Wednesday, January 7, 2015

တနင်္သာရီတိုင်း၊ ရေဖြူခရီးစဉ် (၁)

(၁) နည်းနည်းလေးလွဲရမှ နေသာထိုင်သာရှိသည့် ကျွန်ုပ်


ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုစိုင်းစံပွင့်က သူတို့ဒေသတွင် ကျောင်းသားများနှင့် လယ်သမားများအား ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးပါရန် ဖိတ်ကြားသဖြင့် ၂၃ ဒီဇင်ဘာ ၂၀၁၄ ခုနှစ်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ရတနာဓာတ်ငွေ့ပိုက်လိုင်း ရှိရာသို့ ခရီးထွက်ခဲ့၏။

အဆာခံစေရန် မမက ကောက်ညှင်းပေါင်း လုပ်ကျွေးသည်။ ခပ်စောစော ထွက်ခဲ့သောကြောင့် လေဆိပ်သို့ရောက်သော် ၆ နာရီခွဲမျှသာ ရှိသေး၏။ ကျွန်တော်လည်း လိမ္မော်ရောင် အိုဗာအောကြီးများ ၀တ်ထားသည့် တစ်ယောက်ထံချဉ်းကပ်ကာ တိုတယ် check in counter က ဘယ်နားတုံးဟု စုံစမ်းသော် ၎င်းကခရီးသွားမှာက အစ်ကိုလားဟု မေးသည်။ ဟုတ်ကဲ့ ဟု ကျွန်တော်ကပြန်ဖြေရာ သူက လေယာဉ်စီးမယ်ဆို ဘောင်းဘီနဲ့ရှုးဖိနပ်နဲ့မှရမယ်အစ်ကို၊ ပုဆိုးနဲ့ညှပ်ဖိနပ်မရဘူး ဟု ပြော လေ၏။ ဟိုက် ရှားဘား။

ဟုတ်ပါ့။ သည်ကိစ္စ ခပ်စောစောကတည်းက ကိုစိုင်းစံပွင့် သေသေချာချာ ပြောထားတာဖြစ်၏။ ကျွန်တော် မေ့နေတာ ဖြစ်သည်။ ကိစ္စမရှိပါဘူးအစ်ကို၊ ဟောဟိုအိမ်သာထဲ ၀င်လဲလိုက်ရင် ရပါတယ်ဟု သူကပြောသော်လည်း မဟုတ်ဘူး ကိုယ့်လူရဲ့၊ ကိုယ့်မှာဘောင်းဘီပါမလာခဲ့ဘူးဟုဆိုကာ အိမ်သို့ ဒရောသောပါး ပြန်ပြေးရ၏။ အလာတုံးက နာရီကြည့်ထား သဖြင့် အိမ်မှ လေဆိပ်သို့ ၁၅ မိနစ်သာကြာကြောင်း သိရသည်။ ကားရှင်းနေသကိုး။ ယခု check in လုပ်ရန် နာရီဝက် လိုသေးသဖြင့် ခပ်သုတ်သုတ်မောင်းလျှင် အချိန်မီသေးသောကြောင့် လှည်းတန်းရှိအိမ်သို့ သုတ်ချေတင်ရချေသည်။

ကျွန်ုပ်မှာ လုပ်လိုက်လျှင် အရာရာနှင့် အကြောင်းကြောင်းချည်း ဖြစ်သတည်း။

အိမ်သို့ ၆း၄၆ လောက်ရောက်သည်။ လှေခါးကို သုံးထစ်စီကျော်ကာ ၆ ထပ်၌ ရှိသောအခန်းသို့ အတက်အဆင်းလုပ်ရသည်။ ဘောင်းဘီနှင့်ဖိနပ်ကို လျှိုရုံလျှိုပြီး ကားပေါ်ရောက်မှ သေသေချာချာ ကြယ်သီးတပ် ပြင်ဆင်ရ၏။ အရေးကြီးပါတယ်ဆိုမှ ရှိသမျှမီးပွိုင့် အကုန်မီးနီမိသည်။ သားကိုပြောထားရင် သတိပေးမှာပေါ့ဖေဖေရ ဟု သားက ဆို၏။ ကိုစိုးကြီးက ခိုင်ထူးသီချင်း လို အားလုံးကိုကျော်ဖြတ်ပြီး မောင်းလေရာ လေဆိပ်သို့ ၇း၀၅ လောက်တွင် ပြန်ရောက်၏။ အခြားသူများ check in လုပ်နေပြီ။

ခဏနေသော် အပေါ်ထပ်ခေါ်သွားကာ SIC (Safety Induction Course) ဗီဒီယိုပြ၏။ တစ်ခုမှာ လေယာဉ်ပေါ်၌ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး နောက်တစ်ခုမှာ ရတနာဓာတ်ငွေ့စီမံကိန်းသို့ရောက်လျှင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်၏။ ထို့နောက် အောက်သို့ပြန်ဆင်းကာ လေယာဉ်စောင့်ရသည်။ ၈ နာရီတီးသော် လေယာဉ် စထွက်၏။ လေယာဉ်ပေါ်တက်တော့ နောက်ဘီးများ လေအတော်လျော့နေသည်တွေ့သော် စိတ်ထဲ အနည်းငယ် စိုးရိမ်စိတ် ဖြစ်မိသေး၏။ နောက်မှ သူတို့လဲ သိမှာပါလေ။ တမင်လျှော့ထားတာ ဖြစ်မှာပါဟု ဖြေတွေးရသည်။

လေယာဉ်မှာ တွင်အော်တာ (Twin Otter) ဖြစ်၏။ လူ ၁၆ ဦးဆန့်သည်။ လေယာဉ်အတွင်းပိုင်းမှ ကြမ်းခင်းနှင့် ထိုင်ခုံများမှာ  ၁ တန်ခွဲ light truck မှ ကြမ်းခင်းနှင့်ထိုင်ခုံများကဲ့သို့ပင် ဖြစ်၏။ ခါးပတ်ပါတာတစ်ခုပဲကွာသည်။

ကျွန်တော်က ထိုင်ခုံနံပါတ် 2A ဆိုတော့ လေယာဉ်မောင်းခန်းနောက်နားတွင် ထိုင်ရသည်။ ပိုင်းလော့ခန်းတွင် တံခါးမရှိသဖြင့် လေယာဉ်အား ထိန်းကျောင်းမောင်းနှင်ပုံကို ကြည့်နိုင်သည်။ လေယာဉ်ပိုင်းလော့မှာ အသက်ကြီးလှပြီ။ လက်များမှာ တုန်တုန်ရီရီနှင့်။ လေယာဉ်ပျံသန်းရန် သူ လေယာဉ်စက်ခလုတ်များကို ဟိုနှိပ်သည်နှိပ် နှိပ်တော့ သောက်ကျိုးနဲ၊ လက်က တုန်တုန်နဲ့ ခလုတ်များ မှားနှိပ်မိရင် အကျိုးနည်းရချည့်ဟု မပူရမှာ တွေးပူမိသေး၏။


လေယာဉ်ကသေးတော့ အသံသိပ်မလုံ။ အလွန်ဆူလှသည်။ နားကြပ်တပ်ထားသည့်တိုင် လေယာဉ်စက်သံ တ၀ုန်းဝုန်းကို အတိုင်းသား ကြားနေရသည်။ လေဖိအားထိန်းစနစ်ကလည်း သိပ်မကောင်းတော့ လေယာဉ်အတက်အဆင်းများတွင် နားမှာ အူရုံမျှမက အလွန်နာလှ၏။ 



ကွန်ပြူတာမျက်နှာပြင်တွင် လေယာဉ်ပျံသန်းနေသော လမ်းကြောင်းကို ပြနေသည်။ လေယာဉ်မှာ လမ်းကြောင်း အကောက်အကွေ့မရှိဘဲ ရန်ကုန်မှ ထားဝယ်သို့ တစ်ဖြောင့်တည်းပျံသန်းနေသည်ကို တွေ့ရသည်။ ဆင်းခါနီးတွင် ဂလုပ်ဂလုပ် မြည်ကာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသဖြင့် အနည်းငယ် ရင်ထိတ်ရသေးသည်။ သို့သော် အခက်အခဲ တစ်စုံတရာမရှိဘဲ ကံပေါက်စခန်းသို့ ဆင်းသက်နိုင်ပါသည်။

(၂) PLC

ရန်ကုန်မှ ကံပေါက် (ရေဖြူမြို့နယ်) သို့ တစ်နာရီခွဲခန့် မောင်းရသည်။ ဆိုတော့ ၉ နာရီခွဲခါနီးတွင် လေယာဉ်ဆိုက်သည်။
ရှေ့ခရီးမဆက်ခင် လေယာဉ်ကွင်း၌ပင် Safety တစ်ယောက်က SIC သင်တန်းပေးပြန်သည်။ သူ့ရာထူးကို မေးကြည့်တော့ safety superitendent ဟု သိရသည်။ မြန်မာအမျိုးသားပင် ဖြစ်ပါ၏။ ကျွန်တော်က လူသစ်ဖြစ်သဖြင့် သူပေးသော မေးခွန်းများ ဖြေရ၏။ မသိတာရှိရင် မေးပါအစ်ကို ဟုလည်း ပြော၏။ အစ်ကိုက safety consultant လို့ ကိုစိုင်းကပြောတယ်။ ဘယ်ကုမ္ပဏီကလည်းဟုလည်း မေးသည်။

ထို့နောက် ကိုစံပွင့်လာကြိုသောကားနှင့် သူတို့စခန်းသို့ သွားကြသည်။ ထိုစခန်းမှာ ရတနာဓာတ်ငွေ့ပိုက်လိုင်း၏ ပင်မ ထိန်းချုပ်စခန်းဖြစ်ပြီး PLC (Pipe Line Centre) ဟု ခေါ်သည်။ ကိုစံပွင့်ကတော့ ကျွန်တော်တို့ငွေတောင်ဆောင်ပေါ့ဆရာ ဟု သမုတ်လေသည်။ (ငွေတောင်ဆောင်ဟူသည် စိုက်ပျိုးရေး တက္ကသိုလ်မှ မိန်းခလေးဆောင်ဖြစ်ပြီး ည ၆ နာရီကျော်လျှင် အပြင်မထွက်ရတော့။ သည်စခန်းမှာလည်း အ၀င်အထွက်ကို ကန့်သတ်ထားသဖြင့် ကိုစံပွင့်က ငွေတောင်ဆောင်ဟု တင်စားခြင်းဖြစ်၏။)

ရောက်ရောက်ချင်း ကိုစံပွင့်က ရုံးမှလူများနှင့် မိတ်ဆက်ပေး၏။ Safety  ဌာန၊ တိရိစ္တာန်ဆေးကုသရေးဌာန၊ RO၊ ဆက်သွယ်ရေးဌာနစသည်။ စုစုပေါင်း ၀န်ထမ်းအင်အား ဘယ်လောက်ရှိတုံးဟု စပ်စုသော် ၁၂၀ ခန့်ရှိသည်ဟု ဆိုသည်။ အများစုမှာ မြန်မာများဖြစ်၍ နိုင်ငံခြားသားများ (ပြင်သစ်) မှာ ရာထူးကြီးများ၌ အနည်းငယ်မျှသာ ရှိသည်။ မန်နေဂျာမှာမူ မြန်မာဖြစ်၏။

သူရို့အလုပ်က လေးပတ်လုပ်၊ လေးပတ်နား။ ဟန်ကျ၏။ အဘယ်ကြောင့် လေးပတ်နားခွင့်ပေးသနည်းဟု စပ်စုသော် အလုပ်ချိန်မှာ ရှည်သောကြောင့်ဟု ဖြေသည်။ အလုပ်ချိန်မှာ နံနက် ၇ နာရီမှ ည ၇ နာရီထိ ဖြစ်၏။ သို့သော် သူတို့ကြည့်ရတာ သက်တောင့်သက်သာပင် ဖြစ်ပါသည်။ အလုပ်မပြီးသောကြောင့် ၄ ပတ်ထက်ပိုလုပ်ချင်လျှင် မည်သည့်အတွက် လုပ်ချင်ရ သည် စသဖြင့် စာတင်ရသည်။ ထို့ပြင် ထိုကဲ့သို့ ၄ ပတ်ထက်ပိုသော ရက်များအတွင်း တစ်စုံတစ်ခုဖြစ်ခဲ့ပါက မည်သည့်ခံစား ခွင့်မှ မရဟု ဆို၏။ ၄ ပတ်တစ်ဆိုင်းဖြစ်သဖြင့် ရာထူးတစ်ခုလျှင် လူနှစ်ဦး ခန့်ထားရသည်။ တစ်ယောက်တလှည့်နား။

Camp တွင် နံနက် ၆ နာရီမှ ၇ နာရီထိ နံနက်စာ ကျွေးသည်။ ဓာတ်ပုံရိုက်ခွင့်မရှိသဖြင့် ဓာတ်ပုံမရိုက်ရသောကြောင့် မိတ်ဆွေများအား သူတို့ကျွေးသော အစားအသောက်ပုံစံကို မပြနိုင်သည့်အတွက် ခွင့်လွှတ်ပါခင်ဗျား။ နံနက်စာမှာ ထမင်းကြော်၊ ပေါင်မုံ့ စသည်ဖြစ်၏။ ထို့ပြင် လိမ္မော်သီး၊ သစ်တော်သီး၊ ကျွဲကောသီး၊ သင်္ဘောသီး စသည်တို့ကိုလည်း စိတ်ကြိုက်စားနိုင်၏။ ကာပူချီနို ကော်ဖီစက်မှထွက်လာသည့် ကော်ဖီမှာလည်း တစ်ခွက်လျှင် ၄ ကျပ်ခွဲ မှ ၆ ကျပ်ထိ ပေးရသည့် ကော်ဖီဘီးန်မှ ကော်ဖီကဲ့သို့ပင် သောက်၍ကောင်းလှ၏။ ကော်ဖီစက်ဘေးတွင် သကြား၊ ကော်ဖီမစ်၊ နို့စိမ်း၊ နို့ဆီ စသည်တို့ထားပေးရာ မိမိစိတ်ကြိုက် စပ်သောက်လို့ရသည်။ အောင်မယ်၊ ဆီးချိုသမားများအတွက် equal ပင် ရှိပါသေး။ သို့သော် equal ၏ ချိုရဲရဲ အရသာကြီးကို ကျွန်တော် မကြိုက်သဖြင့် သုံးခဲပါသည်။ အအေးသောက်ချင်သူများအတွက် ကိုကာကိုလာ၊ sprite စသည့် အအေးဘူးများလည်း ဘေးနား၌ ရှိသည်။

နေ့လည်စာစားချိန်မှာ နေ့လည် ၁၂ နာရီမှ ၁ နာရီထိဖြစ်ပြီး ညနေစာကို ညနေ ၇ နာရီမှ ၉ နာရီအတွင်း ကြိုက်သည့်အချိန် စားနိုင်သည်။ အသီးနှင့် ကော်ဖီ၊ အအေးဘူးများမှာ နံနက်၊ နေ့လည်၊ ညစာ အားလုံးအတွက် ရသည်။ နေ့လည်စာနှင့် ညနေစာများမှာမူ ဟော်တယ်၌ကျွေးသည့် ဘူဖေးအတိုင်း ဖြစ်၏။ ဟင်းမှာ အနည်းဆုံး ဆယ်မျိုးလောက် ရှိသည်။ အသီး အရွက်က လေးငါးခြောက်မျိုး၊ အသားနှင့် ငါးက သုံးလေးမျိုး၊ အသုပ်၊ ငါးပိကြော်စသည်။ ထမင်းမှာလည်း စားလို့ကောင်း၏။ ကျွန်တော်သာ သည်မှာလုပ်ရလျှင် သုံးလေးလအတွင်း ၆၅ ကီလိုလောက် ဖြစ်သွားနိုင်သည်။

ဟင်းတွေက စားလို့ကောင်းသဗျာ။ ဆိုင်ကဟင်းတွေလို ဆီတွေများပြီး အီဆိမ့်မနေဘူး။ ခင်ဗျားတို့ကို သီးသန့်သင်တန်းတွေ ပေးထားတာလား ဟု ထမင်းချက်ဆရာကြီးများကို စပ်စုတော့ မဟုတ်ရပါဘူးဗျာ။ ဟောဒီဆရာကြီးက အင်းလျားလိပ် ဟော်တယ်မှာ စားဖိုမှူးအဖြစ် ၁၅ နှစ် လုပ်ခဲ့တာဗျ။ သူတို့ရွေးကတည်းက သေသေချာချာ အင်တာဗျူးပြီး ရွေးထားတာ ဟု ဆိုသည်။ ဟိုက် ရှားဘား။

ပြင်သစ်ကုမ္ပဏီပိုင်ဆိုတော့ ပန်းကန်ခွက်ယောက်၊ ဇွန်းခက်ရင်းများမှာလည်း အားလုံး အကောင်းစားချည်းဖြစ်၏။ သန့်လည်း အလွန်သန့်သည်။ ထမင်းစားခန်းမှာ တံခါး နှစ်ထပ်ဖြစ်၏။ ခရမ်းလွန်ရောင်ခြည်သုံး ပိုးကောင်နှင်သည့်စက်များလည်း တပ်ထားသည်။ ၀န်ထမ်းအားလုံးမှာ ယူနီဖောင်းများနှင့်။ ကိုချက်ကြီးများမှာလည်း ဟိုတယ်များတွင်ချက်ပြုတ်သည့် စာဖိုမှူးများ ၀တ်စားထားသည့်အတိုင်း ဖြစ်၏။

အဆောင်အားလုံးမှာ အားလုံးသစ်သားဆောင်များချည်းဖြစ်ပြီး သွပ်မိုးထား၏။ သုံးထားသော ပျဉ်များမှာ ကျွန်တော်တို့လို ၆ x ၆ မူး မဟုတ်။ ၆ x ၁ ကျပ် များဖြစ်၏။ ဆောက်ထားတာ ဆယ်နှစ်ကျော်ပြီ ဆိုတော့ အပြင်ပန်းအားဖြင့်ကြည့်လိုက်လျှင် အဆောက်အဦဟောင်းများဟု ထင်ရသည်။ သို့သော် အတွင်းခန်းများမှာ အတော်သန့်ပါသည်။ နေရသည်မှာ ဟော်တယ်တွင် နေရသလိုမျိုးဖြစ်၏။ အဆောက်အဦအားလုံးတွင် မီးကာကွယ်ရေးစနစ် (fire protection system) အပြည့် တပ်ဆင်ထား သည်။ Sprinkler system တပ်ဆင်ထားသလို fire hydrant များနေရာတိုင်းတွင် ရှိသည်။ Fire pump သုံးလုံးကိုလည်း အရံသင့် တွေ့ရ၏။ အင်ဂျင်နှင့်မောင်းတာ နှစ်လုံး၊ မော်တာနှင့်မောင်းတာ တစ်လုံးဟု သိရသည်။ သူတို့ကိုယ်ပိုင် မီးသတ် တပ်ဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များလည်း ရှိသည်။

ရုံးခန်း၊ ထမင်းစားဆောင်၊ အိပ်ခန်း စသည့်အဆောင်များမှာ တစ်ဆောင်နှင့်တစ်ဆောင် သိပ်မဝေးလှသောကြောင့် သွားရ လာရ အလွန်အဆင်ပြေသည်။ ထို့ကြောင့် အလုပ်လုပ်ရသည်မှာ အလွန်သက်တောင့်သက်သာ ရှိလှ၏။

ထမင်းစားခန်းနှင့်ကပ်လျက်တွင် အ၀တ်လျှော်စက်များရှိသည်။ မိမိအ၀တ်ဟောင်းများကို ပေးထားသော အိတ်များအတွင်း ထည့်ပြီး အခန်းရှေ့ချထားလိုက်လျှင် လာယူသွားပြီး နံနက် ၁၁ နာရီကျော်လျှင် လျှော်ပြီးသား အ၀တ်များကို ပြန်လာထားပေး သွား၏။  

ကျွန်တော် camp အတွင်း ၀င်သွားတော့ သူတို့ camp pass နှင့် လဲရသည်။ ကဒ်နံပါတ်သတ်မှတ်ထားပုံမှာလည်း စိတ်ဝင်စား ဖွယ် ဖြစ်၏။ ရှေ့ဆုံးဂဏန်းမှာ အရေးပေါ်စုရပ်နံပါတ်ဖြစ်ပြီး သူတို့ ၀န်ထမ်းများဆိုလျှင် အရေးပေါ်စုရပ်နံပါတ်နောက်မှ ဂဏန်းများမှာ ကိုယ်ပိုင်နံပါတ်များ ဖြစ်သည်။ ကျွန်တော်က ဧည့်သည့်ဖြစ်သဖြင့် စုရပ်နံပါတ်နှင့် serial no. ကြားတွင် V တစ်လုံးထည့်ထားသည်။




(၃) Socio Eco Team

ရတနာပိုက်လိုင်းမှ ဒေသခံများအတွက် ဒေသဖွံ့ဖြိုးရေးအစီအမံများ ပြုလုပ်ပေးသည်။ ကျွန်တော့်ကို ဖိတ်ခေါ်သည်မှာ ထိုစီမံချက်အောက်မှ ပညာပေးရေးအစီအစဉ်တစ်ခုအနေနှင့် ဖြစ်၏။ Socio Eco Team ၏ ကံပေါက် Programme Leader မှာ ပြင်သစ်နိုင်ငံသူ Ms. Marie ဖြစ်သည်။ ကိုစံပွင့်က စိုက်ပျိုးရေးအဖွဲ့ခေါင်းဆောင်ဖြစ်၏။ သူတို့က နောင်နှစ်တွင် မည်သည့် အစီအစဉ်များ အကောင်အထည်ဖော် လုပ်ဆောင်မည်ကို စီမံချက်ရေးဆွဲကာ တင်ပြရ၏။ ထိုစီမံချက်ကို ရေးဆွဲရာတွင် တင်ပြသည့်လုပ်ငန်း များလွန်းလျှင်လည်း မိမိ၌ ၀န်ထုပ်ဝန်ပိုးဖြစ်ကာ မနိုင်ဝန်ထမ်းရမည်ဖြစ်ပြီး လုပ်ငန်းနည်းလွန်းပါကလည်း မိမိအားပေးထားသော လုပ်ခလစာနှင့် မညီမျှသဖြင့် မိမိလုပ်နိုင်မည့် လုပ်ငန်းအတိုင်းအတာကို ချိန်ဆကာ ရေးဆွဲရကြောင်း ပြော၏။

Socio Eco Team ၏ စိုက်ပျိုးရေး Team Leader မှာ ကိုစံပွင့် ဖြစ်၏။ အခြားဌာနများမှာ Community Development and Education၊ Public Health၊ Vetenary Team၊ Micro Finance (အသေးစားငွေစုငွေချေး)၊ Infrastructure၊ Solar Energy ။ 

အမှန်က ယခု ကျွန်တော့်ကိုဖိတ်သည့် ခရီးစဉ်ကို ယမန်နှစ်က သူစီစဉ်ခဲ့တာဖြစ်၏။ သို့သော် ကျွန်တော် မြန်မာပြည်ပြန်မည့် အချိန်သည် သူနားရက်နှင့်တိုက်ဆိုင်နေသဖြင့် ယခုနှစ်သို့ ရွှေ့လိုက်ရခြင်းဖြစ်၏။ ကိုစံပွင့်က သူ့အစီအစဉ်ကို အကြမ်းဖျဉ်း ရှင်းပြပြီး ရောက်သည့်နေ့ နံနက်ပိုင်း၌ပင် ကံပေါက်အထက်တန်းကျောင်းသို့ ထွက်ခဲ့ကြသည်။ ထိုကျောင်း၌ အထက်တန်း၊ အလယ်တန်း ကျောင်းသူကျောင်းသားများအား ပညာရေးအရေးကြီးပုံကို ဟောပြောရန် စီစဉ်ထားသည်။ ဤဒေသမှ ကျောင်းများ၌ ဟောပြောရန် ပညာသင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက် ဟု ကျွန်တော် ခေါင်းစဉ်ပေးထားတာ ဖြစ်ပါသည်။ သို့သော် တစ်ကျောင်းနှင့်တစ်ကျောင်း တင်ပြပုံချင်းမတူပါ။ အခြေခံသဘောတရားများမှာမူ အတူတူပင်ဖြစ်ပါသည်။

ကျောင်းသုံးကျောင်း၌ ကျွန်တော်ပြောခဲ့သည်များကို နောက်ခေါင်းစဉ်တစ်ခုဖြင့် မှတ်မိသမျှ စုစည်းတင်ပြပါမည်။

(၄) ကျောင်းသားကျောင်းသူများအား ပညာရေးအရေးကြီးပုံအကြောင်း ပြောပြခြင်း

ကံပေါက်အထက်တန်းကျောင်းတွင် ကျောင်းသူကျောင်းသား၊ ဆရာဆရာ စုစုပေါင်း ၁၀၀ ကျော် စောင့်ဆိုင်းနေကြ သည်။ သူတို့မှာ မနက်က စာမေးပွဲအပြီး အိမ်မပြန်သေးဘဲ ဟောပြောပွဲအတွက် စောင့်ဆိုင်းနေခြင်းဖြစ်၏။ ၈၊ ၉၊ ၁၀ ကျောင်းသားကျောင်းသူများဖြစ်ပြီး ကျန်အတန်းငယ်များအားလုံး ပြန်ကုန်ကြပြီ။




ကျောင်း၌ မိုက်ကရိုဖုန်းမရှိသဖြင့် ကိုစံပွင့်က သူ့စပီကာအသေးနှင့် မိုက်ကလေးယူလာသည်။ မဆိုးပါ။ သည်အတိုင်း ပြောတာထက်စာလျှင် အတော် ခရီးရောက်ပါသည်။ စာမေးပွဲမပြီး မပြန်ခိုင်းဘဲ ခေါ်ထားတာဖြစ်သဖြင့် ကျွန်တော် ၁ နာရီနီးပါး လောက်သာ ပြောပါသည်။ ထို့နောက် သူတို့ကို သိချင်တာမေးကြ ဟု မေးခွန်းများဖိတ်ခေါ်သည့်တိုင် မည်သူမှ မမေးကြပါ။

 အားလုံးပြန်ချင်နေကြပြီထင်တယ်ဟု ပြောကာ ကိုစံပွင့်က ဟောပြောပွဲအကြောင်း အနည်းငယ်ပြောပြီး ပြန်လွှတ်ပေးလိုက် ပါသည်။ မူလစီစဉ်ထားသည့်အချိန်အတိုင်း ၁၁ နာရီတွင်စပြီး ၁၂ ခွဲခန့်တွင် ပြီးပါသည်။

ကံပေါက် အထက်တန်းကျောင်း ဟောပြောပွဲအပြီးတွင် ထိုကျောင်းနှင့် မလှမ်းမကမ်းရှိ ထမင်းဆိုင်၌ နေ့လည်စာ စားကြသည်။ သူတို့က ထားဝယ်စကားဖြင့် ပြော၏။ သူရို့ပြောတာ ကျွန်တော် သိပ်နားမလည်။ စကားသံမှာ ရခိုင်လေယူလေသိမ်းနှင့် ခပ်ဆင်ဆင်တူသည်။ သူတို့ကတော့ ရခိုင်ထက် အင်းသားစကားနှင့် ပိုနီးစပ်သည်။ အင်းလေးကို မြောက်ပိုင်းအင်းသား၊ ထားဝယ်ကို တောင်ပိုင်းအင်းသားဟု ခေါ်ကြောင်းလည်း သိရ၏။ ကိုစံပွင့်က ဤဒေသတွင် ၁၈ နှစ်ရှိပြီဆိုတော့ ထားဝယ်လို ပြောပင် သေသေချာချာ မပြောတတ်သော်ငြား သူတို့ပြောသည်ကိုမူ ကောင်းစွာနားလည်သည်။ ဆရာပြောတာ ကျွန်တော်တို့နားမလည်ဘူးဆိုပြီး သူတို့က ကျွန်တော့်ကို ထားဝယ်လို မပြောစေချင်ဘူး ဟု ကိုစံပွင့်က ပြော၏။

ဟင်းချက်ပုံချက်နည်းမှာမူ မြန်မာဟင်းချက်နည်းနှင့် မထူးလှပါ။ ဆီများလွန်း၏။ သိပ်တော့ မဆိုးလှ။ မြန်မာထမင်းဆိုင်များတွင် ကျွန်တော်မကြိုက်သည့်အချက်မှာ အသားဟင်းများကိုသာ အဓိကထားပြီး အသီးအရွက်ဟင်းများကိုမူ ဝေေ၀ဆာဆာ ချက်ပြုတ်ထားတာ တွေ့ရခဲပါသည်။ များသောအားဖြင့် အသီးအရွက်ဟင်းများမှာ အရံဟင်းအဖြစ်သာ အသုံးတော် ခံရလေ့ ရှိ၏။ သီးစုံဟင်း၊ ပဲကုလားဟင်း၊ ငါးခေါင်းချဉ်ရည်ဟင်း၊ ချဉ်ပေါင်ကြော်၊ အာလူးဟင်း စသည်တို့ကို သေသေချာချာ ချက်ပြုတ်လျှင်လည်း ဟင်းအမယ်တစ်မျိုးပင်ဖြစ်ပါသည်။ ယခုလည်း အသား၊ ငါးဆီပြန်ဟင်းများချည်းဖြစ်သဖြင့် စားလို့ သိပ်အဆင်မပြေလှပါ။ အသားငါးနှင့် ဟင်းသီးဟင်းရွက်များ တွဲဖက်ပါမှ စားကောင်းပါလိမ့်မည်။

စားသောက်ပြီးတော့ နောက်တစ်ရွာသို့ ခရီးဆက်ကြသည်။ ကံပေါက်မှ ၁၂ မိုင်ခန့်ဝေးသော ဖောင်းတောကျေးရွာ အထက်တန်းကျောင်းတွင်ဖြစ်၏။ ထိုကျောင်းတွင်လည်း ကျောင်းသူကျောင်းသား၊ ဆရာဆရာမများကို ပညာရေး အရေးကြီးကြောင်း ပြောသည်။ ဖောင်းတောကျောင်းတွင်မူ မလှမ်းမကမ်းရှိ ဓမင်းဆိပ်တွဲဘက် အ.လ.က ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၁၀ ဦး၊ ကောင်းမှု တွဲဘက် အ.လ.ကမှ ကျောင်းသား/သူ ၁၅ ဦးလည်း ပါသဖြင့် စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၅၀ ကျော်ရှိသည်။

ကျောင်းသို့ရောက်သွားတော့ ကျောင်းသားလေးများမှာ ဓာတ်ကြိုးများဆွဲနေပါသည်။ ဆောင်းဘောက်စ်နှင့် မိုက်ကရိုဖုန်း အတွက် ဖြစ်၏။ နှစ်ပင်လိမ်ဓာတ်ကြိုးများနှင့် သူတို့ဆက်ထားသည်မှာ အသည်းယားဖွယ် ဖြစ်၏။ ထို့ကြောင့် ကျွန်တော်လည်း ကိုင်းကိုင်း မင်းတို့မှာ ဒါးနဲ့တိပ်ရှိရင်ယူခဲ့ဟု ကိုယ့်ဘာသာကိုယ် ပြန်ဆက်ရသည်။ ၃ ခန်းကျော်လောက်တွင် မီးစက်မောင်းထား သည်။ ကြိုးအဆက်များကို သေသေချာချာစစ်ပြီးမှ အခမ်းအနားစ၏။ တောဆိုတော့ မည်သည့်လူကြီးကမှ မလိုအပ်သည်များ ကို မှာကြားမနေသောကြောင့် အတော်လေး စိတ်ချမ်းသာမိ၏။ မနှစ်က နယ်တကာလှည့်ပြီး ကျွန်တော်ဟောပြောပွဲများ လုပ်စဉ် အချို့ဒေသများ၏ လူကြီးဆိုသူများက အဖွင့်အမှာစကားဆိုပြီး ဟုတ်တာရော မဟုတ်တာများပါ လျှောက်ပြောလျက် နာရီဝက်ခန့် အချိန်ဖြုန်းလေရာ ကျွန်တော့်မှာ အတော် စိတ်ကသိကအောက် ဖြစ်ခဲ့ရဖူးပြီ။ ဒါတောင် ကျွန်တော့်မိတ်ဆွေများကို မည်သည့်အဖွင့်အမှာစကားမှ မပြောပါစေနှင့်ဟု ကြိုမှာထားတာ ဖြစ်၏။






ဤကျောင်းမှာလည်း ယနေ့မနက်ကမှ စာမေးပွဲဖြေပြီးတာဖြစ်ပြီး ပြန်မလွှတ်သေးဘဲ ဟောပြောပွဲအတွက် စောင့်ခိုင်းထားတာ ဖြစ်သောကြောင့် သူတို့လည်း အိမ်ပြန်ချင်မှာဘဲဟုတွက်ခါ ၁ နာရီခန့်သာ ပြောပါသည်။ ကျွန်တော် ပြောအပြီး ကိုင်း - ကျွန်တော်ပြောတာတွေထဲက မရှင်းတာ၊ နောက်ထပ်သိချင်တာရှိရင် ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးမေးကြပါ ဟု ဖွင့်ပေး လိုက်၏။

တစ်ယောက်မှ ထမလာ။ ထိုအခါ ကိုစံပွင့်က မေးပါကွ၊ ဥပမာ - ပထ၀ီကို ဘာဖြစ်လို့ သင်ရသလဲ။ သမိုင်းသင်ခြင်းအားဖြင့် ဘယ်လို အကျိုးရှိသလဲ စသဖြင့်ပေါ့ ဟု လမ်းကြောင်းပေး၏။ သို့တိုင် မည်သူမှ ထမမေးသေး။ ကျွန်တော်က မေးခွန်းကို ကန့်သတ်မထားနဲ့၊ ခုပြောတာနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် မေးပါ။ ဥပမာ - ခုနက ကျွန်တော်ပြောတာထဲမှာ ကျောင်းသင်ခန်းစာကို လက်တွေ့ဘ၀မှာ အသုံးချဘို့ပြောသွားတယ်။ ဒါဖြင့် ဓာတုဗေဒဘာသာရပ်ကို လက်တွေ့မှာ ဘယ်လိုအသုံးချမလဲ၊ သင်္ချာကို ဘယ်လိုအသုံးချမလဲ။ သမိုင်းဘာသာရပ်ကို လက်တွေ့မှာ ဘယ်လိုအသုံးချလို့ရမလဲ အများကြီးမေးလို့ရပါတယ်ကွ - ဟု ထပ်မံ တိုက်တွန်း၏။

ထိုအခါ ကျောင်းသားလေးတစ်ယောက် ထလာ၏။ ကျောင်းတွေမှာ စာကြည့်တိုက် ဖွင့်လှစ်ထားရှိရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ စာကြည့်တိုက်ထဲမှာ ဘာ့ကြောင့် ကာတွန်းစာအုပ်တွေ ထားရသလဲ ဟု မေးသည်။

ခုနင်က ကျွန်တော်ပြောစဉ် ကျောင်းမှ စာကြည့်တိုက်တံခါးများကို ဖွင့်ထားပါ။ ကျောင်းသားများအတွက် တစ်နေ့လျှင် တစ်ချိန်သတ်မှတ်ကာ စာကြည့်တိုက်သုံးချိန်လုပ်ပေးပါ။ စာကြည့်တိုက်မှ စာအုပ်များကို ကျောင်းသားများသို့ စနစ်တကျ ငှားရမ်းပေးပါ စသည်ဖြင့် ပါ၏။ ထိုကျောင်းသားကလေးမှာ ၎င်းကို ရည်ရွယ်၍ မေးခြင်းဖြစ်သည်။ ကျွန်တော်ပြန်ဖြေသည့် အဖြေကို နောက်ပိုင်းတွင် ဖော်ပြပါမည်။

နောက်တော့ ဆရာမ၀၀ကြီးတစ်ယောက်က ကျောင်းတွင် ကျောင်းသားများမှာ အဆင့် ၁ မှ ၁၀ အတွင်း ၀င်ရေး အပြိုင်အဆိုင် ကြိုးစားကြသည်ဖြစ်ရာ ပိုက်ဆံတတ်နိုင်သော မိဘများက မိမိသားသမီးများကို ကျူရှင်များပေးနိုင်သော်လည်း ပိုက်ဆံမတတ်နိုင်သော ကျောင်းသူကျောင်းသားကလေးများမှာ ကျူရှင်မသွားနိုင်သဖြင့် အလွန်မျက်နှာငယ်ရကြောင်း၊ ဤအကြောင်းကိုလည်း ရှင်းလင်းပြောပြပေးပါဟု ဆို၏။ ဤအကြောင်းကိုလည်း နောက်ပိုင်းတွင် သီးသန့်ဖော်ပြပါမည်။

ထို့နောက် မည်သူမှ ထပ်မံမမေးတော့၊ အမေးအဖြေချိန်လည်း နာရီဝက်ခန့်ရှိသွားပြီဖြစ်ရာ ဟောပြောပွဲကို လက်စသပ်ကာ PLC သို့ ပြန်ခဲ့ကြပါသည်။ သည်ကျောင်းတွင်လည်း စီစဉ်ထားသည့်အတိုင်း နေ့လည် ၂ နာရီတွင် စကာ ၄ နာရီမတိုင်မီ အဆုံးသတ်နိုင်ခဲ့၏။

စခန်းပြန်ရောက်သော် safety ဌာနက ကျွန်တော့်ကို စုရပ်၊ အရေးပေါ်အခြေအနေတွင် မည်ကဲ့သို့ တုံ့ပြန်ရမည်။ မည်သည့် နေရာများသို့ သွားလျှင် PPE ၀တ်ရမည် အစရှိသည်တို့ကို စခန်းအတွင်းလှည့်လည် ရှင်းပြပါသည်။ ထို့နောက် သူတို့ဌာနသို့ ခေါ်သွားကာ Safety supervisor (သူတို့ဖွဲ့စည်းပုံအရ Safety supervisor မှာ အမြင့်ဆုံးဖြစ်၍ ၎င်းအောက်တွင် technician နှင့် assisstant များ ရှိ၏။) နှင့် တွေ့ပေးသည်။ သူက safety နှင့်ပတ်သက်၍ သူတို့လုပ်ကိုင်ဆောင်ရွက်ပုံများအကြောင်း ရှင်းလင်းပြောပြပါသည်။

Total မှာ ပြင်သစ်ကုမ္ပဏီဖြစ်သဖြင့် safety နှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်ထားကြောင်း တွေ့ရ၏။ ကျွန်တော်က သူတို့ ဤရာထူးသို့ မည်ကဲ့သို့ရောက်လာပုံကို စပ်စုကြည့်ရာ တစ်ယောက်က ပထမ သူ့ကို လုံခြုံရေးအဖြစ် ခန့်ထားပြီး နောက်တော့ သင်တန်းများပေး၊ လက်တွေ့လေ့ကျင့်ပေးကာ safety အဖြစ် တာဝန်ထမ်းဆောင်စေသည်ဟု ရှင်းပြပါသည်။ ကျွန်တော် သူတို့ကို ကျွန်တော့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) စာအုပ် လက်ဆောင်ပေးခဲ့သည်။ သူတို့က oil and gas industry ဘက် ပိုနွယ်သဖြင့် ဤစာအုပ်နှင့် သိပ်မဆိုင်လှပါ။ သို့တိုင် အခြေခံဗဟုသုတများတော့ ရနိုင်ပါလိမ့်မည်။ ကျွန်တော်က Safety စာအုပ်များပို့ပေးမည်ဟုပြောပြီး သူရို့ email address ယူခဲ့၏။

ညပိုင်းတော့ တခြားလည်း သွားစရာမရှိသည်နှင့် စာအနည်းငယ်ရေးကာ ခပ်စောစောပင် အိပ်ယာဝင်ခဲ့သည်။ ရာသီဥတုမှာ အတန်ငယ်အေး၏။ သို့သော် နေထိုင်ကောင်းရုံမျှဖြစ်ပြီး အရမ်းမအေးပါ။ ကိုစံပွင့်က နောက်နေ့မနက် ခရီးစဉ်အတွက် စီစဉ်၏။

(၅) လယ်သမားများအား စိုက်ပျိုးရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရေးအကြောင်း ပြောခြင်း

နောက်နေ့မနက်တွင် နံနက်စာစားအပြီး ယမန်နေ့က ဟောပြောခဲ့သော ကံပေါက်အထက်တန်းကျောင်းသို့ပင် သွားရသည်။ ထိုကျောင်းတွင် လယ်သမားများအား စိုက်ပျိုးရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအကြောင်း ဟောပြောရန်ဖြစ်၏။ နေ့လည်ပိုင်းတွင် မင်္ဂလာဆောင်ရှိသဖြင့် အခမ်းအနားပြင်ထားသည်ဖြစ်ရာ ဟောပြောပွဲခန်းမမှာ ရောင်စုံ ခန်းဆီးများဖြင့် လှပလျက်ရှိ၏။ ထို့ပြင် မနေ့က မိုက်ကရိုဖုန်းမရှိခဲ့သည့်အခန်းမှာ ယနေ့မနက်တော့ ဆောင်းဘောက်စ်များ မိုက်ကရိုဖုန်းများ ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည်။ စက်ဆရာက မင်္ဂလာတေးသီချင်းများ ဖွင့်ထား၏။

တောင်သူများမှာ ဆိုင်ကယ်များဖြင့် တဖွဲဖွဲရောက်လာသည်။ တောင်သူတွေလည်း မခေပါလား ကိုစံပွင့်ရဲ့။ အကုန်ဆိုင်ကယ်နဲ့ လာကြတာချည်းလား ဟု စပ်စုသော် တချို့လည်း အငှားဆိုင်ကယ်နဲ့လာတာပါ။ သူတို့အားလုံးကို ကျွန်တော်တို့ လမ်းစရိတ်ပေး တယ်။ အနီးအဝေးကိုလိုက်ပြီး တစ်သောင်း၊ နှစ်သောင်း စသဖြင့်ပေါ့ ဟု ဆို၏။

ကျွန်တော်က တောမှာမွေးပြီး အသက်အစိတ်လောက်ထိ တောမှာပင် ကြီးပြင်းခဲ့ရသူဖြစ်သောကြောင့် တောဓလေ့၊ တောအလှ နှင့် တောသဘာဝများကို နှစ်ချိုက်သူဖြစ်၏။ ယခု လယ်သမားများနှင့် ပြောဆိုဆက်ဆံရသောအခါ အတော် စိတ်ကျေနပ်မိလေသည်။ တောသားများကား မြို့ကြီးသားများနှင့်မတူ။ ပကတိရိုးသားလှ၏။ အနေရိုးသလို အပြောလည်း ရိုးလှသည်။









နံနက် ၈ နာရီခန့်တွင် အခမ်းအနားစ၏။ သို့သော် Programme Leader ဖြစ်သူ မေရီမလာသေးသဖြင့် ကိုစံပွင့်က သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောပြ၏။ မေရီရောက်လာတော့ သူက ဤဒေသတွင် တောင်သူများအတွက် ဖွံ့ဖြိုးရေးကိစ္စများ မည်ကဲ့သို့ ဆောင်ရွက်ထားကြောင်း စသည်တို့ ပြောပြသည်။ ကိုစံပွင့်က ဘာသာပြန်ပေး၏။

သူပြောပြီးတော့ ကျွန်တော်က စိုက်ပျိုးရေးလုပ်ငန်း၌ တွေ့ကြုံရတတ်သည့် အန္တရာယ်များ၊ ဤအန္တရာယ်များကို မည်ကဲ့သို့ ကာကွယ်နိုင်သည့်အကြောင်းများ ပြောပြ၏။ ကျွန်တော်ပြောမည့် အကြောင်းအရာများကို ခပ်စောစောကတည်းက ကိုစံပွင့် ထံ အီးမေးပို့ထားသည်ဖြစ်ရာ သူက အစောင် ၁၅၀ ခန့် မိတ္တူဆွဲထားကာ လယ်သမားတိုင်းသို့ ဝေပေးသည်။ (ကျောင်းသားများ အားလည်း ပညာသင်ကြားရခြင်း ရည်ရွယ်ချက်ကို မိတ္တူကူးကာ ဝေငှပေးသည်။)
ကျွန်တော်ပြောခဲ့သည်များကို အကျဉ်းမျှ ပြန်လည်ဝေငှရလျှင် -

  • လက်သုံးကိရိယာများ၏ အန္တရာယ် နှင့် ကာကွယ်နည်း
  • ပိုးသတ်ဆေး အန္တရာယ် (ပေါင်းသတ်ဆေးနဲ့ဘယ်လိုကွာပါသလဲ ဟု တောင်သူတစ်ဦးမှ မေးရာ ကိုစံပွင့်က ပြန်လည် ဖြေကြား၏။)။ ပိုးသတ်ဆေး ခန္ဓာကိုယ်အတွင်း ၀င်နိုင်သော နည်းလမ်းများ၊ ဆေးများကို မည်ကဲ့သို့ထားသိုရမည်၊ မည်ကဲ့သို့ ကိုင်တွယ်ရမည်၊ မည်ကဲ့သို့သော အန္တရာယ်များရှိနိုင်သည်၊ ဆေးဖြန်းရာတွင် လိုက်နာရမည့် အန္တရာယ်ကင်းရေး စည်းမျဉ်းများ၊ မတော်တဆဖိတ်စဉ်ခဲ့သော မည်ကဲ့သို့လုပ်ရမည်၊ MSDS အကြောင်း အကျဉ်း စသည်။
  • လယ်ယာသုံး စက်ကိရိယာများ အန္တရာယ် နှင့် လိုက်နာရမည့် အန္တရာယ်ကင်းရေး စည်းမျဉ်းများ၊ စက်ဝယ်ရာတွင် စက်ပိုင်ရှင်လက်စွဲ (Owner’s Manuel), လက်နက်ကိရိယာသေတ္တာ (Tool Box), အပိုပစ္စည်းတစ်စုံ (one set of spare parts) စသည်တို့ ပါရမည် ဖြစ်ကြောင်း။
  • ရာသီဥတု အန္တရာယ် - နေပူထဲတွင် အလုပ်လုပ်ရပါက ကန်သင်းပေါ်တွင် လေးတိုင်စင်ထိုးပြီး မကြာခဏနားရန်၊ လယ်ထဲသွားလျှင် ရေအိုးသယ်သွားပြီး ရေမကြာမကြာသောက်ရန်၊ မိုးရွာလျှင် မိုးကြိုးပစ်တတ်ကြောင်း၊ လယ်ထဲ ကိုင်းထဲသွားလျှင် နာရီ၊ လက်ဝတ်လက်စား စသည်တို့ မ၀တ်ဘဲ အိမ်တွင်ပင်ထားခဲ့ရန်၊ မိုးကြိုးများ ပစ်လာပါက ကုန်းပေါ်တက်ပြီး နားရန်၊ ကုန်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဒူးကိုပိုက်ထားလျက် ဒူးပေါ် ခေါင်းတင်သည့် အနေအထားဖြင့် နေရန်၊ ၀မ်းလျားမှောက်နေခြင်း၊ မတ်တပ်ရပ်နေခြင်းများသည် အန္တရာယ်များကြောင်း၊
  • မြွေ၊ ကင်းအန္တရာယ် - မြွေကိုက်မခံရစေရန် ကောက်လှိုင်း၊ ခြုံပုတ်များကို တုတ်နှင့် ရိုက်ပုတ်ခြောက်လှန့်ပြီးမှ ကိုင်တွယ်ရန်၊ ညဘက်တွင် ဓာတ်မီးဆောင်သွားရန်၊ မြွေကိုတွေ့လျင် သတ်ဘို့မကြိုးစားပဲ ဘေးလွတ်ရာ မောင်းထုတ်ရန်၊ မြွေကိုက်ပါက ဒါးဖြင့်ခွဲခြင်း၊ ပါးစပ်ဖြင့်စုပ်ခြင်း၊ မီးစဖြင့်ထိုးခြင်း စသည်တို့မလုပ်ဘဲ ပတ်တီး ခပ်လျော့လျော့စီးကာ ဆေးရုံ အမြန်ဆုံးပို့ရန်။
  • ကြက်ငှက်တုပ်ကွေး၊ ၀က်နားရွက်ပြာရောဂါ စသည့်ရောဂါဆန်းများရှိသဖြင့် ကြက်ဘဲ၊ ၀က်များရောဂါဖြစ်သေခဲ့သော် မစားဘဲ မြှုပ်ပစ်ရန်၊ ကြက်ငှက်၊ ကျွဲနွားများကို ပုံမှန် ကာကွယ်ဆေးများထိုးရန်။


 အခြားအကြောင်းအရာများထက် အလွန်အန္တရာယ်များလှသော ပိုးသတ်ဆေးအကြောင်းကို အတော်များများ ပြောခဲ့ပါသည်။ ယူသွားသည့် လက်အိတ်၊ respirator, safety glass စသည်များအားလည်း ပြခဲ့၏။ အကယ်၍ အလိုရှိပါက ကျွန်တော် ဆိုင်နေရာကို ပြောပြမည်ဖြစ်ကြောင်းနှင့် ကျွန်တော့်အားဆက်သွယ်ရန် လိပ်စာကဒ်များလည်း ပေးခဲ့ပါသည်။

ကျွန်တော်က စိုက်ပျိုးရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရေးစာအုပ်အား အုပ်ရေများများ ရိုက်နှိပ်ဝေငှနိုင်စေရန် နောင်လာမည့် ဘတ်ဂျက်နှစ်တွင် ထည့်သွင်းရေးဆွဲရေး ကိုစံပွင့်ကို အကြံပေးခဲ့၏။ အမှန်က ထိုစာအုပ်သာမက ကျောင်းသားများအတွက် ကျွန်တော်ရေးထားသည့် ဆောင်းပါးကောင်းကောင်းများအား စုစည်းကာ စာအုပ်ရိုက်နှိပ်လျင်လည်း ဖြစ်နိုင်ပါသည်။ စာများချည်းဖြစ်၍ အကုန်အကျသိပ်ရှိလှမည် မဟုတ်ပါ။  (ကိုစံပွင့်ရေ - ကြိုးစားကြည့်ပါလား။ အရှုံးမရှိပါဘူး။ လုပ်ချင်တယ်ဆို ကျွန်တော် ဆောင်းပါးတွေ ရွေးပေးလိုက်မယ်။ အခု ကိုအောင်သူကတော့ သူ့ဘာသာသူ ပရင့်ထုတ်၊ စာအုပ်ချုပ်ပြီး သူ့ဒေသက လူငယ်တွေကို ဝေဘို့လုပ်နေတယ်။)

ကျွန်တော် ၁ နာရီခန့်သာ ပြောပါသည်။ ထို့နောက် လယ်သမားများအား သိလိုသည်တို့ကို ပွင့်ပွင့်လင်းလင်း မေးပါရန် ဖိတ်ခေါ်လေသော် တစ်ဦးက သူတို့ဒေသတွင် စက်များရှိသော်လည်း ကောင်းစွာ မမောင်းတတ်သောကြောင့် ဒုက္ခရောက်ရပါကြောင်း ပြော၏။ ကျွန်တော်လည်း စိုက်ပျိုးရေးတက္ကသိုလ်တွင်ရှိစဉ်က စက်ပိုင်ရှင်လက်စွဲစာအုပ် ရေးဖူးသည် ဖြစ်ရာ ထိုစာအုပ်ကိုပြန်ရှာကာ မွမ်းမံလျက် ကိုစံပွင့်ကိုပေးပြီး စာအုပ်ထုတ်ကာ ဝေငှခိုင်းပါမည်ဟု ပြောခဲ့၏။ (သို့သော် အိမ်ပြန်ရောက်၍ ထိုစာအုပ်ကို ရှာကြည့်သေးသော်လည်း အခြားစာအုပ်များသာတွေ့ပြီး ထိုစာအုပ်ကိုမူ မတွေ့ရတော့ပါ။ အသစ်ထပ်မံရေးရတော့မည် ဖြစ်ပါ၏။)

နောက်တစ်ယောက်ကတော့ မိုးကြိုးပစ်၍ သူတို့ဒေသတွင် သေဆုံးခဲ့ဖူးကြောင်း ပြောပြသည်။ မိုးကြိုးဆိုတော့ ကိုစံပွင့်က လျှပ်စစ်အန္တရာယ်ကိုပါ ဖြည့်စွက်ပြော၏။

ထို့နောက် သူတို့က တောင်သူများအား လက်ဆောင်ပစ္စည်းများ (annaul incentive) ပေး၏။ သူတို့စီမံကိန်း ၃၃ ရွာတွင် ရွာအကြီးအသေးကို လိုက်၍ စေတနာ့ဝန်ထမ်းလယ်သမား တစ်ယောက် သို့မဟုတ် နှစ်ယောက် ထားသည်။ ထိုသူများအား ၎င်းတို့၏ ဆောင်ရွက်မှုများအတွက် ချီးမြင့်ခြင်းဖြစ်၏။ စေတနာ့ဝန်ထမ်းလယ်သမား စုစုပေါင်း ၄၀ ရှိသည်။ ထိုအထဲကမှ ထူးချွန်သူ ၄ ဦးကို ရွေးချယ်ကာ ထပ်မံဆုချီးမြှင့်ပါသေးသည်။ တက်ရောက်လာသော တောင်သူအားလုံးကို လဖက်ရည်၊ မုံ့များဖြင့် ဧည့်ခံ၏။ မေရီက safety အဘယ်ကြောင့် အရေးကြီးရကြောင်း နောက်ဆုံးပိတ် ပြော၏။ အားလုံးပြီးတော့ ၁၀ နာရီ ခွဲခန့် ရှိပြီ။

ထို့နောက် စခန်းသို့ပြန်ကာ နေ့လည်စာစားကြသည်။ နေ့လည်ပိုင်း ပြောရမည့်နေရာမှာ စခန်း အထွက်နားလေးတွင်ပင် ဖြစ်၏။ ကိုစံပွင့်က လုပ်စရာရှိနေသေးသဖြင့် သူမမီခဲ့သော် ကျွန်တော့်အား လိုက်ပို့ပါရန် သူတို့ဌာနမှ မစုအား မှာထားခဲ့သည်။ မစုက Community Development and Education Supervisor ဖြစ်၏။ ၁ နာရီခွဲလောက်မှလာခဲ့ပါ ဆိုသဖြင့် ထမင်းစားပြီးသော် အခန်းပြန်ကာ ခေတ္တနားသည်။ ခေတ္တနားချိန်တွင် ယခုဆောင်းပါးအတွက် ခရီးသွားမှတ်တမ်း အကြမ်းရေး၏။

(၆) အုန်းပင်ကွင်း အထက

၁ နာရီခွဲခါနီးသော် ထွက်ခဲ့၏။ ကိုစံပွင့်လည်း ပြန်ရောက်နေပြီ။ ထို့နောက် ကျွန်တော်တို့လေးဦးသား (ကျွန်တော်၊ ကိုစံပွင့်၊ မစု၊ MOGE မှ နောက်တစ်ယောက်) ကျောင်းဘက်သို့ ခရီးဆက်ခဲ့ကြသည်။ ၂၄ ဒီဇင်ဘာ ၂၀၁၄ နေ့လည် ၂ နာရီ၌ ပညာရေးအပေါ် ထားရှိရမည့် သဘောထားအကြောင်း အုန်းပင်ကွင်းကျေးရွာ အထကတွင် ဟောပြော၏။ ကျောင်းသူကျောင်းသား စုစုပေါင်း ၁၀၀ ကျော်ခန့် ရှိပါသည်။ ဆရာဆရာမများလည်း ပါ၏။ ဤကျောင်းတွင်လည်း ကျွန်တော် ၁ နာရီခန့်သာပြောပြီး ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများ သိလိုသည်များကို မေးရန် အချိန်ပေး၏။
ထုံးစံအတိုင်း မည်သူမှ မမေးကြပါ။ ထိုအခါ မစုက သူတို့ငယ်ငယ်တုံးကလည်း အကျင့်မရှိသဖြင့် လူပုံအလယ် စကား ထပြောရမှာ အလွန်ကြောက်ခဲ့ကြောင်း၊ မေးပါကွ။ ကိုယ့်စိတ်ထဲမှာ ပေါ်လာတာမေးလိုက်၊ ဘာပဲဖြစ်ဖြစ် တစ်ခုခု ထပြောလိုက် စသဖြင့် အားပေးပါသည်။

အတန်ကြာသော် ရှေ့ဆုံးတန်း ညာဘက်အစွန်ဆုံးမှ ကျောင်းသား ခပ်သေးသေးတစ်ယောက် ထလာ၏။ သူက -

ဆယ်တန်းအောင်တဲ့အခါ၊ ဘွဲ့ရတဲ့အခါ အလုပ်တစ်ခုရဘို့ရာ အင်မတန်ခက်ပါတယ်။ အဲဒီတော့ အဲသလို ဆယ်တန်းအောင်သွား၊ ဘွဲ့ရသွားတဲ့အခါ ဘာလုပ်ရပါမလဲ - ဟု မေးပါသည်။

သူမေးတာ အလွန်ကောင်းပါသည်။ မေးသင့်မေးထိုက်သော မေးခွန်းလည်းဖြစ်၏။ ကျောင်းတက်နေသည့် ကျောင်းသူ ကျောင်းသားတိုင်း သိထားသင့်သော အကြောင်းအရာလည်း ဖြစ်သဖြင့် ထိုကျောင်းသားကလေးအား ကျွန်တော်ကစကာ တစ်တန်းလုံး လက်ခုပ်တီး ချီးမြှောက်လိုက်ပါသည်။

သူမေးတာကို ကျွန်တော် ကျကျနန ပြန်ဖြေလိုက်ပါသည်။ အဖြေကို နောက်ပိုင်းတွင် သီးသန့် ရေးပါမည်။

သူပြီးတော့ နောက်တစ်ယောက်ကို ပွဲတောင်းသည်။ ကိုင်း၊ ကျောင်းသားတွေထဲကတော့ မေးပြီးပြီ။ ကျောင်းသူတွေထဲကရော ဟု စပေးလိုက်ရာ ရှေ့ဆုံးတန်းမှပင် ညာဘက်အစွန်ဆုံးတွင်ထိုင်နေသူ ကျောင်းသူတစ်ယောက် ထလာသည်။ သူက -

အချိန်နှင့် ဒီရေသည်လူကိုမစောင့် ဆိုပြီး အချိန် အလွန်အဘိုးတန်ကြောင်း ဆုံးမစကားတွေ ထားခဲ့ရတာ ဘာကြောင့်ပါလဲ။ အချိန်ဟာ ဘာကြောင့် အဖိုးတန်ရပါသလဲ - ဟု မေး၏။ အင်း၊ မဆိုးပါ။ ဒါလဲ သိသင့်တာပဲ။

သူမေးတာကိုလည်း ကျွန်တော် သေသေချာချာ ပြန်ဖြေပေးလိုက်ပါသည်။ အဖြေများအားလုံးကို စုစည်းပြီး နောက်ပိုင်းတွင် သီးသန့်ရေးပါမည်။





ထို့နောက် ဆရာဆရာမများထဲကရော ဘာမေးစရာများ ရှိပါသေးသလဲ ဟု ဖိတ်ခေါ်ပါသည်။ ထိုအခါ ခပ်ငယ်ငယ် ခပ်ချောချော ဆရာမလေးတစ်ယောက် ထလာကာ -

ခုနပြောသွားတဲ့အထဲမှာ စာကြည့်တိုက်အရေးကြီးတဲ့အကြောင်း ပါပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကျောင်းမှာတော့ စာကြည့်တိုက်ကို အမြဲသော့ခတ်ထားပါတယ်။ အဲဒါပြောပေးပါ - ဟု အရေးဆိုလာပါသည်။

ဟုတ်ပါ့။ သူပြောတာလည်း အလွန်အရေးကြီးပါသည်။ စာကြည့်တိုက်ကိုသော့ခတ်ပြီး စာအုပ်များကို ထောင်ချမထားပါနဲ့ ဟု ကျွန်တော်ရော ကိုစံပွင့်ပါ နှစ်ဦးလုံး ပြောပါသည်။ ဤအကြောင်းကိုလည်း နောက်ပိုင်းတွင် အသေးစိတ် ဖော်ပြပါမည်။

အားလုံးပြီးသော် ကျောင်းအုပ်ဆရာကြီးကို သွားရောက်နှုတ်ဆက်ပါသည်။ ဆရာကြီးက အခုမှ ခရီးထွက်ရာမှ ပြန်ရောက်သည် ဟု ပြောပါသည်။ ထို့နောက် ကားကိုပြန်လွှတ်လိုက်ပြီး ကျွန်တော်တို့ လမ်းလျှောက်ပြန်ခဲ့ကြပါသည်။ ကျောင်းမှ မလှမ်းမကမ်း တွင် ကိုစံပွင့်တို့က ကံပေါက်မှာ အကောင်းဆုံးမုန့်ဟင်းခါးနဲ့ ဧည့်ခံမယ် ဆိုကာ ဆိုင်တစ်ဆိုင်သို့ ၀င်ကြသည်။ စေတနာနဲ့ ကျွေးတာ ဘယ်ငြင်းလို့ကောင်းပါ့မလဲနော။ ကျွန်တော်လည်း ဟန်ဆောင်ပန်ဆောင်လေးမျှ ငြင်းဖော်မရဘဲ ကောင်းသဗျာ။ လုပ်လိုက်လေ၊ ကြာသလားလို့ ဆိုကာ တ၀ကြီး အားပေးလိုက်ပါ၏။ နောက်ပြီး သူတို့ဒေသမုံ့ (ဘာမုံ့ဆိုပါလိမ့်) လာချ ပေးတာကိုလည်း ၀ါးလိုက်သေး၏။

 နေဦးဗျို့၊ တစ်ခု ကျန်သွားတယ်။ မနေ့က ဖောင်းတောကျောင်း ဟောပြောပွဲအပြီး အပြန်ခရီးတွင် ကိုစံပွင့်က ဒီဒေသက အလှဆုံး ကမ်းခြေကို လိုက်ပို့မယ်ဆိုကာ ကမ်းခြေတစ်ခုသို့ လိုက်ပို့ပါသည်။ ကမ်းခြေမှာ အတော်ရှည်ပြီး သာသာယာယာ ရှိလှသည်။ ကမ်းခြေ၌ တဲကလေး သုံးလေးလုံးတွေ့ရသည်။ ပင်လယ်ထွက် ခရုကမာပုတီးကလေးများ၊ မုံ့ကလေးများ၊ ကော်ဖီ မစ်ထုပ် စသည်တို့ တည်ခင်းရောင်းချသည်။

အရင်တုံးကတော့ ဘာမှ မရှိဘူး။ ကျွန်တော်တို့ (နှစ်ကူးဆိုလား) ပွဲတစ်ခု လာလုပ်လိုက်တာနဲ့ လူတွေသိပြီး လာကြတော့ ကျွန်တော်က ဒီအနားမှာ ပျံကျနေနေတဲ့သူတွေကို တဲလေးတွေထိုးခိုင်းပြီး အတည်တကျဖြစ်အောင် လုပ်ပေးထားတာ။ တဲလေးတွေနဲ့ဆိုတော့ လာတဲ့သူတွေလည်း ကော်ဖီလေးဘာလေး သောက်လို့ရ၊ သူတို့လည်း စားစရာသောက်စရာလေးတွေ ရောင်းချကြဆိုတော့ ပိုက်ဆံလည်းရတာပေါ့ ဟု ကိုစံပွင့်က ရှင်းပြ၏။

နောက်ပြီး ဒီနေရာက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ သိပ်မဝေးဘူး။ စီမံကိန်းဘက်က မြေကြီးတွေက တအားဈေးကြီး သွားပြီ။ ဒီတော့ တရုတ်တွေက ဒီအနားက မြေလွတ်တွေ လိုက်ဝယ်ထားတယ်။ သူတို့မလာခင်က ဒီမြေကြီးတွေ ဘာဈေးရှိမှာတုံး။ တောခေါင်ခေါင်ကိုး။ ဒါပေမဲ့ အခု တရုတ်တွေဝယ်လိုက်တော့ ဈေးတွေတက်ကုန်ပြီ ဟု ဆက်ပြောလေရာ ကျွန်တော့်မှာ မျက်လုံးမျက်ဆန်များ ပြူးရ၏။ တရုတ်များမှာ ကျွန်ုပ်တို့တစ်နိုင်ငံလုံးကို သိမ်းပိုက်ရန် ကြံစည်နေလေပြီ။ သည်အစိုးရသာ ဆက် သက်ဆိုးရှည်နေဦးမည်ဆိုလျှင် များမကြာမီ ကျွန်ုပ်တို့တစ်နိုင်ငံလုံး တရုတ်လက်သို့ ရောက်မှန်းမသိ ရောက်တော့မှာ သေချာသလောက် ဖြစ်နေလေပြီ။ အနှီ မျက်ပေါက်ကျဉ်းများ ကျွန်ုပ်တို့တိုင်းပြည်မှ မြေများကို ၀ယ်ချင်တိုင်း ၀ယ်လို့ရနေပါသလား။ ၎င်းတို့မည်မျှ ခြေလှမ်းကျယ်နေပါပြီနည်း။ မြန်မာပြည်၏ မည်မျှရာခိုင်နှုန်းသော ဧရိယာကို ၎င်းတို့ ပိုင်ဆိုင်ပြီးနေပါပြီနည်း။ ကျွန်တော်မသိပါ။

သည်တွင် သတိရ၍ ရင်နာစရာအဖြစ်အပျက်တစ်ခုကို ပြောပြပါရစေဦး။
ကျွန်တော်ရောက်သည့်ညက ရတနာပိုက်လိုင်းနှင့်ပတ်သက်၍ ကျွန်တော်စပ်စုသော် ကိုစံပွင့်က အောက်ပါအတိုင်း ပြောပြ၏။

ဒီဒေသမှာ ထိုင်းကိုသွားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း သုံးခုရှိတယ်။ ရတနာ၊ ရဲတံခွန်နဲ့ ဇောတိကပိုက်လိုင်းတို့ပါ။ ဒီနေရာက ထိုင်းကို သွားဘို့ မြန်မာပြည်ရဲ့ အကျဉ်းဆုံးနေရာမို့ပါ။ ဒီကနေသွားရင် ထိုင်းနယ်စပ်ကို သိပ်မဝေးလှဘူး။ (ကျောင်းများသို့ သွားရာတွင်လည်း သူက ဟောဒီတောရှင်းထားတဲ့နေရာတွေဟာ ဓာတ်ငွေ့ပိုက်လိုင်း မြှုပ်ထားတဲ့နေရာတွေပါ ဟု ပြ၏။)


ဆိုတော့ ရတနာ၊ ရဲတံခွန် နဲ့ ဇောတိကပိုက်လိုင်းသုံးခုကို အပြိုင်မြှုပ်ထားတာပေါ့။ ဒီတော့ သူတို့ပိုက်လိုင်းနားမှာမို့ Total က ဇောတိကပိုက်လိုင်းတွေကို စစ်ဘို့လုပ်တယ်။ ဇောတိကပိုက်လိုင်းက ထိုင်းကုမ္ပဏီ PTTEP က လုပ်တာ။ PTTEP က ပိုက်လိုင်း ပြေးဘို့ကို ရွှေဓာတ်ငွေ့ပိုက်လိုင်းလုပ်တဲ့ China National Petroleum Corporation (CNPC) ကို ကန်ထရိုက်ပေးတယ်။

မှတ်ချက်။      ။ သည်ဓာတ်ငွေ့ပိုက်လိုင်းအကြောင်းများ အကျယ်မချဲ့တော့ပါ။ အင်တာနက်တွင် အောက်ပါ link များမှ ဖတ်နိုင်ပါသည်။

သူတို့ပိုက်လိုင်းတွေစစ်ဘို့ PTTEP က ခွင့်မပေးဘူး။ ဒီတော့ Total က မြန်မာအစိုးရကို အကူအညီတောင်းတယ်။ ဒီတော့မှ စစ်ခွင့်ရတယ်။ စစ်ခွင့်ရလို့လည်း စစ်လိုက်ရော ပိုက်ဆက်တွေ တစ်ခုမှ XRay မအောင်ဘူး ဖြစ်ကရော။ ဒီတော့ PTTEP က CNPC ကို အကုန်ပြန်လျော်ခိုင်းတယ်။

(အောင်မယ်လေး၊ သေပါပြီဗျ။ CNPC ကပြေးထားတဲ့ မြန်မာပြည်ကြီးကို ခါးလယ်ခေါင်က ဖြတ်ပိုင်းထားတဲ့ ရွှေဓာတ်ငွေ့ ပိုက်လိုင်း အဆက်တွေကောင်းမကောင်း ဘယ်သူစစ်မှန်းမသိ၊ ဘယ်လိုစစ်မှန်းလည်းမသိ။ သိတဲ့သူတွေ ပြောကြပါအုံး။ သူရို့ပြည်က ဓာတ်ငွေ့ပိုက်လိုင်းပေါက်တဲ့သတင်းတွေ မိတ်ဆွေတို့ ကြားဖူးကြမှာပါ။ ကျွန်တော့် ဘလော့မှာ ပြန်ရှာပြီး ဖတ်ကြပါဦး။ အဲဒီပိုက်လိုင်းနားနေတဲ့ ရေနံချောင်းက ဖေကံကောင်းတို့၊ သတိသာ ထားနေကြပေတော့ဗျို့။)

ဒါ့ထက်ဆိုးတာ ရှိသေးတယ်။ အဲဒီပိုက်လိုင်းမှာလာလုပ်တဲ့ တရုတ်တွေဆိုတာ အောင်မယ်၊ သူရို့တိုင်းပြည် ကျနေပါလား။ မျက်နှာသေကြီးတွေနဲ့၊ ဘယ်သူ့မှဂရုမစိုက်ဘဲ၊ သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်နေတာ။ ခိုးလိုက်တာလဲ လွန်ပါရော့။ အနီးအနားက စိုက်ခင်းတွေဆို သူတို့မခိုးဖူးတဲ့ စိုက်ခင်းမရှိဘူး။ ပြောလို့လည်း နားမလည်။

ပိုက်လိုင်းပြေးဘို့ တောရှင်းတဲ့အခါ သစ်ပင်တွေ ခုတ်ရတယ်။ အဲဒီတရုတ်တွေ ပြောပါတယ်။ ခုတ်လို့ရတဲ့ သစ်ပင်တွေကို လွှစက်တွေနဲ့ဖြတ်၊ ထင်းလုပ်ပြီး ရွာသားတွေကို လာရောင်းတယ်။ ကြည့်အုံး။ ရွာသားတွေကတော့ သူတို့ကို သောက်မြင်ကပ်လို့ တစ်ယောက်မှ မ၀ယ်ကြဘူး။

(ကိုယ့်အိမ်က အခိုးခံရတဲ့ပစ္စည်းကို ကိုယ့်ဟာကိုယ် ပြန်ဝယ်သုံးရမဲ့အဖြစ်ကို ကျွန်ုပ်တော့ဖြင့် ရင်နာလို့ မဆုံးပါ။)

ကိုင်း၊ အဲဒါပါပဲမိတ်ဆွေတို့။ ကိုယ်ရဘို့လောက်ပဲသိတဲ့ ဟောသည်ဘောင်းဘီချွတ်တွေရှိနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ သည်အဖြစ်ဆိုးမျိုးများကို ဆက်လက်ကြုံတွေ့နေရပါဦးမည်။ ယခုပင်လျှင် ကျွန်ုပ်တို့ဆီက၀ယ်သွားသည့် ဓာတ်ငွေ့များနှင့် လည်ပတ်ကာ ထုတ်သောလျှပ်စစ်ကို ကျွန်ုပ်တို့ ပြန်ဝယ်သုံးရတော့မည်။

 ဆက်ပါဦးမည်။

အေးငြိမ်း
 ဇန္န၀ါရီလ ၇ ရက်၊ ၂၀၁၅။ ည ၁၀း၃၀ နာရီ

No comments: