Friday, January 9, 2015

တနင်္သာရီတိုင်း၊ ရေဖြူခရီးစဉ် (အမေးအဖြေ ကဏ္ဍ)

မေး။           ။ ကျောင်းတွေမှာ စာကြည့်တိုက် ဖွင့်လှစ်ထားရှိရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ စာကြည့်တိုက်ထဲမှာ ဘာ့ကြောင့်  
                   ကာတွန်းစာအုပ်တွေ ထားရသလဲ။

ဖြေ။          ။ စာဆိုတာ သိတဲ့၊ တတ်တဲ့၊ အတွေ့အကြုံဗဟုသုတရှိတဲ့သူတွေက ရေးထားတာပါ။ လူတစ်ယောက်အနေနဲ့ လက်တွေ့ကနေ ဗဟုသုတရှာဘို့ဆိုတာ အင်မတန်မှ နယ်ကျဉ်းပါတယ်။ ကိုယ်မရောက်ဖူးတဲ့ဒေသတွေကို စာအုပ်ကနေ တစ်ဆင့် သွားနိုင်တယ်၊ ကောင်းကင်က ဂြိုဟ်တွေ နက္ခတ်တွေကို စာအုပ်တွေကနေ လေ့လာနိုင်တယ်။ စပါးကို ဘယ်လိုစိုက်သလဲ၊ ရာဘာအထွက်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ စာအုပ်မှာ လေ့လာလို့ရတယ်။  ကိုယ်မသိသေးတာ တွေကို စာအုပ်မှာ ဖတ်နိုင်တယ်။ စာဖတ်ခြင်းအားဖြင့် ပညာဗဟုသုတတွေ ရှာမှီးနိုင်တယ်။

ကျောင်းသားတွေဆိုတာ ကျောင်းစာတွေနဲ့ချည်း နပန်းလုံးနေဘို့ မဟုတ်တဲ့အကြောင်း ပြောခဲ့ပါပြီ။ ကျောင်းစာလည်းလုပ်၊ တစ်ဖက်မှာလည်း အပြင်စာတွေဖတ်၊ တခြားလုပ်စရာရှိတာတွေလည်း လုပ်ဘို့လိုပါတယ်။ အဲဒီလို စာဖတ်နိုင်အောင် ကျောင်းသားတွေရဲ့ လက်လှမ်းတမီမှာ စာအုပ်တွေ ရှိနေဘို့ ဖန်တီးပေးထားရပါမယ်။ အဲဒါကြောင့် ကျောင်းတွေမှာ စာကြည့်တိုက် ထားရတာပါ။ တစ်နည်းအားဖြင့်လည်း လူတော်လူကောင်းလေးတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်တဲ့ နေရာမယ် စာကြည့်တိုက်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတဲ့အတွက် ကျောင်းတွေမှာ၊ ရပ်ကွက်တွေမှာ စာကြည့်တိုက် ဖွင့်လှစ်ထားရှိရခြင်း ဖြစ်ပါတယ်။

ကျောင်းစာကြည့်တိုက်ထဲမှာ ဘာဖြစ်လို့ ကာတွန်းစာအုပ်တွေ ထားရသလဲဆိုတော့ စာဖတ်တယ်ဆိုတာ အင်မတန် ပျင်းစရာ ကောင်းတဲ့အလုပ်ပါ။ ခုမှ စာစဖတ်မဲ့သူကို နန္ဒာသိန်းဇံရဲ့ “ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ” သာ ပေးဖတ်လိုက်လို့ကတော့ တစ်မျက်နှာမကုန်ခင် လက်လန်ပြေးမှာပါ။ အဲဒီအတွက် စာဖတ်ကျင့်ရလာအောင် ပေါ့ပေါ့ပါးပါး ရယ်စရာမောစရာ ကာတွန်းစာအုပ်များနဲ့ ဆွဲဆောင်ရပါမယ်။  တစ်နည်းအားဖြင့်လည်း ကာတွန်းတို့၊ ၀တ္ထုတို့ဖတ်တာ အင်မတန် အပန်းပြေပါတယ်။ ကျွန်တော်ဆို ဟိုးငယ်ငယ်ကတည်းက တေဇ၊ ရွှေသွေး၊ ရွှေစွန်ညို၊ မောင်သံမဏိ၊ ရွှေခေါင်းပြောင်၊ အဲဒီနောက် စံရွှေမြင့်၊ တွတ်ပီ၊ ပြာလောင်၊ အရိုင်း စသဖြင့် ကျွန်တော်မဖတ်ဖူးတဲ့ ကာတွန်းစာအုပ် ခပ်ရှားရှားပါ။ နောက်ပြီး ကျွန်တော် ၀တ္ထုဖတ်တာလည်း အင်မတန် ၀ါသနာပါပါတယ်။ မင်းကျော်၊ တက္ကသိုလ်ဘုန်းနိုင်၊ မြသန်းတင့်၊ ခင်နှင်းယု၊ ယုဝတီခင်စိန်လှိုင်၊ မဟာဆွေ၊ နောက် ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း၊ မစန္ဒာ၊ မိုးမိုး (အင်းလျား)၊ စန်းစန်းနွဲ့ (သာယာဝတီ)၊ နုနုရည် (အင်းဝ)၊ မင်းသိင်္ခ အများကြီးပါ။ ထွက်သမျှစာအုပ် အကုန်လိုလို ဖတ်တာပဲ။ ဖတ်နေကျသွားတော့ အလိုလို ဖတ်ချင်လာတယ်။ စာအုပ်တစ်အုပ် ကောက်ကိုင်လိုက်တာနဲ့ အဆုံးထိ ဖတ်မိသွားတာပဲ။  

အဲဒါကြောင့် စာဖတ်စ ကျောင်းသားတွေကို ဖတ်ချင်လာအောင် ဆွဲဆောင်တဲ့အနေနဲ့ရော၊ အပျင်းပြေအတွက်ပါ ကာတွန်း စာအုပ်များ ထားရခြင်း ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်တွေမှာ ကာတွန်းစာအုပ်တွေ၊ ကောင်းတဲ့ဝတ္ထုစာအုပ်တွေ ရှိနေဘို့ လိုကိုလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ကိုစံပွင့်။          ။ အခု စာကြည့်တိုက်တွေကို နာမည်ပြောင်းရတော့မယ်။ စာအုပ်တိုက်လို့။ စာကြည့်တိုက်တွေ ကျွန်တော်တို့ ဖွင့်ပေးထားတယ်။ ထိန်းသိမ်းမဲ့သူမရှိဘူး။ လာဖတ်မဲ့သူ မရှိဘူး။ စာကြည့်တိုက်တွေကြည့်လိုက်ရင် အမြဲသော့ခတ်ထားတာပဲ တွေ့ရတယ်။ စာအုပ်တွေဆိုတာ ဖုံတွေကို တက်လို့။ လာဖတ်ကြပါ။ ဖတ်ချင်လို့ ယူသွား ကိစ္စမရှိဘူး။ ကျွန်တော်တို့ လိုချင်တာက ခင်ဗျားတို့ဆီကနေ ကျွန်တော်တို့တော့ဖြင့် ဘာစာအုပ်တွေဖတ်ချင်တယ်။ ဘာစာအုပ်တွေ တင်ပေးပါ - အဲဒီ အသံမျိုးတွေ ကြားချင်တာ။ ခုတော့ စာကြည့်တိုက်ကို စိတ်မ၀င်စားကြဘူး။ အင်မတန် ၀မ်းနည်းစရာကောင်းပါတယ်။ အခု ကျွန်တော်တို့ ကျောင်းတွေမှာ ရပ်ကွက်ထဲတွေမှာ စာကြည့်တိုက်တွေ လုပ်ပေးထားပါတယ်။ လာဖတ်ကြပါ။ စာကြည့်တိုက်ကို ၀ိုင်းဝန်းထိန်းသိမ်းကြပါ လို့ မေတ္တာရပ်ခံချင်ပါတယ်။ ဆရာဆရာမတွေ အနေနဲ့လည်း စာကြည့်တိုက်သုံးချိန် တစ်ချိန် လုပ်ပေး စေချင်ပါတယ်။ စာကြည့်တိုက်ကို သော့ခတ်မထားပါနဲ့။ ဖွင့်ပေးထားပါ။ စနစ်တကျလေးတော့ လုပ်ဖို့လိုမှာပေါ့။ နောက်ပြီး ဘာတွေလိုချင်တယ်၊ ဘာတွေလုပ်ချင်တယ်ဆိုတာလည်း တောင်းပါ။ ကျွန်တော်တို့ တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါမယ်။ ကျေးဇူးတင်ပါတယ်။

မေး။         ။ ဆယ်တန်းအောင်တဲ့အခါ၊ ဘွဲ့ရတဲ့အခါ အလုပ်တစ်ခုရဘို့ရာ အင်မတန်ခက်ပါတယ်။ အဲဒီတော့ အဲသလို ဆယ်တန်းအောင်သွား၊ ဘွဲ့ရသွားရင် ဘာလုပ်ရပါမလဲ။

ဖြေ။         ။ အင်မတန်ကောင်းတဲ့ မေးခွန်းလေးပါ။ မေးတဲ့သူကို ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျောင်းသားတိုင်း သိထားသင့်တဲ့ ကိစ္စပါ။

အဲဒါလည်း ခုနကပြောတဲ့ ကျောင်းတက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ ပြောပြီးသွားပါပြီ။ ကျောင်းကိုလာတက်တာ ဘွဲ့ရရုံ၊ လခစား အလုပ်တစ်ခုရရုံလောက် မဟုတ်ပါဘူး။ ကျောင်းကနေ လူ့ဘ၀နေနည်းထိုင်နည်းတွေကို အခြေခံ သင်ပေးလိုက်တာပါ။ ကျောင်းကသင်ပေးလိုက်တာတွေကို တကယ်ရသွားတဲ့သူတစ်ယောက်အဖို့ အလုပ်ရဘို့ မခက်တော့ပါဘူး။ ခုနင်က ကိုကျောင်းသားမေးတဲ့ အလုပ်တစ်ခုဆိုတာ လခစားအလုပ်ကို ဆိုလိုတာပါ။ ကျွန်တော် ကဗျာတစ်ပုဒ် ရွတ်ပြပါမယ်။ ခင်ဗျားတို့ မှတ်မိလိမ့်မယ် ထင်ပါတယ်။

မှတ်ရန်တစ်ခု
နှုတ်မှု လက်မှု၊ တစ်ခုခုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တစ်ခုမျှလျက်၊ အသက်မွေးကျောင်း
ဖြစ်တုံရှောင်း၏ . . . . တဲ့။

အဲဒါဘယ်သူရေးတာလဲ၊ ဟိုရှေ့ကတစ်ယောက် ပြောပြစမ်းပါ။ (ခေါင်းငုံ့သွား၏။)
ကိုင်းဒါဆို ဟိုးဘက်ကတစ်ယောက်ရော။ (နောက်တစ်ယောက်ကို လှည့်ကြည့်၏)၊ အင်း၊ မသိတာလား၊ မေ့နေတာလား။ တစ်ခုခုပဲ။ မသိတာဆိုရင်တော့ ဟောဟိုမှာထိုင်နေတဲ့ ဆရာမတွေကိုပဲ အပြစ်တင်ရတော့မှာဘဲ။
အလကား နောက်တာပါ။ ရေးတာက ဆားတုံဆရာတော်ပါ။

နှုတ်မှုဆိုတာ ပါးစပ်နဲ့၊ လေနဲ့ လုပ်စားတဲ့ အတတ်ပညာကို ခေါ်တာ။ ဥပမာ - ကျောင်းဆရာ၊ ရှေ့နေ။ လက်မှုဆိုတာကတော့ ကိုယ်ကာယနဲ့ လုပ်စားတဲ့သူတွေကို ခေါ်တာ။ ဥပမာ - လယ်သမား၊ စက်ပြင်ဆရာ။

ကဗျာက ဘာကိုဆိုလိုသလဲဆိုတော့ နှုတ်မှုအတတ်ပညာပဲဖြစ်ဖြစ်၊ လက်မှုအတတ်ပညာပဲဖြစ်ဖြစ်၊ ဘာအတတ်ပဲ ဖြစ်ပါစေ၊ မဖြစ်စလောက် အနုံညာတ အတတ်ကလေးပဲလို့ မအောက်မေ့ပါနဲ့ တဲ့။ ဘယ်လောက် သေးနုပ်တဲ့အတတ်ဖြစ်ပါစေ၊ အရင်းအဖျား အကုန်အစင်သာ တတ်မယ်ဆိုရင် အဲဒီအတတ်တစ်ခုတည်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်လို့ရပါတယ် တဲ့။

ကဲ ဒါဆို၊ ဆယ်တန်းအောင်၊ ဘွဲ့ရသွားတဲ့ ကျောင်းသားတစ်ယောက် ဖိနပ်ချုပ်မယ်ဆိုပါတော့။ ဘွဲ့ရမို့လို့ ဖိနပ်ချုပ်တဲ့သူ မလုပ်ရဘူးလို့ ဘယ်သူပြောသလဲ။ ဘွဲ့ရတဲ့သူတစ်ယောက် ဖိနပ်မချုပ်ရဘူးလား။ ဒါပေမဲ့ အရပ်ထဲက ဖိနပ်ချုပ်သည်နဲ့ ဘွဲ့ရ ဖိနပ်ချုပ်သည် ကွာရမှာပေါ့။ အဲဒီနှစ်ယောက် အတူတူပဲဖြစ်နေရင်တော့ ခုနက ဘွဲ့ရတဲ့သူဟာ သူရထားတဲ့ ဘွဲ့ကြီးကို လွှင့်ပစ်ဘို့ပဲ ကောင်းတော့တယ်။ ဒါဆို ဘွဲ့ရဖိနပ်ချုပ်သည်အနေနဲ့ အရပ်ဖိနပ်ချုပ်သည်ထက် ဘာတွေကွာသင့်သလဲ။ ကျွန်တော်ရှင်းပြပါမယ်၊ သေသေချာချာ နားထောင်ပါ။

ခုနက ကဗျာထဲမှာ ဆရာတော်ကြီးက “ရင်းဖျားကုန်စင်” လို့ ပြောထားပါတယ်။ ဆိုလိုတာက အဲဒီအတတ်ပညာနဲ့ ပတ်သက်လို့ အကုန်အစင်သိနေရမယ်။ တတ်ထားရမယ် လို့ ဆိုလိုတာ။ အင်္ဂလိပ်လို professional လို့ ခေါ်တယ်။ ဒါဖြင့် ဘွဲ့ရဖိနပ်ချုပ်သည်အနေနဲ့ ဖိနပ်နဲ့ ပတ်သက်တာမှန်သမျှ အကုန်သိနေဘို့ ကြိုးစားရမယ် မဟုတ်လား။

ဖိနပ်လုပ်မဲ့ သားရေအမျိုးအစား ဘယ်နှစ်မျိုးလောက်ရှိတယ်။ ဘယ်သားရေတွေက ဖိနပ်လုပ်ဖို့ ပိုကောင်းတယ်။ တိရစ္ဆာန် သားရေတွေအပြင် လူလုပ်တဲ့ သားရေတုတွေကို ဘယ်မှာဝယ်နိုင်တယ်။ နိုင်ငံခြားကိုမှာရင် ဘယ်နိုင်ငံက သားရေတုက ပိုကောင်းတယ်။ ဘယ်ဈေးရှိတယ်။ မြန်မာနိုင်ငံထဲက သားရေဈေးကွက်၊ ဘယ်သားရေကို ဘယ်နားမှာ ဈေးသက်သက် သာသာနဲ့ ပေါပေါများများ ရနိုင်တယ်။ သားရေကို သိုလှောင်တဲ့အခါ လိုအပ်တဲ့ အပူချိန်၊ လေထုထဲမှာ ရေငွေ့ပါဝင်နှုန်း၊ အဲဒီအခြေအနေကို ဖန်တီးထား နိုင်မဲ့ သိုလှောင်ရုံကို ဘယ်လိုဆောက်ရမယ်။ ဘယ်သားရေကို ဘယ်နှစ်လပဲ သိုလှောင်ထား နိုင်တယ်။ သားရေရဲ့ သက်တမ်း ဘယ်လောက်ရှိတယ်။

ဖိနပ်ချုပ်တဲ့အခါ သားရေကို ဘယ်လိုပြုပြင်ရင် ပိုကြာကြာခံတယ်၊ သက်တောင့်သက်သာ စီးနိုင်မယ်။ ဖိနပ် အောက်ခံရာဘာ ကို ဘယ်အမျိုးအစားထည့်ရင် ပိုကောင်းတယ်။ ဖိနပ်ကပ်တဲ့ကော်မှာ ဘယ်ကော်မျိုးက ပိုကြာကြာခံတယ်။ အဲဒီကော်ကို ဘယ်မှာ ၀ယ်လို့ရနိုင်တယ်။ ဘယ်အပ်ချည်က ဘိနပ်ချုပ်ဖို့ ပိုသင့်တော်တယ်။

ဖိနပ်ကိုပုံစံညှပ်ရာမှာ သုံးတဲ့ စက်အမျိုးအစား၊ ဖိနပ်ချုပ်တဲ့စက် အမျိုးအစား၊ ဘယ်စက်က ပိုကောင်းတယ်။ ဘယ်လိုချုပ်ရင် ချုပ်ရိုးချုပ်သား ပိုခိုင်တယ်။ ဖိနပ်တစ်ခုမှာ ဘယ်အပိုင်းက ပိုပြီး မြန်မြန်ပျက်လွယ်တယ်။ အဲဒီအပိုင်းကို ပိုဦးစားပေး ကိုင်တွယ်ရမယ်။

မြန်မာပြည်မှာ ဘယ်ဖိနပ်တွေ ပိုတွင်ကျယ်တယ်၊ လူကြိုက်များတယ်။ ဘယ်ဆိုင်တွေက ဖိနပ်တွေ ပိုရောင်းအားကောင်းတယ်။ ဘယ်ဖိနပ်ဒိုင်ကတော့ မှန်မှန်ကန်ကန် ဈေးပေးတယ်။ ဘယ်ဒီဇိုင်းမျိုးထွင်လိုက်ရင် လူတွေ ပိုကြိုက်လာနိုင်တယ်။ နောက်ဆုံး ထုပ်ပိုးပစ္စည်းက အစ သူများတွေထက် ဘယ်လို ပိုသာအောင် လုပ်မယ်။

အများကြီးပါ။ ဒါ ကျွန်တော်က သာမန် လူပြိန်းတစ်ယောက်သိတဲ့ အသိလောက်နဲ့ ပြောပြတာ။ ဒါ့ထက်ပိုတာတွေ အများကြီး ရှိဦးမှာဘဲ။ အဲသလိုသာ သူ အကုန်အစင် သိနေရင် အဲဒီ ဘွဲ့ရဖိနပ်ချုပ်သမားဟာ သာမန် သူလိုကိုယ်လို ဖိနပ်ချုပ်သမားထက် အများကြီး ပိုသာမှာဘဲ။ နောက်ဆုံး ဖိနပ်လုပ်ငန်းရှင်ကြီး ဖြစ်သွားလိမ့်မယ်။ ဖိနပ်တစ်မျိုးတည်းနဲ့ ချမ်းသာနိုင်တယ်။

ဒါဆို လယ်သမားတွေရော။ ကျွန်တော် အစောပိုင်းက အခု ဘွဲ့ရလယ်သမားတွေဟာ သာမန်လယ်သမားတွေနဲ့ အတူတူပဲလို့ ပြောခဲ့တယ်။ အဲဒီဘွဲ့ရလယ်သမားတွေကို ကျွန်တော် မေးခွန်းနည်းနည်း မေးကြည့်မယ်။ ဖြေကြည့်စမ်းပါ။

နံပါတ် တစ်။
မြန်မာနိုင်ငံမှာ မြေအမျိုးအစား ဘယ်နှစ်မျိုးရှိပြီး ခင်ဗျားတို့လယ်ဟာ ဘယ်မြေအမျိုးအစားလဲဆိုတာ သိသလား။

နံပါတ် နှစ်။
မြန်မာပြည်မှာစိုက်နေတဲ့ စပါးအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။ ခင်ဗျားတို့ မြေနဲ့ အသင့်တော်ဆုံးစပါးမျိုးက ဘာမျိုးလဲ။

နံပါတ် သုံး။
စပါးမှာဘာရောဂါတွေဖြစ်တတ်သလဲ။ စပါးပင်တွေ နာနေပြီဆိုရင် အဲဒါ ရောဂါကြောင့်လား ပိုးကြောင့်လား ဆိုတာ ခွဲခြားတတ်သလား။

ကိုင်း၊ အဲဒီ သုံးခုလောက် ဖြေကြည့်စမ်းပါ။ မဖြေနိုင်ဘူးဆိုရင်တော့ အဲဒီ ဘွဲ့ရလယ်သမားဟာ အရပ်ထဲက သာမန် လယ်သမားနဲ့ ဘာမှမထူးဘူး။ အတူတူပါဘဲ။

အခု ဟောသည်မှာ ကျွန်တော် မော်တော်ဆိုင်ကယ်တွေ အများကြီးတွေ့တယ်။ ဆိုတော့ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လို့ရတာပဲ။ ဒီမှာ ဆိုင်ကယ်ပြင်ဆိုင်တွေလဲ ရှိမှာပဲ။ ဆယ်တန်းအောင်ပြီး ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လို့မရဘူးလား။ ဘာလို့မရရမှာလဲ။

ဒါဖြင့် အဲဒီ ဆယ်တန်းအောင်ပြီး ဆိုင်ကယ်ပြင်တဲ့သူဟာ အရပ်ထဲမှာ အခုဖွင့်နေတဲ့ ဆိုင်ကယ်ပြင်တဲ့သူနေတဲ့ တူရပါမလား။ အခုဆိုင်ကယ်ပြင်တဲ့သူတွေကို ကျွန်တော် မေးခွန်းနည်းနည်း မေးကြည့်မယ်။
-       ဆိုင်ကယ်မီးပေးတဲ့စနစ် Ignition system  ကို သိသလား။
-       ဆီပေးတဲ့စနစ် fuel system ကိုသိသလား။
-       ဂီယာအုံ clutch transmission အကြောင်း ဘယ်လောက်နားလည်သလဲ။
အကယ်၍ ကိုယ်က သူတို့ထက်သာအောင် အဲဒါတွေ လေ့လာနိုင်တယ်။ တတ်မြောက်တယ်ဆိုရင် ဘယ်နည်းနဲ့မဆို သူတို့ထက် ပိုကောင်းအောင် ပြင်ပေးနိုင်မှာပဲ။

အဲဒါတွေ အားလုံးကို ချုပ်လိုက်ရင် ဆယ်တန်းအောင်၊ ဘွဲ့ရတဲ့အခါ အစိုးရက၊ ကုမ္ပဏီက အလုပ်ခေါ်တာ ထိုင်စောင့် မနေပါနဲ့။ ကိုယ်ဘာစိတ်ဝင်စားသလဲ လေ့လာပြီး ကိုယ်စိတ်ဝင်စားတဲ့ပညာရပ်ကို ထဲထဲဝင်ဝင်လေ့လာပါ။ နောက်ပြီး အလုပ်သင်အနေနဲ့ စလုပ်ပါ။ အတွေ့အကြုံယူပါ။ လုပ်ငန်းအကြောင်း နားလည်လာပြီဆိုမှ ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ။ လုပ်တဲ့အခါ သူများ လုပ်တာနဲ့ မတူပါစေနဲ့။ တီထွင်ပြီးလုပ်ပါ။ တကယ်အောင်မြင်ပါလိမ့်မယ်။

အဲသလောက်ဆို ဆယ်တန်းအောင်ပြီး၊ ဘွဲ့ရပြီးတဲ့အခါ ဘာတွေလုပ်ရမလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။


မေး။             ။ အချိန်နှင့် ဒီရေသည်လူကိုမစောင့် ဆိုပြီး အချိန် အလွန်အဘိုးတန်ကြောင်း ဆုံးမစကားတွေ ထားခဲ့ရတာ ဘာကြောင့်ပါလဲ။ အချိန်ဟာ ဘာကြောင့် အဖိုးတန်ရပါသလဲ။

ဖြေ။             ။ ဒါလဲ အရေးကြီးတဲ့မေးခွန်းပါဘဲ။ မေးတဲ့ကျောင်းသူလေးကို ကျေးဇူးတင်ပါတယ်။
လောကမှာ ပြန်မရနိုင်တဲ့အရာတွေထဲမှာ အချိန်ဟာ အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ ပိုက်ဆံဘယ်လောက် ပုံပေးပေး ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို ပြန်မရနိုင်တော့ပါဘူး။ အဲဒါကြောင့် အချိန်ကို အလဟဿ မကုန်ဆုံးစေဘို့ အလွန်အင်မတန် အရေးကြီးပါတယ်။

ဒီက ကျောင်းစာကြည့်တိုက်မှာ ဆရာဖေမြင့်ရေတဲ့ “ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်”  ဆိုတဲ့စာအုပ် ရှိပါလိမ့်မယ်။ မစုရေ၊ ရှိတယ်မဟုတ်လား။ (ဟုတ်ကဲ့၊ ရှိပါတယ်ရှင့်။)

အဲဒီစာအုပ်ထဲမှာ သူဌေးကြီး အာခတ်ကို သူ့သူငယ်ချင်းဗန်ဆားက မေးတယ်။
“သူငယ်ချင်း၊ တခြားသူတွေ ဆင်းရဲနေချိန်မှာ မင်းကတော့ အရမ်းချမ်းသာလို့ပါလားကွာ။ မင်း ချမ်းသာလာအောင် ဘယ်လိုတွေများ လုပ်ခဲ့သလဲ” ပေါ့။ အဲဒီမှာ အာခတ်က ပြန်ပြောတယ်။
“သူငယ်ချင်း၊ မင်းတို့ဟာ ချမ်းသာအောင်လုပ်ဖို့ လုံလောက်တဲ့အချိန်တွေကို ဖြုန်းခဲ့ပြီးပြီကွ။” လို့ ဆိုတယ်။

အဲဒါဟာ အချိန်ကို အသုံးချပုံကွာသွားတာနဲ့ ဆင်းရဲချမ်းသာ ကွာဟသွားတယ် ဆိုတာကို ပြောချင်တာ။

ကိုယ့်ဘ၀တိုးတက်ဖို့အတွက် အချိန်ကို စနစ်တကျ သုံးတတ်ဖို့လိုပါတယ်။ အချိန်ကို ချွေတာပါ။ အလဟဿမကုန်ပါစေနဲ့။ တစ်မိနစ်၊ တစ်စက္ကန့်မှ မဖြုန်းပါနဲ့။ အဲဒါဆို ခင်ဗျားတို့ ကောင်းကောင်း ကြီးပွားမယ်။ လူချွန်လူကောင်းလေးတွေ ဖြစ်လာမယ်။ အားနေတဲ့စိတ်ဟာ မာရ်နတ်အတွက် အင်မတန်ကောင်းတဲ့ နေအိမ်ကြီးပဲ တဲ့။ အဲဒီတော့ အချိန်ကို အအားမထားပါနဲ့။

အချိန်ကို စနစ်တကျသုံးတတ်ဘို့ ဘ၀ကို အချိန်ဇယားနဲ့နေပါ။ စည်းနဲ့ကမ်းနဲ့ နေပါ။ ကျောင်းသားဘ၀မှာ ဘယ်လို အချိန်ကို စနစ်တကျ အသုံးချရမလဲဆိုတာ ကျွန်တော်သိသလောက် ပြောပြပါမယ်။

ကျောင်းသားဖြစ်တဲ့အတွက် ကျောင်းသွားရမယ်၊ စာသင်ရမယ်။ စာကျက်ရမယ်။ ဒါ ပင်မအလုပ်။ တစ်ပတ်မှာ ကျောင်းတက်ရတဲ့အချိန် ၅ ရက်၊ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိရှိမယ် ဆိုပါတော့ ။ အဲဒီအချိန်အတွင်းမှာ သင်ပေးလိုက်တဲ့ သင်ခန်းစာတွေကို ကောင်းကောင်းနားလည်အောင် လေ့လာရမယ်။ အဲဒါ အရေးကြီးတယ်။ ခင်ဗျားတို့ မလေ့လာလည်း အဲဒီစာသင်ခန်းထဲက အချိန်တွေကတော့ ကုန်သွားမှာဘဲ။

အချိန်ကုန်တာချင်းအတူတူ တစ်ခုခုရအောင် လုပ်ပါ။ သင်ခန်းစာတွေကို အရအမိယူပါ။ ဘာတွေသင်နေတာလဲ ဆိုတာ စိတ်ဝင်တစား လေ့လာပါ။ အတန်းထဲမှာ စာကို စိတ်ဝင်တစားလေ့လာလို့ နားလည်သွားရင် အင်မတန် ကျက်မှတ်ရ လွယ်ပါတယ်။ ဘာကျူရှင်မှ မလိုပါဘူး။ နောက်ပြီး ဘာမှမသိဘဲ အလွတ်ကျက်ထားတဲ့စာက ခဏပဲခံတယ်။ မေ့သွားတတ်တယ်။ နားလည်သဘောပေါက်ပြီး ကျက်မှတ်တဲ့စာမှ မှတ်မိနေတယ်။

ကျောင်းသားဆိုပေတဲ့ စာ စာ နဲ့။ နေ့လည်းစာ၊ ညလည်းစာ၊ ကျောင်းဖွင့်လည်းစာ၊ ကျောင်းပိတ်လည်းစာ ဖြစ်နေတာ အင်မတန်မှားပါတယ်။ သူတို့ဟာ အချိန်တွေကို မလိုအပ်ပဲ ဖြုန်းတီးနေကြတယ်။ အဲဒါ ဘာကြောင့်လဲ။ လုပ်နည်းလွဲနေလို့။

လူပေကပဲ၊ စက်ရုပ်မှ မဟုတ်တာ။ စက်တောင် အနားပေးရသေးတာ။ ဒီတော့ ကျောင်းတက်ချိန်မှာ ကျောင်းတက်ပါ။ စာကျက်ချိန်မှာ စာကျက်ပါ။ ရပ်ရေးရွာရေး လုပ်တဲ့အချိန်လုပ်ပါ။ ပျော်ချိန်ပါးချိန် ပျော်ပါးပါ။ ကစားချိန်မှာ ကစားပါ။ သူ့အချိန်နဲ့သူ ရစ်သမ် မှန်နေရမယ်။ စကားခုန်စားခြင်းအားဖြင့် သွေးလှည့်ပတ်နှုန်းကောင်းပြီး ကျန်းမာနေမယ်။ ကောင်းကောင်း ကျန်းမာမှ စာလုပ်တဲ့နေရာမှာ ခွန်စိုက်အားစိုက် လုပ်နိုင်မယ်။ သွက်လက်ဖြတ်လတ်နေတဲ့ ဦးဏှောက်ဟာ ပိုပြီး မှတ်ဉာဏ်ကောင်းတယ်။

တစ်ချိန်လုံးထိုင်ပြီး စာချည်းကျက်နေတဲ့သူ ၃ နာရီလောက် ကျက်မှတ်တာနဲ့ ကစားခုန်စားက ပြန်လာပြီး စာကျက်တဲ့သူ တစ်နာရီလောက်ကျက်တာ စာရတာချင်း မတူဘူး။ ကစားခုန်စားပြီး ပျော်ရွှင်တက်ကြွနေတဲ့သူက စာပိုရတယ်။

နောက်ပြီး တစ်ချိန်မှာ တစ်ခုပဲလုပ်ပါ။ ကစားတဲ့အချိန်မှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ကစားပါ။ ဘာစာအကြောင်းမှ တွေးစရာမရှိဘူး။ စာကျက်နေတုံးဆို စာထဲမှာပဲ စိတ်ထားပါ။ ပါးစပ်ကသာ အော်နေတယ်။ စိတ်က တောင်တွေးမြောက်တွေး ဆိုရင် ဘယ်တော့မှ သေသေချာချာ စာရမှာမဟုတ်ဘူး။ အချိန်လည်း အရမ်းကုန်တယ်။ လူလည်း ပင်ပမ်းတယ်။

အဲဒါ အချိန်ကို ကောင်းကောင်း အသုံးချတာ။

ကျွန်တော် အချိန်ကိုဘယ်လိုသုံးသလဲ ပြောပြမယ်။

ကျွန်တော်တို့က စင်ကာပူမှာ မိုးလင်းကနေ မိုးချုပ်ထိ အလုပ်လုပ်ရတယ်။ ဒါနဲ့များတောင် စာအုပ်တွေကို ဘယ်လိုရေးသလဲလို့ မိတ်ဆွေတွေက မေးပါတယ်။ ၂၀၀၉ ကနေ ဒီနှစ်ထိ ကျွန်တော် စာအုပ် ၆ အုပ် ရေးထုတ်ပြီးပါပြီ။ ဒါတောင် ထုတ်မယ်ဆို နောက်ထပ် ၂ အုပ်လောက် ထုတ်စရာရှိပါသေးတယ်။ သိပ်မကြာခင် ထုတ်ဘို့ရှိပါတယ်။

ကျွန်တော်က အရေမရအဖတ်မရတွေနဲ့ လုံးဝ အချိန်မဖြုန်းပါဘူး။ ကျွန်တော့်မှာရှိသမျှ အချိန်တိုင်းကို တန်ဘိုးရှိရှိ အသုံးချပါ တယ်။ ကျွန်တော် အလုပ်ကို ရထားနဲ့သွားရတယ်။ ရထားပေါ်မှာ မိနစ် ၄၀ အချိန်ရတယ်။ အဲဒီအချိန်မှာ စာရေးတယ်။ ဒါမှ မဟုတ် စာဖတ်တယ်။ ကားစောင့်တဲ့အချိန်၊ ရထားစောင့်တဲ့ အချိန်တွေမှာ စာဖတ်တယ်။ အလုပ်ဆိုတာမှာလည်း တစ်ချိန်လုံး လုပ်နေရတာမဟုတ်ဘူး။ အားတဲ့အချိန်တွေ ရှိတယ်။ အဲဒီ အားတဲ့အချိန်တွေမှာ ကျွန်တော် စာရေးတယ်။

ညနေ အလုပ်ကပြန်ရောက်ရင် နာရီဝက် ပြေးတယ်။ ရေမိုးချိုး ထမင်းစားပြီး တခြားဘာမှ မလုပ်ဘူး။ သတင်းတွေဖတ်တယ်။ စာရေးဘို့ စာအုပ်တွေ စုတယ်။ ဖတ်တယ်။ နောက်ပြီး ရေးတယ်။ ရေးပြီး တခြားသူတွေကို ပြန်ဝေငှတယ်။ အဲဒါကြောင့် တစ်နေ့တစ်နေ့ကို ကျွန်တော် အလုပ် အများကြီးပြီးတယ်။

လူတိုင်းလူတိုင်း တစ်နေ့ကို ၂၄ နာရီ အညီအမျှရကြတာပဲ။ ဘယ်သူမှ ပိုပြီး ၂၅ နာရီမရဘူး။ ဒါပေမဲ့ အမေရိကန်သမ္မတ သုံးတဲ့ ၂၄ နာရီ၊ ကုန်သည်တစ်ယောက်သုံးတဲ့ ၂၄ နာရီ၊ ကုန်ထမ်းတဲ့သူတစ်ယောက်သုံးတဲ့ ၂၄ နာရီ တူပါ့မလား။ ဘယ်လိုမှ မတူနိုင်ဘူး။ လူချင်းတူပေမဲ့ သူတို့သုံးလိုက်တဲ့ အချိန်ရဲ့တန်ဘိုးတွေ ကွာသွားတယ်။ အချိန်ရဲ့တန်ဘိုးကွာတာနဲ့အမျှ သူတို့ပြန်ရတဲ့ အမြတ်အစွန်းလည်း အများကြီးကွာတယ်။ အဲဒါကြောင့် အချိန်ကို တန်ဘိုးရှိရှိ အသုံးချပါ။ မဖြုန်းပါနဲ့။

ကိုင်း၊ ဖြေတာလည်း တော်တော်ရှည်သွားပြီ။ အချိန်အကြောင်းက ပြောမယ်ဆို အများကြီးရှိပါတယ်။ ဒါပေမဲ့ ခုလောက် ဆိုရင်လည်း သဘောပေါက်ပါတယ်။ အရေးကြီးတာက သိရုံမဟုတ်ဘဲ တကယ်လက်တွေ့ လိုက်နာ လုပ်ဆောင်ဘို့ပါ။ ကျေးဇူးတင်ပါတယ်။

+++++++++++++++++++++++++++++

ဖောင်းတောအထကတွင် ဆရာမတစ်ဦးက ကျောင်းသားတွေထဲမှာ အဆင့် ၁ ကနေ ၁၀ အတွင်း ၀င်ဘို့ ပိုက်ဆံတတ်နိုင်တဲ့ သူတွေက ကျူရှင်တွေ ယူကြ၊ အပြိုင်အဆိုင်လုပ်ကြ လုပ်တဲ့အခါ ပိုက်ဆံမတတ်နိုင်တဲ့ကလေးတွေ မျက်နှာငယ်ရပါတယ်။ အဲဒါလေးပါ ပြောပေးပါ ဟု ဆို၏။

အဆင့် ၁ ကနေ ၁၀ အတွင်းဝင်ဘို့ ကြိုးစားတာ မမှားပါဘူး။ ဒါပေမဲ့ အဲသလိုရဘို့ သူ့ထက်ငါ အသည်းအသန် လုပ်နေတာ တော့ မဟုတ်သေးဘူး ထင်တယ်။ များသောအားဖြင့် လုပ်ကြတာ ကျောင်းသူကျောင်းသားတွေထက် မိဘတွေပါ။ နောက်ပြီး ဒီကစနစ်ကြီးကလည်း လွဲနေတယ်။

ခုပညာရေးစနစ်က မေးထားတဲ့ မေးခွန်းအတွက် ချပေးထားတဲ့အဖြေကို ၏သည်မရွေး ဖြေနိုင်တဲ့သူက အမှတ်အများဆုံး ရနေတယ်။ အဲသည်လို ၏သည်မရွေးဖြေနိုင်ဘို့ ကျောင်းသူကျောင်းသားတွေမှာ အသည်းအသန် ဒီအဖြေတစ်ခုတည်းကို ထပ်ခါတလဲလဲ ကျက်နေရတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ အဲသလိုဖြေရသလဲဆိုတာ သင်မပေးဘူး။ အဲဒါ အကြီးအကျယ်ကို လွဲနေ၊ မှားနေတာ။ ဒါပေမဲ့ မြန်မာတစ်ပြည်လုံးမှာ အဲဒီအတိုင်းဖြစ်နေတယ်။ အတော့်ကို စိတ်မကောင်းစရာပါ။

စာကျက်မှ ထိပ်ဆုံးရောက်မယ်ဆိုတော့ ကျောင်းသားတွေ တခြားဘာမှ စိတ်မ၀င်စားတော့ဘူး။ စာပဲကျက်တော့တယ်။ အတန်းထဲမှာ အမှတ်အများဆုံးရတာ ကောင်းပါတယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန် ရဘို့တော့လိုတယ်။ ၏သည်မရွေး ဖြေနိုင်တဲ့ သူထက် တကယ် အရည်အချင်းရှိတဲ့သူပဲ ထိပ်တန်းရောက်လာဘို့ ပိုသင့်ပါတယ်။

ပိုက်ဆံမရှိလို့ ကျူရှင်မတက်နိုင်တဲ့ကလေးတွေ 1 to 10 မ၀င်နိုင်ဘူးလို့ ဘယ်သူပြောသလဲ။ ကျွန်တော်လည်း ဆင်းရဲသားပဲ။ ဟို့တောကြိုအုံကြားထဲက လာခဲ့တာပါ။ ကျွန်တော်တို့ခေတ်တုံးက ကျူရှင်ဆိုတာ ကြားတောင် မကြားဖူးပါဘူး။ အပြင်စာအုပ် ဆိုတာဝေးလို့ ကျောင်းစာအုပ်တောင် အနိုင်နိုင်။ ဒီလိုပဲ ကျောင်းတက်ကြ။ စာကျက်ကြတာပါဘဲ။ ကျောင်းက စာကြည့်တိုက်ကို နေ့တိုင်းလိုလို ကျွန်တော်ရောက်တယ်။ ပန်းချီတို့ ကာတွန်းတို့လဲ ဆွဲလိုက်တာပဲ။ ဒါပေမဲ့ ကျွန်တော် စက်မှုတက္ကသိုလ် တက်ခဲ့ရတယ်။  

အဲဒီတော့ ကျူရှင်မတက်နိုင်တဲ့  တူ၊ တူမငယ်များကို ပြောလိုက်ပြစေ။ ကျူရှင်မတက်နိုင်လို့ ဘာမှ အားငယ်စရာမလိုဘူး။ ကျူရှင်မှာလည်း ကျောင်းကစာတွေပဲ သင်တာပဲ။ ကိုယ်က ကျောင်းကစာတွေကို သေသေချာချာ နားလည်ရင်၊ လိုက်နိုင်ရင် သူတို့လိုပဲ အမှတ်ကောင်းမှာပဲ။ အရေးကြီးတာက ကျောင်းစာကို သေသေချာချာ နားလည်ဘို့ပဲ။ နားမလည်ရင် ဆရာဆရာမကို မေးပါ။ နားမလည်တာကို မေးလို့ ဘယ်ဆရာဆရာမကမှ ရိုက်မလွှတ်ပါဘူး။ ဟုတ်တယ်မဟုတ်လား။ ကြိုးစားပါဗျာ။ ဘာမှ မဖြစ်နိုင်စရာ ဘာမှမရှိပါဘူး။

++++++++++++++++++++++++++++++++++

အုန်းပင်ကွင်း အထကတွင် ဆရာမတစ်ယောက်က ကျောင်းစာကြည့်တိုက်မှာ အမြဲသော့ခတ်ထားသဖြင့် သော့ဖွင့်ပေးဘို့ ပြောပေးပါဟု အရေးဆိုလာပါသည်။

ဤအတွက် ကျွန်တော်၊ ကိုစံပွင့်နှင့် မစုတို့ သုံးယောက်စလုံး ပြောလိုက်ပါသည်။ ကျောင်းတွင် စာကြည့်တိုက်ရှိနေရန် အရေးကြီးကြောင်း၊ စာကြည့်တိုက်ဖွင့်ချိန် သတ်မှတ်ပေးပြီး ကျောင်းသားများ စာဖတ်လာအောင် လုပ်ရန်လိုကြောင်း၊ စာအုပ်များကို ထိန်းသိမ်းရန်၊ စနစ်တကျ ငှားရမ်းပေးရန်၊ ကောင်းနိုးရာရာ စာအုပ်များ ၀ယ်ထည့်ပေးရန် စသည်ဖြင့် အတော် များပါသည်။

ဤသည်မှာ တနင်္သာရီတိုင်း ရေဖြူခရီးစဉ်အတွင်း ကျွန်တော် ပြုလုပ်ခဲ့၊ ပြောဆိုဆွေးနွေးခဲ့သမျှ အကုန် ဖြစ်၏။ အမေးအဖြေ ကဏ္ဍတွင် ဖတ်၍ကောင်းစေရန်နှင့် ပိုမိုပြည့်စုံစေရန် အချို့အချက်အလက်အနည်းငယ် ထပ်ဖြည့်ထားပါသည်။ ကျန်တာအားလုံး မူရင်းအတိုင်းဖြစ်၏။ ဓာတ်ပုံတွေပါ အပါအ၀င် စုစုပေါင်း A4 size ၄၃ မျက်နှာ ရှိပါသည်။
ကိုင်း မနေမနား ရေးလိုက်တာ အတော့်ကို လက်ညောင်းသွားပြီဗျို့။

ဒီမှာတင် တစ်ခန်းရပ်ကြပါစို့။

ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။


အေးငြိမ်း

၉ ဇန္န၀ါရီ၊ ၂၀၁၅။ ည ၉း၄၅ နာရီ

No comments: