Wednesday, May 30, 2012

ကနေဒါ ဓါတ်ငွေ့ပိုက်လိုင်း ဥပဒေ

 

ရည်ညွှန်း။            ။ ကနေဒါ ဓါတ်ငွေ့ပိုက်လိုင်း ဥပဒေ (Canada Gas Pipeline Act) (၂၀၁၂၊ ဧပြီလ ၃၀ ရက်ထိ ပြင်ဆင်ပြီး)

(မှတ်ချက်။           ။ မလိုသည်များချန်ခဲ့ပြီး သိသင့်သိထိုက်သည်များကိုသာ ပြန်ဆိုရေးသားသွားပါမည်။)



ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်း။ မောင်းနှင်ခြင်း အခွင့်အာဏာ

အပိုဒ် ၃။ ဓါတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်ရန် အခွင့်အာဏာရထားသူမှတပါး အခြားမည်သူမျှ တည်ဆောက်ခွင့်၊ မောင်းနှင်ခွင့် မရှိ။

အပိုဒ် ၃၊ ၂ (ခ)။ ဓါတ်ငွေ့ပိုက်လိုင်းကို မည်သည့်တိုးချဲ့မှု၊ (မူရင်းဒီဇိုင်းကို) ပြုပြင်မှုမျိုးမှ လုပ်ခွင့်မရှိ။

အပိုဒ် ၄၊ ၁။ (စည်ပင်သာယာပိုင်) ဓါတ်ငွေ့ပိုက်လိုင်းကို မည်သူ့အားမျှ ခွဲဝေပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့် မပေးရပါ။



ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် စီမံချက်

အပိုဒ် ၆။ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်တော့မည်ဆိုလျှင် မတည်ဆောက်မီ အရည်အချင်းရှိ အင်ဂျင်နီယာလက်မှတ်၊ သတ်မှတ်ထားသော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ညီသည့် တည်ဆောက်ရေး အစီအမံ၊ အသေးစိတ် ဖော်ပြချက်များကို ရေးဆွဲတင်ပြရမည်။ ပိုက်လိုင်းတည်ဆောက်ခြင်းသည် အများပြည်သူ အန္တရာယ်ဖြစ်စေမည့် မည်သည့်ကိစ္စမျိုးနှင့် မပတ်သက်စေရ။



ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် လက်မှတ်

အပိုဒ် ၇။ ဓါတ်ငွေ့ပိုက်လိုင်းကို စတင်မောင်းနှင့်တော့မည်ဆိုလျှင် မမောင်းနှင်မီ ဤဓါတ်ငွေ့ပိုက်လိုင်းကို သတ်မှတ်ထားသော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး ဤပိုက်လိုင်းမောင်းနှင်ခြင်းသည် အများပြည်သူများအတွက် အန္တရာယ်မဖြစ်စေပါ ဟု အရည်အချင်းရှိ အင်ဂျင်နီယာက အာမခံလက်မှတ်ထိုးထားသော လက်မှတ် တင်ပြရမည်။



ဓါတ်ငွေ့ပိုက်လိုင်းကို စစ်ဆေးပိုင်ခွင့်

အပိုဒ် ၈။ ဓါတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်သူ သို့မဟုတ် မောင်းနှင်သူသည် အခွင့်အာဏာရသူဟုတ်မဟုတ် စစ်ဆေးရန်၊ သို့မဟုတ် ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံစိတ်ချရမှုအတွက် စစ်ဆေးရန်အတွက် ဘုတ်အဖွဲ့သည် အရည်အချင်းပြည့် စစ်ဆေးသူကို ခန့်အပ်ထားရမည်။ ထိုသူက ၎င်း၏စစ်ဆေးတွေ့ရှိချက်ကို အစီရင်ခံ တင်ပြရမည်။ ထိုသူအား မည်သူ့လက်အောက်တွင် ခန့်ထားမည်၊ လခ နှင့် စစ်ဆေးခများကို မည်မျှပေးမည်၊ မည်သို့ပေးမည်၊ မည်သည့်ဘဏ္ဍာငွေထဲမှပေးမည် အစရှိသည်တို့ကို သတ်မှတ်ပြဌာန်းထားရမည်။



ဓါတ်ငွေ့ပိုက်လိုင်းကို ပြင်ဆင်ခွင့်ပြုမိန့်

အပိုဒ် ၉၊ ၁။ ဘုတ်အဖွဲ့က ထိုအလုပ်များလုပ်ကိုင်ရန် အခွင့်အာဏာပေးထားသူမှအပ မည်သူတစ်ဦးတစ်ယောက်ကမျှ ဓါတ်ငွေ့ပိုက်လိုင်းကို တိုးချဲ့ခြင်း။ ပြင်ဆင်ခြင်း၊ လိုင်းခွဲခြင်း၊ မွမ်းမံထိန်းသိမ်းခြင်း၊ အခြားပိုက်လိုင်းတစ်ခုခုနှင့် ဆက်သွယ်ခြင်းများ မပြုရ။



မူလပိုက်လိုင်းတွင် လိုင်းခွဲတပ်ဆင်မှု

အပိုဒ် ၉၊ ၂။ အပိုဒ် ၉၊ ၁ ၌ မည်ကဲ့သို့ပင်ဖော်ပြထားစေကာမူ ဘုတ်အဖွဲ့သည် အပိုဒ် ၁၀ နှင့် ၃၃ တို့တွင် ဖော်ပြထားသည့် လိုအပ်ချက်များ နှင့် အညီလုပ်ကိုင်မည်ဆိုလျှင် ဓါတ်ငွေ့ပိုက်လိုင်းပိုင်ရှင်အား မူလဓါတ်ငွေ့ပိုက်လိုင်းတွင် နောက်ထပ် ဓါတ်ငွေ့ပိုက်လိုင်းအပို ထပ်မံတပ်ဆင် ရန် အခွင့်အာဏာပေးပိုင်ခွင့်ရှိသည်။



ဓါတ်ငွေ့ပိုက်လိုင်းတပ်ဆင်ထားခြင်းကို စစ်ဆေးခြင်း

အပိုဒ် ၁၀။ ဓါတ်ငွေ့ကို စတင်လွှတ်တော့မည်ဆိုသည်နှင့် ပိုက်လိုင်းပိုင်ရှင်သည် မိမိဓါတ်ငွေ့ပေးပို့မည့် အဆောက်အဦ၊ စက်ရုံ စသည်တို့ သည် သတ်မှတ်ထားသော စံနှုံးများနှင့်ကိုက်ညီ မညီကို ဦးစွာစစ်ဆေးပြီး အန္တရာယ်ကင်းသည် ဆိုခြင်းကို သေချာစေရမည်။



အာမခံထားခြင်း

အပိုဒ် ၁၁။ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်သူ၊ သုံးစွဲသူသည် မတော်တဆမှုများအတွက် မိမိလုပ်ငန်းကို အာမခံထားရမည်။



ဓါတ်ငွေ့ကို လွှဲယူသုံးစွဲခြင်း

အပိုဒ် ၁၄။ မိမိထံဓါတ်ငွေ့လွှဲယူရန် ဓါတ်ငွေ့ပိုက်ဆောက်လုပ်လိုသူသည် ၀န်ကြီးမှ ဆောက်လုပ်ခွင့်ပြုမှ လုပ်ငန်းစရမည်။



ဓါတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ခွင့်ပြုရန် လျှောက်ထားခြင်း

အပိုဒ် ၁၅၊ ၁။ ဓါတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်လိုသူသည် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲထားသည့် ဆောက်လုပ်ရေး စီမံချက်ကို ရေးဆွဲတင်ပြရမည်။ ထိုစီမံချက်တွင် အောက်ပါတို့ ပါဝင်နိုင်သည်။

က) ပင်မဓါတ်ငွေ့ပိုက်၏ မည်သည့်အပိုင်းမှ လိုင်းခွဲတပ်ဆင်မည်၊ ပိုက်လမ်းကြောင်းကို မည်ကဲ့သို့ပြေးမည် စသည်။

ခ) ပိုက်အရွယ်၊ ထိုပိုက်က သယ်ဆောင်နိုင်သော ဓါတ်ငွေ့ပမာဏ

ဂ) မည်သည့်နေရာသို့ သွယ်ယူမည်။ မည်သည့်ကိရိယာများ တပ်ဆင်မည် (ဗားများ၊ ဖိအားပြမီတာများ၊ တိုင်ကီများ၊ အထိန်းဗားများ၊ ဓါတ်ငွေ့စီးနှုံးပြမီတာများ စသည်))

အပိုဒ် ၁၅၊ ၂။ ထို့အပြင် တည်ဆောက်မည့်သူသည် ထိုဓါတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်သည့် အချက်အလက်မှန်သမျှကို ၀န်ကြီးထံ တင်ပြရမည်။ ထိုအထဲတွင် ပိုက်လိုင်းတည်နေရာပါသည့် ဒေသမြေပုံနှင့် အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများ၊ အခြား အဆောက် အဦများ၊ ရွာများ စသည်တို့ အပြည့်အစုံပါရမည်။



ဓါတ်ငွေ့ပိုက်လိုင်းတည်နေရာ မြေတိုင်းရန် ဒေသများအတွင်း သွားလာခြင်း

အပိုဒ် ၁၅၊ ၄။ ဓါတ်ငွေ့ပိုက်လိုင်းပြေးရန် ပိုက်လိုင်းဖြတ်သန်းသွားမည့် ဒေသများအတွင်း သို့မဟုတ် ဒေသအနီးပတ်ဝန်းကျင်သို့ ပိုက်လိုင်း လမ်းကြောင်းရွေးရန်၊ မြေတိုင်းရန်၊ စုံစမ်းရန်၊ တောရှင်းရန် သို့မဟုတ် အခြား ပိုက်လိုင်းပြေးရန် လိုအပ်သောအစီအမံများ ပြုလုပ်ရန်အတွက် ၀င်ထွက်သွားလာခွင့်ကို ပိုက်လိုင်းတည်ဆောက်ရန် ခွင့်ပြုမိန့်မကျမီ ၀န်ကြီးထံတင်ပြရမည်။



ပိုက်လိုင်းတည်ဆောက်ခွင့် နှင့် ပိုက်လိုင်းကို မောင်းနှင်ခွင့်

အပိုဒ် ၂၀၊ ၁။ အခွင့်အာဏာ တစ်စုံတစ်ရာမရဘဲ မည်သူ့ကိုမှ ပိုက်လိုင်းတည်ဆောက်ခွင့်၊ မောင်းနှင်ခွင့်မပြု။



အဝေးပြေးလမ်းမကြီးများအနီး၌ ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားခြင်း

အပိုဒ် ၂၄၊ ၁။  စည်ပင်ဥပဒေတွင် မည်သို့ပင်ဖော်ပြထားစေကာမူ အဝေးပြေးလမ်းမကြီးများဆိုင်ရာဝန်ကြီး (ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး) ၏ စာဖြင့်ရေးသားထားသော ခွင့်ပြုချက်မရဘဲ အဝေးပြေးလမ်းမကြီးများအနီး ပေ ၁၀၀ အတွင်း လမ်းမကြီးများ အနီးမှသော်လည်းကောင်း၊ ကျော်၍သော်လည်းကောင်း၊ မြေအောက်မှ ဖြတ်၍သော်လည်းကောင်း။ လိုဏ်ခေါင်းအတွင်း ဖြတ်သွားသော အဝေးပြေးလမ်းမကြီးများ ဖြစ်လျှင် လမ်းမကြီးအနီး ပေ ၃၀၀ အတွင်း မည်သည့် ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းမှ မပြုရ။

အပိုဒ် ၂၄၊ ၂။ ပို့ဆောင်ရေးဝန်ကြီး၏ ခွင့်ပြုချက်သည် သတ်မှတ်ထားသော နည်းဥပဒေစည်းမျဉ်းစည်းကမ်းများ၏ ဘောင်အတွင်းမှသာ ဖြစ်ရမည်။



ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် အဝေးပြေးလမ်းမကြီးများပျက်စီးခြင်း

အပိုဒ် ၃၁။ အကယ်၍ ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် အဝေးပြေးလမ်းမကြီးများ ပျက်စီးခဲ့သော် ပိုက်လိုင်းပိုင်ရှင်သည် လမ်းပြင်သမျှ ကုန်ကျစရိတ်ကို ကျခံစေရမည်။

အပိုဒ် ၃၂။ ပိုက်လိုင်းသွယ်တန်းရာတွင် လမ်းမကြီးများအား ပျက်စီးမှုအနည်းဆုံး ဖြစ်အောင်ဂရုစိုက်ရမည်။ မည်မျှပျက်စီးသည်ဖြစ်စေ လမ်းပျက်စီးမှုဖြစ်ခဲ့လျှင် လျော်ကြေးအပြည့်အ၀ပေးရန် တာဝန်ရှိသည်။



ပိုက်လိုင်းသွယ်တန်းပုံ

အပိုဒ် ၃၃၊ ၁။ မည်သည့်ဥပဒေများက မည်သို့ပြဌာန်းထားသည်ဖြစ်စေ ဓါတ်ငွေ့ပိုက်လိုင်းကို ချထားရာတွင်လည်းကောင်း၊ သွယ်တန်းရာ တွင်လည်းကောင်း၊ တည်ဆောက်ရာတွင်လည်းကောင်း၊ ပြုပြင်ထိန်းသိမ်းရာတွင်လည်းကောင်း၊ မောင်းနှင်ရာတွင်လည်းကောင်း အများပြည်သူ၏ ကျန်းမာရေးနှင့် အသက်အိုးအိမ်စည်းစိမ်ကို မထိခိုက်နိုင်စေရန် ပြဌာန်းထားသော စံချိန်၊ စံညွှန်း၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများအရ ပြုလုပ်ရမည်။ (ဤနည်းဥပဒေ လုပ်ထုံးလုပ်နည်းများမှာ အချိန်နှင့်အမျှ ပြောင်းလဲနေနိုင်သည်ဖြစ်ရာ နောက်ဆုံးထုတ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကိုးကားရမည်။)



နည်းဥပဒေများ

အပိုဒ် ၃၅၊ ၁။ ဓါတ်ငွေ့ပိုက်လိုင်း အက်ဥပဒေကို အကောင်အထည်ဖော်ရာတွင် လိုက်နာရမည့် အချက်များကို ပြဌာန်းရန် ဓါတ်ငွေ့ပိုက်လိုင်း နည်းဥပဒေကို ရေးဆွဲရမည်။ ဤနည်းဥပဒေတွင် -

က) ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် လေ့လာစောင့်ကြည့်ရမည့် အသေးစိတ်သတ်မှတ်ချက်များ နှင့် စံချိန်စံညွှန်းများ ရေးဆွဲရမည်။

ခ) ဓါတ်ငွေ့ပိုက်လိုင်း မသွယ်တန်းမီ တင်ပြရမည့် ပုံစံများ၊ စာရွက်စာတမ်းများကို ပြည့်ပြည့်စုံစုံ သတ်မှတ်ပေးရမည်။

ဂ) ဓါတ်ငွေ့ပိုက်လိုင်းဥပဒေ၌ ဖော်ပြထားသော ပိုက်လိုင်းသွယ်ခွင့်လျှောက်လွှာ၊ ခွင့်ပြုမိန့်၊ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့် စသည့်ပုံစံတို့ကို ဖော်ပြရမည်။

ဃ) ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းနေစဉ်နှင့် သွယ်တန်းပြီးနောက် စစ်ဆေးရန် စစ်ဆေးရေးအရာရှိခန့်ထားမှု၊ စစ်ဆေးမှုစိရိတ်စက အစရှိသည်တို့ကို ပြဌာန်းပေးရမည်။

င) ပိုက်လိုင်းသွယ်တန်းမှုကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် ပေးဆောင်ရန်ရှိသည်များကို ပြဌာန်းပေးရမည်။

စ) ပိုက်လိုင်းသွယ်တန်းနေစဉ်နှင့် သွယ်တန်းပြီးနောက်ပိုင်း၊ ဓါတ်ငွေ့ပိုက်လိုင်းကို မောင်းနှင်နေစဉ် တို့တွင် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု ကို ကာကွယ်ရန်၊ အသက်အန္တရာယ်မှ ကာကွယ်ရ အစီအမံများ ရေးဆွဲပြဌာန်းပေးရမည်။

ဆ) ထင်သာမြင်သာရှိသော အမှတ်အသားများဖြင့် ဓါတ်ငွေ့ပိုက်လိုင်းတစ်လျှောက် သတိပေးချက်များ ထည့်သွင်းပြဌာန်းရမည်။

ဇ) ဓါတ်ငွေ့ပိုက်လိုင်းပြေးဆွဲခွင့်၊ ပြင်ဆင်ခွင့်၊ ပြောင်းလဲခွင့် အစရှိသည်တို့လျှောက်ထားခြင်းအတွက် ကုန်ကျစရိတ်ကို ပြဌာန်းရမည်။

ဈ) ဓါတ်ငွေ့ပိုက်လိုင်း မောင်းနှင်ခြင်းအတွက် ဓါတ်ငွေ့ပိုက်လိုင်းပိုင်ရှင် လျှောက်ထား၊ ရယူထားရမည့် လိုင်စင်များ၊ လက်မှတ်များ၊ ခွင့်ပြုမိန့် များကို (မည်သည့် စည်ပင်သာယာဥပဒေတွင်မဆို ပြဌာန်းထားချက်များအရ) ပြဌာန်းပေးရမည်။

ည) ဓါတ်ငွေ့ပိုက်လိုင်းပြေးဆွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စံနှုံးသတ်မှတ်ချက် စာအုပ်စာတမ်းများကို ဖော်ပြရမည်။

တ) ဓါတ်ငွေ့ပိုက်လိုင်းပြေးဆွဲခြင်းနှင့် တစ်နည်းတစ်ဖုံ ပတ်သက်ဆက်နွယ်နေသော လုပ်ထုံးလုပ်နည်း၊ စံနှုံးသတ်မှတ်ချက် စာအုပ်စာတမ်း များကို ဖော်ပြရမည်။



ဓါတ်ငွေ့ပိုက်လိုင်းကို ပျက်စီးစေခြင်း၊ အဟန့်အတားပြုခြင်း

အပိုဒ် ၃၆။ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်း၊ မောင်းနှင်ခြင်း၊ ပြင်ဆင်ခြင်း။ ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည်တို့ကို တမင်တကာ ဖျက်လိုဖျက်ဆီးလုပ်သူ၊ လုပ်ငန်း နှောင့်နှေးကြန့်ကြာအောင်လုပ်သူ၊ ဟန့်တားသူ၊ ထိခိုက်ပျက်စီးစေသူ၊ နှောင့်ယှက်သူအား ဒါဏ်ငွေ မည်မျှ တပ်ရိုက်နိုင်သည်။



မည်သူ့ကို ဒဏ်တပ်ရိုက်နိုင်သနည်း

အပိုဒ် ၃၇။ အောက်ပါတစ်ရပ်ရပ်ကို ကျူးလွန်သူ မည်သူမဆို -

က) ဤဥပဒေနှင့်နည်းဥပဒေပါ ဖော်ပြချက်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မလိုက်နာ၊ ချိုးဖောက်သူ

ခ) တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တစ်စုံတစ်ယောက်အား ဤဥပဒေနှင့်နည်းဥပဒေပါ ဖော်ပြချက်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မလိုက်နာ၊ ချိုးဖောက်ရန် တိုက်တွန်းသူ၊ တွန်းအားပေးသူ

ဂ) ဤဥပဒေနှင့်နည်းဥပဒေပါ ဖော်ပြချက်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လိုက်နာခြင်းမပြုရန်၊ ချိုးဖောက်ရန် အမိန့်ပေးသူ၊ ညွှန်ကြားသူ -

ကို ဒဏ်ငွေမည်မျှတပ်ရိုက်ရမည်။ ဤအမှုကို ထပ်မံကျူးလွန်လျှင် ဒဏ်ငွေမည်မျှ တပ်ရိုက်ရမည်။

အပိုဒ် ၃၈။ ၀န်ကြီးကိုဖြစ်စေ၊ ၀န်ကြီးမှ အခွင့်အာဏာပေးထားသူကို ဖြစ်စေ၊ အာဏာပိုင်အဖွဲ့အစည်းကို ဖြစ်စေ၊ အာဏာပိုင်အဖွဲ့အစည်းမှ တာဝန်ပေးထားသူကိုဖြစ်စေ ဟန့်တားလျှင်၊ နှောင့်ယှက်လျှင်၊ ကဖျက်ကယက်လုပ်လျှင် ထိုသူအား ဒဏ်ငွေမည်မျှ တပ်ရိုက်ရမည်။ ဤအမှုကို ထပ်မံကျူးလွန်လျှင် ဒဏ်ငွေမည်မျှ တပ်ရိုက်ရမည်။

အေးငြိမ်း

၃၁ မေလ၊ ၂၀၁၂

No comments: