Thursday, July 6, 2017

လက်မှတ်အတုလုပ်ခြင်း၏ ရလဒ်

အတုမလုပ်ကြပါနှင့်။ ရိုးရိုးသားသား မှန်မှန်ကန်ကန် လုပ်ကြပါ။ လက်မှတ်အတုထိုးခြင်း၊ အောင်လက်မှတ် အတုလုပ်ခြင်းများ မှာ အလွန် အန္တရာယ်များပါသည်။ သည်အကြောင်း ယခင်ကလည်း ကျွန်တော် ရေးဖူးပါသည်။
ဟိုးယခင် ၂၀၀၀ ခုနှစ်မတိုင်မီကာလများက ဘီအီး (Bachelor of Engineering) ဘွဲ့လက်မှတ်အတုများလုပ်ကာ အီးပီ (Employment Pass) များဖြစ်၊ ထိုမှတဆင့် စင်ကာပူ PR (Permanent Resident) ဖြစ်သွားဖူးသူတွေတောင် ရှိသေးသည်။

ထို့နောက်တော့ ဘွဲ့လက်မှတ်အတုများဖြင့် S Pass လျှောက်ကြသည်။

ယခုတလော MOM (Ministry of Manpower, Singapore) က BCSS (Building Construction Supervisors Safety Course) Certificate များကို စစ်ဆေးကာ လက်မှတ်အတုများကို ရုပ်သိမ်းခြင်း၊ စင်ကာပူတွင် အလုပ်လုပ်ကိုင်ခွင့်ကို အပြီးအပိုင်ပိတ်ခြင်းများဖြင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်နေပါသည်။
ကျွန်တော့်ဆီရောက်လာသော case များမှာ တစ်နေ့တစ်နေ့ မနည်းလှပါ။ အချို့ကို တစ်ခါသက်တမ်းတိုးခွင့်ပြုပြီး စင်ကာပူ ၀င်ခွင့်ကို အပြီးအပိုင် ပိတ်သိမ်းသည်။ အချို့ကိုမူ BCSS လက်မှတ်ကို ရုတ်သိမ်းပြီး အလုပ်သမားများအတွက် ပေးသော CSOC သင်တန်းကို ပြန်တက်ခိုင်းသည်။ စင်ကာပူတွင် ဆက်အလုပ်လုပ်ခွင့်ပေးသည်။
မည်ကဲ့သို့ဆုံးဖြတ်သည်ကတော့ case by case ဖြစ်ပါလိမ့်မည်။
BCSS အောင်ထားသူများစာရင်းကိုကြည့်ကာ အောင်လာခဲ့သော သင်တန်းကျောင်းသို့သွားပြီး သင်တန်းပေးထားသည့် မှတ်တမ်းများ၊ စာမေးပွဲဖြေထားသည့်မှတ်တမ်းများ တောင်းကြည့်သည်။ မှတ်တမ်းမပြနိုင်သည့် သင်တန်းကျောင်းများကို လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူသည်။
ယခင်ကတော့ သင်တန်းကျောင်းများကိုသာ အရေးယူသည်။ လိုင်စင်အသိမ်းခံရသော သင်တန်းကျောင်း ၃၀ လောက်ရှိ၏။ မည်သည့်သင်တန်းကျောင်းများအား လိုင်စင်သိမ်းသည်ကို MOM website တွင် ကြည့်နိုင်ပါသည်။
ယခုတော့ အလုပ်သမားများကိုပါ အရေးယူလေပြီ။ ထို့ကြောင့် သင်တန်းလည်းမတက်၊ စာမေးပွဲလည်းမဖြေပဲ ပိုက်ဆံပေးကာ လက်မှတ်ယူထားသူများ အထူးသတိထားနေကြပါကုန်။

MOM က စာပို့ပြီဆိုလျှင် သုံးမျိုးဖြစ်နိုင်သည်။

၁။ လက်ရှိ BCSS လက်မှတ်ကို ရုတ်သိမ်းကာ CSOC သင်တန်းတက်ခိုင်းမည်။ သို့သော် စင်ကာပူတွင် ဆက် အလုပ်လုပ်နိုင်သေးသည်။
၂။ လက်ရှိ ၀ပ်ပါမစ်သက်တမ်းကုန်သည်ထိ ဆက်လုပ်ခွင့်ပေးမည်။ သက်တမ်းကုန်လျှင် အပြီးအပိုင် ပြန်လွှတ်ကာ စင်ကာပူ ၀င်ခွင့်ကို ပိတ်လိုက်မည်။
၃။ လက်ရှိ ၀ပ်ပါမစ်သက်တမ်းကုန်လျှင် နောက်ထပ် တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် သက်တမ်းတိုးကာ ဆက်လုပ်ခွင့်ပေးမည်။ ထိုသက်တမ်းကုန်လျှင် မူ ဆက်တိုးမပေးတော့ဘဲ အပြီးအပိုင် ပြန်လွှတ်ကာ စင်ကာပူဝင်ခွင့်ကို ပိတ်လိုက်မည်။

(စာနမူနာများရှိသော်လည်း မတင်တော့ပါ။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၎ ဇူလိုင်၊ ၂၀၁၇

No comments: