Saturday, January 3, 2015

ကျွန်ုပ်အကြီးအကျယ် ရှော့ရခြင်း

မြန်မာစာပေလောကတွင် မှတ်တမ်းတစ်ခု ကျန်ရစ်ခဲ့စေရန် နှင့် နောင်လာနောက်သားတို့အနေဖြင့် ပြည့်စုံခိုင်လုံစွာ ကိုးကားစေနိုင်ရန် ရည်ရွယ်၍ မြန်မာပြက္ခဒိန်စာအုပ်ကို ကျွန်တော် တလေးတစားရေးသား ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်က ဇော်ဂျီနှင့်ရေးတာဖြစ်၍ ပုံနှိပ်တိုက်က သူတို့သုံးသော Inn Design တွင် ဇော်ဂျီကိုသုံးလို့မရသောကြောင့် စာအားလုံးပြန်ရိုက်သည်။ ကျွန်တော်ကတော့ ကျွန်တော်ရေးထားသည်များကို သည်အတိုင်း copy and paste လုပ်စေ ချင်သည်။ အမှားအယွင်းများ ပါမှာစိုးသောကြောင့်ဖြစ်၏။ သို့သော် ကိုယ်လုပ်ချင်သလိုလုပ်လို့မရ။

သည်တော့ သူတို့စာစီထားတာကို အသေအချာ ပြူးပြဲကာ တစ်လုံးချင်းဖတ်ရ၏။ သည်စာအုပ်ကို ရည်ညွှန်းစာအုပ် ဖြစ်စေလို သဖြင့် စာတစ်လုံးမှ အမှားမခံနိုင်။ ထို့ကြောင့် သူတို့က ပို့လာလိုက် ကျွန်တော်က ပြင်ပေးလိုက်။ ပြင်ပြီးပြန်ပို့လိုက် ထပ်မှားလိုက်နှင့် စာစီတာတင် ၅ လ နီးပါး ကြာသည်။

စာအားလုံးချောသွားပြီ၊ စာအုပ်ရိုက်ဖို့ အဆင်သင့်ဖြစ်ပြီလည်းဆိုရော ဘာသံမှမကြားရတော့။ သည်လိုနှင့် နောက်ထပ် တစ်နှစ်လောက် ထပ်ကြာသွားပြန်သည်။ ကျွန်တော်ကတော့ ထွက်ချင်တဲ့အချိန်မှ ထွက်ကွာ ဟု လုံးဝ စိတ်လျှော့ထား လိုက်၏။

စာအုပ်ထွက်လာတော့လည်း ၀မ်းသာရပါသည်။ သို့သော် ရန်ကုန်ပြန်ရောက်မှ စာအုပ်ကို မြင်ရသည်။ လုပ်ချင်တာကများ၊ ခွင့်ရက်ကနည်း ဆိုတော့ သည်စာအုပ်ကို သေသေချာချာ ပြန်မဖတ်မိ။ ရှေ့ပိုင်း နည်းနည်းပါးပါးလောက် လှန်လှောကြည့်ကာ မဆိုးဘူးဟ ဟု ထင်မိ၏။

ယနေ့ ကိုရန်နိုင်ဘိုကို စာအုပ်သွားပေးရင်း ရထားပေါ်မှာ လှန်ကြည့်တော့မှ အလိုလေး၊ နောက်ပိုင်းတွင် ထည့်ရမည့် ရည်ညွန်းစာအုပ်စာရင်းများ၊ ရုပ်ပုံစာရင်းများ၊ ဇယားစာရင်းများ တစ်ခုမှ မပါ။

ကျွန်တော် အတော် အထိတ်တလန့်ဖြစ်သွား၏။ ဇောချွေးများတောင် ပြန်သွားသည်။

အနို့ - ရည်ညွှန်းစာအုပ်စာရင်းသည်လည်း စာအုပ်၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်ရေးထားသည်များမှာလည်း စာအုပ်အတော်များများကို ရည်ညွှန်းထားပြီး ထိုရည်ညွှန်းစာအုပ်များကိုလည်း superscript ဖြင့် ပြထား၏။ ယခု သည် အလွန်အရေးကြီးသော ရည်ညွှန်းစာအုပ်စာရင်း ကျန်ခဲ့သည်ဆိုတော့ ကျွန်တော့်မှာ အလွန်မသက်မသာခံစားမိပါသည်။ လုပ်ရက်ပါပေ့ မောင်မင်းကြီးသားတို့။

နောက်ပြီး အခန်း (၆) လည်းပြီးရော သည်အတိုင်း ပြီးသွားတာဖြစ်သည်။ ကျွန်တော်ရေးထားသည့် နိဂုံးပိုင်းပင်မပါ။

သည်တော့ -

မြန်မာပြက္ခဒိန်စာအုပ် လက်ဝယ်ရှိသူများအား အထူးမေတ္တာရပ်ခံလိုပါသည် ခင်ဗျာ။

မြန်မာပြက္ခဒိန်စာအုပ်နိဂုံးပိုင်းနှင့် ကျမ်းကိုးစာရင်းကို ကျွန်တော်ပို့ပေးပါမည်။ ပရင့်လုပ်၍ စာအုပ်ထဲတွင် ပူးတွဲပေးပါရန်။
ဇယားစာရင်းနှင့် ရုပ်ပုံစာရင်းကို စာအုပ်မှ စာမျက်နှာများနှင့် တိုက်ပြီး ပြင်လိုက်ပါဦးမည်။ အားလုံးပြီးလျှင် ထပ်ပို့ပေးပါမည်။

အားပေးသူအပေါင်းကို အထူး ကျေးဇူးတင်ပါသည်။ မသိတာမေးလိုများရှိလျှင် စာရေးပြီးမှတ်ထားပါ။ အားလုံးစုပြီး ရှင်းပြပါမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၊ ၁၊ ၂၀၁၅။ ည ၉ နာရီတိတိ

No comments: