Saturday, January 3, 2015

ကျွန်ုပ်တို့အတွက် လက်ပတ်နာရီအသစ်

()

မမတို့ စင်ကာပူလာတော့ မင်းကျော်တို့ အိမ်ကို အလည်လာကြသည်။ အိမ်ရောက်တော့ လက်ထဲ၌ကိုင်လာသည့် ပိုက်ဆံအိတ်ကို စားပွဲပေါ် တင်လိုက်၏။ အားပါး၊ ပိုက်ဆံအိတ်ကြီးမှာ လက်သုံးလုံးလောက်ထူသည်။ ဟကောင်၊ မင်းဟာကြီးကလဲ ကြီး ကြီးလှချည်လား (ပိုက်ဆံအိတ်ပြောပါတယ်) ဟု အာမေဋိတ်ပြုလျှက် မှန်းစမ်းပါအုံး၊ ဘာတွေ ထည့်ထားလို့များ ဒါလောက် ထူနေရတာတုံးဟု ပိုက်ဆံအိတ်ကိုဖွင့်ကာ စပ်စုလေ၏။

အိုင်စီကဒ်၊ ရထားလက်မှတ်ကဒ် (MRT Card) ဘဏ်ကဒ်ပေါင်းစုံ၊ ဟိုအဖွဲ့ဝင်၊ ဒီအဖွဲ့ဝင်ကဒ် စသော ကဒ်ပေါင်းစုံနှင့် စာရွက်တို၊ စာရွက်စများကို တွေ့ရလေသည်။ မင်းဒီကဒ်တွေ နေ့တိုင်းသုံးတာပဲလား ဆိုတော့ ဟင့်အင်း ဟု ဖြေ၏။ မင်းနှယ့်ကွာ၊ မသုံးဘဲနဲ့များ အလေးခံ လို့ အလကားထည့်ထားရသေးတယ် ဟု ကိုယ်နှင့်လည်း ဘာမှမဆိုင်ပါဘဲလျှက် အလကားနေရင်း သူတစ်ပါးကို အပြစ်တင်လေ၏။

ကျွန်တော်က ဥစ္စာချောက်သူဖြစ်သဖြင့် ပိုက်ဆံပျောက်မှာ အလွန်စိုးရိမ်လှသည်။ သည်တော့ ဘယ်တော့မှ ပိုက်ဆံအနုတ် (cash) များများ လက်ထဲတွင် မထားတတ်။ နေ့လည်နေ့ခင်း ထမင်းစားရန် အသေးသုံး ၁၄ - ကျပ်၊ ၂၀ လောက်သာ ထားပြီး ပေးစရာရှိတာမှန်သမျှ ဘဏ်ကဒ်ဖြင့်သာ ပေးချေသည်။ အိမ်လခ၊ ရေဘိုး၊ မီးဘိုး၊ ဖုံးဘိုး၊ အင်တာနက်၊ ဘာညာ သာရကာ၊ အခွန်အခ၊ ကြွေးမြီများကို Internet banking, mobile banking များဖြင့် အချိန်မရွေး၊ နေရာမရွေးပေးချေ၍ ရ၏။ (ကြွေးမြီဆိုသည်မှာ credit card ကို ဆိုလိုသည်။) Internet banking, mobile banking များမရှိလျှင်လည်း ကိစ္စမရှိပါ။ SAM (Self-service Automated Machine) စက်၊ AXS Station များတွင် ပေးချေနိုင်သည်။ (ဒါဖြင့် ဖုံးကဒ်ဝယ်ရင်ကောကွာ။ ဟားဟား၊ လွယ်ပါ့။ sms လေး လှမ်းပို့လိုက်။ နံပါတ် ရောက်လာလိမ့်မယ်။ နောက်ပြီးမှ ပိုက်ဆံချေ။ မနိပ်လား။ ဘယ်လိုလုပ်ရမယ်မှန်း မသိသေးသူများ၊ ပင်နင်စူလားက ဆိုင်တစ်ဆိုင်ဆိုင်မှာ register လုပ်နိုင်ပါသည်။)

ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲထည့်သည့်အခါ ခိုးလို့ခုလုဖြစ်နေသဖြင့် ကျွန်တော်က ပိုက်ဆံအိတ်ထူထူကြီးကို အလွန် မုန်းလှ၏။ ယုတ်စွအဆုံး အကြွေများနေလျှင်ပင် မြန်မြန်သုံးပစ်တတ်သည်။ ကျွန်တော့်ပိုက်ဆံအိတ်ထဲတွင် မပါမဖြစ်ပါရမည် ဖြစ်သော အိုင်စီကဒ်၊ ရထားကဒ်၊ ဘဏ်ကဒ်၊ နောက်ပြီး ပိုက်ဆံအကြွေ သုံးလေးရွက်။ သည်မျှသာပါသည်။ ဒါတောင် ကားခ၊ ရထားခကို ဘဏ်ကဒ်ဖြင့် ပေး၍ ရ၏။ ကျွန်တော်က တစ်လလျှင် ကားရထားစီးခ ဘယ်လောက်ကုန်သလဲ သိချင်၍သာ ကဒ်နှစ်ခု ဆောင်ခြင်း ဖြစ်သည်။ တခြား မလိုအပ်သော ဘဏ်ကဒ်များ၊ ခရက်ဒစ်ကဒ်၊ ဟိုအသင်း၊ ဒီအသင်းဝင်ကဒ်များကို အိမ်၌သာထားသည်။ ခရက်ဒစ်ကဒ်ကိုမူ မည်သည့်အခါမှ သယ်လေ့မရှိ။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မှတ်ထား၏။ ခရက်ဒစ်ကဒ် ဆိုသည်မှာ ပင်နံပါတ် (PIN = Personal Identification Number) ရှိတာမဟုတ်။ မည်သူမဆို သုံးလို့ရသည်။ မတော် တစ်နေရာရာ၌ ကျကျန်နေခဲ့ပါက မခက်ပါလား။

မိတ်ဆွေတို့ အပြင်ထွက်သည့်အခါ အနီးအနားက လူများကို တစေ့တစောင်း ကြည့်ကြည့်ပါ။ ကဒ်တွေ အများကြီးထည့်ထား သော ပိုက်ဆံအိတ်ကိုင်ထားသူများကို တွေ့ရလိမ့်မည်။

()

ငရို့တိုင်းသူပြည်သားတွေ သည်လောက် ကဒ်တွေအများကြီး သယ်နေရတာ သနားလှချည့် ဟု ဆိုကာ စင်ကာပူအစိုးရက နည်းသစ်ထွင်၏။ သည်ပရောဂျက်ကို မနေ့က (၂၄ နိုဝင်ဘာ၊ ၂၀၁၄) က စသည်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS – Monetary Authority of Singapore) က ချစ် (chip) ပြားကလေး ထည့်ထားသော လက်ပတ်နာရီ သို့မဟုတ် လက်စွပ် သို့မဟုတ် အိုင်စီကဒ်ကဲ့သို့ အရာတစ်ခုကို တီထွင်လိမ့်မည်။ ထိုကိရိယာကလေးဖြင့် ပေးစရာရှိတာ အကုန်ပေးလို့ရမည်။ (နိုင်ငံခြားရောက်နေတောင် ပေးလို့ရတယ်တဲ့ခင်ဗျ။ ဟာဗျာ၊ ခင်ဗျားကလဲ။ မြန်မာပြည်မှာတော့ လောလောဆယ် ဘယ်ပေးလို့ရအုံးမလဲဗျ။ ခဏစောင့်မှပေါ့။)

နောက်တစ်ခုက ယခုလောလောဆယ်ရှိနေသည့် One Map ကို Virtual Singapore ဟု အဆင့်မြှင့်ရေး ဖြစ်သည်။ လောလောဆယ် စင်ကာပူတွင် One Map (www.onemap.sg) ဆိုတာ ရှိ၏။ ထို အင်တာနက်စာမျက်နှာတွင် အသင် သိချင်တာမှန်သမျှ အကုန်လိုလိုပါသည်။ အချက်အလက်ပေါင်း အစုံ ၈၀၀၀ ကျော် ထည့်ထားသည်။ Virtual Singapore တွင် အစိုးရ၏ သတင်းအချက်အလက်များသာမက ဘယ်နားသွားချင်သလဲ ဟု မြေပုံကြည့်လို့ရမည်။ နောက်ပြီး အလွှာ (layer) များစွာ ပါသော 3D မြေပုံ (အဆောက်အအုံ၊ ပတ်ဝန်းကျင်၊ ရာသီဥတုစသည်) လည်းပါဦးမည်၊ (ကိုယ်တို့အိမ်နဲ့ ကိုယ့်ကောင်မလေးတို့အိမ် ဘယ်နှစ်မီတာဝေးသလဲဆိုတာတောင် တိုင်းလို့ရသည်) အကောင်ပလောင်လေးတွေ ကြည့်လို့ရမည်၊ စက်ဘီးစီးလျှင် ဘယ်လိုအန္တရာယ်တွေ ဖြစ်တတ်သည်ကအစ၊ ယုတ်စွအဆုံး ဘယ်နားမှာ အုန်းထမင်းဆိုင် (နာစီလမာ့ - nasi lemak) ကောင်းကောင်း ရှိသလဲဆိုတာပါ ရှာလို့ရလိမ့်မည်။

ဒါတင်ပဲလားတဲ့။ မကသေးပါ။ အိမ်များ (HDB Flat) တွင် Elderly Monitoring and Alert System sensor များတပ်မည်။ ထိုဆင်ဆာများက အကယ်၍ သက်ကြီးရွယ်အိုများ မတော်တဆ လဲပြိုနေလျှင် သက်ဆိုင်ရာ မိသားစုဝင်များကို လှမ်း အချက်ပေးမည်။ ထိုကိရိယာများကို လာမည့်နှစ်တွင် HDB Flat ၁၂ လုံး၌ စမ်းသပ်တပ်ဆင်မည်။

ကိုင်း -

()

လုပ်ကြပေါ့ကွာ။ မင်းတို့ခေတ်ပဲ။

ငါတို့တော့ - လေးပွင့်ဆိုင်မယ်၊ မဟုတ်ဘူး၊ ငါးပွင့်ဆိုင်မှဖြစ်မယ်။ မရဘူး၊ ဥက္ကဌကြီးခင်ဗျား၊ ခြောက်ပွင့်ဆိုင်ဘို့ အဆိုတင်သွင်းပါတယ် - - -

စတာတွေနဲ့ အလုပ်ရှုပ်နေလို့ အဲသဟာတွေ စိတ်မ၀င်စားနိုင်သေးပါဘူးကွာ။

(မင်းတို့ဟာမင်းတို့ ဘယ်နှစ်ပွင့်ဆိုင်ဆိုင်၊ လာခဲ့ဆယ်ယောက်။ ပြော - တစ်ယောက်ဆယ်မိနစ်၊ ကိုင်း - ပြန်တော့။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၅ နိုဝင်ဘာ၊ ၂၀၁၄။ ၈း၅၇ နာရီ

No comments: