Saturday, August 10, 2013

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းအား လေ့လာကြည့်ခြင်း

(၁)

၎၊ ၈၊ ၂၀၁၃ နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်းကို ဖတ်ရှု လေ့လာမိပြီး ပြောချင်စရာများရှိလာသဖြင့် ဤဆောင်းပါးကို ရေးလိုက်ပါသည်။

ကျွန်တော်သည် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံ၌ အင်ဂျင်နီယာအလုပ် လုပ်ခွင့်မကြုံခဲ့ရသော၊ မြန်မာနိုင်ငံ၌ အင်ဂျင်နီယာဖြစ်ခွင့်မရခဲ့သည့် မြန်မာအင်ဂျင်နီယာတစ်ဦး ဖြစ်ပါသည်။ (အင်ဂျင်နီယာဘွဲ့ ရပါလျှက် အင်ဂျင်နီယာဖြစ်ခွင့်မရခဲ့ဟု ဆိုခြင်းကို ယခုခေတ်လူငယ်များ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ သို့သော် ထိုအကြောင်း ဇာမချဲ့တော့ပါ။) ၁၉၉၈ ခုနှစ်တွင် စင်ကာပူသို့ ထွက်လာကာ အင်ဂျင်နီယာနှင့် ပတ်သက်ဆက်နွယ်နေသော အလုပ်များကို ၁၄ နှစ်တာမျှ လုပ်ခဲ့၏။ ၂၀၀၉ ခုနှစ်တွင် စင်ကာပူ၊ လုပ်သားအင်အားဝန်ကြီးဌာန (Ministry of Manpower) ၌ Safety Officer အဖြစ်မှတ်ပုံတင်ကာ ယခုတိုင် လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။



(၂)

            မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်း -

Ø  အခန်း (၄) အပိုဒ် (၉) (ခ) - ဤဥပဒေအရ မှတ်ပုံတင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးရန် အလို့ငှာ ပြည်တွင်း ပြည်ပရှိ နည်းပညာတက္ကသိုလ်၊ - - - - - - တစ်ခုခုကဖြစ်စေ အပ်နှင်းသည့် ဘွဲ့၊ ဒီပလိုမာ၊ ရသူများကို အသိအမှတ်ပြုခြင်းနှင့် အသိအမှတ်ပြုရန် ငြင်းပယ်ခြင်း။
Ø  အခန်း (၈) အပိုဒ် (၂၁) (က) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် - - - - - - ခွင့်မပြုပါက ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
Ø  အခန်း (၈) အပိုဒ် (၂၃) ကောင်စီ၏ကိုယ်စား - - - - - - ခွင့်မပြုပါက သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
Ø  အခန်း (၁၃) အပိုဒ် (၃၇) အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် ခန့်ထားသော အင်ဂျင်နီယာဝန်ထန်ထမ်းများက တာဝန်အရ ဆောင်ရွက်ခြင်းမှအပ မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများကို ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ။

-       စသည်ဖြင့် ဖော်ပြထားပါသည်။

ဤဥပဒေအရ မြန်မာနိုင်ငံရှိ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်တို့မှ ဘွဲ့ရသူများသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် မှတ်ပုံမတင်ပါက ၎င်းတို့နည်းဥပဒေများအရ သတ်မှတ်ထားသည့် အလုပ်အကိုင်များကို လုပ်ကိုင်လျှင် ဥပဒေချိုးဖောက်ရာ ရောက်ပါသည်။ ထိုသူတို့ကို တရားစွဲနိုင်သည်။
            ဤဥပဒေအရ မြန်မာနိုင်ငံရှိ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်တို့မှ ဘွဲ့ရသူများအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ထိုအခါ မြန်မာနိုင်ငံရှိ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရလာသူတစ်ဦးအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ မှတ်ပုံတင်လက်မှတ် ထုတ်မပေးပါက ထိုသူသည် ထိုအလုပ်များကို လုပ်ခွင့်မရှိတော့ပြီ။
            စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်တို့မှ ဘွဲ့ရသူများအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်မည်ဆိုခြင်းမှာ ထိုသူများအား အင်ဂျင်နီယာအဖြစ် သတ်မှတ်ရန် အရည်အချင်း မပြည့်မီဟု သတ်မှတ်သောကြောင့်ပါလား။ အရည်အချင်းမပြည့်မီသူကို အဘယ်ကြောင့် ဘွဲ့လက်မှတ် အပ်နှင်းရပါသနည်း။


(၃)

            ကျွန်တော် စင်ကာပူနိုင်ငံသို့ ရောက်ရောက်ချင်း အင်ဂျင်နီယာဆိုင်ရာ အလုပ်များစတင်လုပ်ကိုင်ရ၏။ သို့သော် အင်ဂျင်နီယာရာထူးနှင့် မဟုတ်။ ၀ပ်ပါမစ်ဘ၀နှင့် ဖြစ်၏။ ထို့နောက် ကုမ္ပဏီပြောင်းလိုက်တော့ အင်ဂျင်နီယာဖြစ်လာသည်။ အင်ဂျင်နီယာအလုပ်နှင့်တကွ၊ အင်ဂျင်နီယာနှင့် ဆက်စပ်ပတ်သက်နေသည့် အလုပ်မျိုးစုံကိုပါ လုပ်ရ၏။
            သို့သော် ဤသို့လုပ်ခြင်းအတွက် မည်သည့်နေရာတွင်မှ မှတ်ပုံတင်ရန် မလိုပါ။ မြန်မာနိုင်ငံမှ မနေ့တစ်နေ့ကမှ ဂျီတီအိုင်ပြီးလာသူများလည်း သည်အတိုင်း ပရောဂျက်အင်ဂျင်နီယာ၊ ဆိုဒ်အင်ဂျင်နီယာဝင်လုပ်ကြပါသည်။ မည်သည့် အဖွဲ့တွင်မှ မည်သည့်မှတ်ပုံတင်နေစရာ မလိုပါ။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာပြည်မှယူလာခဲ့သော ထို အင်ဂျင်နီယာ ဘွဲ့လက်မှတ်များကို စင်ကာပူနိုင်ငံက လက်ခံအတည်ပြုသည်။ ဘယ်စာမေးပွဲမှ ထပ်ဖြေစရာမလို၊ ဘာမှတ်ပုံမှ တင်စရာမလို။ ယခုတိုင် ကျွန်တော်တို့ ဤလက်မှတ်များနှင့်သာ လုပ်ကိုင်နေကြတာ ဖြစ်ပါသည်။
ကျွန်တော်က စင်ကာပူတစ်ခုတည်း အတွေ့အကြုံရှိသဖြင့် စင်ကာပူအတွက်သာ ပြောပါသည်။ အခြားနိုင်ငံများတွင် မှတ်ပုံတင်ရန် လို၊ မလို မသိပါ။
            မှတ်ပုံတင်ရန်လိုသည့် အင်ဂျင်နီယာများရှိပါသည်။ သူတို့သတ်မှတ်ထားသော စာမေးပွဲကို သီးသန့်ဖြေကာ လက်မှတ်ယူရသည့် Professional Engineer (PE) များ ဖြစ်၏။ သို့သော် အင်ဂျင်နီယာကျောင်းမှ ဆင်းလာသူတိုင်းမဟုတ်။
ကျောင်းနေဘက်မိတ်ဆွေတစ်ဦးက “အင်ဂျင်နီယာ ကောင်စီ ဥပဒေက ပြည်တွင်းအင်ဂျင်နီယာတွေကို ကာကွယ်ဖို့ ရည်ရွယ်တာပါ မှတ်ပုံတင်မရှိရင် အင်ဂျင်နီယာမလုပ်ရဘူး ဆိုတာထက် နည်းဥပဒေနဲ့ သတ်မှတ်ထားတဲ့ အများပြည်သူ ဘေးကင်းမှုနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေမှာ အင်ဂျင်နီယာအဖြစ် တာဝန်ယူ လက်မှတ်ရေးထိုးမဲ့သူဟာ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ ဖြစ်ရမယ်လို့ ဆိုလိုတာပါ။ မှတ်ပုံတင်မရှိရင် အင်ဂျင်နီယာမလုပ်ရဘူး လို့ သိမ်းကျူံးကန့်သတ်တာ မဟုတ်ဘူးလို့ နားလည်ထားပါတယ် ဟု ပြောပါသည်။
           
            ယခုခေတ်သည် အပြိုင်အဆိုင်ခေတ်ဖြစ်၏။ သူက (ပြည်တွင်းက အင်ဂျင်နီယာများကို ကာကွယ်ဘို့) ဟု ဆိုလေ သော် အကယ်၍ သူ့စကားသာမှန်ခဲ့လျှင် (ပြည်တွင်းအင်ဂျင်နီယာများ၏ အလုပ်နေရာကို နိုင်ငံခြားမှ အင်ဂျင်နီယာများက ၀င်ယူမသွားအောင် ကာကွယ်ထားသည်) ဟု သဘောသက်ရောက်ပါသည်။ ကိုယ်က သူများထက်မတော်လို့ နောက်ကျ ကျန်နေတာ၊ သူများကို သမ္မာအာဇီဝကျသည့်နည်းဖြင့် ယှဉ်ပြိုင်ဖြတ်ကျော်ရမည် ဖြစ်ပါသည်။ ငါတို့က မင်းတို့လောက်မတော် လို့၊ မင်းတို့ အလုပ်လုပ်လို့မရအောင် ကန့်သတ်ထားရမယ်၊ မဟုတ်ရင် ငါတို့ စားပေါက်ပိတ်တော့မယ် ဆိုရင်တော့ တကယ်တော်သူများကို ဖိတ်ခေါ်ရမည့်အစား လူတော်များကို မလာနိုင်အောင် ပိတ်ထားရန် ရည်ရွယ်ခြင်းဖြစ်သဖြင့် သူတို့ဆီမှ ရမည့်ပညာများ မရဘို့သာ ရှိပါသည်။ မြန်မာအင်ဂျင်နီယာများကို ကာကွယ်ရာ မရောက်ပါ။
            သူဘာကိုဆိုလိုသည်ကို ကျွန်တော်နားလည်ပါသည်။ အိမ်နီးချင်းတိုင်းပြည်မှ လူမျိုးခြား အင်ဂျင်နီယာဆိုသူများသည် ကျွန်ုပ်တို့တိုင်းပြည်အတွင်းလာကာ ဘာမှ နားလည်တတ်ကျွမ်းခြင်းမရှိပါဘဲလျက် လုပ်ချင်သလိုလုပ်နေခြင်းအား မှတ်ပုံတင် နှင့်ထိန်းမည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာလည်း အလွဲတစ်ချက်ဖြစ်လေ၏။ ဤသည်မှာ စနစ်မရှိခြင်း၏ ဆိုးကျိုး တစ်ခုသာဖြစ်ပါသည်။ ထိုလူမျိုးခြားများအား မည်သည့်နေထိုင်ခွင့်ဖြင့်၊ မည်သည့်ပုံစံဖြင့်၊ မည်သည့်အလုပ်မျိုးကိုလုပ်နိုင်သည် ဟု ခွင့်ပြုမိန့်ဖြင့်၊ မည်မျှကြာကြာလုပ်နိုင်သည်ဆိုသည့် လက်မှတ်ဖြင့် ခွင့်ပြုထားပါသနည်း။
            သူက (မှတ်ပုံတင်မရှိရင် အင်ဂျင်နီယာမလုပ်ရဘူး လို့ သိမ်းကျူံးကန့်သတ်တာ မဟုတ်ဘူးလို့ နားလည်ထားပါတယ် ) ဟု ဆိုသော်ငြားလည်း အထက်ပါစာပိုဒ် (၃၇) အရ ဤသဘောပင် သက်ရောက်ပါသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ မှတ်ပုံတင်လက်မှတ်မရှိသူ ထိုအလုပ်များကိုလုပ်လျှင် ဥပဒေချိုးဖောက်ရာရောက်သည်ဟု ရေးထားသည် မဟုတ်ပါလော။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကလည်း ဘွဲ့ရသည့်တိုင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းကို ငြင်းပယ်နိုင်သည်ဟု ဆိုထားလေရာ ဘွဲ့ရသည်ဆိုတိုင်း ထိုအလုပ်များ မလုပ်နိုင်ဟု တစ်နည်းအားဖြင့် ကန့်သတ်ထားတာ ဖြစ်ပါသည်။ အကယ်၍သာ သည်အတိုင်းမှန်ခဲ့လျှင် မြန်မာပြည်မှ အသိအမှတ်မပြုသည့် ထိုအင်ဂျင်နီယာများအနေနှင့် ၎င်းတို့အား အသိအမှတ်ပြုသော စင်ကာပူသို့သာ လာလုပ်ရကိန်း ရှိပေတော့မည်။
           
ထိုသူငယ်ချင်းက (နည်းဥပဒေနဲ့ သတ်မှတ်ထားတဲ့ အများပြည်သူ ဘေးကင်းမှုနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေမှာ အင်ဂျင်နီယာ အဖြစ် တာဝန်ယူ လက်မှတ်ရေးထိုးမဲ့သူဟာ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ ဖြစ်ရမယ်လို့ ဆိုလိုတာပါ။)  ဟု ပြောသေးသည်။ ဤသည်မှာ ပိုသဘာဝ မကျသေးသည်။ အဘယ်ကဲ့သို့ သဘာဝမကျသနည်း။ အောက်တွင် ကျွန်တော် ရှင်းပြပါမည်။
နောက် စင်ကာပူလုပ်သက် အနှစ် ၂၀ ကျော်ရှိသော ၀ါရင့်အင်ဂျင်နီယာ မိတ်ဆွေတစ်ဦးကလည်း မြန်မာနိုင်ငံ အင်ဂျင်နီယာဥပဒေကို ကြိုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အင်ဂျင်နီယာမဟုတ်သူများ ကန်ထရိုက်တိုက် ဆောက်နေကြသော ကြောင့်ဟု ဆို၏။ ထိုသူက ဤကဲ့သို့ပြောခြင်းအတွက် ကျွန်တော့်မှာ ပြည်သူ့ခေတ်က ကောင်းဆက်နိုင် လို အံ့သြလွန်းလို့ သေခါနီး ဖြစ်သွားပါတော့၏။
ကျွန်တော်စင်ကာပူ၌ စတင်လုပ်ခဲ့သည့် အလုပ်မှ သူဌေးမှာ ဘာအင်ဂျင်နီယာမှ မဟုတ်။ ကျွန်တော်တို့ကဲ့သို့ အင်ဂျင်နီယာများကို ခန့်ထားကာ Tellus Marine Engineering ဟု ဆိုသော ကုမ္ပဏီထောင်ကာ Keppel သင်္ဘောကျင်းတွင် အင်ဂျင်နီယာလုပ်ငန်းများ လုပ်နေသူဖြစ်လေ၏။ နောက်ပြောင်းခဲ့သော ကုမ္ပဏီမှ သူဌေးမှာလည်း ဘာအင်ဂျင်နီယာဘွဲ့မှ ရထားသူ မဟုတ်ပါ။ ၂၀၀၅ ခုနှစ်က လုပ်ခဲ့သည့် Marinteknik Shipbuilding ဆိုသော ကုမ္ပဏီမှ သူဌေးဆိုလျှင် သင်္ဘောကျင်းသို့ တစ်လနေလို့ တစ်ခေါက်မရောက်သော ထိုင်ဝမ်သူဌေးဖြစ်လေသည်။ သူတို့မှာ စီးပွားရေးသမားများ ဖြစ်ကြ၏။ အင်ဂျင်နီယာ မန်နေဂျာ၊ အင်ဂျင်နီယာများခန့်ကာ အင်ဂျင်နီယာ အလုပ်များ လုပ်ကြသူများ ဖြစ်လေသည်။ အထက်ပါ ကျွန်တော့်မိတ်ဆွေ ယူဆသလိုသာ အင်ဂျင်နီယာမဟုတ်သူများ အင်ဂျင်နီယာလုပ်ငန်း လုပ်ခွင့်မရှိဆိုလျှင် စင်ကာပူမှ ကုမ္ပဏီအတော်များများ ပိတ်ပစ်ရကိန်း ရှိချေ၏။
ကျွန်တော်ရှင်းပြပါမည်။ ဤနေရာတွင် စင်ကာပူမှ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ရည်ညွှန်း ကိုးကားပါမည်။ သို့သော် မူပိုင်ခွင့်နှင့် ငြိမှာစိုးသောကြောင့် မူရင်းကို မဖော်ပြတော့ပါ။ မြန်မာဘာသာဖြင့်သာ ရေးပါမည်။ Act, Regulations များကို အင်တာနက်မှ အခမဲ့ download လုပ် ဖတ်နိုင်ပါသည်။ သို့သော် Code of Practice စာအုပ်များကိုမူ ၀ယ်မှရပါသည်။ အသေးစိတ်သိလိုသူများ စာအုပ်ဝယ်ဖတ်ပါ။ ဈေးတော့ကြီးပါသည်။

(၄)

            ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လည် ၃ နာရီက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၌ ဆောက်လုပ်ဆဲ ၆ ထပ်တိုက်၊ ကွန်ကရစ်လောင်းနေစဉ် ငြမ်းစင်ပြိုကျရာ အလုပ်သမား ၇ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသည် ဆိုသောသတင်း ဖတ်လိုက်ရပါသည်။ ဤငြမ်းစင်ပြိုရခြင်းမှာ ဆောက်လုပ်ရေးအင်ဂျင်နီယာ ညံ့၍လော။
            ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လည် ၃ နာရီ၊ ၄၅ မိနစ်က ဘုရင့်နောင်အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း၌ ဘိလပ်မြေဖျော်စက်ကို ချိုးခွာနေစဉ် စက်မောင်းခဲ့မိသဖြင့် အလုပ်သမား ၂ ဦးသေဆုံးခဲ့ပါသည်။ ထိုလူသေမှုဖြစ်ရခြင်းမှာ ထိုတံတားစီမံကိန်းအင်ဂျင်နီယာ အသုံးမကျ၍လော။
            လုပ်ငန်းခွင်တစ်ခုကို အန္တရာယ်ကင်းအောင် ထိန်းထားရန် အင်ဂျင်နီယာတစ်ဦးတည်းက ဘာလုပ်လို့ရပါမည်နည်း။ အင်မတိ၊ အင်မတန်တော်သည့်၊ ထက်မြက်သည့် အင်ဂျင်နီယာက လက်မှတ်ထိုးပေးလိုက်ရုံဖြင့် ထိုလုပ်ငန်းခွင် အန္တရာယ် ကင်းသွားပြီဟု အဘယ်ကဲ့သို့ ယူဆနိုင်ပါမည်နည်း။
            ဤအရာအားလုံး၏ အဖြေမှာ မှန်ကန်ကောင်းမွန်သော စနစ်တစ်ခု ထူထောင်ပြီး လက်တွေ့လိုက်နာကျင့်သုံးရေး ဖြစ်ပါသည်။ အထက်ပါ ငြမ်းစင်ပြိုခြင်းနှင့် စက်ညပ်သေဆုံးခြင်း ဖြစ်စဉ်နှစ်ရပ်ကို ဥပမာပေးပြီး ကျွန်တော်ရှင်းပြပါမည်။
            စင်ကာပူတွင် အလုပ်လုပ်ရန် အလုပ်သမားများအတွက် ၀ပ်ပါမစ်လက်မှတ် ထုတ်ပေးသည်။ ထိုလက်မှတ် မထုတ်ပေးမီ စင်ကာပူသို့ လာခွင့်ရရန် IPA (In-Principle Approval) စာထုတ်ပေးသည်။ ထိုစာသည် အလုပ်လုပ်ခွင့် လက်မှတ်မဟုတ်။ ထိုစာကိုင်ထားပြီး အလုပ်လုပ်ရာ၌ အန္တရာယ်ကင်းအောင် ဘာတွေဆောင်ရ၊ ရှောင်ရမည်ဆိုသည်ကို သိထားရန် Safety Orientation Course (SOC) သွားတက်ရသည်။ ထိုသင်တန်းအောင်မှ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးခြင်းဖြစ်သည်။ ထိုစာမေးပွဲမအောင်သူများ စင်ကာပူတွင် အလုပ်လုပ်လို့ မရ။
            ထိုစာမေးပွဲအောင်သူများကို SOC Card ထုတ်ပေးသည်။ သဘောမှာ ထိုအလုပ်သမားသည် လုပ်ငန်းခွင်၌ အန္တရာယ် ကင်းအောင် မည်ကဲ့သို့အလုပ်လုပ်ရမည်ကို သိနားလည်ပြီဟု ယူဆသည့်သဘောပင်ဖြစ်၏။ ထို့ကြောင့် ထိုအလုပ်သမားသည် အလုပ်ကို အန္တရာယ်ကင်းအောင်လုပ်ရန် သူ့မှာ တာဝန်ရှိသည်။
            စင်ကာပူ၌ စူပါဗိုက်ဆာမှန်လျှင် BCSS (Building Construction Supervisor Safety Course) သင်တန်းတက်ရ သည်။ ထိုသင်တန်း၌ စူပါဗိုက်ဆာတစ်ဦး သိထားရမည်တို့ကို သင်ပေးလိုက်သည်။ စာမေးပွဲအောင်လျှင် လက်မှတ်ထုတ် ပေးသည်။ သို့အတွက် ဤလက်မှတ်ကိုင်ဆောင်ထားသူသည် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းမှ စူပါဗိုက်ဆာတစ်ဦး သိသင့်သိထိုက်သည်တို့ကို သိနားလည်ပြီးဖြစ်သည်ဟု ယူဆပါသည်။ သိလျက်နှင့် မလုပ်လျှင် ၎င်း၌တာဝန်ရှိသည်။ ငါမသိပါဟု ငြင်းလို့မရ။
            ပရောဂျက်မန်နေဂျာ ဆိုသည်မှာလည်း သူဌေးယောက်ဖမို့လို့ ဆိုကာ ခန့်ချင်တိုင်း ခန့်လို့ရတာမျိုးမဟုတ်။ ပရောဂျက် မန်နေဂျာလုပ်ချင်သလား။ ပရောဂျက်မန်နေဂျာအတွက် ပေးသော သင်တန်းကိုသွားတက်ကာ ထိုလက်မှတ်ရမှ ပရောဂျက် မန်နေဂျာ လုပ်လို့ရသည်။ အမှုတစ်ခုဖြစ်၍ တရားရုံးရောက်လို့ တရားသူကြီးကမေးလျှင် ဟာ၊ အဲဒါတွေ ငါဘယ်သိပါ့မတုံး ဟု မငြင်းပါနှင့်။ ဒါဖြင့် မင်းကိုင်ထားတဲ့ အဲဒီ ပရောဂျက်မန်နေဂျာလက်မှတ်ကြီးက ဘာအတွက်လဲဟု မေးလျှင် မည်သို့ ဖြေပါမည်နည်း။
            ဤသည်မှာ ပြဿနာတစ်ခုဖြစ်လာလျှင် မင်းကြောင့် ဟု တစ်ယောက်ထဲကို ပုံမချနိုင်၊ လက်ညှိုးမထိုးနိုင်စေရန် တာဝန်များ ခွဲပေးထားခြင်း ဖြစ်ပါသည်။  
            Workplace Safety and Health (Construction) Regulations၊ အပိုင်း ၉၊ Formwork Structures ၌ အောက်ပါ အတိုင်း ပြဌာန်းထားပါသည်။



(မှတ်ချက်။          ။ Formwork ကို မြန်မာလိုမည်သို့ခေါ်မှန်း ကျွန်တော်မသိ၍ ငြမ်းစင်ဟု သုံးပါသည်။ အမှန်မှာ ငြမ်းစင် မဟုတ်ပါ။ ငြမ်းစင်မှာ scaffolding ဖြစ်ပါသည်။ Formwork နှင့် scaffolding မတူပါ။ ဤကား စကားချပ်)
Formwork Supervisor အဖြစ်ခန့်ထားရန် Formwork Supervisor Safety Course ကိုသွားတက်ပြီး လက်မှတ်ယူရသည်။ ကွန်ကရိမလောင်းမီ ထိုငြမ်းစင်သည် ကွန်ကရိလောင်းရန် အန္တရာယ်ကင်း၊ စိတ်ချရပါသည် ဟု စစ်ဆေးချက်ပေါ်တွင် လက်မှတ်ထိုးရသည်။
            အကယ်၍ ကွန်ကရိလောင်းမည့် ငြမ်းစင်သည် ၉ မီတာထက်ပိုမြင့်ပါက၊ သို့မဟုတ်၊ 2 tiers ထက်ပိုများပါက၊ သို့မဟုတ် ကွန်ကရိလောင်းမည့် ကြမ်းပြင်ထုထည်သည် ၃၀၀ မီလီမီတာထက် ပိုထူပါက ထိုငြမ်းစင်သည် ကွန်ကရိလောင်းရန် အန္တရာယ်ကင်း၊ စိတ်ချရပါသည်ဟု Professional Engineer က လက်မှတ်ထိုးရသည်။ သူ့လက်မှတ်မပါဘဲ ကွန်ကရိ လောင်းလို့မရ။ 
            ဤသည်ကို ကြည့်ပါ။ ငြမ်းစင်ထိုးပြီး ကွန်ကရိလောင်းရာတွင် အင်ဂျင်နီယာတစ်ဦးတည်းက တာဝန်ရှိသည်ဟု သတ်မှတ်ထားတာ မဟုတ်ကြောင်း တွေ့ရပါလိမ့်မည်။
            နောက်တစ်ခု။
            ကွန်ကရိဖျော်စက်ညပ်ကာ သေသည့်ဖြစ်စဉ်ကို အသေးစိတ်မပြောတော့ပါ။ ၎င်းကို Log Out Tag Out Procedure ဟု ခေါ်ပါသည်။ ဥပမာ - စက်ရုံတစ်ခု၌ မီးခလုတ်မကောင်းသဖြင့် မီးပြင်မည်ဆိုပါက ထိုလိုင်းရှိ မိန်းခလုတ်ကို ချထားရန် လိုပါသည်။ သို့သော် ခလုတ်ချထားရုံနှင့်မပြီး။ ဤလိုင်း၌ မီးပြင်နေကြောင်း၊ ထို့ကြောင့် ဤမိန်းခလုတ်ကို ချထားကြောင်း၊ ချထားသည့် ခလုတ်သေတ္တာကို သော့ခတ်ထားကြောင်း၊ ထိုသော့ကို မဖွင့်ရန်လိုကြောင်း စက်ရုံရှိ ဌာနအားလုံး၊ လူအားလုံးကို အကြောင်းကြားထားရမည်။
            ထို့ပြင် ဤလိုင်း မီးပြင်နေသည်၊ မီးမဖွင့်ပါနှင့်ဟုလည်း စာရေးကပ်ထားရမည်။ မီးခလုတ်ပုံးကို သော့ခတ်ကာ သော့ကို တာဝန်ရှိသူက သိမ်းထားရမည်။ ထိုလိုင်းမီးပြင်ခွင့်ကို ထိုတာဝန်ရှိသူက အတည်ပြုချက်လက်မှတ် ထုတ်ပေးရမည်။ မီးပြင်ပြီးသွားသည့်အခါ ထိုလက်မှတ်ကို တာဝန်ရှိသူထံပြန်အပ်ကာ သော့ပြန်တောင်း မီးပြန်ဖွင့်ရမည်။ လုပ်ငန်းပြီးဆုံးပြီ ဖြစ်ကြောင်း အခြားဌာနများသို့ အကြောင်းကြားရမည်။
            ဤသည်မှာ လူများ မတော်တဆ ဓါတ်လိုက်သေဆုံးခြင်း မဖြစ်စေရန် ကာကွယ်ရမည့် အစီအစဉ် ဖြစ်၏။
            ကွန်ကရိစက် ချိုးခွာမည်ဆိုတော့ ထိုချိုးခွာခြင်းကို မည်သည့် စူပါဗိုက်ဆာက ခိုင်းပါသနည်း။ ဤသို့ ချိုးခွာနေစဉ် ထိုစက်ကို မမောင်းနိုင်ရန် မည်သည့် အကာအကွယ် လုပ်ပေးထားပါသနည်း။ ထိုစက်ချိုးခွာနေသည့်အနီးတွင် မည်သူသည် စောင့်ကြပ် ကြည့်ရှုနေပါသနည်း။
            သို့ဆိုလျှင် ထို ကွန်ကရိစက်ညပ်ကာ သေသည့်အတွက် ထိုပရောဂျက်မှ အင်ဂျင်နီယာကို အရေးယူမည်ဆိုလျှင် တရားပါမည်လား။ ဤလုပ်ငန်းလုပ်လျှင် ဤမည်သော အန္တရာယ်များမဖြစ်အောင် ဤသို့သော အကာအကွယ်များ လုပ်ပေးထားရမည်။ ဤမည်သော စည်းကမ်း၊ နည်းလမ်းများကို လိုက်နာရမည်ဟု သတ်မှတ် ပြဌာန်းပေးထားပါသလော။

(၅)

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းတွင် ကောင်းသည့်အချက်များ အများအပြားပါပါသည်။ သို့သော် အင်ဂျင်နီယာကျောင်းဆင်းတိုင်း အင်ဂျင်နီယာဟု အသိအမှတ်မပြုနိုင်။ ငါတို့ဆီမှာ မှတ်ပုံတင်မှ အသိအမှတ်ပြုနိုင်သည် ဆိုခြင်းကိုမူ ကျွန်တော်သဘောမတူနိုင်ပါ။
ထို့ထက် အစိုးရ၀န်ထမ်းများ တာဝန်နှင့် လုပ်တာကျတော့ မှတ်ပုံတင်စရာမလို။ အစိုးရ၀န်ထမ်းမဟုတ်သူများကျမှ မှတ်ပုံတင်ရမည်ဆိုခြင်းမှာ လူတန်းစားခွဲရာမကျပါသလော။ အစိုးရ၀န်ထမ်းများကသာ အရည်အချင်းပြည့်ပြီး ၀န်ထမ်း မဟုတ်သူများမှာမူ အရည်အချင်းမပြည့်ဝဟု မှတ်ယူရပါမည်လော။ အဘယ်စံနှုန်းဖြင့် တိုင်းပါမည်နည်း။
အရေးကြီးသည်မှာ အင်ဂျင်နီယာမှတ်ပုံတင်မဟုတ်ပါ။
မြန်မာပြည်၌ မြန်မာအင်ဂျင်နီယာများလုပ်စရာ အများအပြားရှိပါသည်။ ယခု မြန်မာနိုင်ငံသည် မည်သည့်စံနှုန်းကို လက်ကိုင်ပြု သုံးနေပါသနည်း။ မြန်မာပြည်သူတို့သုံးနေသည့် အလေး၊ ချိန်ခွင်၊ တင်းတောင်းများတွင် စံနှုန်းရှိပါသလား။ မည်သည့်သီးနှံသည် မည်မျှ specific gravity ရှိသည်၊ မည်သည့်စပါးအမျိုးအစား တစ်တင်းလျှင် မည်မျှလေးသည်။ အစိုဓါတ်မည်မျှရှိရမည် စသဖြင့် သတ်မှတ်ပြီးပါပြီလား။ နှမ်းဆီ၏ specific gravity, viscosity, litre per kilogram or kilogram per litre, Viss per cubic feet စသည်တို့ သတ်မှတ်ရန် စတင်စိုင်းပြင်းနေပါပြီလား။ 
စက်ရုံများမှ မြစ်ချောင်းအင်းအိုင်များအတွင်း စွန့်ထုတ်နေသည့် ရေဆိုးများကို မည်ကဲ့သို့ပြုပြင်ရမည်။ မြစ်ချောင်းများ အတွင်း စီးဝင်ရမည့်ရေသည် အရည်အသွေးမည်မျှရှိရမည်။ အဆောက်အဦးများ၏ မီးကာကွယ်ရေး စနစ်ကို မည်ကဲ့သို့ တပ်ဆင်ရမည်။ မြို့ကြီးများတွင် မည်ကဲ့သို့သော ရေဆိုးထုတ်စနစ်ကို အကောင်အထည် ဖော်ရမည်။ အိမ်သာစနစ်ကို မည်ကဲ့သို့ စီမံထားရမည်။ အမှိုက်များ သိမ်းဆည်း စွန့်ပစ်ရေးအတွက် မည်ကဲ့သို့ စီမံမည်။ မော်တော်ကားများ၏ မီးခိုးများ ထုတ်လွှတ်မှုကို မည်ကဲ့သို့ ထိန်းမည်။ မြစ်ချောင်းအင်းအိုင်များအတွင်း အညစ်အကြေးများ စွန့်ပစ်နေမှုကို မည်ကဲ့သို့ ထိန်းရမည်။ ဓါတုဗေဒပစ္စည်းများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ကြွက်သတ်ဆေးများကို မှတ်ပုံတင်ရန် စီမံပြီးပါပြီလား။ ထိုဓါတုဗေဒပစ္စည်းများအတွက် မြန်မာဘာသာဖြင့် Safety Data Sheet ထုတ်ဝေကာ ရောင်းချသူတိုင်းကို ပေးရန်။ ထိုရောင်းချသူတိုင်းအား နားလည်အောင် သင်တန်းပေးရန်။ ဆေးရောင်းတိုင်း ၀ယ်သူများအား ထို SDS ကို ပေးရန်။ ၀ယ်သူနားလည်အောင် ရှင်းပြရန်။ မြန်မာဘာသာဖြင့် တူတူတန်တန် အင်ဂျင်နီယာဘာသာရပ်စာအုပ်များ ထုတ်ဝေရန် - - - ။
လုပ်စရာတွေ အများကြီးရှိပါသည်။  
            အရေးကြီးသည်များကို ဦးစားပေးလုပ်ဆောင်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါ၏။ ကျွန်တော် ယခု ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စာအုပ်ရေးသားနေပါသည်။ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်တွင် စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေရန် မှန်းထားပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း (လေးမျက်နှာ)
၉ သြဂုတ်လ၊ ၂၀၁၃။
နံနက် လင်းအားကြီး ၀၀း၂၃ နာရီ

1 comment:

Bo Bo Kyaw said...

Formwork ကို မြန်မာလို 'ကျောက်ပုံး' ၊ 'ပုံဆင်၊ ပုံရိုက်' လို့ခေါ်ပါတယ် ခင်ဗျာ