Sunday, August 18, 2013
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၅)
အခန်း (၅)
အခြေခံအသိပညာနှင့် သင်တန်းများ (Basic Knowledge and Trainings)
လုပ်ငန်းကျွမ်းကျင်မှုသည် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အရေးကြီး၏။ ကျွမ်းကျင်သော လုပ်သားသည် မိမိဘာလုပ်ရမည်ကို သိသည်။ မိမိအလုပ်ကို ဘယ်ကစလုပ်ရမည်၊ မည်သည့်အဆင့်ပြီးလျှင် မည်သည်ကို ဆက်လုပ်ရမည်။ ထိုအလုပ်အတွက် မည်သည့်လက်နက်ကိရိယာများလိုသည်။ ဤနည်းနှင့် အလုပ်မဖြစ်လျှင် မည်သည့် နည်းကို သုံးနိုင်သည် စသဖြင့် သူ့၌ တွေးတတ်ခေါ်တတ်၊ စဉ်စားဆင်ခြင်တတ်သော အသိဉာဏ် အပြည့်ရှိသည်။ ထို့ပြင် မည်ကဲ့သို့လုပ်လျှင်တော့ အန္တရာယ်ရှိသည်။ သို့အတွက် ဤကဲ့သို့မလုပ်သင့် စသဖြင့်လည်း ချင့်ချိန်နိုင်သည်။
            သို့သော်လုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက် အချိန်တစ်ခုလိုသည်။ ကျွမ်းကျင်သည်ဆိုရာတွင် စာတွေ့ရော၊ လက်တွေ့ပါ ကျွမ်းကျင်ရန်လိုသည်။ စာတွေ့အရကျွမ်းကျင်ရန် အလုပ်သမားများကို သင်တန်းများသို့ စေလွှတ်ရသည်။ လက်တွေ့ကျွမ်းကျင် မှုအတွက်မူ လုပ်ငန်းအတွေ့အကြုံလိုသည်။ လုပ်ငန်းမှရလာသော အတွေ့အကြုံများ၊ ဗဟုသုတများ၊ အမှားများမှ သင်ခန်းစာ ယူ၊ လေ့လာသင်ယူရင်းမှ တတ်မြောက်လာရတာ ဖြစ်သည်။ ဤသင်ကို စာသင်ခန်းထဲ၌ သင်ပေးလို့မရ။ သို့သော် လူတိုင်းက တော့ အတွေ့အကြုံရှိသူများ မဖြစ်နိုင်။
ထို့ကြောင့် အတွေ့အကြုံမရှိသေးသူ လူသစ်များကို လုပ်ငန်းအတွေ့အကြုံများသည့် သမ္ဘာရင့်၊ ၀ါရင့်များနှင့် ပူးတွဲနေရာချထားပေးရသည်။ လူဟောင်းများနှင့် အတူလုပ်စေရင်းမှ လေ့လာသင်ယူစေရသည်။ နောက်မှ ၎င်းတို့ကို သီးခြားတာဝန်ပေးသင့်သည်။ လုပ်ငန်းခွင်၌ အန္တရာယ်အဖြစ်တတ်ဆုံးမှာ ထို အတွေ့အကြုံလူသစ်များ ဖြစ်တတ်သဖြင့် အထူးသတိထားရန် လိုသည်။
၅၊ ၁။ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ (Trade Skill Trainings)
၅၊ ၁၊ ၁။ သံချည်၊ သံကွေးသင်တန်း (Training Course for Reforced Bar Work)
            ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ငန်းအများအပြားရှိသည့်အနက် သံချည်၊ သံကွေးအလုပ်မှာလည်း လုပ်ငန်းကြီး တစ်ခုဖြစ်၏။ အဆောက်အဦကို ကွန်ကရိလောင်းလျှက်ဆောက်သည်။ ကွန်ကရိရှိသည့်နေရာ၌ သံချောင်းပါသည်။ ဤသည်ကို သံကူအားဖြည့်ကွန်ကရိ (Steel Reinforced Concrete) ဟု ခေါ်၏။
            ကွန်ကရိပမာဏနှင့်စာလိုက်လျှင် သံချောင်းပမာဏမှာ နည်းသော်လည်း မပြောပလောက်သည့် အရေအတွက်တော့ မဟုတ်ပါ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံချည်သံကွေးလုပ်သားမှာလည်း အတော်များပါသည်။ ၎င်းတို့အားလုံးအား မိမိတို့အလုပ်ကို မိမိတို့နားလည် ကျွမ်းကျင်နာလည်စေရန် သင်တန်းပေး၊ ရှင်းလင်းပြောပြထားရမည်။
            အားဖြည့်သံချောင်းကို ဆောက်လုပ်ရေးလုပ်ငန်းများ၌ ရီဘားဟုသာ ခေါ်ကြသည်။ ကွန်ကရိက ဖိအားကို ခံနိုင်သည်။ ဆန့်အားကို မခံနိုင်။ အပြန်အလှန်အားဖြင့် သံချောင်းက ဆန့်အားကို ခံနိုင်သည်။ ထို့ကြောင့် ဖိအားရော၊ ဆန့်အားကိုပါ ခံနိုင်ရန် ကွန်ကရိထဲ၌ သံချောင်းများ ထည့်လောင်းခြင်းဖြစ်သည်။
            အားလုံးကိုနားမလည်သည့်တိုင် အလုပ်သမားများအနေနှင့် သံချောင်း၏အရွယ်အစားနှင့် အခေါ်အဝေါ်များကို သိထားရမည်။ ကွန်ကရိထဲ၌ အဘယ်ကြောင့် သံချောင်းများထည့်သည်ကို အကြမ်းဖျဉ်းနားလည်ထားရမည်။ သံချောင်းများကို ဖြတ်သည့်စက်၊ ကွေးသည့်စက်အကြောင်းနှင့် မည်သည့်ဒီဂရီလိုလျှင် မည်ကဲ့သို့ ချိန်ရမည်ဆိုသည့်အကြောင်း ကောင်းစွာ နားလည်ထားရမည်။ ထို့ပြင် သံချောင်းများဖြတ်သည့်အခါ၊ ကွေးသည့်အခါ မည်သည့်အနေအထားတွင် နေလျှင် မိမိအတွက် အန္တရာယ်ဖြစ်နိုင်သည် ဆိုသည်ကိုလည်း နားလည်ထားရမည်။
            ထို့ပြင် ပုံ (Drawing or Blue Print) ကိုသာဖတ်တတ်လျှင် မည်သည့်နေရာ၌ မည်သည့်အရွယ်ရှိသည့်သံချောင်းကို မည်သည့်ပုံစံနှင့် မည်ကဲ့သို့ထည့်ရမည်။ မည်သည့်နေရာ၌ ကွန်ကရစ် စပေစာများထည့်ရမည်။ အဆုံး၌ မည်ကဲ့သို့ အဆုံးသတ်ရမည်။ မည်သည့်နေရာတွင် ယက်မရှိသည်။ ကြမ်းခင်းအထူ မည်မျှရှိသည်။ မည်သည့်နေရာကိုတော့ ကွန်ကရစ် မလောင်းဘဲ ချန်ထားရမည်။ သံချောင်းအိမ် (rebar cage) များကို မည်ကဲ့သို့ ဆင်ရမည်။ ထိုသံချောင်းအိမ်များကို မ,သည့် အခါ အန္တရာယ်ကင်းအောင် မ,နိုင်ရန် မည်သည့်နေရာ၌ မည်သည့် သံချောင်းအကူများကို မည်မျှထည့်ပေးသင့်သည် စသည်တို့ကို သိနိုင်သည်။ ထို့ကြောင့် ပုံဖတ်ခြင်းကို လေ့လာထားလျှင်လည်း များစွာ အကျိုးရှိ၏။   
            နောက်ဆုံး သံချောင်း၏ အလေးချိန်၊ သံချောင်းအိမ်၏ အလေးချိန်ကိုပါ ခန့်မှန်းတတ်ရမည်။ သို့မှသာ သည် သံချောင်းအိမ်ကို သည် သံကြိုးနှင့် မ,နိုင်၊ မ,မနိုင်ဆိုသည်ကို သိနိုင်မည်။ အရာရာ ကြီးကြပ်သူကချည်း လိုက်ပြောနေရလျှင် အဘယ်မှာ အလုပ်တွင်နိုင်ပါမည်နည်း။ 
သံချည်သံကွေးဆိုပေမင့် တကယ်လေ့လာမည်ဆိုလျှင် လေ့လာစရာ အများကြီးရှိပါသည်။ သံချောင်းများကို ဖြတ်တတ်ရုံ၊ ကွေးတတ်ရုံ၊ ချည်တတ်ရုံ မည်ကာမတ္တမျှသာမဟုတ် ဆိုသည်ကို နားလည်ထားရမည်။ ဤသည်မှာ အလုပ်သမား၏ လုပ်ငန်းအပေါ်ထားသည့် သဘောထားပေါ်လည်း မူတည်သည်။ မိမိသည် ဤလုပ်ငန်းနှင့် အသက်မွေး ၀မ်းကျောင်းပြုနေသည့်အတွက် ကိုယ့်အလုပ်ကို ရိုသေလေးစားရန်လိုသည်။ မိမိအလုပ်နှင့် ပတ်သက်သည်များကို အမြဲမပြတ် လေ့လာနေရန် လိုသည်။
၅၊ ၁၊ ၂။ ဂဟေသင်တန်း (Welding Course)
            ဆောက်လုပ်ရေးလုပ်ငန်း၌ မရှိမဖြစ်လိုသည့် နောက်လုပ်ငန်းတစ်ခုမှာ ဂဟေဆော်ခြင်းဖြစ်၏။ ကျွမ်းကျင်သည့် ဂဟေဆော်သူတစ်ဦးဖြစ်ရန် အချိန်လိုသည်။ ဂဟေသမားတစ်ယောက်အနေနှင့် သိစရာ၊ တတ်စရာတွေများလှ၏။ ဂဟေစက်မှ ၀ိုင်ယာကြိုးတစ်စကို သံချောင်းတွင်ညှပ်၊ ထို့နောက် အီလက်ထရုတ်ကို မီးပွင့်အောင်လုပ်ပြီး ဟိုဘက်သံချောင်း နှင့် သည်ဘက်သံချောင်း တွဲတတ်ရုံမျှကား မည်ကာမတ္တ ဂဟေသမားတစ်ဦး၊ မရှိသုံး ဂဟေသမားတစ်ဦးသာ ဖြစ်မည်။ ဤလိုလူမျိုးအနေနှင့် အဘယ်မှာလျှင် ဂဟေဆော်ခြင်းလုပ်ငန်းနှင့် အသက်မွေးနိုင်ပါမည်နည်း။
            အနောက်တိုင်းနှင့် သြစတေးလျမှ ဂဟေသမားများအတွက်ကတော့ သိရမည့်ပညာရပ်များမှာ အလွန်မြင့်လှသည်။ အငယ်တန်းအင်ဂျင်နီယာများလောက် ရှိ၏။ သို့သော် အာရှမှ ဂဟေသမားများကတော့ ဤမျှလောက်သိစရာမလိုပါ။ သို့သော် ဂဟေသမားတစ်ဦးသိရမည့် အခြေခံဗဟုသုတများတော့ ရှိရမည်။ ဤဗဟုသုတများရရန် သင်တန်းတက်ရမည်။ ဂဟေသမား တစ်ဦးအနေနှင့် အောက်ပါတို့ကို သိထားရန်လို၏။ 
            ဂဟေဆော်ရန်ပေးထားသော WPS (Welding Procedure Specification) ကို ဖတ်တတ်ရမည်။ မိမိဂဟေဆော်မည့် သံပြား သို့မဟုတ် ပိုက်အထူနှင့် အမျိုးအစားကိုလိုက်၍ ဂဟေချောင်းကိုရွေးတတ်ရမည်။ ဂဟေချောင်းအမျိုးအစားနှင့်နံပါတ်၊ ထိုဂဟေချောင်းကို မည်သည့် သတ္တုအမျိုးအစားများအတွက် သုံးသင့်သည်၊ မည်သည့် သတ္တုမျိုးများအတွက် မသင့်တော်။ သည်ဂဟေချောင်းများကို မည်ကဲ့သို့ သိုလှောင်သိမ်းဆည်းထားရမည်။ မည်ကဲ့သို့ထားလျှင် ဂဟေသား အရည်အသွေးကို ထိခိုက်စေနိုင်သည် စသည်တို့ကို သိရန်လိုပါသည်။ မည်သည့်ပိုက်လာလျှင် သို့မဟုတ် မည်သည့်ပုံစံဆိုလျှင် မည်သည့် ဂဟေဆော်သည့် အနေအထား (1G, 2G, 3G, 4G, 1F, 2F စသည်) သုံးရမည်ကို သိရမည်။
ဂဟေဆော်စက်အကြောင်းကိုလည်း သိထားရပါမည်။ အေစီဂဟေဆော်စက်၊ ဒီစီဂဟေဆော်စက်၊ ဂဟေဆော်စက် တစ်လုံး မည်ကဲ့သို့အလုပ်လုပ်သည်။ သံပြားအထူမည်မျှရှိလျှင် အမ်ပီယာမည်မျှ ချိန်ထားရန်လိုသည်။ သံပြားပါးပါးလေး ဆိုပါက အမ်ပီယာမည်မျှသာထားလျှက် မည်ကဲ့သို့ဆော်ရမည်။ ဘယ်လောက်ဗို့အားလောက်ဆိုလျှင် ဂဟေသားမည်သို့ ဖြစ်သွားမည်၊ မည်မျှမြန်မြန်ဆွဲသင့်သည်။ သံပြားနှင့် အီလက်ထရုတ်ကို ဒီဂရီမည်မျှ စောင်းပြီးထားရမည်။
နောက်အရေးကြီးသည့်တစ်ချက်မှာ ပုံ (drawing) ဖတ်တတ်ဖို့ ဖြစ်ပါသည်။ မည်ကဲ့သို့ဂဟေဆော်ရမည်ကို ပုံထဲ၌ အတိအကျပြထားပါသည်။ ဂဟေဆော်သူသည် ပုံထဲတွင် ညွှန်ပြထားသည့်အတိုင်း အတိအကျလိုက်နာပြီး ဂဟေဆော်ရမည် ဖြစ်၏။ ထို့ကြောင့် ပုံထဲ၌ ဖော်ပြထားသည့် သင်္ကေတများကို ဖတ်တတ်ရန် လိုသည်။ မည်သည့်နေရာတွင် ထောင့်ချိုး ဆော်ရမည်။ မည်သည့်နေရာတွင် နှစ်ဘက်လုံးဆော်ရမည်။ မည်သည့်နေရာတွင် 5 layer ဆော်ရမည်။ မည်သည့်နေရာတွင် မည်မျှ အ၀င် (penetration) ထားပေးရမည် စသဖြင့် အားလုံးနားလည်ထားရမည်။
 ဂဟေဆက်မကောင်းခြင်းသည် အန္တရာယ်များလှ၏။ လူအများအတွက် အသက်အန္တရာယ်ရှိသည်။ ထို့ကြောင့် ဂဟေသမားတစ်ဦးသည် မိမိဆော်ထားသော ဂဟေဆက်ကို မိမိတာဝန်ယူဘို့ရန် အလွန်အရေးကြီးသည်။ ကနေဒါမှ ဂဟေ သင်တန်းကတော့ သတ္တုဗေဒ (Metallurgy) ကိုပါ ထည့်သင်ပေးသည်။ သတ္တုဗေဒဆိုသည်မှာ ကျွန်တော်တို့တိုင်းပြည်တွင် အင်ဂျင်နီယာများမှ သင်ရတာဖြစ်၏။ အာရှနိုင်ငံများမှ ဂဟေသမားများသည် သတ္တုဗေဒကို ကြားပင်မကြားဖူးကြပါ။
ဂဟေသမားများ မသိမဖြစ်သိထားရမည့် အရေးကြီးသော နောက်တစ်ခုမှာ ဂဟေဆက်၏ အပြစ်အနာအဆာများ (welding defects) ဖြစ်ပါသည်။ မည်ကဲ့သို့ ဆော်လျှင် မည်ကဲ့သို့ အပြစ်အနာအဆာဖြစ်တတ်သည်။ ဤကဲ့သို့မဖြစ်အောင် မည်ကဲ့သို့ ဂဟေဆော်ရမည်ကို သိထားရန်လိုပါသည်။ ဂဟေအမျိုးအစားများစွာရှိသည့်အနက် အချို့မှာ တစ်ခုကောင်းသာ တတ်ပြီး အချို့မှာ နှစ်မျိုး၊ သုံးမျိုး စသဖြင့် တတ်ပါသည်။ ဂဟေဆက်အမျိုးအစားကိုလိုက်၍ ချို့ယွင်းချက်များလည်း ကွဲပြား သွားသည်ဖြစ်ရာ မည်သည့်ဂဟေဆိုလျှင် မည်ကဲ့သို့သော အပြစ်အနာအဆာများ ရှိနိုင်သည်ကို ခွဲခြားနားလည်ထားရန်လည်း လို၏။
အရေးကြီးဆုံးမှာကား မိမိကျန်းမာရေးဖြစ်လေသည်။ ဂဟေဆော်ခြင်းဟူသည် လျှပ်စစ်ကို ရှော့တိုက်ကာ သတ္တုကို အရည်ပျော်စေခြင်းဖြစ်သဖြင့် အန္တရာယ်များစွာ ပါဝင်နေသည်။ လျှပ်စစ်နှင့်အလုပ်လုပ်နေရသည့်အတွက် ဓာတ်လိုက်မည့် အန္တရာယ်ရှိသည်။ ထို့ကြောင့် ဓာတ်မလိုက်စေရန် မည်ကဲ့သို့ စီမံထားရမည်ကို သိရမည်။ မည်သည့်အခြေအနေတွင် ဓာတ်လိုက်တတ်သည်ကိုလည်း ကောင်းစွာနားလည်ထားရမည်။
ဂဟေဆော်ခြင်းမှာ မီးနှင့်အလုပ်လုပ်ခြင်းဖြစ်သည့်အတွက် မီးလောင်မည့် အန္တရာယ်ရှိသည်။ မိမိခန္ဓာကိုယ်ကို မီးပွားစဉ်မည့် အန္တရာယ်ရှိသည်။ ထို့ကြောင့် မီးကာကွယ်ရေးစနစ် (fire safety)၊ မီးမလောင်အောင် မည်ကဲ့သို့ လုပ်ရမည်၊ မီးလောင်လျှင် မည်ကဲ့သို့လုပ်မည် စသည်တို့ကို သိထားရန်လိုသည်။
ထို့ပြင် သတ္တုကို အရည်ပျော်ရာမှထွက်လာသည့် အလင်းတန်းသည် မျက်လုံးအတွက် အလွန်အန္တရာယ် များလှ၏။ ထို့ကြောင့် မိမိဆော်မည့် ဂဟေအမျိုးအစားအလိုက် မည်သည့်ဂဟေမှန် (Number of the shade of the welding glass) ကို ရွေးမည်နည်းဆိုသည်ကိုလည်း သိထားရန်လိုပါသည်။ မှန်အရွေးမှားလျှင် မျက်စိပျက်တတ်သည်။ ဂဟေအမျိုးအစား အလိုက် မှန်ရွေးသည့် ဇယားကို သိနားလည်ထားရမည်။ မိမိသုံးနေသည့်မှန်သည် မိမိဆော်နေသည့် ဂဟေအတွက် အန္တရာယ် ကင်းစွာ သုံးနိုင်၊ မသုံးနိုင် သိရမည်။
နောက်အလွန်ကြီးသည့် အန္တရာယ်တစ်ခုမှာ ဂဟေဆော်ရာမှထွက်လာသည့် ဓာတ်ငွေ့များဖြစ်ပါသည်။ အချို့ဓာတ်ငွေ့ များမှာ ကင်ဆာဖြစ်တတ်သည်။ သိတော်မူကြသည့်အတိုင်း ကင်ဆာဆိုသည်မှာ ကုလို့ရသည့်ရောဂါမဟုတ်။ သေမည့်ရက်ကို လက်ချိုးရေကာ စောင့်နေရသော ရောဂါဖြစ်သဖြင့် အလွန်အန္တရာယ်ကြီးလှသည်။ ထို့ကြောင့် ဂဟေသမားတစ်ဦအနေနှင့် မိမိ အန္တရာယ်ကို သိထားရန်လိုသလို ဤအန္တရာယ်များမှ ကင်းဝေးရန် မည်ကဲ့သို့ စီမံရမည်ဆိုသည်ကိုလည်း သိထားရန် လိုပါသည်။
(မှတ်ချက်။          ။ စရုံသာစထားပြီး မဆက်ဖြစ်သော ဂဟေဆက်နည်းအတတ်ပညာ စာအုပ်တွင် ထိုအန္တရာယ်များ အကြောင်းနှင့် ကာကွယ်နည်းများအကြောင်း အပြည့်အစုံ ထည့်သွင်းရေးသားပါမည်။)
            ဤမျှလောက်ဆိုလျှင်ပင် ဂဟေသမားတစ်ဦး သိထားရမည့်အရာများကို ရိပ်မိသိရှိလောက်ပါပြီ။ ဤသည်တို့ကိုသိရန် ကျကျနန သင်မပေးဘဲမဖြစ်နိုင်။ သေချာစွာသင်ပေးသည့် ဂဟေသင်တန်းသို့ စေလွှတ်သင်ကြား လေ့လာစေရန် လိုပါသည်။ မိမိအလုပ်သမားကို ဂရုစိုက်သည့် ကုမ္ပဏီမှန်လျှင် မိမိ၏ ဂဟေသမားများကို ထိုသင်တန်းများသို့ စေလွှတ်လေ့လာ စေသင့် ပါသည်။
၅၊ ၁၊ ၃။ လက်သမား (ကျောက်ပုံးရိုက်၊ ပုံဆင်၊ ပုံရိုက်) သင်တန်း (Formwork)
            ယခုခေတ် အဆောက်အဦများမှာ ကွန်ကရိအဆောက်အဦများဖြစ်လေရာ ကွန်ကရိလောင်းခြင်းသည် ဆောက်လုပ် ရေးလုပ်ငန်းအတွက် အဓိက အလုပ်ကြီးတစ်ခုဖြစ်၏။ ထို့အတူ ကွန်ကရိလောင်းရန် ပုံဆင်၊ ပုံရိုက်လုပ်ရသည့်အတွက် ပုံဆင်၊ ပုံရိုက်အလုပ်သည်လည်း အလုပ်ကြီးတစ်ခုဖြစ်လေသည်။ ထို ပုံဆင်၊ ပုံရိုက်မည့် လုပ်သားများသည်လည်း ကျွမ်းကျင်လုပ်သား များဖြစ်ရန်လိုသည်။
            ပုံဆင်ခြင်း၊ ပုံရိုက်ခြင်းအလုပ်တွင် အမြင့်၌ အလုပ်လုပ်ခြင်းများစွာ ပါဝင်ပတ်သက်နေသည်ဖြစ်ရာ အလုပ်သမားသည် မိမိလုပ်ငန်း၌ မကျွမ်းကျင်ပါက အလွန်အန္တရာယ်များလှ၏။ ပုံဆင်ပုံရိုက်ခြင်း၌ Table Form, Jump Form, Slip Form, Horizontal Form, Tunnel Form စသဖြင့် အမျိုးအစားများစွာပါဝင်နေရာ သက်ဆိုင်ရာ လုပ်ငန်း၌ ကျွမ်းကျင်ရန်လိုသည်။
            ပုံဆင်၊ ပုံရိုက်အလုပ်သမားသည် မိမိလုပ်ငန်း၌ မည်သည့်လက်နက်ကိရိယာများ လိုအပ်သည်၊ ပုံဆင်၊ ပုံရိုက်ရန် မည်သည့် ပစ္စည်းများလိုအပ်သည်။ မိမိရိုက်ထားသော ဖောင်ဝပ်များ ပြိုပျက်မကျစေရေးအတွက် မည်သည့်နေရာ၌ မည်ကဲ့သို့ သော ဒေါက်များကို မည်မျှထည့်ရမည်။ မိမိနှင့်မိမိအလုပ်သမားများ အန္တရာယ်မဖြစ်စေရန် မည်သည့်လိုအပ်ချက်များကို စီမံထားရမည်၊ ကွန်ကရိအသားသေသွားပြီး ရိုက်ထားသည့်ပုံကို ပြန်ဖျက်သည့်အခါတွင်လည်း မည်ကဲ့သို့ အန္တရာယ်ကင်းစွာ ဖျက်ရမည် - အစရှိသည်တို့ကို ကောင်းစွာ နားလည်ထားရမည်။  
ထို့ပြင် Table Form ကို တစ်နေရာမှ တစ်နေရာသို့ ချီမရွှေ့ပြောင်း (flying) သည့်အခါ လိုက်နာရမည့် အန္တရာယ် ကင်းရေး အစီအစဉ်များကို သိနားလည်ထားရမည်။
ဓာတ်လှေခါးနံရံများကို ပုံလောင်းရာတွင်သုံးသည့် Jump Form များကို မည်ကဲ့သို့ အန္တရာယ်ကင်းစွာ ဆင်ရမည်။ တစ်ဆင့်မှ နောက်တစ်ဆင့်သို့ ရွှေ့သည့်အခါ မည်သည်ကို ဦးစွာဖြုတ်ရမည်။ မည်သည်ကိုတော့ နောက်ဆုံးမှ ဖြုတ်ရမည်။ တပ်ဆင်ပြီးသွားသည့်အခါ အရေးတကြီးစစ်ရမည့် နေရာများမှာ မည်သည်တို့ဖြစ်သည် အစရှိသည်တို့ကို သိထားရမည်။
Column Form work ဆင်သည့်အခါ မည်သည့်နေရာများကို ဦးစားပေး စစ်ဆေးရမည်။ လူနေရန် working platform ကို လူများပြုတ်မကျအောင် မည်သည့်လိုအပ်ချက်များနှင့်အညီ ဆင်ရမည်။ တက်ဆင်းရန်လှေခါးကို မည်ကဲ့သို့ ဆင်သင့်သည်။ ကွန်ကရိအသားသေသွားသည့်အခါ form work ကို မည်သည့်နေရာမှ စဖြုတ်ရမည်။ မည်သည့်နေရာကို တော့ဖြင့် နောက်ဆုံးမှ ဖြုတ်သင့်သည်။ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသည့်အခါ အန္တရာယ်ကင်းအောင် မည်ကဲ့သို့ ချီမ ရွှေ့ပြောင်းသင့်သည် အစရှိသည်တို့ကို သေချာစွာ သိထားရမည်။
အရေးကြီးသည်မှာ အဖွဲ့ခေါင်းဆောင် (work group leader) ဖြစ်၏။ အဖွဲ့ခေါင်းဆောင်သည် မိမိဘာလုပ်ရမည်ကို သေချာစွာသိနေရန်လိုသည်။ မည်သည့်ပစ္စည်းများ၊ အရေအတွက် မည်မျှလိုသည်။ မည်သည်ကို ဦးစွာစလုပ်သင့်သည်။ ဘာပြီး ဘာဆက်လုပ်ရမည် စသည့်အစီအစဉ်ကို သေချာစွာ သိနေရမည်။ သို့မှ အန္တရာယ်ကင်းကင်း၊ အမှားအယွင်းကင်းစွာ လုပ်နိုင်မည်ဖြစ်၏။
 ပုံဆင်ပုံရိုက်ခြင်းတွင် အမြင့်၌လုပ်ရသည့်လုပ်ငန်း အများအပြားပါဝင်နေသဖြင့် ထိုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူ အားလုံးသည် အမြင့်တွင် အလုပ်လုပ်သည့်အခါ မည်ကဲ့သို့အန္တရာယ်ကင်းအောင်လုပ်ရမည် ဆိုသည်ကိုလည်း သိထားရန် လိုပါသည်။ Formwork သင်တန်းကိုသာမက အမြင့်၌ အန္တရာယ်ကင်းစွာအလုပ်လုပ်နည်း သင်တန်းကိုလည်း တက်ရန် လိုပါသည်။
၅၊ ၁၊ ၄။ ငြမ်းဆင်နည်းသင်တန်း (Scaffolding)
            ဆောက်လုပ်ရေးလုပ်ငန်း၌ ငြမ်းဆင်ခြင်းသည် မဖြစ်မနေလိုအပ်၏။ ငြမ်းစင်ပေါ်၌ အလုပ်သမားများတက်လုပ်မည် ဖြစ်ရာ ငြမ်းစင်ခိုင်ခံ့ရေးသည် အလွန်အရေးကြီးလှ၏။ ငြမ်းစင်ခိုင်ခံ့ရန်ဆိုသည်မှာ ငြမ်းထိုးသောလုပ်သားများက မိမိတို့ လုပ်ငန်း၌ ကျွမ်းကျင်ရမည်။ မည်သည့်နေရာ၌ မည်သည့်ပစ္စည်းများသုံးရမည် စသော စနစ်များကိုသိရမည်။ ထို့ပြင် ငြမ်းဆင် ခြင်းဟူသည် အမြင့်၌သာ တက်လုပ်ရခြင်းဖြစ်သဖြင့် အန္တရာယ်ကင်းစွာ ငြမ်းဆင်တတ်ရန်လည်း အထူးလိုအပ်၏။
ငြမ်းဆင်မည့်အဖွဲ့သည် အန္တရာယ်ကင်းစွာ ငြမ်းဆင်နည်းအစီအစဉ် (Safe Work Procedure for Scaffolding) ကို သေချာစွာနားလည် သဘောပေါက်ထားရမည်။ ငြမ်းဆင်သည့်အခါ ထိုအစီအစဉ်အတိုင်း လိုက်နာရန်လိုသည်။ ငြမ်းဆင်သည့် ကုမ္ပဏီသည် အခွင့်အာဏာရ ငြမ်းဆင်သည့် ကုမ္ပဏီသာဖြစ်ရမည်။ ၎င်းတို့မှာ ငြမ်းဆင်သည့် ကုမ္ပဏီဖြစ်သည့်အတွက် ၎င်းတို့၏လုပ်သားအားလုံးမှာ ငြမ်းဆင်ရာ၌ ကျွမ်းကျင်သည့် လုပ်သားများဖြစ်သည်။ အကယ်၍ အလုပ်သမားအသစ်များ ခန့်ထားသည့်အခါလည်း ထိုအလုပ်သမားကို ငြမ်းဆင်သင်တန်း သွားတက်စေရမည်။
ငြမ်းဆင်ခြင်းသည် အမြင့်၌လုပ်ရသည့်လုပ်ငန်း ဖြစ်လေရာ ထိုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူ အားလုံး အမြင့်၌ အန္တရာယ်ကင်းစွာအလုပ်လုပ်နည်း သင်တန်းကိုလည်း တက်ရန်လိုပါသည်။
            ငြမ်းဆင်မည့်သူများသည် ငြမ်းဆင်မည့်နေရာမှ မြေအပျော့အမာ အနေအထား၊ ထိုမြေပေါ်၌ ငြမ်းဆင်လျှင် အန္တရာယ်ကင်းနိုင်၊ မကင်းနိုင်။ မြင့်သောငြမ်းစင်များထိုးသည့်အခါ မည်သည့်နေရာ၌ tie back များကို မည်မျှထည့်ရမည်။ ငြမ်းစင်၏ ပလက်ဖောင်းလိုအပ်ချက်၊ လက်ရမ်းတန်းလိုအပ်ချက်၊ ခြေကာပြားလိုအပ်ချက်၊ အတက်အဆင်း လှေခါး လိုအပ်ချက်၊ အကယ်၍ ရွေ့လျားငြမ်းစင်ဖြစ်ပါက ဘီးများ၊ ဒေါက်များ လိုအပ်ချက်၊ အတက်အဆင်းလှေခါးများအတွက် လိုအပ်ချက်၊ ဘေးမှကာရံရမည့် အန္တရာယ်ကင်း ဆန်ကာ (safety net) တပ်ဆင်ရန်လိုအပ်ချက် စသည်တို့ကို သိရမည်။
            ထို့ပြင် မည်သည့်နေရာ၌ မည်သည့်ငြမ်းကိုဆင်ရမည်ကို ပြထားသော ပုံ (drawing) ကိုလည်း ဖတ်တတ်ရန် လိုပါသည်။ ထိုပုံကိုဖတ်ပြီး ငြမ်းဆင်ရန်လိုသည့် ပစ္စည်းများကိုလည်း တွက်တတ်ရမည်။ ငြမ်းဆင်သည့်အခါ မြေကြီးပေါ်တွင် ဆင်ရမည်လား၊ အထပ်မြင့်တွင် ဆင်ရမည်လား။ အကယ်၍ အမြင့်တွင်ဆင်မည်ဆိုလျှင် မည်ကဲ့သို့တင်မည်နည်း။ အကယ်၍ တန်းလန်းဆွဲငြမ်း (hanging scaffold), ကန်တီလီဗာငြမ်း (Cantilever scaffold) စသည်တို့ ဆင်သည့်အခါ လိုအပ်ချက်များ ကား အဘယ်နည်း၊ ငြမ်းဆင်သည့်အခါ လိုက်နာရန် အန္တရာယ်ကင်းရေးစည်းမျဉ်းများ၊ ၀တ်ဆင်ရမည့် တစ်ကိုယ်ရေ ကာကွယ် ရေးပစ္စည်းများ စသည်တို့ကို နားလည်ထားရမည်။
            ထို့ကြောင့် ဤသည်များကို သိနားလည်ရန် ငြမ်းဆင်သင်တန်းသို့ စေလွှတ်ရမည်။ ထိုသင်တန်းမှ ဆင်းလာသူများကို သာ ငြမ်းဆင်ခိုင်းစေရမည်။
၅၊ ၁၊ ၅။ ကြိုးချည်နည်းသင်တန်း (Rigger Course)
            ဆောက်လုပ်ရေးလုပ်ငန်း၌ မရှိမဖြစ်လိုအပ်သည့် နောက်လုပ်ငန်းတစ်ခုမှာ ၀န်ချီခြင်းလုပ်ငန်းဖြစ်ပါသည်။ ၀န်ချီခြင်း လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများမှာ ကြိုးချည်သူ (Rigger)၊ အချက်ပြသူ (Signalman)၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူ (Lifting Supervisor) နှင့် ကရိန်းမောင်းသူ (Crane Operator) တို့ဖြစ်ပါသည်။ ၀န်ချီခြင်းလုပ်ငန်းသည် အလွန်အရေးကြီးပြီး အန္တရာယ်လည်း များသည့်လုပ်ငန်းဖြစ်၏။ မတော်တဆ ၀န်ပြုတ်ကျခဲ့လျှင် လူသေမှုထိ ဖြစ်နိုင်သည်။ ထို့ကြောင့် ၀န်ချီခြင်း လုပ်ငန်းတွင် ပါဝင်သူအားလုံး သင်တန်းတက်ပြီး လက်မှတ်ရထားသူများ၊ ကျွမ်းကျင်သူများ ဖြစ်ဘို့လိုသည်။
            ၎င်းတို့သည် မိမိလုပ်ရမည့်အလုပ်ကို သေသေချာချာနားလည် တတ်ကျွမ်းရမည်။ ၀န်ချီသည့် ခါးပတ်ကြိုး၊ သံကြိုး၊ ရှက်ကယ်များစသည်တို့ကို မည်သို့စစ်ဆေးရမည်ကို သိနားလည်ရမည်။ ၀န်၏ အလေးချိန်ကို ခန့်မှန်းတတ်ရမည်။ မည်သည့် ၀န်လာလျှင် မည်ကဲ့သို့ ချည်နှောင်ရမည်၊ မည်ကဲ့သို့ချည်လျှင် အန္တရာယ်ရှိသည်ကို သိရမည်။  
             ထို့ပြင် ကရိန်းမောင်းသူနှင့် အဆက်အသွယ်လုပ်ရန် လက်ဟန်ခြေဟန်နှင့်ပြသည့် သင်္ကေတများကိုလည်း ကောင်းစွာနားလည်ထားရမည်။
၅၊ ၁၊ ၆။ ၀န်ချီခြင်း အချက်ပြနည်း သင်တန်း (Signalman Course)
            မတော်တဆမှုများတွင် ကရိန်းမောင်းသူနှင့် အချက်ပြသူအကြား ဆက်သွယ်မှု မကောင်းခြင်းသည်လည်း တစ်ခုအပါ အ၀င်ဖြစ်သည်။ အချက်ပြသူပြောသည်ကို ကရိန်းမောင်းသူ နားလည်မှုလွဲပါက မဖြစ်သင့်တာတို့ ဖြစ်တတ်သဖြင့် အပြန်အလှန် ဆက်သွယ်မှု အလွန်အရေးကြီးသည်။
            ထို့ပြင် တစ်ခါတစ်ရံ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်း၌ ကရိန်း သုံးလေးစီး တည်ရှိနေတတ်သည်။ ထိုအခါ ကရိန်းတစ်ခုနှင်တစ်ခု မတော်တဆ တိုက်မိခြင်းမဖြစ်အောင် အချက်ပြသူသည် အမြဲ သတိရှိနေရသည်။ အခြားကရိန်းတစ်ခု သည် မိမိဝန်ချီနေသည့် နေရာသို့ လှည့်လာနေပါက မိမိကရိန်းအား အချိန်မီရပ်တန့်ခိုင်းဘို့လိုသည်။  
            ဤအရာများအားလုံး သေသေချာချာ သိစေရန် အချက်ပြသူ၊ ကြိုးချည်သူများအား သင်တန်းသို့ စေလွှတ်ကာ သင်ကြားလေ့လာခိုင်းရသည်။ လုပ်ငန်းခွင်ထဲ၌ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်သူကို သင့်တော်သည့်နေရာ၌ ခန့်ထားရန်မှာ အလွန်အရေးကြီးပေသည်။
၅၊ ၁၊ ၇။ ဖောက်ကလစ်မောင်းနည်းသင်တန်း (Forklift Operator Course)
            ဖောက်ကလစ်မောင်းတာ မခဲယဉ်းပါ။ သို့သော် သေသေချာချာ သင်တန်းမပေးထားဘဲ စနစ်တကျ မှန်မှန်ကန်ကန် မောင်းတတ်ဘို့မလွယ်။ သေသေချာချာမသိသူ တက်မောင်းလျှင် အန္တရာယ်များသည်။ ထို့ကြောင့် ဖောက်ကလစ် မောင်းသူကို လည်း သင်တန်းတက်ထားခိုင်းဘို့၊ လိုင်စင်ရှိဘို့ရာ လိုသည်။ လိုင်စင်မရှိသူအား မောင်းခွင့်မပြုရ။ အန္တရာယ်ဆိုတာ အချိန်မီ ကြိုတင်ကာကွယ်မှ ရသည်။ တစ်စုံတစ်ခုဖြစ်သွားပြီဆိုလျှင် အချိန်နှောင်းသွားပြီဖြစ်၏။ ထို့ကြောင့် မတော်တဆမှု မဖြစ်မီ ကတည်းက ကြိုတင်စီမံထားရန်လိုပါသည်။
            ဖောက်ကလစ်တွင် ဖောက်ကလစ်မောင်းသူ၏ လိုင်စင်ကို မိတ္တူကူးကာ ကပ်ထားလျှင် ဖောက်ကလစ်မောင်းသူအား အချိန်မရွေးစစ်ဆေးလို့ရပေမည်။
၅၊ ၁၊ ၈။ ဆစ်ဆာလစ်၊ ဘွန်းလစ် မောင်းနည်းသင်တန်း (scissor lift, boom lift Operator Course)
            MEWP (Mobile Elevated Working Platform) များဖြစ်သော ဆစ်ဆာလစ်ဖ် (scissor lift)၊ ဘွန်းလစ်ဖ် (boom lift) များ မောင်းခြင်းကိုလည်း တတ်ကျွမ်းနားလည်သူ (ထိုသူသည် ဆစ်ဆာလစ်၊ ဘွန်းလစ်များ ရောင်းသော သို့မဟုတ် ငှားသော ကုမ္ပဏီမှ လက်မှတ်ရသင်တန်းဆရာ ဖြစ်ရမည်။)
၅၊ ၁၊ ၉။ မြေတူးစက်မောင်းနည်းသင်တန်း (Excavator Operator Course)
            စက်မှန်သမျှ မည်သည့်စက်မဆို ကျွမ်းကျင်သူ၊ လက်မှတ်ရှိသူသာ မောင်းခွင့်ရှိသည်။ မမောင်းတတ်ဘဲ စက်ကို မောင်းခြင်းမှာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်၏။ ထို့ကြောင့် စက်မောင်းသူမှန်သမျှ စက်မောင်းသင်တန်း တက်၊ စာမေးပွဲ ဖြေကာ လိုင်စင်ယူထားရမည်ဖြစ်ပါသည်။ လိုင်စင်မရှိသူအား မောင်းခွင့်မပြုရ။
            စက်မောင်းသူသည် စက်မောင်းလိုင်စင်ကို ကိုယ်နှင့်မကွာ အမြဲဆောင်ထားရမည်။ ထို့ပြင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဌာနသို့လည်း မိတ္တူပေးထားရမည်။ သို့မှသာ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအရာရှိက ဆိုဒ်ထဲ၌မောင်းနေသူ မှာ လိုင်စင်ရှိသူဟုတ်မဟုတ် အချိန်မရွေး စစ်ဆေးနိုင်မည်။
၅၊ ၁၊ ၁၀။ ပုံဆွဲသင်တန်း (Basic Drawing)
            ဆောက်လုပ်ရေးလုပ်ငန်းမှန်သမျှ ပုံ (drawing) နှင့်မကင်းနိုင်။ ထို့ကြောင့် ပုံဆွဲသူမှာလည်း မရှိမဖြစ်လိုသည်။ ထိုသူများသည် အင်ဂျင်နီယာလက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ရများဖြစ်နိုင်သည်။ ပုံဆွဲသည်ဆိုပေမင့် ပုံဆွဲတတ်ရုံမျှနှင့်မပြီး။ အင်ဂျင်နီယာဘာသာရပ်အကြောင်း နားလည်သူမှ ဖြစ်မည်။ ထို့ပြင် ပုံဆွဲသည်ဆိုရာတွင် သူ့စံနှုန်းစနစ်များရှိသည်။ ဤသည်များကို နားလည်ပါမှ ပုံကောင်းတစ်ပုံဖြစ်လာမည်။ ဤစံနှုန်းစနစ်များကို နားလည်ရန် ပုံဆွဲသူအား သင်တန်းသို့ လွှတ်ပြီးလေ့လာစေရသည်။ အင်ဂျင်နီယာဖြစ်ပါမူ ဤသင်တန်း လိုချင်မှတောင် လိုပါလိမ့်မည်။ ကျောင်းက သင်ပေးလိုက်တာ နှင့် လုံလောက်ပါလိမ့်မည်။ သို့သော် နောက်ပေါ် ဗားရှင်းများအတွက်မူ refresher course သင်တန်းများ တက်ခိုင်းစေသင့် ပါသည်။ သို့မှ အသစ်ပေါ်ထွက်နေသော ဗားရှင်းနှင့်ဆွဲထားသည့် ပုံများကို ဖတ်နိုင်ကာ လုပ်ငန်းလုပ်ရာ၌ အခက်အခဲ တစ်စုံတစ်ရာ မရှိမှာ ဖြစ်ပါသည်။
            ပုံဆွဲရာတွင်လည်း မိမိတို့ ပရောဂျက်မှ သုံးနေသည့်ဆော့ဖ်ဝဲ (ဥပမာ - AutoCAD, Micro Station, Revit စသည်) အလိုက် တက်ခိုင်းစေသင့်ပါသည်။ အချို့ဆိုဒ်များက အော်တိုကက် သုံးသည်။ အချို့ပရောဂျက်များကျတော့ မိုက်ခရို စတေရှင်သုံးသည်။ မိမိ၏ ကာစတန်မာသုံးသည့် ဆော့ဖ်ဝဲကိုလည်း သိထားရမည်။ မိမိဝန်ထမ်းများအား အမြဲ လေ့လာသင်ယူ နေစေခြင်းသည် မိမိကုမ္ပဏီ၏ လုပ်ငန်းကို များစွာအထောက်အကူရစေသည်။
၅၊ ၁၊ ၁၁။ ပိုက်ပြင်ပိုက်ဆက်သင်တန်း (Pipe Fabrication and Installation)
            အဆောက်အဦမှန်လျှင် အိမ်သာပိုက်၊ ရေပိုက်၊ မီးသတ်ပိုက်၊ လေအေးပေးစက်မှပိုက်၊ ယုတ်စွအဆုံး မီးလိုင်းပြေးမည့် ကွန်ကျုပိုက်စသဖြင့် ပိုက်လိုင်းများရှိပေရာ ထိုပိုက်လိုင်းဆင်မည့် လုပ်သားများအားလည်း ပိုက်ပြင်ပိုက်ဆက်သင်တန်းသို့ လွှတ်သင့်ပါသည်။ ကျွမ်းကျင်သော လုပ်သားသည် သူဘာလုပ်ရမည်ကိုသိသဖြင့် လုပ်ငန်းတွင်ကျယ်သည်။ အမှားအယွင်း နည်းသဖြင့် အချိန်ကုန်သက်သာသလို ပစ္စည်းအလေအလွင့်လည်း နည်းသည်။ လက်ရာသေသပ်သည်။ နောက်က တကောက်ကောက် လိုက်ကြည့်နေစရာမလို။
            ကျွမ်းကျင်သော ပိုက်ဆင်သမားတစ်ဦးသည် သူ့ကို ပုံ ပေးလိုက်သည်နှင့် သည်လိုင်းအတွက် ဘယ်နှစ်လက်မပိုက်က အရှည်ဘယ်လောက်၊ ဘာပိုက်ဆက်ပစ္စည်းတွေက ဘယ်လောက်၊ ဘာဗားတွေမှာရမည်။ ဂက်စကက် ဘယ်လောက်လိုသည်။ ပိုက်အထိုင်များကို မည်ကဲ့သို့ဆင်ရမည်။ မည်သည့်အရွယ်ရှိသည့် ဘိုး၊ နပ် ဘယ်နှစ်ချောင်းလိုသည်။ သည်လိုင်းကိုဆင်လျှင် ဘာလက်သုံးကိရိယာတွေ၊ ကုန်ခမ်းပစ္စည်း (consumable) တွေလိုသည်။ သည်လိုင်းကို အမြင့်မှာ ဆင်ရမှာလား။ ဒါဆို ငြမ်းဆင်ဘို့ လိုသလား၊ ငြမ်းဆင်သည့်သူက ဘယ်ကန်ထရိုက်တာ၊ သူနှင့် ဘယ်လိုဆက်သွယ်ရမည် အားလုံးနားလည်သည်။
            ထို့ကြောင့် လုပ်ငန်းစတော့မည်ဆိုကတည်းက လိုအပ်သောပစ္စည်းများ၊ လက်နက်ကိရိယာများကို ကြိုတင်မှာယူ စုဆောင်းသည်။ ကုန်ခမ်းပစ္စည်းများ ၀ယ်သည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူ စေသည်။ ထို့ကြောင့် လုပ်ငန်းလုပ်ရာတွင် အဆင်ပြေချောမွေ့သည်။
            ထို့ကြောင့် အလုပ်ရှင်များအနေနှင့် ကျွမ်းကျင်လုပ်သားရရှိရေးမှာ အလွန်အရေးကြိးသည်။ ထို့ကြောင့် မိမိ အလုပ်သမားများကို သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများသို့ စေလွှတ်ရန် လိုအပ်ခြင်း ဖြစ်လေသည်။
            ထိုမျှသာမကသေး။ လုပ်ငန်းထဲ၌ မတော်တဆမှုအဖြစ်ဆုံးမှာ မကျွမ်းကျင်သော လုပ်သားများနှင့် အသစ်ရောက်လာ သည့် လုပ်သားများ ဖြစ်သည်။ လုပ်ငန်းကျွမ်းကျင်သူများမှာ မိမိအန္တရာယ်ဖြစ်မှာကို ကြိုတင်မြင်သည့်အတွက် ကာကွယ်နိုင် သည်။ ထို့ကြောင့် လုပ်ငန်းခွင်အတွင်းသို့ အသစ်ရောက်လာသည့် အလုပ်သမားများကို သူတို့ချည်း မလုပ်ကိုင်စေသင့်။ လူဟောင်းများနှင့်တွဲကာ အလုပ်သင်အဖြစ် လေ့လာသင်ယူစေသင့်သည်။
 ဆက်ပါဦးမည်။
အေးငြိမ်း
၁၈၊ ၈၊ ၂၀၁၃။ ည ၁၀း၅၉ နာရီ
No comments: