Tuesday, January 20, 2015

ငယ်စဉ်က ကျွန်ုပ်အလွန်မှားခဲ့သည် ဆိုခြင်းအကြောင်း

Training material များ ပြင်နေရသောကြောင့် ကျွန်တော် သိပ်မအားပါ။ သို့သော် ပြောစရာလေးရှိလာသဖြင့် ရေးလိုက်ခြင်း ဖြစ်ပါသည်။

ကိုသောင်းတန်က တွေ့ရအောင် ခဏလာပါဦးဆိုသဖြင့် မနေ့က ဘွန်လေးရှိကော်ဖီဆိုင်တွင် ထိုင်ပြီး ထွေရာလေးပါး ပြောကြ၏။ ကျွန်တော်ရေးထားသည့် ရေဖြူမှ ရောင်ခြည်တော်လွှတ်သည်ဆိုသော ဘုရားအကြောင်း စပ်စုခြင်းဖြစ်သည်။ သူက နေပါဦး၊ ခင်ဗျား အရင်တုံးက ဒါမျိုးတွေ အယုံအကြည်မရှိပါဘူးဗျ ဟု ဆို၏။ ကျွန်တော်ကလည်း ယုံတယ်လို့ပြောတာ မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့ ငယ်ငယ်တုံးကလိုတော့ တယူသန်မဟုတ်တော့ဘူးဗျ။ ဒီလောကမှာ ကျွန်တော်တို့မသိနိုင်တဲ့၊ ဉာဏ်မမီနိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ အထူးသဖြင့် သဘာဝလွန် (super natural) ဟာမျိုးတွေရှိတယ်ဆိုတာ သဘောမတူရင်တောင် အကျောက်အကန် မငြင်းသင့်ဘူးလို့ သိလာတာပေါ့။ အသက်က စကားပြောလာတာပေါ့ဗျာ ဟု ရှင်းပြရသည်။

ကျွန်တော်ငယ်စဉ်က အလွန်ခေါင်းမာသူ ဖြစ်၏။ တနည်းအားဖြင့် စာလေး မတောက်တစ်ခေါက်ဖတ်၊ အင်ဂျင်နီယာဘွဲ့ကလေး ကလည်းရထား ဆိုတော့ အင်မတန် ပညာမာန်တက်သူဖြစ်၏။ အရာရာကို ကိုယ်သိထားတာလေးတွေနှင့် ချိန်ထိုးကာ ငါမှငါ၊ ငါတွေးတာမှ အမှန်ဟု တဖက်သတ်၊ တယူသန်ခဲ့လေသည်။

အသက် ၄၅ နှစ်နောက်ပိုင်းမှစကာ တဖြည်းဖြည်း ပြောင်းလာခဲ့သည်။ အသက် ၅၀ ကျော်လာတော့ ငယ်ငယ်ကအယူအဆ အတွေးအခေါ်များမှာ အတော်များများ မှားယွင်းနေကြောင်း သိလာတော့၏။ ကျွန်တော်မှားခဲ့၊ မိုက်ခဲ့မိသလို ငယ်ရွယ်သူများ လည်း မမှားကြပါစေရန် နမူနာအချို့ ပြောပြပါအံ့။

ကျွန်တော် RIT ကျောင်းသားဘ၀ နောက်ဆုံးနှစ်လောက်က ကျောင်းပိတ်၍ ရွာပြန်သွားစဉ် ရွာမှ အိမ်တစ်အိမ်တွင် ပုဏ္ဏက တိုက်သည်ဆို၏။ ပုဏ္ဏကတိုက်သည်ဆိုခြင်းမှာ မည်သည့်အရပ်က လာမှန်းမသိသောခဲများ အိမ်ကို ဘက်စုံထောင့်စုံမှ ပစ်နေခြင်း ဖြစ်သည်။ ဤသည်ကို ကျွန်တော် နည်းနည်းမှ မယုံ။ လှိမ့်လုံးတွေဟုသာ ထင်၏။ ကိုင်း၊ အဲဒီ ပုဏ္ဏကဆိုသဟာကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်သကွာ ဟု ဆိုကာ ကျွန်တော်တို့ မောင်နှမတစ်သိုက် ထိုအိမ်သို့သွားကြ၏။ အခြား ရွာသူရွာသားများမှာ အိမ်နားတောင်မကပ်ရဲ။ ကျွန်တော်တို့က အိမ်ထဲဝင်ထိုင်ကာ ပေါက်စမ်းဟေ့၊ ငါတို့မင်းကိုကြည့်ချင်လို့။ ကွယ်ရာကတော့ မပေါက်နဲ့။ ကိုယ်ထင်ပြလကွ ဟု ချဲလင်း လုပ်ပါသည်။

ကျွန်တော်တို့ အတော်ကြာကြာထိုင်နေတာတောင် ခဲတစ်လုံးမှ ကျမလာပါ။ ရွာသားများကမူ ထိုအိမ်ရှင်များမှာ ခဲမိုးရွာသဖြင့် မနေရဲသောကြောင့် အခြားအိမ် ပြောင်းနေရကြောင်း ပြောသည်။ သို့တိုင် ကျွန်တော်က ရွာသားများကို ကဲ၊ တွေ့တယ် မဟုတ်လား။ ဘယ်ကခဲကျလို့တုံး။ တကယ်ပစ်တယ်ဆို အခုပစ်ပါလား၊ အလကား၊ ညာတာ ဟု အကျောက်အကန် ငြင်း၏။

ထိုအိမ်နေသူများမှာ အကြောင်းကိစ္စ တစုံတရာမရှိဘဲနှင့်တော့ ကိုယ့်အိမ်ကိုပစ်လျက် သူများအိမ် ကပ်မနေတန်ရာ။ ကျေးလက်တောရွာမှ အိမ်များမှာ အိမ်ကြီးရခိုင်ဆိုတာ ခပ်ရှားရှားဖြစ်ပြီး များသောအားဖြင့် တစ်မိသားစု နေသာရုံ ဆောက်ထားကြတာဖြစ်ပါသည်။ သူတစ်ပါးအိမ်တွင် ထမင်းချက်၊ ရေချိုး၊ အိပ်တာကအစ ကျဉ်းကျဉ်းကျုပ်ကျုပ် နေရသဖြင့် အဆင်ပြေမည် မဟုတ်ပါ။ သူတို့တကယ် မနေရဲသောကြောင့် သွားနေခြင်း ဖြစ်ပါလိမ့်မည်။

ထိုစဉ်က အကြောင်းရင်းကို သေချာဂဏစွာ မစုံစမ်းခဲ့ဘဲ ကျွန်တော် ထိုသူများအား လှောင်ပြောင်သရော်ခဲ့သည်။ တကယ်ဆိုလျင် ထိုအိမ်သို့ လေးငါးရက်တန်သည် ကိုယ်တိုင်ညအိပ်ညနေ သွားနေပြီး မစုံစမ်းသင့်ပါသလော။ သူများကို လှောင်ပြောင်ခဲ့သည့် ကျွန်တော်ကိုယ်တိုင် ခဲပေါက်ပါသည်ဆိုသော ထိုအိမ်၌ ညအိပ်ရဲပါမည်လော။

နောက် ကျွန်တော့်အကျင့်ဆိုးတစ်ခုက နတ်များနှင့် ၎င်းတို့ကို ကိုးကွယ်နေသူများအား အလွန်အကျူးကဲ့ရဲ့ခြင်းဖြစ်၏။ နတ်ကို မယုံသာရှိရမည်။ နတ်ပွဲကိုတော့ သွားကြည့်တတ်၏။ ကြည့်တာတောင် ကြိုက်လို့မဟုတ်။ သူတို့ကတာက ဘယ်ပုံ၊ နတ်ပူးတာက ဘယ်နည်း။ နတ်ကတော်များက ဘယ်သို့ စသဖြင့် ကဲ့ရဲ့ရန်ကြည့်ခြင်းမျှသာ ဖြစ်၏။ သို့သော်လည်း နတ်ပွဲကျေးဇူးကြောင့် ရလာသည့် ၀က်သားဟင်းကိုမူ မြိန်ရေရှက်ရေ စားတတ်လေသည်။

ကျွန်တော်တို့အိမ်တွင်လည်း အစ်မကြီး (ကျွန်တော်တို့အမေ) ရှိစဉ်က အိမ်တွင်းနတ် ပူဇော်ပွဲများ လုပ်သည်။ သိပ် အထွေအထူးတော့ မဟုတ်ပါ။ ကြက်အဖိုအမနှစ်ကောင်ကိုသတ်၊ ရေနွေးဖျော၊ အမွေးနှုတ်ကာ လင်ပန်းအတွင်းထည့်၍ ပူဇော်ရခြင်းဖြစ်၏။ အိမ်အတွင်းပိုင်း ခေါင်းရင်းထရံ၌လည်း ၀ါးနှင့်လုပ်ထားသည့် နတ်အိုး ထိုးသည်။ နတ်အိုးအတွင်း၌ နတ်ပန်း (ဇော်စိမ်းပန်းများကဲ့သို့) ထိုးစိုက်ထား၏။ ထိုနတ်အိုးများရှေ့တွင် လုံးတီး ကြက်အဖိုအမနှစ်ကောင်ထည့်ထားသည့် လင်ပန်းချကာ အရှင်ကြီးတို့ စားကြပါ၊ သောက်ကြပါဟု ပူဇော် ပ,သရခြင်းဖြစ်၏။ ထိုစဉ်က ကျွန်တော့်မှာ အသက် ဆယ်နှစ်သားခန့်သာရှိသေးသဖြင့် ကောင်း၏၊ ဆိုး၏ မဝေခွဲနိုင်သေး။ ကျွန်တော်သိသည်မှာ နတ်တင်လျှင် ကြက်သားဟင်း စားရမည် ဆိုသည်သာ ဖြစ်၏။ (ကျွန်တော် အသက် ၁၃ နှစ်သားတွင် အမေဆုံးသွားပြီး နောက်ပိုင်း နတ်တင်တာ မတွေ့ရတော့ပါ။)

ကျွန်တော်တို့တောကလူများမှာ နေထိုင်မကောင်းဖြစ်လျှင် နတ်က တတ်သည်။ သူတို့ကတော့ သူတို့ကိုးကွယ်သည့် နတ်များ ကို စောင့်ရှောက်ပါစေရန် ရည်သန်၍ ကခြင်းဖြစ်သည်။ ဤသည်ကို ကျွန်တော်က အလွန်ကဲ့ရဲ့၏။ နေမကောင်းတာနဲ့ နတ်နဲ့ ဘာဆိုင်လို့တုံးဗျာ။ နေမကောင်းရင် ဆေးဆရာခေါ်၊ ဆေးရုံတက်ရမှာ မဟုတ်လား ဟု ကွန်ပလိန်းတက်၏။ ကျွန်ုပ်အဖို့တော့ သူရို့ကိုးကွယ်နေသောနတ်များမှာ အရုပ်တစ်ရုပ်ထက်မပို။ နတ်များကို စင်များနှင့် တခန်းတနား ကိုးကွယ်ကြသည့် ရန်ကုန်မှ အသိမိတ်ဆွေများကိုတွေ့သောအခါ ၎င်းတို့အား ကျွန်တော်က အလွန်အထင်သေးတတ်သည်။

သူ့ဘာသာသူ သူ့ယုံကြည်မှုနှင့်သူ နတ်ကတာ၊ နတ်ကိုးကွယ်တာ ကျွန်ုပ်နှင့် ဘာဆိုင်ပါသနည်း။ ကျွန်ုပ်၏ အကျိုးစီးပွားကို ဘာများထိခိုက်သွားပါသနည်း။ ကိုယ်နှင့်လည်း ဘာမှမဆိုင်ပါဘဲလျက် အလကားနေရင်း အူတိုနေတာသာ ဖြစ်၏။ အမှန်ဆိုလျင် အလွန် ဟင်းကြွေးရှားပါးလှသည့်တော၌ နတ်ကသည့်အတွက်ကြောင့် ကြက်သား၊ ၀က်သား စသည်တို့ စားရသည်ဖြစ်ရာ ထိုဟင်းများကို မြိန်ရေရှက်ရေစားခဲ့သည့် ကျွန်တော့်အပေါ် နတ်၏ကျေးဇူးပင် မကင်းပါ။ ထို့ကြောင့်ပင် ကျွန်တော်နတ်များကို သရော်မော်ကားပြောခဲ့ခြင်းမှာ နတ်များအား ကျေးဇူးကန်းခြင်း မဟုတ်ပါလော။

ကျွန်တော်၏ နောက်ထပ်မိုက်မဲမှုတစ်ခုအကြောင်း ပြန်ပြောင်းဖောက်သည်ချပါရစေဦး။
ကျွန်တော်ကျောင်းပြီးတော့ တော်တော်နှင့် အလုပ်မရ။ သည်တော့ ကြုံရာကျပန်း အကုန်လုပ်ရသည်။ မမတို့က ရှိသမျှ ရွှေတို ငွေစကလေးများရောင်းချကာ ဗီဒီယိုထောင်သည်။ သည်တော့ ကျွန်တော် အနယ်နယ်အရပ်ရပ်လှည့်ကာ ဗီဒီယိုလိုက်ပြရ၏။ ၁၉၈၇ ခုနှစ်က ဖြစ်ပါသည်။

ကျွန်တော်က စက်မှုတက္ကသိုလ်မှ ဘွဲ့ရထားတာဆိုတော့ တော်ရုံလူကို လူမထင်။ လူများနှင့် ပေါင်းခဲသည်။ နယ်တကာ လှည့်ကာ ဗီဒီယိုလိုက်ပြနေရငြား နေ့လည်နေ့ခင်း ဗီဒီယိုမပြရသည့်အချိန်များတွင် မည်သူနှင့်မှ ရောရောနှောနှောမနေဘဲ စာအုပ်တစ်အုပ်နှင့် အချိန်ကုန်၏။ သို့နှင့် ဆီဆုံကုန်းမည်သော ရွာတစ်ရွာသို့ရောက်လေသော် ကျွန်တော်တည်းနေသည့် အိမ်သို့ ဗေဒင်ဆရာတစ်ယောက် ရောက်လာသည်။ လူများတရုန်းရုန်းနှင့်။

ထိုအချိန်က ကျွန်တော် နက္ခတ္တဗေဒပညာကို အသည်းအသန် လေ့လာလိုက်စားနေချိန်ဖြစ်သည်။ ကျွန်တော့်သဘာဝမှာ ပညာရပ်တစ်ခုကို လိုက်စားရာ၌ ရှိသမျှစာအုပ်စာတမ်းများဝယ်၊ ဖတ်၊ ကျက်၊ တွက်။ ထမင်းမေ့ ဟင်းမေ့။ မီးကုန်ယမ်းကုန် လုပ်တတ်လေရာ ဗေဒင်ပညာ၌ အတော်အတန် တီးမိခေါက်မိသည့် အခြေအနေရှိ၏။ ထို့ကြောင့် ဗေဒင်ဆရာများတွေ့ပါက ဟင်း၊ အလကားကောင်တွေ၊ ဗြို့ဟဇ်ဇာတက တစ်အုပ်လောက်တောင် မဖတ်ဖူးပဲနဲ့ ညာဝါးတုပ်နေတာ ဟု အထင်သေး လေတော့၏။

အထက်ပါဗေဒင်ဆရာမှာ မဖိတ်ခေါ်ပါဘဲလျက် ကျွန်တော်ထိုင်နေသည့်အနား ရောက်လာကာ လူများကို ဗေဒင်ဟောလေရာ လူများမှာလည်း အလွန်သဘောကျလျက်ရှိလေ၏။ သူ့အရပ်နဲ့သူ့ဇာတ် ဟုတ်လို့၊ ကျွန်တော်နှင့် ဘာဆိုင်ပါသနည်း။ မကြည့်ချင် ဟိုဘက်လှည့်နေပေါ့။ အခုတော့ အဲသလိုမဟုတ်။

ဟိတ်တလုံးဟန်တလုံးနှင့် ဟောကိန်းထုတ်နေသည့် ဗေဒင်ဆရာအနား တိုးသွားကာ သူ ဘယ်နည်းတွေနဲ့များ တွက်ချက် ဟောနေသနည်း ဟု စပ်စု၏။ ဘာတွက်နည်းနဲ့ တွက်တာမှ မဟုတ်ပါ။ ကျောက်သင်ပုန်းတစ်ချပ်ပေါ်တွင် ဟိုခြစ်သည်ခြစ် ခြစ်ကာ ပါးစပ်ထဲတွေ့ရာ ရှောက်ပြောနေခြင်းသာ ဖြစ်လေသည်။

ကျွန်တော်လည်း ၎င်းလုပ်နေပုံကို အူယားလာသည်ဖြစ်၍ နေပါအုံး ဦးဟိုဒင်းရဲ့။ ခင်ဗျားက ဗေဒင် ဟောတယ်ဆိုတော့ ကျွန်တော့်ကို နက္ခတ် (၂၇) လုံး ရွတ်ပြစမ်းပါ။ အကုန်မှန်အောင် ရွတ်ပြနိုင်တယ်ဆိုရင်တော့ ခင်ဗျားကို ဗေဒင်ဆရာအဖြစ် သတ်မှတ်ရတာပေါ့ ဟု မဆီနှင့်မဆိုင်၊ လက်ပံသား ဒါးနှင့်ချိုင်လေ၏။

လူအများရှေ့တွင် ပညာစမ်းခံရတာဆိုတော့ ဟိုဗေဒင်ဆရာမှာ ရှူးရှူးရှားရှားဖြစ်လျက် မင်းတော့လား၊ ငါတို့ဘက် လာကြည့်အုံး ပေါ့ကွာ ဟု ဒါးကြိမ်းကြိမ်းကာ လွယ်အိတ်ဆွဲ ထွက်သွားလေတော့၏။ ၀ိုင်းကြည့်နေကြသော ဗေဒင်မေးရန်လာသည့် လူအပေါင်းမှာ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့လေသည်။ ကျွန်တော့်မှာမူ ကိုယ်မှားတာကို မှားမှန်းမသိ။ အလကား လူညာ၊ ပါးစပ်ထဲတွေ့ရာတွေ လျှောက်ပြောနေတာ ဟုပင် မကျေမချမ်းပြောလိုက်ချေသေးသည်။

ထိုဗေဒင်ဆရာမှာ ထိုအရပ်မှ ဟုတ်ဟန်မတူ။ အကယ်၍သာ ထိုရွာသားဖြစ်ချေက ကျွန်တော့်မှာ ချောင်းရိုက်ခံရကိန်း ရှိ၏။ ထိုအကြောင်းပြန်ပြောပြတော့ မမက ဆူသည်။ နင် အဲသလိုတွေ လျှောက်မလုပ်ရဘူး။ တော်ကြာ သူများရိုက်လို့ သေနေမယ် ဟု ပွမ်လေသည်။ မောင်နှမ ခြောက်ယောက်အနက် တစ်ဦးတည်းသော မောင်ဖြစ်သဖြင့် မမက ကျွန်တော့်ကို အလွန်ချစ်၏။

ကျွန်တော့်ဘ၀တစ်လျှောက်တွင် သည်လိုကိစ္စမျိုး အတော်များများ ဖြစ်ခဲ့ဖူး၏။

ဘယ်ဘုရားက ရောင်ခြည်တော်လွှတ်လို့၊ ဘယ်ဘုန်းကြီးကတော့ ရဟန္တာတဲ့၊ ဘယ်ဘုန်းကြီးက ရေမန်းပေးတာ ဘာရောဂါတွေ ပျောက်သတဲ့ဟူသော သတင်းများကို ကျွန်တော်က နည်းနည်းမှ အယုံအကြည်ရှိတာမဟုတ်။ ကိုယ်မယုံတာကို မယုံသည့်အတိုင်းမနေ။ အခြားသူများကိုပါ ထိုသူများမှာ လူလိမ်များဖြစ်ကြောင်း လျှောက်ပြောလေသည်။

၁၉၈၄ ခုနှစ်လောက်က ထင်ပါသည်။ လေးမျက်နှာတစ်ဖက်ကမ်းရှိ ရေကြည်ကုန်းတွင် ဘုန်းကြီး ရေမန်းပေးတာ ရောဂါများ ပျောက်သည်ဟု အုတ်အော်သောင်းတင်း ဖြစ်ဖူး၏။ လူတွေကလည်း လူတွေဘဲ။ ကြည့်ပါဦးဗျာ။ ဘုန်းကြီးရေမန်းသတင်းမှာ တစ်ခဏအတွင်း ပျံ့နှံ့သွားလေသည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဒုက္ခသည်များ ရောက်လာကြကုန်၏။

ပထမတော့ ဘုန်းကြီးက တစ်ဦးချင်း ရေမန်းပေးသည်။ လူများလာတော့ တစ်ဦးစီမတတ်နိုင်တော့။ ရေပုလင်းများကို တန်းစီချကာ မန်းပေးသည်။ သို့သော် လူအုပ်နှင့် ရေပုလင်းက မမျှ။ သည်တော့ လူအများကို တန်းစီထိုင်ခိုင်းကာ ရေပုလင်းများကို လက်နှင့်ထိသွားရသည် ဆို၏။ ဒါလည်း မရ။ လူများ များလွန်းမက များလာလေရကား ဘုန်းကြီးမှာ မတတ်နိုင်သည့်အဆုံး ရေတွင်းကို မန်းပေးထားရလေသည် ဟူသတတ်။ သူများပြောတာ ပြန်ကြားရတာ ဖြစ်ပါသည်။ ဤနေရာမျိုးများကို ကျွန်တော် သွားလေ့မရှိပါ။ ကျောင်းနှင့်လူအုပ်မဆန့်၍ ကျောင်းအပြင်တွင် မဏ္ဍပ်ကြီး ထိုးပေးထားရလေ သော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

ကျွန်တော်လည်း ထိုသူများအား အရူးများဟု ကောင်းချီးတွင်တွင် ပေးသတည်း။ သို့ဆိုလျင် ကျွန်ုပ်ရော မရူးတော့ပြီလော။ အမှန်ပင် ရူးခဲ့၏။ ၁၉၈၆ ခုနှစ် ကျောင်းပြီးတော့ အလုပ်မရှိသည့်အတွက် သုဝဏ္ဏတိုက်ခန်းများဆောက်သည့် လုပ်ငန်းခွင်တွင် သံချည်သံကွေးဝင်လုပ်သည်။ အလုပ်ကြမ်းလုပ်ရသည့်အတွက် နေ့စားခ မဖြစ်စလောက်သာရ၏။ ထိုရသည့် ပိုက်ဆံ ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် လမ်းဘေးမှ အပေါဆုံးထမင်းဆိုင်တွင်စားပြီး သိပ်မဝေးသော ခရီးများကို ခြေလျင်လျှောက်ကာ ကျန်သည့်ပိုက်ဆံအားလုံးကို စာအုပ်ဝယ်သည်။ ထိုအချိန်က ကျွန်တော် ဗေဒင်ကို အရူအမူးလိုက်စား နေစဉ်ကာလဖြစ်၍ မြို့ထဲကဆိုင်မှန်သမျှ မွှေနှောက်ကာ ဝေဒမဂ္ဂဇင်းများကို စီးရီးလိုက်ဝယ်သည်။ လက်ထဲတွင် ပိုက်ဆံ တစ်ပြားမှ ချန်မထား။ ဤသည်ကိုမှ ရူးသည်မခေါ် ဘယ်သင်းကို ခေါ်ပါမည်နည်း။

နောက်ပြီး လူများမှာ တရားပွဲတွေသာ တချိမ်းချိမ်းကျင်းပပြီး မပြတ်သာ တရားနာရမည်။ ကိုယ့်ဗုဒ္ဓဘာသာအကြောင်း နားလည်အောင် ကျကျနန မလေ့ပါဘဲလျက် အခြားသူများပြောသည်ကို စွပ်ယုံ၊ စွပ်ပြောနေကြသည်များကို ကျွန်တော် အလွန် မြင်ပြင်းကပ်လှ၏။ ပိုဆိုးသည်မှာ ထို မျက်စိမှိတ်ယုံသူများတွင် ဘွဲ့လက်မှတ် အကြီးကြီးတွေကိုင်ထားပြီး နိုင်ငံခြားသွားကာ အထက်တန်းပညာရပ်များ လေ့လာ ဆည်းပူးနေသူများ ပါဝင်နေခြင်းပင်တည်း။ မမကတော့ ဟဲ့၊ သူ့ဟာသူယုံတာ နင်နဲ့ ဘာဆိုင်သလဲ။ သူများ သောက်မြင်ကပ်တယ်၊ မပြောနဲ့ ဟု မကြာခဏ သတိပေးပါ၏။ ဤသို့ဖြင့် ကျွန်တော့်မှာ အလိုလိုနေရင်း လူ့ခွစာဖြစ်မှန်းမသိ ဖြစ်လာရလေသည်။

ထို့ပြင် ကျွန်တော်ငယ်ငယ်က ကိုယ့်ကိုဝေဘန်သည်ကို နည်းနည်းမှ သည်းမခံနိုင်။ ငါသာမှန်တယ် ဟူသော အစွဲကို တရားသေ ကိုင်စွဲထားတာဖြစ်၏။ သို့တိုင် သူများမှန်ပြီး၊ ကျွန်တော်မှားခဲ့သည်များ အများအပြားကို လက်တွေ့မျက်မြင် ကြုံတွေ့ခဲ့ရပါ၏။ ထိုအခါများတွင် မှားပြီးမှ “ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း၊ ဟုတ်တည်းဧကန်၊ အာမသန်နှင့်၊ မှန်သည်တစေ၊ မရှိချေ” ဟူသော ရှင်မဟာရဋ္ဌသာရ၏ ကဗျာလေးကို အကြိမ်ကြိမ် အဖန်ဖန် ရွတ်ဆိုမိရသည်။

ယခုမူ ကျွန်တော်ထိုအကျင့်ကို ပြင်လိုက်ပါပြီ။ ကျွန်တော်မှားနေသည်များကို ထောက်ပြကြပါ။ အမှားဟူသည် ကိုယ်တိုင်ထက် တခြားသူကမှ ပိုမြင်နိုင်သည်။ အမှားကိုထောက်ပြမှ အမှန်ပြင်နိုင်မည်ဟု သဘောထားတတ်နေပြီ ဖြစ်ပါ၏။ (သို့တိုင် တစ်ခါတရံ စိတ်တိုတတ်သေးသည်။ အကျင့်ဆိုတာ ဖျောက်ရခက်သားကလား။) ကျွန်တော်မှားနေသည်ဟု ထောက်ပြသူများရှိလာပါက ကျွန်တော်သတိရမိသူမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဖြစ်ပါသည်။

အခါတစ်ပါးတွင် မြတ်စွာဘုရား၏ လက်ျာရံ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကြွအလာ ကိုရင်ကလေးက အရှင်ဘုရား၊ သင်္ကန်းအောက်စမညီပါ ဟု ထောက်ပြသည်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကိုရင်ကလေးထောက်ပြသည်ကို နာယူကာ သင်္ကန်းအား ကျကျနန ပြန်ဝတ်လျက် သင်္ကန်းညီပါပြီလားင့ါရှင်ဟု တလေးတစား ပြန်မေးသည် ဆို၏။ ဤအဖြစ်အပျက်မှာ ဖတ်ပြီး မေ့မေ့ပျောက်ပျောက် ထားရမည့်အရာမဟုတ်။ ကျွန်ုပ်တို့၏ နေ့စဉ် လူနေမှုဘ၀တွင် လိုက်နာကျင့်ကြံရမည့် စံနမူနာများ ဖြစ်ပေသည်။

ယခုပြောခဲ့သည်များမှာ နမူနာ အနည်းငယ်မျှဖြစ်၍ များစွာကျန်ပါသေးသည်။ ကျွန်တော့်ဘလော့ကို ဖတ်သူများတော့ ကျွန်တော်ဘယ်လိုလူဆိုတာ ရိပ်မိပါလိမ့်မည်။ ကျွန်တော်ကား ယခင်က အတော့်ကို ခွကျသောသူဖြစ်ခဲ့၏။

သို့သော် ဤသည်များကို အချိန်က ကုစားပေးသွားပါသည်။ အသက် ၅၀ ၏ သည်မှာဘက်တွင် ကျွန်တော်သည် ယခင်က ကျွန်တော် မဟုတ်တော့။ အတော်လေး ပြောင်းလဲလာကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိ၏။ ကိုယ်မကြိုက်လျင်သော်မှ သြော်၊ လောကကြီးမှာ ဒါမျိုးလည်း ရှိသေးသကိုး ဟု ဖြေတွေးတတ် လာပါသည်။ လူများ၏ သဘောသဘာဝကို အတန်ငယ် ရိပ်စားမိလာ၏။ သူများသာ အပြစ်တင်တတ်သည်။ နေပါဦး၊ နင်ကရော ဘယ့်ကလောက်များ ကောင်းနေလို့လဲ ဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးတတ်လာသည်။ ကိုယ်မယုံလျင်သော်မှ အင်း၊ ပြောလို့မရဘူး၊ ဟုတ်ချင်လဲ ဟုတ်နိုင်တာဘဲ ဟု တွေးတတ်လာသည်။ ယခင်ကလို ထစ်ကနဲရှိ ဗျစ်ကနဲ လုပ်တတ်သည့်အကျင့်များ အတော်အတန် ပျောက်သွားပြီ ဆိုနိုင်ပါသည်။ လုံးဝ ပျောက်သွားတာတော့လည်း မဟုတ်လောက်သေး။

ဤသည်မှာ ကိုသောင်းတန်က ကျွန်တော့်ကို ရေဖြူမှဘုရား ရောင်ခြည်တော်လွှတ်ခြင်းနှင့်ပတ်သက်၍ စပ်စုရာမှ ရလာသော အတွေးများ ဖြစ်ပါသည်။

လူငယ်ဟူသည် အတက်ပိုင်းဖြစ်ရကား အရာရာ တက်ကြွထောင်လွှားတတ်သည်။ မဟုတ်သော တလွဲမာနများ ရှိတတ်သည်။ လူကြီးများပြောတာ နားမ၀င်တတ်။ ငါလုပ်တာ အမှန်ဟု တယူသန်တတ်သည်။

ယခုကျွန်တော်က ကိုယ်မှားခဲ့သည့် သင်ခန်းစာများကို ကိုယ်တွေ့နှင့်ယှဉ်ကာ ရေးသားလိုက်ပါသည်။ ဤစာကိုဖတ်မိသည့် တူ၊ တူမ၊ ညီ၊ ညီမငယ်များသည်လည်း ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။


အေးငြိမ်း
၁၉ - ၁ - ၂၀၁၅ ။ ည ၁၁း၃၄ နာရီ 

No comments: