Sunday, May 27, 2012

နားဖောက်တေး (ကျော်စွာသူ)

 

လေချို နေညို ရွှေလိုဝင်းတော့

မေပျိုယမင်းတို့ ရေခပ်ပြီရှင်။



ရေကူပင့်လို့ အကြည့်ချင်းဆုံ

ပလွေကျူနှင့်လို့ သည်အခင်းကြုံသဗျ။



ပါးကွက်ကျားအလှနဲ့ ရှက်သွေးပို

တစ်ဘက်သားက မက်ရေးဆိုမတဲ့။    



ဆံတောက်ခင် တစ်ယောက်လျှင် ပိတောက်ပင်အကွေ့

နှစ်ယောက်ယှဉ်တွေ့တော့ ချစ်ရေးဆို။



ကြည်သာ ညီညာ ဒီရွာသားမို့

ပလီပလာစကားနဲ့ မငြင်းလို

မဒီကညာ အများက အတင်းမဆိုပေါင်တော့။



အသည်းမှာ အမြဲသာ စွဲကာငြိ

ကဲပါဘိလို့ ဆိုချင်ဆို။



အပျိုစင် မဆိုရင် ကိုရင်အကြိုက်

အပျိုခင်လိုက်လို့ ချစ်ပါ့မယ်။



ရှစ်ကမ္ဘာ ပစ်မခွာ မေတ္တာကဲသမို့

သစ္စာမြဲလို့ နှောင်ရစ်တွယ်

အနှစ်တစ်ရာကဲလို့ မောင်ချစ်မယ်ဗျ။



အထွက်တိုးမို့ စပါးဆန်

မပျက်ကြိုးလို့ တအားသွန်ရှင့်။



ရွှေစပါးက ငွေထွက်ရင်နော်

မေအနားမှ ဂဟေဆက်ရွှင်ပျော်။



အလို၊ ကြည့်စမ်းပ မေ

ဆီမီး ထိန်ထိန်ဝေတဲ့၊

တို့ပြည်မှာ သီတင်းကျွတ်ပြီမို့

ယွင်းမချွတ်ပါ မေတ္တာစကားရယ်နဲ့

မင်းမိဘ ထံအပါးမှာကွယ်

နားဖောက်စို့လေး။            

No comments: