Wednesday, July 26, 2017

ကျွန်ုပ်ဗဟုသုတတိုးသော နေ့တစ်နေ့

(၁)

မေး။

အခုလူကြီးတွေက အသက်တွေကြီးကုန်ပြီ။ အကယ်၍ သူတို့သေကြေပျက်စီးကုန်မယ်။ အကြောင်းတစ်ခုခုကြောင့် ဆက်မလုပ်နိုင်တော့ဘူးဆိုရင် သူတို့နေရာကို ဆက်ခံဘို့အတွက် လူငယ်တွေကို ရွေးပြီး လေ့ကျင့်သင်ကြားပေးတာမျိုးများ ရှိပါသလားခင်ဗျား။

ဖြေ။

ဒါမျိုးဆိုတာက လူရွေးလို့မရသလို၊ လေ့ကျင့်သင်ကြားပေးလို့လည်း မရပါဘူး။ ပြည်သူနဲ့ ရင်ဘတ်ချင်းနီးဘို့ပဲ လိုပါတယ်။

ဖြောင်း . . . ဖြောင်း . . . . ဖြောင်း . . . .

မေ - အကျွန်ုပ်သည်၊ ဧ၀ံ - ဤကဲ့သို့၊ သုတံ - ယနေ့ညချမ်းအချိန်အခါ၌ ကြားနာခဲ့ရပါပေ၏။

(၂)

တစ်နေ့သ၌ အကျွန်ုပ်သည် ဆယ်လီပါတီကြီးတစ်ခုမှ ခေါင်းဆောင်တစ်ချို့နှင့်တွေ့ဆုံပွဲကို တက်ရောက်ခွင့်ရလေ၏။ ပထမ သူတို့က လက်ရှိအခြေအနေများအကြောင်း ရှင်းလင်းပြောပြ၏။ ထို့နောက် တက်ရောက်လာသူများအား မေးခွန်းများမေးလိုက မိမိနာမည်၊ အဖွဲ့အစည်းအမည် စသည်တို့မိတ်ဆက်ပြီး မေးနိုင်ကြောင်းပြော၏။ သုံးလေးဦး မေးအပြီး ကျွန်ုပ်လည်း အချိန်မရ၍ မမေးလိုက်ရမှာစိုးသောကြောင့် အခြားသူများမထခင် အလျင်စလိုထကာ မေးလေ၏။

(ဖော်ပြရန်မသင့်သောအပိုင်းများကို ချန်လှပ်ခဲ့၍ ကျွန်တော်နှင့်အမေးအဖြေလုပ်ခဲ့သည်များကို မိတ်ဆွေတို့သိစေရန် အကျဉ်းမျှ ပြန်လည်ဖော်ပြလိုက်ပါသည်။ ကျွန်တော်ပြောတာမယုံ၍ အမေးအဖြေ အော်ရဂျင်နယ်ကိုမှ နားဆင်လိုပါသည်ဆိုလျှင်လည်း ကျွန်တော်အသံဖမ်းထားတာ ရှိပါသည်။ လာရောက် နားဆင်ကြပါကုန်။)

ကျွန်တော့်နာမည်ကတော့ ဦးအေးငြိမ်းပါ . . ဘလား . . ဘလား . . ဘလား . . . 

ကျွန်တော်မေးချင်တာကတော့ အခု နိုင်ငံ့တာဝန်ယူထားတဲ့လူကြီးတွေဟာ အသက်တွေကြီးကုန်ကြပါပြီ။ အကယ်၍ သူတို့ သေကျေပျက်စီးကုန်မယ်။ အကြောင်းတစ်ခုခုကြောင့် ဆက်မလုပ်နိုင်တော့ဘူးဆိုရင် သူတို့နေရာကို ဆက်ခံဘို့အတွက် လူငယ်တွေကို ရွေးပြီး လေ့ကျင့်သင်ကြားပေးတာမျိုးများ ရှိပါသလားခင်ဗျား။

ဘာဖြစ်လို့လဆိုတော့ အကယ်၍ နောက်တက်လာမဲ့သူတွေကိုသာ ကျကျနန လေ့ကျင့်သင်ကြားပေးမထားဘူး ဆိုရင် သူတို့လည်း ရာထူးကြီးကြီးမှာ တာဝန်ယူရရော ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ အကုန် ကိုးယိုးကားယား ဖြစ်ကုန်မှာ မို့ပါဘဲ။ အခုကိုပဲ ဟိုလူကြီးတွေ တစ်နေ့တစ်နေ့ ဘာတွေလုပ်နေတယ်ဆိုတာ သိခွင့်ရရင် သိချင်ပါသေးတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် What is my role? What is my duties and responsibilities? What should I do? ဆိုတာ သေသေ ချာချာ သိရဲ့လားဆိုတာ သိချင်ပါတယ်။

ဆိုတော့ အခု ဖြစ်နေတာတွေ ကြည့်ပါ။ ဒီအမှားတွေကိုကြည့်ခြင်းဖြင့် ဘာ plan မှ မရှိဘဲ ထင်ရာစိုင်းနေတယ် ဆိုတာ မြင်နိုင်ပါတယ်။ အဲဒါ အင်မတန် အန္တရာယ်များပါတယ်။ (ကျွန်တော်ဆိုလိုသည့် အန္တရာယ်များတယ်ဆိုသည့် အဓိပ္ပာယ်မှာ ဤကဲ့သို့သာ ဆက်လုပ်နေလျှင် ပြည်သူများ၏ယုံကြည်မှုဆုံးရှုံးသွားနိုင်ပြီး နောင်ရွေးကောက်ပွဲတွင် ရှုံးခဲ့ပါက တိုင်းပြည် ရေစုန်မျောသွားနိုင်သည့်အရေး ဖြစ်ပါသည်။)

ကျွန်တော်တို့ အင်ဂျင်နီယာတွေဆိုရင် ကျောင်းကဆင်းဆင်းချင်း သူတို့ ဘာမှ မလုပ်တတ်သေးပါဘူး။ အဲဒီအတွက် အလုပ်ထဲ စ၀င်ဝင်ချင်း အလုပ်သင်အနေနဲ့ခန့်ပါတယ်။ သူ့မှာ တစုံတရာသော အတွေ့အကြုံရှိနေပြီဆိုမှ တာဝန်စပေးတာပါ။


ဆိုတော့ကာ နောက်တက်လာမဲ့ခေါင်းဆောင်တွေကို ရွေးချယ်လေ့ကျင့်ပေးထားဘို့ လိုပါတယ်။ အဲသလို ရွေးချယ်လေ့ကျင့် ပေးနေတဲ့ အစီအစဉ်များ ရှိသလားလို့ မေးတာပါ။

x x x x x x x 


သူတို့အဖြေကို စိတ်ပျက်လွန်းလှသဖြင့် ဆက်မရေးတော့ပါ။ 

No comments: