ သိဟန် မတူဘူး။
ငါတို့ဟယ်၊ အရူး - လင်လုပ်ရတာကျနေတာဘဲ။

            ဤသည်မှာ ကျွန်တော်တို့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေသော အနှီလူကြီးမင်းများ၏ အတုယူဖွယ် စီမံခန့်ခွဲမှု နည်းစနစ် ဖြစ်ပါ၏။ နောင်လာနောက်သားများ အတုယူကြပါလေ။ (အတုယူဆိုသည်မှာ သူတို့လုပ်သမျှ ရှောင်ကြဉ်ကြဘို့ကို ပြောတာဖြစ်ပါ၏။)

(၂) သူတို့ဆီမှာ လုပ်ပုံ

ပြီးခဲ့သည့် မေလက ကျွန်တော့် Safety Officer လိုင်စင် သက်တမ်းကုန်တော့မည်ဖြစ်၍ သက်တမ်းတိုးရန် လုပ်၏။ အမှန်က အွန်လိုင်းမှနေ၍ လိုအပ်သောစာရွက်စာတမ်းများတင်၊ ပိုက်ဆံပေးလိုက်လျှင် ကိစ္စပြီး၏။ သို့သော် ယခုတစ်ခါတွင်မူ MOM မှ လူကြီးမင်းက သူတို့၏ online submission system ကို upgrade လုပ်လိုသောကြောင့် သူတို့ဆီလာပြီး renew လုပ်ပါဆို၍ ကျွန်တော်လည်း သူတို့ချိန်းထားသည့် အချိန်နှင့်နေရာသို့သွားကာ သူတို့ပြောသည့်အတိုင်း လုပ်ပါသည်။
ရောက်တော့ ငါတို့က ဒီလက်ရှိအွန်လိုင်းစနစ်ကို လူတွေ ဘယ်လောက် ရင်းနှီးသလဲ၊ ဘယ်လောက် လွယ်လွယ်ကူကူ သုံးနိုင်သလဲ၊ သုံးတဲ့နေရာမှာ ဘာအခက်အခဲတွေရှိမလဲ၊ အဲဒီအခက်အခဲတွေကို ဘယ်လိုရှင်းလို့ရမလဲဆိုတာ စစ်တမ်းကောက် ကြည့်တာ။ မင်း ကိုယ့်ဟာကိုယ် လုပ်စရာရှိတာသာလုပ်၊ ငါတို့ကြည့်နေမယ် ဟု ဆိုပါသည်။
ထို့နောက် ကျွန်တော့်ကို online renew လုပ်ခိုင်းကာ ကျွန်တော်လုပ်ပုံကိုင်ပုံများကို ဘေးမှထိုင်ကြည့်နေကြပါသည်။ လက်ထဲတွင်လည်း check list စာရွက်များကိုင်ထားကြ၏။ ဘယ်နေရာမှာ ထစ်နေသလဲ၊ ဘယ်လောက်ကြာသလဲဆိုတာကို မှတ်တမ်းယူနေကြခြင်းဖြစ်၏။ အသံလည်း ဖမ်းထားသေးသည်။
လုပ်သည့်နေရာမှာ MOM တွင်မဟုတ်။ MOM က ငှားထားသော service provider များထံတွင်ဖြစ်သည်။ boat quay နား၌ ရှိသည်။
ပြီးခဲ့သည့် ၂ နှစ်က လုပ်ခဲ့တာဆိုတော့ ကျွန်တော့်မှာ သိပ်ချောချောမွေ့မွေ့မဟုတ်။ အထစ်ထစ်အငေါ့ငေါ့နှင့်ဖြစ်၏။ ကိုယ့်အခန်းထဲမှာကိုယ် အေးအေးဆေးဆေး သက်တောင့်သက်သာ ဆိုလျှင်တော့ ဒီလောက်ခက်ချင်မှ ခက်မည်ပေါ့။ ခုတော့ သူတို့က နာရီတိုင်မာဖွင့်ထားလျှက် စာရွက်များ၊ ဘောပင်များကိုင်ကာ ကျားက သမင်ကို ချောင်းသလို ချောင်းနေလေတော့ ကျွန်တော့မှာ စိတ်ကျဉ်းကြပ်တာလည်း ပါပါလိမ့်မည်။ သည်လောက်လွယ်လွယ်လေးကို မနည်းပြီးအောင် လုပ်ယူရ၏။
အားလုံးပြီးသွားပြီး အွန်လိုင်းပိုက်ဆံပေးတော့ အရေးထဲမှ စက်က ဒေါင်းသွားလေ၏။ MOM officer ဖြစ်သူလည်း ကျွန်တော် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်ကို စိတ်မရှည်ရသည့်ကြားထဲ စက်ကဖောက်လာတော့ စိတ်တိုကာ ကိုင်း၊ ခုတော့ ထားလိုက်ပါတော့ကွာ၊ အိမ်ရောက်မှပဲပေးလိုက်တော့။ ပေးပြီး ငါ့ဆီ အီးမေးပို့လိုက် ဟု ဆို၏။
ချွေးပြန်ခ၊ စိတ်ကျဉ်းကြပ်ခ တစ်ပ်မန်းနီးတော့ ပေးလိုက်ပါသည်။

ပြီးခဲ့သည့်အပတ်က ဟိုတစ်ခေါက် လိုင်စင် renew လုပ်စဉ်က MOM officer ကပင်လှမ်းခေါ်ပြန်ပါ၏။ မင်း ဘယ်နေ့၊ ဘယ်အချိန်လာနိုင်မလား၊ သူတို့ပြင်ပြီးသွားတဲ့ system ကို ဟိုတစ်ခါလိုမျိုး အစမ်းလုပ်ကြည့်မလို့ ဟု ပြောပါသည်။ ရသပေါ့၊ သိပ်ရ။ အလုပ်ကလည်း စောပြန်ရသေး၊ တစ်ပ်မန်းနီးလည်းရသေး။ နှစ်ခါပြန်တောင် ရသေးသည်။ သို့နှင့် သူအီးမေးပို့တော့ ထိုအီးမေးကို ပရင့်ထုတ် ပရောဂျက်မန်နေဂျာကို ပြကာ ယနေ့ ၂ နာရီကျော်လောက် အလုပ်ထဲမှ ထွက်လာခဲ့သည်။
ဒီလမ်း ကျုပ်သိပ့ါ။ လောလော လောလောနှင့် MRT မှ အပေါက်မှား ထွက်လာမိသဖြင့် အတော်လမ်းလျှောက်လိုက်ရ သေးသည်။ ဟိုရောက်တော့ ၃ နာရီတောင် ကျော်နေပြီ။
ဘာမှ မဟုတ်ပါ။ ယခင်တစ်ခေါက် ကျွန်တော် အွန်လိုင်း renew လုပ်စဉ်က တွေ့ခဲ့ရသော အခက်အခဲလေးများကို သည့်ထက် ပိုလွယ်အောင် ပြန်ပြင်ထားတာဖြစ်၏။ သည်တစ်ခါတော့ ဘာမှ သိပ်မခဲယဉ်းတော့ပါ။ လွန်ခဲ့သည့် ၂ လလောက်ကမှ လုပ်ခဲ့တာကြောင့် မှတ်မိနေသေးလို့လည်း ဖြစ်နိုင်ပါသည်။ နောက်ပြီး ယခုတစ်ခေါက်တော့ ကျွန်တော့်ဘေးနားတွင် ကောင်မလေး တစ်ယောက်ပဲထိုင်ပြီး မှတ်နေတာဖြစ်လို့ အတော်လည်း stress နည်းသွားသည့်အတွက် ဖြစ်ပါလိမ့်မည်။
နောက်ပြီး သူက အခုပြန်ပြင်ထားတဲ့စနစ်မှာ ဘယ်လို အခက်အခဲတွေ တွေ့ရသလဲ၊ ဘာတွေထပ်ထည့်လိုက်ရင်၊ ထပ်ပြင်လိုက်ရင် ဒီ့ထက်ပိုကောင်းလာမလဲ ဟု မေးပါသည်။
ကျွန်တော့်အနေနှင့် ပြောရလျှင် ဘာမှ သိပ်မခဲယဉ်းတော့ပါ။ အားလုံးအဆင်ပြေပါသည်။ သို့သော် တစ်ခုတော့ အကြံပေးလိုက်၏။ Log in လုပ်ပြီးသည်နှင့် ပထမဆုံးစာမျက်နှာတွင် ဘာပြီး၊ ဘာလုပ်ပါဆိုသည်ကို အဆင့်ဆင့် အတိုချုပ် ဖော်ပြထားလျှင် မလုပ်တာကြာလို့ မေ့နေသည့် အဆင့်များ ပြန်မှတ်မိလာနိုင်မည်။ လူသစ်များဆိုလျှင်လည်း စမ်းတ၀ါးဝါး ဖြစ်မနေတော့။ သို့သော် ဤညွှန်ကြားချက်မှာ အရှည်ကြီးဖြစ်မနေသင့်။ လိုရင်းတိုရှင်းသာ ဖြစ်သင့်သည် ဟု အကြံပေးခဲ့ပါသည်။
ဒီစနစ်နဲ့ online renew လုပ်ရင် ဘယ်လောက်ကြာနိုင်သလဲ ဟုမေးလေသော် မိနစ် ၂၀ မှ နာရီဝက်အတွင်း ပြီးနိုင်သည် ဟု ဖြေခဲ့ပါသည်။ အားလုံးပြီးတော့ တစ်ပ်မန်းနီးစာအိတ်ပေး၏။ လက်မှတ်ထိုး ယူလာခဲ့သည်။

(၃)

အဲဒါပါပဲခင်ဗျား။ သည်လောက်ဆိုလျှင် မိတ်ဆွေတို့ အကဲခတ်မိပါပြီ။ ကျွန်ုပ်တို့ဆီမှ လူကြီးများကား များစွာ သင်ယူ လေ့လာစရာ လိုပါသေးသည်။ မိမိတို့၏ ငါ၊ ဘာကောင်ပဲကွ ဟူသောမာနများကို ခ၀ါချလျှက် ငါတို့လုပ်တာ ဘာတွေလိုနေ သေးလဲ၊ ဘာတွေမှားနေသလဲဟု ပြန်လည်ဆန်းစစ်သင့်လှပါသည်။
လူကြီးများနှင့်နီးစပ်သူများ ကျွန်တော်ရေးထားတာလေး ပြန်လည် မျှဝေလိုက်ကြပါ။


ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၉၊ ၈၊ ၂၀၁၃။ ည ၁၀နာရီခွဲ

1 comment:

Anonymous said...

ပုံမှန်လာပီး အားပေးနေပါတယ်ဗျာ။ ။