Tuesday, May 15, 2012

နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်း

 (၁) နိဒါန်း




နိုင်ငံတစ်နိုင်ငံတွင် အခြားနိုင်ငံသားများ လာရောက်အလုပ်လုပ်ခြင်းအတွက် နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်း ဥပဒေ ရှိသင့်ပါသည်။ မြန်မာနိုင်ငံတွင် ဤဥပဒေမျိုးရှိမရှိ၊ ရှိလျှင်လည်း လက်တွေ့ အသုံးချမချ ကျွန်တော် သေသေချာချာမသိပါ။ သို့သော် လေ့လာမိသလောက် မြန်မာနိုင်ငံတွင် ဤဥပဒေမျိုး မတွေ့ဖူးပါ။ နိုင်ငံခြားသို့ သွားမည့်သူများအတွက် ပြဌာန်းထားသော ဥပဒေ (The Emigration Act) သာရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ လာရောက်လုပ်ကိုင်ရန် တာစူနေပြီဖြစ်ပါသည်။ ထို နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်လာလျှင် ၎င်းတို့နှင့်အတူပါလာမည့် နိုင်ငံခြားသား အလုပ်သမားများအား မည်ကဲ့သို့သော လက်မှတ်မျိုးထုတ်ပေးမည်နည်း ဆိုသည်ကို ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။

ကျွန်တော်တို့နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား နှင့် စင်ကာပူနိုင်ငံတို့တွင် နိုင်ငံခြားသားများအား အလုပ်ခန့်ထား ခြင်းအတွက် ဥပဒေရှိပါသည်။ ထိုင်းတွင် အလုပ်သမားနှင့်လူမှုဖူလုံရေးဌာနက ကိုင်တွယ်ပြီး The Aliens Employment Act ဟု ခေါ်ပါ သည်။ ၁၉၇၈ က ပြဌာန်းခဲ့ခြင်းဖြစ်၏။ မလေးရှားတွင် Employment Act 1955, Part XIIB၊ အင်ဒိုနီးရှားတွင် President of Republic of Indonesia, Act no. 13, Year 2003, Concerning Manpower, Chapter VIII ဖြစ်ပြီး စင်ကာပူတွင် Employment of Foreign Manpower Act ဟူ၍ ရှိပါသည်။

ဤတွင် ကျွန်တော်က ကျွန်တော်ယခုအလုပ်လုပ်နေသော စင်ကာပူနိုင်ငံမှ Employment of Foreign Manpower Act ကို ဗဟုသုတရအောင် အကျဉ်းချုပ်၍ ဖော်ပြပါမည်။


(၂) Employment of Foreign Manpower Act (စင်ကာပူ)

စင်ကာပူ Employment of Foreign Manpower Act ကို ၁၉၉၀ တွင် Act 21 အဖြစ် ပြဌာန်းခဲ့သည်။ ထို့နောက် ပြောင်းလဲ လာသော ခေတ်နှင့်လျော်ညီအောင် ပြုပြင်ခဲ့သည်။

ထိုဥပဒေအရ စင်ကာပူအစိုးရမှ တရားဝင်ထုတ်ပေးထားသော အလုပ်လုပ်ခွင့် လက်မှတ် (Work Pass) တစ်ခုခုမရှိဘဲ စင်ကာပူနိုင်ငံအတွင်း မည်သည့် နိုင်ငံခြားသားမှ အလုပ်လုပ်ခွင့်မရှိပါ။

နိုင်ငံခြားသားများအတွက် အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးရန် မဟာမင်းကြီး (Controller) တစ်ဦး ခန့်ထား ဆောင်ရွက် ပါသည်။ မဟာမင်းကြီးကို အလုပ်သမားဝန်ကြီးက တိုက်ရိုက်ခန့်အပ်သည်။ စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်နေသော နိုင်ငံခြားသားများ အရေးတွင် ဤမဟာမင်းကြီးသည် အာဏာအရှိဆုံးဖြစ်ပါသည်။

စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်လိုသူများသည် မည်သည့်ဌာနတွင် မည်သည့်အလုပ်ကို လုပ်လိုကြောင်း၊ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများနှင့်တကွ မဟာမင်းကြီးထံ လျှောက်လွှာတင်ရသည်။

မဟာမင်းကြီးသည် တင်ပြလာသော လျှောက်လွှာများကို စိစစ်၍ အလုပ်လုပ်ခွင့်လက်မှတ်များထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းများ ပြုနိုင်သည်။

မဟာမင်းကြီးသည် အလုပ်လုပ်ခွင့်လက်မှတ်ကို အချိန်မရွေး ပယ်ဖျက်ခွင့်ရှိသည်။ ထိုသို့ပယ်ဖျက်လျှင် အလုပ်ရှင် သို့မဟုတ် အလုပ်သမားအနေနှင့် အလုပ်သမားဝန်ကြီးထံ အသနားခံလွှာတင်နိုင်သည်။

            အလုပ်ရှင်တစ်ဦးသည် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်မရှိသူ မည်သည့်နိုင်ငံခြားသားကိုမှ အလုပ်ခန့်ထားခွင့်မရှိ။

            အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားကို ထုတ်ပေးထားသော အလုပ်လုပ်ခွင့်လက်မှတ်ထဲတွင် ဖော်ပြထားသည်မှအပ အခြားမည်သည့်အလုပ်မျိုးကိုမှ လုပ်ခိုင်းပိုင်ခွင့်မရှိ။

            လုပ်ငန်းခွင်ပိုင်ရှင်၊ အလုပ်ရုံပိုင်ရှင်များသည် မိမိလုပ်ငန်းခွင်အတွင်း အလုပ်သမားများ အ၀င်အထွက်ကို ထိန်းချုပ်ထားရမည်။ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်ခွင့် ပေးမထားရ။ မိမိပိုင် ၀န်းအတွင်းတွင် သက်တမ်းရှိ အလုပ်လုပ်ခွင့် ကဒ်ပြားရှိသူများအားသာ နေထိုင်၊ လုပ်ကိုင်ခွင့် ပေးရမည်။ မိမိအလုပ်ခွင်အတွင်း တရားမ၀င်နေထိုင်သူရှိပါက သိထားရမည်။

            လုပ်ငန်းခွင်ပိုင်ရှင်၊ အလုပ်ရုံပိုင်ရှင်များသည် သက်တမ်းရှိ အလုပ်လုပ်ခွင့်လက်မှတ်မရှိသူ မည်သူတစ်ဦးတစ်ယောက်ကိုမှ မိမိပိုင်နက်အတွင်း ၀င်လာခြင်းကိုသော်လည်းကောင်း၊ နေထိုင်ခြင်းကိုသော်လည်းကောင်း၊ အလုပ်လုပ်ခြင်းကိုသော်လည်းကောင်း ခွင့်မပြုရ။ မိမိအလုပ်ခွင်အတွင်းရှိသူ နိုင်ငံခြားသားအားလုံးသည် သက်တမ်းရှိအလုပ်လုပ်ခွင့်လက်မှတ် ရှိသူဖြစ်ကြောင်း သေချာစေရမည်။ အကယ်၍ အလုပ်သမားသည် အလုပ်လုပ်ခွင့် ကဒ် မိတ္တူဖြင့်နေထိုင်ပါက ထိုမိတ္တူသည် အစစ်အမှန်ဟုတ်မဟုတ် မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးကြည့်ရမည်။

             သက်တမ်းရှိ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တစ်ဦးတစ်ယောက်သည် စင်ကာပူနိုင်ငံအတွင်း ကိုယ်ပိုင်အလုပ်လုပ်ခွင့် (self- employed) မရှိ။

            လက်ရှိထုတ်ပေးထားသော အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်သွားလျှင် သက်တမ်းတိုးခွင့် လျှောက်ထားနိုင်သည်။

            အလုပ်လုပ်ခွင့်လက်မှတ်အား ကိုင်ခွင့်ရသူသည် မိမိလက်မှတ်ကို အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှဲပြောင်းပေးခွင့်မရှိ။ လက်မှတ်သက်တမ်းကုန်လျှင်၊ သို့မဟုတ် အလုပ်လုပ်ခွင့်ကို ရပ်ဆိုင်းလိုက်လျှင် ထိုလက်မှတ်ကို မဟာမင်းကြီးထံ ၇ ရက်အတွင်း ပြန်အပ် ရမည်။

            သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေးလာလျှင် ထိုလက်မှတ်ကို အချိန်မရွေးထုတ်ပြနိုင်ရမည်။

            အလုပ်ခန့်ထားခြင်းဆိုင်ရာ စစ်ဆေးရေးအရာရှိသည် တရားဝင်အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ မည်သူ့ကိုမဆို၊ မည်သည့်နေရာ ၌မဆို၊ အချိန်မရွေး၊ နေ့ညမရွေး ၀င်ရောက် ရှာဖွေ စစ်ဆေးပိုင်ခွင့်၊ စာရွက်စာတမ်းများ ရှာဖွေပိုင်ခွင့်၊ မသင်္ကာသည့် စာရွက်စာတမ်းများကို သိမ်းဆည်းပိုင်ခွင့်၊ နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း မေးမြန်းပိုင်ခွင့်၊ မိမိရှေ့မှောက်သို့ ဆင့်ခေါ်နိုင်ခွင့်၊ ဓါတ်ပုံရိုက် ပိုင်ခွင့်၊ စာရွက်စာတမ်းများ တောင်းပိုင်ခွင့် ရှိသည်။

            တစ်စုံတစ်ယောက်သည် ထိုစစ်ဆေးရေးအရာရှိကို ကောင်းမွန်စွာ မစစ်ဆေးနိုင်ရန် ရည်ရွယ်ချက်ဖြင့်နှောင့်နှေးကြန့်ကြာအောင် လုပ်ခဲ့သော်၊ ပြခိုင်းသည့် စာရွက်စာတမ်းများပြသရန် ငြင်းဆိုခဲ့သော်၊ မေးမြန်းသည့် သတင်းအချက်အလက်များကို ထိန်ဝှက်ထားခဲ့သော် ၀တ္တရားနှောင့်ယှက်မှုဖြင့် အရေးယူခံရမည်။

            နိုင်ငံခြားသား အလုပ်သမားနေထိုင်သည့် လိပ်စာကို အလုပ်ရှင်သည် မဟာမင်းကြီးသို့ သတင်းပေးရမည်။ အကယ်၍ လိပ်စာ ပြောင်းသွားခဲ့သော် ပြောင်းသွားသော လိပ်စာအသစ်ကိုလည်း နှစ်ပတ်အတွင်း သတင်းပေးရမည်။

            ရဲအရာရှိ သို့မဟုတ် အလုပ်ခန့်ထားခြင်းဆိုင်ရာ စစ်ဆေးရေးအရာရှိသည် အောက်ပါတို့အနက် တစ်ခုခုကို ကျူးလွန်ထားသူအား ဖမ်းဝရမ်းမပါဘဲ အချိန်မရွေး ဖမ်းဆီးအရေးယူနိုင်သည်။

၁။ သက်တမ်းရှိ အလုပ်လုပ်ခွင့်ကဒ် မရှိပါက

၂။ ထိုကဒ်အတွင်း ဖော်ပြထားချက်များနှင့် မညီညွှတ်ပါက

၃။ သက်တမ်းရှိ အလုပ်လုပ်ခွင့်ကဒ် မရှိသူကို အလုပ်ခန့်ထားခဲ့ပါက

၎။ ကဒ်ထဲတွင်ဖော်ပြထားသည့်အလုပ်မဟုတ်ဘဲ အခြားအလုပ်ကို ခိုင်းခဲ့ပါက (ဥပမာ ကဒ်ထဲတွင် ဆောက်လုပ်ရေး ဟု ဖော်ပြထားသော် လည်း အလုပ်ရှင်ဖြစ်သူက မိမိအလုပ်သမားကို သင်္ဘောကျင်း၌ သွား၍ လုပ်ခိုင်းခဲ့ပါက)

၅။ စစ်ဆေးရေး အရာရှိကို အနှောင့်အယှက် ပြုခဲ့ပါက

၆။ လျှောက်လွှာတွင် လိမ်လည်ဖော်ပြခဲ့ပါက

၇။ အလုပ်လုပ်ခွင့်လက်မှတ်ကို တရားမ၀င် ပြင်ဆင်ခဲ့ပါက

၈။ တရားမ၀င် ပြန်လည်ပြင်ဆင်ထားသော အလုပ်လုပ်ခွင့်လက်မှတ်ကို ကိုင်ဆောင်ထားပါက

၉။ လက်မှတ်အား တရားမ၀င် ပြန်လည်ပြင်ဆင်ရန် အားပေးကူညီခဲ့ပါက

            သက်သေခံအထောက်အထားအဖြစ် မျက်နှာနှင့် ပုခုံးပေါ်သော ဓါတ်ပုံ၊ လက်ဗွေ နှင့် လက်မှတ်တို့ကို ရယူသည်။

            ပြစ်မှုပြစ်ဒဏ်၊ လုပ်ထုံးလုပ်နည်းများမှာ ဥပဒေကြောင်းများဖြစ်၍ မဖော်ပြတော့ပါ။

            မည်ကဲ့သို့သောသူများကို မည်သည့်အလုပ်များခန့်ထားနိုင်သည်ဆိုခြင်းအတွက် ထိုဥပဒေ နောက်ဆက်တွဲဖော်ပြချက်ဖြစ်သည့် First Schedule (Work Permit), Second Schedule(S Pass), Third Schedule (Employment Pass) များတွင် ဖော်ပြထားပါသည်။ ထိုအထဲမှ အသုံးတည့်မည့် အချို့အချက်အလက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။


(၃) စင်ကာပူတွင် နေထိုင်၊ လုပ်ကိုင်ခွင့်

စင်ကာပူနိုင်ငံအတွင်း ၀င်ရောက်ခွင့်၊ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ကို ဌာနနှစ်ခုမှ ကိုင်တွယ်ပါသည်။ စင်ကာပူ လူဝင်မှုကြီးကြပ် ရေး (Immigration and Checkpoint Authority – ICA) နှင့် အလုပ်သမားဝန်ကြီးဌာန (Ministry of Manpower – MOM) တို့ဖြစ်၏။

စင်ကာပူနိုင်ငံအတွင်း ၀င်ရောက်ရန် ဗီဇာထုတ်ပေးခြင်း၊ နေထိုင်ခွင့်ပေးခြင်း၊ နေထိုင်ခွင့်သက်တမ်းတိုးပေးခြင်း၊ အမြဲနေထိုင်ခွင့် ရသူ (Permanent Residents) များအရေး၊ ရက်ရှည်နေခွင့် (Long Term Visit Pass) များ ထုတ်ပေးခြင်း၊ ကျောင်းသားကဒ် ထုတ်ပေးခြင်း စသည်တို့ကို လ.၀.က (ICA) က တာဝန်ယူလုပ်ကိုင်သည်။

စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်ခြင်း သို့မဟုတ် အလုပ်လုပ်နေသူကို မှီခိုနေထိုင်ခြင်းတို့အတွက် MOM မှ ကိုင်တွယ်ပါသည်။ စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်ရန် သို့မဟုတ် အလုပ်လုပ်သူကို မှီခိုနေထိုင်ရန် MOM မှ ထုတ်ပေးသော လက်မှတ် (pass) များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

v  Employment Pass (EP)

v  Personalised Employment Pass

v  EntrePass

v  Employment Pass Eligibility Certificate (EPEC)

v  S Pass

v  Work Permit (WP)

v  Dependant’s Pass

v  Long Term Visit Pass

v  Miscellaneous Work Pass

v  Training Employment Pass

v  Training Work Permit

ထို လက်မှတ်များကို ပညာတတ်မှု၊ ကျွမ်းကျင်မှုအလိုက် အောက်ပါအတိုင်း အတန်းအစားခွဲထပ်မံခွဲနိုင်ပါသည်။  

၁။ ပညာရှင်အဆင့်တွင် -

v  Employment Pass (EP)

v  Personalised Employment Pass

v  EntrePass

v  Employment Pass Eligibility Certificate - တို့ပါဝင်သည်။


၂။ အသင့်အတင့်ကျွမ်းကျင်ပြီး ပညာတတ်သောသူများ အဆင့်တွင် -
v  S Pass


၃။ ကျွမ်းကျင်သူ၊ အနည်းငယ်ကျွမ်းကျင်သူများ အဆင့်တွင် -
v  Work Permit


၎။ အခြားအဆင့်များ၊ အနုပညာရှင်များ၊ ခေတ္တလာရောက် လုပ်ကိုင်သူများအတွက်မူ -
v  Miscellaneous Work Pass

v  Training Employment Pass

v  Training Work Permit

v  Work Permit for Performing Artistes

ဤအဆင့်များကို သတ်မှတ်ရာတွင် ပညာအရည်အချင်း နှင့် လုပ်သက်အလိုက်ခွဲခြားပါသည်။ သို့သော် အဓိက အရေးပါသည်မှာ လခသတ်မှတ်ချက်ဖြစ်၏။ ထိုလက်မှတ်များအတွက် လခသတ်မှတ်ချက်များကိုပါ နမူနာဖော်ပြလိုက်ပါသည်။


<><> </><><> </><><> </>

စဉ်

လက်မှတ်အမျိုးအစား

လခ (စင်ကာပူဒေါ်လာ)

ပညာအရည်အချင်း


EP (P1 Pass)

8000

good degrees, professional qualifications or specialist skills


EP (P2 Pass)

4500


EP

3000


S Pass

2000

Masters/Degree/Diploma/Certificate with 5 years relevant experience


Work Permit

သတ်မှတ်ချက်မရှိပါ။

အသက် ၁၆ မှ ၅၀ အတွင်းရှိသူ။

(မလေးရှားဖြစ်လျှင် ၅၈ နှစ်ထိလုပ်ခွင့်ပေးသည်။)


            အလုပ်လုပ်ရန် ခွင့်ပြုထားသည့်ကာလကိုလည်း ကန့်သတ်ထားပါသည်။ မကျွမ်းကျင်သူ (High Levy) Work Permit သမားများ အား ၆ နှစ်ထက် ပိုပြီး လုပ်ခွင့်မပြု။ ကျွမ်းကျင်သူ (Low Levy) Work Permit သမားများအား ၁၈ နှစ်ထိ လုပ်ခွင့်ပြုပါသည်။
            အကယ်၍ EP သို့မဟုတ် S Pass ကိုင်ဆောင်ထားသူတစ်ဦးသည် အမြဲနေထိုင်ခွင့်ရသူ (PR) လက်မှတ်ရပါက ၎င်းကိုင်ဆောင် ထားသော အလုပ်လုပ်ခွင့် လက်မှတ်ကို MOM သို့ပြန်အပ်ရမည်ဖြစ်ပါသည်။


(၄) နိဂုံး


            ယခုအခါ ကျွန်တော်တို့နိုင်ငံတွင် နိုင်ငံခြားတိုင်းပြည်များမှ လုပ်ငန်းကြီးများ ၀င်ရောက်လုပ်ကိုင်နေပါသည်။ ထိုနိုင်ငံခြားသားပိုင် လုပ်ငန်းကြီးများတွင် မြန်မာလူမျိုးများအား မည်မျှခန့်ထားသည်ကို ကျွန်တော်မသိပါ။
မြန်မာနိုင်ငံအတွင်းတွင် လုပ်ကိုင်နေသော လုပ်ငန်းများဖြစ်သဖြင့် မြန်မာနိုင်ငံသားများအား ရာခိုင်နှုံးတစ်ခုဖြင့် ခန့်ထားရမည် ဖြစ်ပါသည်။ သာမန်အလုပ်သမားများအဆင့်တွင် ရာခိုင်နှုံးမည်မျှ၊ စာရေးအဆင့်တွင် ရာခိုင်နှုံးမည်မျှ၊ အင်ဂျင်နီယာ ရာခိုင်နှုံးမည်မျှ၊ QC သို့မဟုတ်ကလည်း မန်နေဂျာစသည့်ရာထူးများတွင် ရာခိုင်နှုံးမည်မျှခန့်ထားရမည်ဆိုသည်ကို နိုင်ငံခြားသားများ အလုပ်ခန့်ထားရေး ဥပဒေ တွင် ထည့်သွင်းရေးဆွဲရန် လိုပါသည်။

စင်ကာပူတွင် သတ်မှတ်ထားသော ရာခိုင်နှုံးများမှာ အလွန်ရှုပ်ထွေးလှပါသည်။ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းပမာဏ၊ ၀န်ထမ်း အင်အား စသည်တို့အပေါ် မူတည်၍ သတ်မှတ်ထားပါသည်။ အကြမ်းဖျဉ်းအားဖြင့် အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

စင်ကာပူနိုင်ငံတွင် ၀န်ထမ်းခန့်ထားမှု အချိုးအစား



<><> </><><> </><><> </><><> </><><> </><><> </> <><> </> <><> </><><> </><><> </><><> </><><> </> <><> </> <><> </><><> </><><> </><><> </> <><> </> <><> </><><> </><><> </><><> </><><> </> <><> </> <><> </><><> </><><> </><><> </><><> </> <><> </> <><> </><><></><><> </><><> </><><> </>

စဉ်

လုပ်ငန်းအမျိုးအစား

စင်ကာပူနိုင်ငံသား

နိုင်ငံခြားသား


ကုန်ထုတ်လုပ်ငန်း

၃၅

၆၅


ဝန်ဆောင်မှုလုပ်ငန်း

၅၀

၅၀


ဆောက်လုပ်ရေးလုပ်ငန်း

၁၃

၈၇


သင်္ဘောကျင်းလုပ်ငန်း

၁၇

၈၃


ရေနံဓါတုလုပ်ငန်း

၁၃

၈၇

            စင်ကာပူမှာ တိုင်းပြည်ကကျဉ်းပြီး အလုပ်လုပ်နိုင်သူ၊ အထူးသဖြင့် အလုပ်ကြမ်းသမားများ နည်းပါးသဖြင့် ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ ရေနံဓါတုစက်ရုံများတွင် နိုင်ငံခြားသားများများ ခန့်ထားခြင်းဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအနေနှင့်မူ မြန်မာနိုင်ငံသား ခန့်ထားမှုကို အနည်းဆုံး ၇၅ ရာခိုင်နှုံးထိ သတ်မှတ်ထားမည်ဆိုလျှင် ပိုမို သင့်တော်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။

            ဤသည်မှာ မိမိတို့နိုင်ငံအတွင်း လာရောက်လုပ်ကိုင်သည့်အတွက် မိမိတို့နိုင်ငံသားများ၏ ခံစားခွင့်တစ်ရပ် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် အထက်ပါအချက်များကို ထောက်ထားပြီး ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်း ဥပဒေတစ်ရပ်ကို အဆောတလျင် အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။


အေးငြိမ်း (လေးမျက်နှာ)
၁၅ မေလ၊ ၂၀၁၂ ည ၉း၅၁ နာရီ

ရည်ညွှန်းကိုးကား Web Site များ

၁။ Employment of Foreign Manpower Act (Chapter 91A) – Revised Edition 2009
၂။ ICA Singapore - http://www.ica.gov.sg

၃။ MOM Singapore - http://www.mom.gov.sg  

၃။ Conditions of WP and S Pass

၎။ Guidelines on Computation of Company’s Quota Balance (6th Edition) – (1 Jan 2012)

1 comment:

လွင်အောင်စိုး said...

မြန်မာနိုင်ငံအတွက် အင်မတန်ကောင်းတဲ့ အထောက်အကူပြု ဆောင်းပါးဖြစ်ပါတယ်။ ရှယ်ခွင့်ပြုပါ။