Friday, August 23, 2013

လေထုညစ်ညမ်းမှု နှင့် ကျန်းမာရေး (၂)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လေအရည်အသွေး လမ်းညွှန်ချက်


၎။ လေထုအရည်အသွေး အညွှန်းကိန်း (AQI) (Air Quality Index) (အမေရိကန်)
    လေထုညစ်ညမ်းမှု အညွှန်းကိန်း (PSI) (Pollutant Standards Index) (စင်ကာပူ)

AQI ဆိုသည်မှာ အသင်တို့ နေ့စဉ် ရှူရှိုက်နေသော လေထုသည် မည်မျှသန့်စင်သနည်း၊ ထိုလေသည် ကျန်းမာရေး အတွက် သင့်တော်သည့်လေ ဖြစ်သလား၊ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသော လေလား စသည်ကို ဖော်ပြပေးသော ကိန်းဂဏန်း တစ်ခုဖြစ်၏။ AQI က သင်နာရီအနည်းငယ် သို့မဟုတ် တစ်ရက်တာ ရှုရှိုက်လိုက်သောလေသည် ကျန်းမာရေး အတွက် မည်မျှ အန္တရာယ်ရှိသည်ကို ဖော်ပြပေးသည်။ 
            လေသန့်ဥပဒေ (Clean Air Act) တွင်ဖော်ပြထားသည့် လေထုကိုညစ်ညမ်းစေသည့် ဓာတ်ပစ္စည်း ၅ မျိုး၏ ပါဝင်နှုန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ (EPA - Environmental Protection Agency) က တွက်ချက်ပေးသည်။ ထိုငါးမျိုးတို့မှာ မြေပြင်ရှိအိုဇုန်း၊ အမှုန်အမွှားများ၊ ကာဘွန်မိုနောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ်တို့ ဖြစ်၏။ EPA က လူတို့ အသက်ရှူရာတွင် ကျန်းမာရေးကို မထိခိုက်စေရန် လေထုအတွင်း ထိုဓာတ်ငါးမျိုးမှာ မည်သည့်ပမာဏမျှသာ ရှိသင့်သည် ဟု စံသတ်မှတ်ပေးသည်။
            လူထုကျန်းမာရေးအတွက် အများဆုံး AQI တန်ဘိုးမှာ ၁၀၀ ဖြစ်သည်။ AQI တန်ဘိုး ၁၀၀ ထက်များသည့်လေသည် ကျန်းမာရေးနှင့် မညီညွတ်။ AQI တန်ဘိုး ၁၀၀ ကျော်လာလျှင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၊ အဆုပ်ရောရာ၊ ပန်းနာရင်ကြပ်ရောဂါသည် စသူတို့အတွက် အထူးဂရုစိုက်ရသည်။ AQI တန်ဘိုးများလာလေလေ ကျန်းမာရေးအတွက် ပိုမို အန္တရာယ်ရှိလေဖြစ်သည်။
            ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့်အဆင့်ပေါ်မူတည်ကာ AQI ကို ၆ ဆင့်ခွဲထားသည်။ ထိုအဆင့်များမှာ လေထုထဲတွင်ပါဝင်သော အညစ်အကြေးများကြောင့် လူတို့၏ကျန်းမာရေးအခြေအနေကို မည်ကဲ့သို့ ထိခိုက်နိုင်သည်ကို ဖော်ပြထားခြင်းဖြစ်၏။



၅။ ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း

၅၊ ၁။ အက်စစ်မိုးရွာသွန်းခြင်း (Acid Rain)


ဆာလဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် အက်စစ်မိုးကို ရွာသွန်းဖြိုးစေသည့် အဓိကလက်သည်ဖြစ်၏။ ဆာလဖာဒိုင် အောက်ဆိုဒ်သည် လေထုထဲမှ အောက်ဆီဂျင်နှင့်ဓာတ်ပြုကာ ဆာလဖျူရစ်အက်စစ် (H2SO4 - ဆားငရဲမီး) ဖြစ်လာသည်။ ထိုဆာလဖျူရစ်အက်စစ်နှင့် မိုးရေပေါက်များ ပေါင်းမိသောအခါ အက်စစ်မိုးအဖြစ် ရွာချသည်။ အက်စစ်မိုးသည် သစ်ရွက်များကို ပျက်စီးစေသည်။ သစ်ပင်များကို သေစေသည်။ တိရစ္ဆာန်များကို အနာတရဖြစ်စေသည်။ ငါးနှင့် အခြားသတ္တ၀ါငယ်ကလေးများကို သေကြေပျက်စီးစေသည်။
            အက်စစ်မိုးရေများ မြေကြီးအတွင်း စိမ့်ဝင်သွားသည့်အခါ မြေကြီး၏ မူလဓာတ်သဘာဝ ပျက်သွားသည်။ ထိုအခါ ထိုမြေကြီးနှင့် မြေကြီး၏ အာဟာရကို မှီတင်းနေထိုင်သည့် ပိုးမွှားကောင်များ သေကြေပျက်စီးသွားသည်။ ထိုအခါ မြေလွှာ၏ သြဇာ ဓာတ်လည်း ပျက်ယွင်းသွားသည်။ အကျိုးဆက်အားဖြင့် ထိုမြေလွှာတွင်စိုက်ပျိုးသည့် သီးနှံများ မဖြစ်ထွန်း၊ မအောင်မြင်တော့။
            ထိုမျှသာမက အက်စစ်မိုးရေများ မြစ်ချောင်းများအတွင်း စီးဝင်သွားလျှင် မြစ်ရေချောင်းရေများ၏ ဓာတ်သဘာဝ ပျက်စီးသည်။ ရေနေသတ္တ၀ါများ သေကြေကြရသည်။

၅၊ ၂။ သြဇာဓာတ်လွန်ကဲခြင်း (Eutrophication)

            လေထုညစ်ညမ်းမှုကြောင့် မိုးရွာသည့်အခါ မိုးရေများက လေထုထဲရှိ နိုက်ထြိုဂျင်စသည့် ဓာတ်များကို သယ်ဆောင်လာ ကာ မြေကြီးပေါ်နှင့် မြစ်ချောင်းများတွင် အနည်ထိုင်စေသည်။ ထိုအခါမလိုလားအပ်သော ပေါင်းမြက်ပင်များ ရှင်သန်ကြီးထွားလာ ကာ ကုန်းနေ၊ ရေနေသတ္တ၀ါများ၏ နေထိုင်မှုစနစ်ကို ပျက်ယွင်းစေသည်။

၅၊ ၃။ မြေပြင်အိုဇုန်း (Ground-level Ozone)

            မြေပြင်အိုဇုန်းကြောင့် လူများ၏ကျန်းမာရေးကို ထိခိုက်စေသည်သာမက အချို့သော သစ်သီးဝလံ၊ ပန်းမာလ်များကိုပါ ပျက်စီးစေသည်။ တိရိစ္ဆာန်များအားလည်း ရောဂါဘယများ ထူပြောစေသည်။

၆။ NEA Singapore (National Environment Agency, Singapore)

            လေထုညစ်ညမ်းမှုကို စောင့်ကြည့်သည့် စင်ကာပူမှ အဖွဲ့မှာ NEA ဖြစ်သည်။ NEA website (www.nea.gov.sg/psi/) တွင် လေထုအခြေအနေကို မနက် ၈ နာရီ၊ နေ့မွန်းတည့်၊ ညနေ ၄ နာရီတို့တွင် ဖော်ပြပေး၏။ သို့သော် အချိန်မရွေးကြည့်လို့ ရပါသည်။ ထို့အပြင် မိုးလေ၀သဌာန (Meteoroogical Service Website) တွင်လည်း ကြည့်နိုင်သလို NEA သို့လည်း ဖုံးဆက်၍ သော်လည်းကောင်း အီးမေးပို့၍သော်လည်းကောင်း မေးမြန်းနိုင်သည်။
            လေထုညစ်ညမ်းမှုကို ထိန်းသိမ်းရန် ပြဌာန်းထားသည့် ဥပဒေများမှာ -

Ø  Environmental Pollution Control Act 1999 Third Schedule
Ø  Environmental Pollution Control (Air Impurities) Regulations 2001
Ø  Smoking (Prohibition In Certain Places) Act

- တို့ဖြစ်၏။
            NEA သည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို နည်းမျိုးစုံသုံးပြီး ထိန်းသိမ်းလျက်ရှိ၏။ ဤသည်မှာ အလွန်ကျယ်ပြန့်လှသော အကြောင်းအရာဖြစ်၍ ဤနေရာတွင် မဖော်ပြတော့ပါ။ ၎င်းတို့ ဆောင်ရွက်နေသော လုပ်ငန်းများတွင် ပတ်ဝန်းကျင်ဆူညံသံကို ထိန်းသည်။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုကို ထိန်းသည်။ ပိုးကောင်မွှားကောင် (ခြင်၊ ယင်၊ ပိုးဟပ်စသော အင်းဆက်ပိုးမွှား များ)၊ ကြွက်များ ပေါက်ပွားမှုကို ထိန်းသည်။ အများပြည်သူ ကျန်းမာရေးအတွက် အိမ်သာစနစ်ကို ထိန်းသည်။ စားသောက်ဆိုင်
များကို ထိန်းသည်။ အမှိုက်များစွန့်ပစ်ရေးကို ထိန်းသည်။ ဆေးလိပ်သောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းကို ထိန်းသည်။ သစ်ပင်သစ်တောများ ကိုထိန်းသည်။
            အဆင့်မြင့်နည်းပညာများသုံးလျှက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လေ့လာစောင့်ကြည့် ထိန်းချုပ်လျှက်ရှိသဖြင့် စင်ကာပူသည် အာရှတွင် အလွန်သန့်ရှင်းသောလေများရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ဆိုလေသည်။

၇။ လေထုညစ်ညမ်းမှုကို ထိန်းသိမ်းခြင်း

            လေထုညစ်ညမ်းမှုကို မည်ကဲ့သို့ကာကွယ်ထိန်းသိမ်းရမည်ဆိုသည်မှာ ကြီးမားသောပြဿနာ အမြဲဖြစ်နေသည်။ လေထုညစ်ညမ်းမှုကို ကာကွယ်ရန်မှာ လေထဲသို့ အညစ်အကြေးများ လွှင့်ထုတ်လိုက်ပြီးခါမှ မဟုတ်။ အညစ်အကြေးများကို လေထဲသို့ စွန့်မထုတ်မိစေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။ ဤကဲ့သို့ကြိုတင်ကာကွယ်ရေးတွင် အစိုးရကချည်း ဥပဒေပြဌာန်း ၍ တားမြစ်နေရမှာမဟုတ်ဘဲ လူတစ်ဦးချင်းစီကလည်း မိမိတို့ရှူနေသောလေသည် မိမိတို့အတွက် အလွန်အရေးကြီးသည် ဟူသည့် အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဘို့ အရေးကြီးလေသည်။
            ဖွံ့ဖြိုးတိုးတက်သော နိုင်ငံမှ မြို့ကြီးများတွင် လေအရည်အသွေးတိုင်းတာသည့် ကိရိယာများကို နေရာအနှံ့ တပ်ဆင်ကာ လေထု၏ အရည်အသွေးကို စောင့်ကြည့်လျှက် လူထုအား လေထုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန် ပေးသည်။


၆၊ ၁။ အစိုးရ သို့မဟုတ် လူ့ထုအဖွဲ့အစည်းအဆင့် ကာကွယ်ထိန်းသိမ်းရေး

            Green energy အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်၊  သုံးစွဲလာစေခြင်းဖြင့် ကမ္ဘာ့နိုင်ငံ အစိုးရ များသည် လေထုညစ်ညမ်းမှုကို လျှော့ချရန် အလေးထားဆောင်ရွက်နေကြပြီဖြစ်၏။ အချို့အစိုးရများသည် လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် စသော ပြန်သစ်မြဲစွမ်းအင် (renewable energy) များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် လေထုညစ်ညမ်းမှုကို အကြီးအကျယ်ဖြစ်စေသော ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာသုံးစွဲမှုကို လျှော့ချကြသည်။
အစိုးရသည် ကုမ္ပဏီကြီးများအား ၎င်းတို့၏ ကုန်ထုတ်လုပ်ငန်းမှထွက်သည့် လေထုညစ်ညမ်းမှုကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရေးအတွက် တွန်းအားပေးခြင်းဖြင့် လေထုညစ်ညမ်းစေသည့် ဓာတ်ငွေ့များ စွန့်ထုတ်နေသည့်တိုင် ထိုလုပ်ငန်းကြီးများအား ထိန်းထိန်းသိမ်းသိမ်း လုပ်လာစေနိုင်ခဲ့သည်။
မော်တော်ကားထုတ်သော ကုမ္ပဏီကြီးများကလည်း အဆိပ်အတောက်ဖြစ်စေမည့် မီးခိုးငွေ့များထုတ်လွှတ်မှုနည်းနိုင်သမျှ နည်းအောင် ဒီဇိုင်းထုတ်လာကြသဖြင့် လေထုညစ်ညမ်းစေမည့် မီးခိုးများထုတ်လွှတ်မှုကို ယခင်ကထက် အဆများစွာ လျှော့ချနိုင် လာပြီဖြစ်သည်။





၆၊ ၂။ လူတစ်ဦးချင်းအဆင့် ကာကွယ်ထိန်းသိမ်းရေး

            လေထုညစ်ညမ်းမှုကို ကာကွယ်ရာတွင် အစိုးရသာမက လူတစ်ဦးချင်းစီ၌လည်း ကိုယ်စီတာဝန်ရှိသည်။
ü  ရေ၊ မီးသုံးစွဲမှုတွင် ကိုယ်ပိုင်အသိဖြင့် ဆင်ဆင်ခြင်ခြင် သုံးစွဲရေး၊ အလဟဿဖြုန်းတီးမပစ်မိရေး အလွန် အရေးကြီးသည်။ လျှပ်စစ်ကို အတိုင်းအဆမရှိသုံးစွဲကြလျှင် လျှပ်စစ်ဓာတ်ပိုထုတ်ရမည်။ ထိုအခါ လောင်စာဆီ ပိုသုံးရမည်။ ထို့ကြောင့် လေထုညစ် ညမ်းမှုပိုများလာမည်။ တစ်ဦးချင်းစီ၏အသိဉာဏ်ဖြင့် ဆင်ခြင်တိုင်းထွာသုံးစွဲမှုဖြင့် တစ်မြို့လုံး သို့မဟုတ် တစ်နိုင်ငံလုံးရှိ လူအများ ပေါင်းစုလိုက်သောအခါ ကြီးစွာသော အကျိုးသက်ရောက်မှုကို ဖြစ်စေသည်။
ü  3R (Reduce, Reuse, Recycle) ကို အမြဲသတိရပါ။
၁။ Reduce  - မလိုအပ်ပဲဖြုံးခြင်းကို ရှောင်ကြဉ်ပါ။
၂။ Reuse - တစ်ခါသုံးပစ္စည်းများ သုံးစွဲမှုကို ရှောင်ကြဉ်ပါ။ ဥပမာ - တစ်ခါသုံးပန်းကန်ခွက်ယောက်၊ ဇွန်းခက်ရင်းများအစား ဆေးပြီး ပြန်သုံးလို့ရသည့် ကြွေပန်းကန်၊ သံပန်းကန်၊ စတီးဇွန်းစသည်တို့သုံးပါ။
၃။ Recycle - ကုန်သွားသည့်ပုလင်းများကို လွှင့်ပစ်မည့်အစား အခြားအရည်တစ်ခုခုထည့်ရန် ပြန်သုံးပါ။ အ၀တ်အထည် များဟောင်းသွားလျှင် နွမ်းပါးသူများသို့ စွန့်ကြဲပါ။ ပလတ်စတစ်ပစ္စည်းများကို လွှင့်ပစ်မည့်အစား ရောင်းစားပါ။
ü  ယခုအခါ လူများဝင်ငွေတိုးလာသည့်အတွက် ကိုယ်ပိုင်ကားများ ပိုမိုဝယ်ယူသုံးစွဲလာကြသည်။ ကိုယ်ပိုင်ကားများပြီး လမ်းပေါ်၌ ကားများကြပ်သိပ်နေခြင်းသည် လေထုညစ်ညမ်းမှုကို ပမာဏကြီးမားစွာ ဖြစ်ပေါ်စေသည်။ လူအများကို ကိုယ်ပိုင်ကားများစီးမည့် အစား အများပြည်သူသုံး ဘတ်စကား၊ ရထားစသည်တို့ကို အသုံးပြုစေချင်းဖြင့် လမ်းများပေါ်ရှိ ကားစီးရေကို လျှော့ချနိုင်မည်။ ကားစီးရေလျော့ကျလာသည်နှင့်အမျှ လေထုညစ်ညမ်းမှုလည်း လျော့ကျလာပေမည်။
(မှတ်ချက်။          ။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို ပြည်သူအများ လက်ခံသုံးစွဲလာစေရန်မှာ ၎င်းတို့အတွက် သက်တောင့်သက်သာဖြစ်စေမည့် သယ်ယူပို့ဆောင်ရေးမျိုး ဖြစ်ရပါမည်။ သယ်ယူပို့ဆောင်ရေးအကြောင်း သီးသန့်ဆောင်းပါး ရေးပါမည်။)


နိဂုံး

            အသက်ရှင်နေထိုင်ရေးအတွက် လူတို့သည် လေကို စက္ကန့်မလပ် ရှူရှိုက်နေကြရ၏။ အကယ်၍ မိမိတို့ရှူရှိုက်လိုက်သော လေသည် မသန့်ရှင်းသောလေ ဖြစ်ခဲ့ပါက ရောဂါပေါင်းစုံတို့ ဖြစ်နိုင်သည်။ ပို၍အရေးကြီးသည်မှာ လေမသန့်၍ ရောဂါဖြစ်လျှင် တစ်ဦးတစ်ယောက်တည်း ဖြစ်မှာမဟုတ်ဘဲ ထိုဒေသတွင်နေထိုင်သူ လူအပေါင်းတို့ ဖြစ်နိုင်ချေရှိသည်။ လေမသန့်ပါက မိမိကိုသာ မက မိမိတို့၏ သက်ကြီးရွယ်အို မိဘဘိုးဘွားများနှင့် နောင်လာနောက်သား မျိုးဆက်များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေ နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိလေထု သန့်နေစေရေးသည် အလွန်အရေးကြီး၏။
            ကျွန်ုပ်တို့ မြန်မာနိုင်ငံရှိလေမှာ အတော်အတန်သန့်နေသေးသည်ဟု ယူဆရပါသည်။ သို့သော် မြန်မာနိုင်ငံတွင် လေထု အရည်အသွေးကို ထုတ်ပြန်ပေးနေသည့် သတင်းဌာန မတွေ့မိသေးပါ။ လေအရည်အသွေးကို တိုင်းတာသည့် ကိရိယာများတော့ မိုးလေ၀သဌာနများတွင် ရှိလိမ့်မည်ဟု ယူဆမိပါသည်။ မြန်မာနိုင်ငံအ၀ှမ်းရှိ ဒေသများ၊ အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ ပခုက္ကူ၊ တောင်ကြီး၊ စစ်တွေအစရှိသော မြို့ကြီးများတွင် လေအရည်အသွေးတိုင်းတာသည့် ကိရိယာများ တပ်ဆင်ကာ တိုင်းတာရရှိမှု မှတ်တမ်းများကို အများပြည်သူသို့ ထုတ်ပြန်ကြေငြာသင့်ပါသည်။
            အထူးသဖြင့် မော်တော်ယာဉ်ဦးရေ၊ လူဦးရေ၊ စက်မှုလုပ်ငန်းများ တစ်နေ့တစ်ခြား ထူထပ်များပြားလာလျှက်ရှိသော ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အနည်းဆုံး သုံးနေရာခန့်၌ လေအရည်အသွေးကို တိုင်းတာကာ ထုတ်ပြန်သင့်ပါသည်။ သို့မှသာ အကယ်၍ လေထုသည် အန္တရာယ်များသည့်အခြေအနေ ရောက်လာပါက လူထုအနေနှင့် အလေးထားကာကွယ် နိုင်ပါလိမ့်မည်။
            ထိုမျှသာမက မြန်မာနိုင်ငံ၌ လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် ပညာပေးအစီအစဉ်လုပ်သည်များကို မတွေ့မိသေးပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ကမကထပြု ဆောင်ရွက်ရန် အရေးတကြီးလိုအပ်လျှက်ရှိပါသည်။ သိပ်မညစ်ပတ်သေးသောအခြေအနေတွင်ထိန်းမှ ထိန်းရလွယ်ပါလိမ့်မည်။ အချိန်နှောင်းမှဆိုလျှင် ငွေကုန်ကြေးကျများသလို ထိရောက်မှုလည်း နည်းပါလိမ့်မည်။
            ယခုအချိန်တွင် မြန်မာနိုင်ငံအနေနှင့် လေထုညစ်ညမ်းမှုကို အရေးတယူစတင်ဆောင်ရွက်မည်ဆိုလျှင် အချိန်မနှောင်း သေးပါ။ သို့သော် ဖွံ့ဖြိုးလာသော စီးပွားရေးနှင့်အတူ နိုင်ငံခြားကုမ္ပဏီကြီးများ အများအပြား မြန်မာနိုင်ငံအတွင်း ၀င်ရောက်ကာ ရင်းနှီးမြှုပ်နှံရန် တာစူနေပါသည်။ ၎င်းတို့နှင့်အတူ ခေတ်မီနည်းပညာများ၊ စက်ကိရိယာများ၊ စက်ရုံကြီးများပါ တစ်ပါတည်း ပါလာ ပါလိမ့်မည်။ ထိုစက်ရုံကြီးများမှ ပတ်ဝန်းကျင်နှင့် လူတို့အတွက် အလွန်အဆိပ်အတောက်ဖြစ်စေမည့် ပစ္စည်းများစွန့်ပစ်မည်မှာ မလွဲပါ။ ထိုပစ္စည်းများကို ပတ်ဝန်းကျင်နှင့် လူတို့ကျန်းမာရေးအတွက် မထိခိုက်အောင် မည်ကဲ့သို့ ပြုပြင်ပြီးမှ စွန့်ပစ်ရမည် စသည်တို့ကို ယခုကတည်းက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ချမှတ် ကာကွယ်ထားရပါမည်။ ၎င်းတို့ ရောက်လာမှ စလုပ်မည်ဆိုလျှင် အလွန်နောက်ကျနေပါလိမ့်မည်။
            ပြည်သူလူထုကို လေထုညစ်ညမ်းရေးအတွက် ၎င်းတို့တွင်လည်း တာဝန်ရှိကြောင်း၊ မိမိတို့အသိဉာဏ်နှင့် ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ လူတိုင်းသည် သိလျက်ဖြစ်စေ၊ မရှိဘဲလျက်ဖြစ်စေ ပတ်ဝန်းကျင်ကို ဖျက်ဆီးလျက်ရှိရာ အချိန်မလွန်မီ ၀ိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းကို မည်သည်တို့လုပ်ရမည်နည်းဟူသော လမ်းညွှန်ချက်များနှင့်အတူ လူထု ပညာပေးလုပ်ငန်းများ နိုင်ငံနှင့်အ၀ှမ်း ကျယ်ကျယ်ပျံ့ပျံ့ ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရပါသည်။

အေးငြိမ်း (လေးမျက်နှာ)
၂၃၊ သြဂုတ်။ ၂၀၁၃ ညနေ ၆း၂၆ နာရီ

No comments: