Wednesday, May 30, 2012

ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း

 



သူငယ်ချင်းတစ်ဦးဖြစ်သူ ကိုနွဲ့ဝင်းက လားရှိုးဘက်အသွား လမ်း၌တွေ့ခဲ့ရသော ဓါတ်ငွေ့ပိုက်လိုင်း (Shwe Gas Pipe Line) များကို ဓါတ်ပုံရိုက်ခဲ့သဖြင့် ထိုဓါတ်ငွေ့ပိုက်လိုင်းများနှင့်ဆက်စပ်ကာ နေပြည်တော်ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် ထိုအကြောင်းကို စိုးရိမ်လို့ပြောပါသည်၊ ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင် စသဖြင့် ဆောင်းပါးများရေးကာ ကျွန်တော့် ဘလော့ ပေါ်တွင်လည်းကောင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင်လည်းကောင်းတင်ခဲ့ရာ မိတ်ဆွေများမှ မှတ်ချက်များ၊ ပြန်စာများ ပေးပို့လာပါသည်။ ထို့ပြင်တ၀ မိုးမခစာမျက်နှာ၌ ပုဂ္ဂိုလ်တစ်ဦးက မသိပဲရမ်းမရေးပါနဲ့။ Processing piping နဲ့ line piping ဆိုတာ တူတာမဟုတ်ဘူး ဟု ကွန်မင့် ပေးခဲ့သဖြင့် ကျွန်ုပ်မှာ ဟုတ်ပ၊ ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း ငါဘယ်လောက်သိသလဲ ဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ရာ ဘာမှ မသိဟူသော အဖြေထွက်လာပါသည်။

ထို့ကြောင့် ထိုဓါတ်ငွေ့ပိုက်လိုင်းပြေးပုံပြေးနည်းများကို သေသေချာချာလေ့လာလျှက် မြန်မာလူထု၊ မြန်မာအင်ဂျင်နီယာများ၊ အထူးကား စွမ်းအင်ဌာနမှ အရာရှိကြီးများ သိရအောင် ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းနည်း စာတစ်ပုဒ် ရေးထုတ်ရသော် ကောင်းလေစွဟု စိတ်ကူးမိသည်နှင့် ဤဆောင်းပါးကို ရေးပါသည်။

            သို့သော် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းမှာ ဆောင်းပါးတစ်ပုဒ်စာမျှသာ မဟုတ်မူ၍ စာတစ်အုပ်စာမျှရှိလေရကား စမိသည့် ဇာတ်လမ်းကို ဆုံးအောင်ကရန်သာရှိသဖြင့် ဆက်လက်၍ အပြည့်အစုံရေးသားနေပါလေ၏။ ရေးသည်ဆိုရာ၌လည်း သည်အတိုင်းစိတ်ကူး တည့်ရာ ကောက်ရေးလို့ မဖြစ်သောကြောင့် လိုအပ်သော စာအုပ်စာတမ်းများ၊ အချက်အလက်များ ရှာဖွေစုဆောင်း ဖတ်ရှုရသည်ဖြစ်ရာ ဤရက်ပိုင်းအတွင်း ကျွန်ုပ်မှာ တခြားဘာအလုပ်မှ မလုပ်ဖြစ်။ ဤကိစ္စနှင့်သာ အချိန်ကုန်လေသတည်း။

            ထို့ပြင်တ၀ ရန်ကုန်မှ ဂျာနယ်တစ်စောင်ကလည်း ကျွန်ုပ်ဆောင်းပါးကို အွန်လိုင်းတွင် ဖတ်မိ၊ ထိုမှတဆင့် ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း သတင်းဆောင်းပါးရေးချင်ပါသည် ဆိုကာ မေးခွန်းကြီး ၁၀ ခုပေးပြီး ဖြေခိုင်းလေရာ ထိုမေးခွန်းများကို ဖြေဆိုနိုင်ရန် တစ်ညလျှင် ၆ နာရီမျှသာ အိပ်စက်လျှက် အင်တာနက် စာမျက်နှာပေါင်း မြောက်များစွာကို မွှေနှောက် ဖတ်ရှု၊ ဆံပင်အတော်များများ ဖြူသည်ထိ ကြိုးစားပမ်းစားဖြေဆိုလေရာ ၈ ရက်ခန့် အချိန်ကုန်သွားပါလေ၏။
            ထိုမျှသာမက ယခုအခါ မြန်မာပြည်တွင် ဓါတ်ငွေ့ပိုက်လိုင်းကြီး ၃ လိုင်းသွယ်ထားသည်ဖြစ်ရာ ထိုဓါတ်ငွေ့ပိုက်လိုင်းများအတွက် ဥပဒေတစ်ရပ် ရှိသင့်သည်ဟု ယူဆပါသောကြောင့် ကနေဒါ၊ အမေရိကား၊ သြစတေးလျတို့မှ ဓါတ်ငွေ့ပိုက်လိုင်းဥပဒေများကို ဖတ်ရှု။ သင့်တော်မည့် အချက်များကို ထုတ်နုတ်ဘာသာပြန်နေပါသေးသည်။

            ပြီးလျှင် တစ်ပိုင်းချင်း တင်သွားပါမည် မိတ်ဆွေအပေါင်းတို့ခင်ဗျား။

 ယခုသော် ဓါတ်ငွေ့အကြောင်းချည်း ဖတ်၊ ရေးနေရတာ ပျင်းလှပါသဖြင့် အထက်တန်းကျောင်းသားဘ၀မှစကာ အနှစ်နှစ် အလလက စုဆောင်းထားခဲ့သော ကဗျာများကို ဖတ်လည်းဖတ်ရင်း ၀ါသနာပါသူ မိတ်ဆွေများအားလည်း ပြန်လည်ငှေရင်း။ တစ်နည်းအားဖြင့်လည်း ထိုကဗျာများမှာ လွန်ခဲ့သော အနှစ် အစိတ်၊ ၃၀ ခန့်က ဗလစာအုပ်များအတွင်း လက်ရေးဖြင့် ကူးထားခဲ့သည်ဖြစ်ရာ ယခုအခါ စာရွက်သားတို့မှာ အိုမင်းရင့်ရော်လှပြီဖြစ်သဖြင့် ပျက်စီးသွားလျှင် ခက်ရချည့်ဟု နှမြောတ,သ စိတ်ဖြင့် soft copy အဖြစ် နည်းနည်းချင်း ပြောင်းနေခြင်းလည်း ဖြစ်ပါသည်။  

အေးငြိမ်း

၃၀ မေလ၊ ၂၀၁၂

No comments: