Thursday, July 6, 2017

မင်္ဂလာဦး သြ၀ါဒ

မိတ်ဆွေ ကိုကျော်ကြီး၏မေတ္တာရပ်ခံချက်အရ ယနေ့ 2/7/2017 တွင် သူ့သား မင်္ဂလာဆောင်၌ မင်္ဂလာဦးသြ၀ါဒစကား မြွက်ကြားခဲ့ပါသည်။ အများသိရှိရန် ပြန်လည်ဝေမျှလိုက်ပါသည်။
++++++++++++++++++++++++++++
သတို့သားသတို့သမီး၊ နှစ်ဖက်မိဘများနဲ့တကွ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။
ကျွန်တော့်နာမည်ကတော့ ဦးအေးငြိမ်းဖြစ်ပါတယ်။ သတို့သားရဲ့ ဖခင်က မေတ္တာရပ်ခံလာတဲ့အတွက် ကျွန်တော် မင်္ဂလာစကား အနည်းငယ် ပြောကြားပေးပါမယ်။
မြန်မာ့ယဉ်ကျေးမှုအရ မင်္ဂလာဆောင်တဲ့အခါ ဘိသိက်ပေးပါတယ်။ အခုခေတ်ကတော့ သြ၀ါဒစကား ဖတ်ကြားတယ်လို့ သုံးပါတယ်။ ဒီအစဉ်အလာဟာ အင်မတန် ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာဆောင်တယ်ဆိုတာ တစိမ်းယောက်ျားလေးတစ်ယောက်နဲ့ မိန်းခလေးတစ်ယောက်တို့ တစ်သက်လုံး တစ်အိမ်ထဲမှာ အတူနေပြီး ပေါင်းသင်း ဆက်ဆံ သွားရတာဖြစ်ပါတယ်။ အဲဒီအခါ မပြောသင့်တာ ပြောမိရင်၊ မလုပ်သင့်တာ လုပ်မိရင် တစ်ယောက်နဲ့တစ်ယောက် သဘောထားခြင်းမတိုက်ဆိုင်တာ၊ ကတောက်ကဆဖြစ်တာ စသဖြင့် ဖြစ်တတ်ပါတယ်။
အဲဒီအတွက် ဘိသိက်ဆရာက လင်ယောက်ျားတို့ လိုက်နာရမဲ့၊ ကျင့်သုံးရမဲ့ ၀တ္တရား၊ စောင့်ထိန်းရမဲ့အရာ။ အိမ်သူသက်ထား ဇနီးမယားတို့ လိုက်နာရမဲ့တာဝန်ဝတ္တရား စတာတွေကို သွန်သင်ပြသ ဆိုဆုံးမပေးပါတယ်။ အဲဒီအခါ ဇနီးမောင်နှံတို့ သိသင့်သိထိုက်၊ ကျင့်သုံးသင့် ကျင့်သုံးထိုက်တာတွေ သိသွားတော့ မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့။
မင်္ဂလာဆောင်တယ်ဆိုတော့ မင်္ဂလာဆိုတာ ဘာကိုခေါ်တာလဲ။ ခိုင်ခိုင်လုံလုံဖြစ်အောင် ကျွန်တော် ပါဠိနည်းနည်း ရွတ်ပြပါမယ်။ အားလုံးလည်း သိပြီးသားပါ။ မင်္ဂလသုတ်နိဒါန်း ဖြစ်ပါတယ်။
ယံမင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ၊
သောတ္တာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံ္တသဉ္စမင်္ဂလံ။
ဒေသိတံ ဒေ၀၊ ဒေဝေန၊ သဗ္ဗပါပ ၀ိနာသနံ၊
သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံဘဏာမ ဟေ။

အဲဒီပါဠိတော်အရ -
မင်္ဂလာဆိုတာ -
၁။ သောတ္ထာနံ - ကြီးပွားချမ်းသာကြောင်းတရား (သောတ္ထာနံ ဗြူဟိ မင်္ဂလမုတ္တမံ)
၂။ မွန်မြတ်သောတရား (မင်္ဂလမုတ္တမံ)
၃။ မကောင်းမှုအားလုံးကို ပယ်ဖျောက်နိုင်သောတရား (သဗ္ဗပါပ၀ိနာသနံ) လို့ အဓိပ္ပာယ်ရပါတယ်။
ချုပ်ရရင် မင်္ဂလာဆိုတာ ကောင်းမွန်မြင့်မြတ်တဲ့၊ မကောင်းမှုတွေကိုပယ်ဖျောက်ပေးပြီး ကြီးပွားချမ်းသာကြောင်းကို ဖြစ်စေတဲ့ တရားပဲ ဖြစ်ပါတယ်။ မင်္ဂလာတရားတော်အရ လိုက်နာကျင့်ကြံရမဲ့အချက်ပေါင်း (၃၈) ချက်ရှိပြီး မြန်မာ့ယဉ်ကျေးမှုမှာတော့ (၃၈) ဖြာမင်္ဂလာတရားတော်လို့ သိကြပါတယ်။ ကျွန်တော်အားလုံးကို အသေးစိတ် ပြောမပြတော့ပါဘူး။ အတော်များများ သိပြီးဖြစ်မှာပါ။
မင်္ဂလာဆောင်တာကို အာဝါဟ၊ ၀ိဝါဟမင်္ဂလာလို့ ခေါ်ပါတယ်။ ပုခက်တင်မင်္ဂလာ၊ နာမည်ပေးမင်္ဂလာ၊ နားထွင်းမင်္ဂလာ၊ နေလပြမင်္ဂလာ၊ ထမင်းခွံ့မင်္ဂလာ၊ ကွမ်းခွံ့မင်္ဂလာ စတဲ့ လောကီမင်္ဂလာ (၁၂) ပါးထဲကပါ။ အမှန်တကယ်တော့ လောကီမင်္ဂလာ (၁၂) ပါးဟာ ဟိန္ဒူယဉ်ကျေးမှုကနေ ဆင်းသက်လာတာပါ။ ဒါ ထားလိုက်ပါတော့။
မြန်မာတို့ဟာ နေ့စဉ်လူနေမှုဘ၀မှာ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း နေထိုင်ကြပါတယ်။ မြတ်စွာဘုရားရှင်ဟာ မင်္ဂလာဆောင်ကြမဲ့ သတို့သား၊ သတို့သမီးတို့ ဆောင်ရန်၊ ရှောင်ရန်များကို သိင်္ဂလောဝါဒသုတ်ထဲမှာ ညွှန်ကြားပြသထားပါတယ်။ ဒါလည်း အားလုံးသိပြီးဖြစ်ကြမှာပါ။

လင်ယောက်ျားတို့ ကျင့်ရမဲ့ဝတ္တရားများကတော့ -

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင်လင်ကျင့်ရာ။

ဆိုလိုတာကတော့ - လင်ယောက်ျားလုပ်တဲ့သူများဟာ မိမိတို့ရဲ့ ဇနီးမယားများကို -

၁။ မထေမဲ့မြင် မပြုရဘူး။
၂။ ရှာဖွေစုဆောင်းပြီးရလာတဲ့ ပိုက်ဆံကို အပ်နှင်းရမယ်။
၃။ မိမိမယားအပေါ်မှာ သစ္စာရှိရမယ်။ တခြားအမျိုးသမီးနဲ့ မဖောက်ပြားရဘူး။ 
၎။ အ၀တ်အစား ဆင်ယင်ပေးရမယ်။
၅။ မိမိဇနီးမယားအပေါ်မှာ မြတ်မြတ်နိုးနိုး၊ ကြင်ကြင်နာနာ ရှိရမယ်။

ဒါက လင်ယောက်ျားတို့ စပြီး မင်္ဂလာဆောင်တဲ့နေ့ကနေ တစ်သက်လုံးကျင့်သုံးသွားရမယ့် ၀တ္တရားများ ဖြစ်ပါတယ်။

လင်ယောက်ျားများအတွက်သာမက ဇနီးမယားလုပ်တဲ့သူများ ကျင့်သုံးရမဲ့ ၀တ္တရားလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ -

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချိ
ပျင်းရိမမူ၊ ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ။

အဓိပ္ပာယ်က ဇနီးမယားလုပ်တဲ့သူများဟာ -

၁။ အိမ်တွင်းမှုလုပ်ငန်းများကို မလစ်ဟင်းအောင် လုပ်ဆောင်ရမယ်။
၂။ ယောက်ျားရှာလာတဲ့ စီးပွားဥစ္စာကို မကုန်တန်တာမကုန်ရအောင် စစ်စစ်စီစီ စုဆောင်းထားရမယ်။
၃။ တခြားယောက်ျားတွေနဲ့ မဖောက်ပြားရဘူး။ 
၎။ သူ့ဘက်၊ ကိုယ့်ဘက် အဆွေအမျိုးတွေကို ပေးကမ်းသင့်တာ ပေးကမ်းရမယ်။
၅။ နောက်ပြီး မပျင်းရဘူး။ လုပ်စရာရှိတာတွေ လုပ်ရမယ်။

အဲဒါကတော့ မြတ်စွာဘုရားက သိင်္ဂလောဝါဒသုတ်မှာ ဟောကြားတော်မူခဲ့တဲ့ လင်နဲ့မယားတို့ လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ်တွေဖြစ်ပါတယ်။

အဲဒါအပြင် သမဇီဝီလို့ခေါ်တဲ့ ဇနီးမောင်နှံတို့ အတူတကွ မျှတစွာနေထိုင်ရနိုင်တဲ့ အကျင့်လေးမျိုးကိုလည်း ဟောကြားတော် မူခဲ့ပါသေးတယ်။ အဲဒါတွေကတော့ လင်နဲ့မယားတို့ဟာ -

(၁) သမသဒ္ဓါ - ယုံကြည်ချက်တူတယ်။
(၂) သမသီလာ - အကျင့်သီလ တူတယ်။
(၃) သမစာဂါ - စွန့်ကြဲပေးကမ်းမှု တူတယ်။
(၄) သမပညာ - အသိပညာ တူတယ်။
အဲဒါအပြင် နကုလမာတာကို မယားကောင်းတို့ကျင့်ရမယ့် အကျင့် (၈) မျိုးကို ဟောကြားတော်မူခဲ့ပါတယ်။ အဲဒါကိုတော့ ကျွန်တော် အကျယ်မပြောတော့ပါဘူး။
အခု ကျွန်တော်ကထပ်ဖြည့်ပြီး လိုက်နာသင့်တဲ့အချက်တွေ ထပ်ဖြည့်ပြောပါမယ်။

တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်ပါ။ သံသယမထားပါနဲ့။ ယုံကြည်မှုပျက်သုဉ်းတာဟာ အလုံးစုံပျက်သုဉ်းတာပါတဲ့။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရအောင်လည်း နေပါ။ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ။ ဘာမှ ထိန်ဝှက်မထားပါနဲ့။
နောက်အရေးကြီးတာတစ်ခုက စကားအရောင်းအ၀ယ်မလုပ်ပါနဲ့။ ကိုယ့်မိသားစုကိစ္စ ကိုယ့်မိသားစုထဲမှာပဲထားပါ။ ဒီဘက်စကား ဟိုဘက်သွားပြော၊ ဟိုဘက်စကားဒီဘက်ယူလာဆိုရင် ဘာမဟုတ်တာလေးနဲ့ ပြဿနာ အကြီးအကျယ် တက်တတ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် သည်းခံပါ။ နည်းနည်းလေး အပြောမှားတဲ့အပေါ် အထအန မကောက်ရဘူး။ လူဆိုတာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် သဘောမကျနိုင်တာ။ ဘယ်အကုန်တော့ သူများနဲ့ ရာနှုန်းပြည့် သဘောတူတယ်ဆိုတာ ရှိပါလိမ့်မတုံး။ လင်မယားဆက်ဆံရေးမှာ မတူတာတွေကို ညှိယူတာ အင်မတန်အရေးကြီးပါတယ်။ ကိုယ့်ဆန္ဒကို ဦးစားမပေးပါနဲ့။ သူ့အလိုကို ဦးစားပေးပါ။
ရလာတဲ့ပိုက်ဆံကို အကုန်မသုံးပါနဲ့။ အတိုင်းအတာတစ်ခု စုဆောင်းပါ။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အကောင့်တစ်ခုခု ဖွင့်ပြီး လတိုင်းစုဖြစ်အောင်စုပါ။ နည်းတာများတာ ပဓာနမဟုတ်ပါဘူး။ ကာလတစ်ခုကြာတဲ့အခါ စုဆောင်းငွေကို ပမာဏတစ်ခုအနေနဲ့ မြင်ရပါလိမ့်မယ်။
နှစ်ဘက်မိဘတွေကိုလည်း အခါအားလျော်စွာ မမေ့မလျော့ ထောက်ပံ့ပါ။ သွားလာလည်ပတ်ပါ။
ကျွန်တော်အများကြီးမပြောတော့ပါဘူး။ ဒါလောက်ဆို လုံလောက်ပါပြီ။ အရေးကြီးတာက သိရုံတင်မဟုတ်ဘဲ လက်တွေ့ လိုက်နာကျင့်သုံးဘို့ပါ။
အဲဒီအချက်တွေကိုသာ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် သာယာချမ်းမြေ့တဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်တဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။


ကျေးဇူးတင်ပါတယ် ခင်ဗျား။

No comments: