Friday, March 14, 2025

KET (Key Employment Terms)

အလုပ်သမားသည် ကုမ္ပဏီ၌ အလုပ်ဝင်ပြီးနောက် ၁၄ ရက်အတောအတွင်း အလုပ်ရှင်အလုပ်သမား နှစ်ဦး သဘောတူ စာချုပ် (သို့) အလုပ်ခန့်စာ (သို့) ကန်ထရိုက်စာချုပ်ကို ရရမည်။ စာချုပ်သည် မူရင်းဖြစ်ရမည်။ အလုပ်ရှင်က လက်မှတ်ထိုးထားရမည်။​ ရက်စွဲ ပါရမည်။ စာချုပ်မှာ ကုမ္ပဏီ၌ မူရင်းတစ်စောင်၊ အလုပ်သမား၌ မူရင်းတစ်စောင်၊ စုစုပေါင်း မူရင်း နှစ်စောင် ဖြစ်၏။

 

ထိုအလုပ်ခန့်စာချုပ်၌ KET (Key Employment Terms) ပါရမည်။ 

(KET နမူနာကို screen shot ရိုက်ပြထားပါသည်။)

 

Key Employment Terms ၌ အောက်ပါအချက်များ ပါရမည်။ 

(အကယ်၍ ဝန်ထမ်းသည် PME (Professionals, Managers, Executives) ဖြစ်လျှင် အချိန်ပိုလုပ်အားခ ဆိုသည်မှာ ၎င်းတို့နှင့် အကျုံးမဝင်ပါ။ ထို့အတွက် ၎င်းတို့အတွက် ၁၁ နှင့် ၁၂ ကို ဖြုတ်ထားနိုင်သည်။)

 

၁။ အလုပ်ရှင်နာမည် အပြည့်အစုံ

၂။ အလုပ်သမားနာမည် အပြည့်အစုံ

၃။ အလုပ်သမား၏ ရာထူး၊ တာဝန်၊ ဝတ္တရားများ

၄။ အလုပ်စတင်ခန့်ထားသည့် ရက်စွဲ

၅။ အလုပ်ခန့်ထားသည့်ကာလ (အကယ်၍ ဝန်ထမ်းသည် ပုံသေကာလဖြင့် ခန့်ထားခြင်းဖြစ်လျှင်)

၆။ အလုပ်လုပ်ကိုင်မှု အစီအစဉ်၁၊ ဥပမာ - 

နေ့စဉ်အလုပ်လုပ်ရမည့် နာရီ (ဥပမာ - နံနက် ၈း၃၀ နာရီမှ ညနေ ၆ နာရီထိ)

တစ်ပတ်လျှင် အလုပ်လုပ်ရမည့်ရက်ပေါင်း - (ဥပမာ - ၆ ရက်)

နားရက် (ဥပမာ - စနေနေ့)

၇။ လခပေးသည့်ကာလ

၈။ အခြေခံလစာ (တစ်နာရီလုပ်ခ၊ တစ်ရက်လုပ်ခ (သို့) ပုတ်ပြတ်)

၉။ ပုံသေခံစားခွင့်

၁၀။ ပုံသေ ဖြတ်တောက်ခြင်းများ

၁၁။ အချိန်ပိုကြေးပေးသည့်ကာလ

၁၂။ အချိန်ပိုကြေးနှုန်းထား

၁၃။ အခြားခံစားခွင့်များ (နှစ်စဉ်ဆုကြေး (Bonus)၊ မက်လုံး (incentive))

၁၄။ ခွင့်အမျိုးအစားများ၊ ဥပမာ -

နှစ်စဉ်ခံစားခွင့် (Annual leave)

ဆေးခွင့် (Outpatient sick leave)

ဆေးရုံတက်ခွင့် (Hospitalisation leave)

ကိုယ်ဝန်ဆောင်ခွင့် (Maternity leave)

ကလေးစောင့်ရှောက်ရေးခွင့် (Childcare leave)

၁၅။ အခြားဆေးခံစားခွင့်များ

ဆေးအာမခံ

ဆေးခံစားခွင့်

သွားဘက်ဆိုင်ရာဆေးခံစားခွင့်

၁၆။ အစမ်းခန့်ကာလ

၁၇။ သတိပေးကာလ

၁၈။ (ထည့်လိုက ထပ်ထည့်နိုင်သည်။) အလုပ်လုပ်ရမည့်နေရာ

အကယ်၍ အလုပ်လုပ်ရမည့်နေရာသည် အလုပ်ရှင်၏လိပ်စာနှင့် မတူပါက အလုပ်လုပ်ရမည့်လိပ်စာကို ဖော်ပြသင့်သည်။

 

နားချိန်

နားချိန်မရှိဘဲ တဆက်တည်း ၆ နာရီထက်ပိုပြီး မလုပ်စေရ။

အကယ်၍ ၈ နာရီဆက်တိုက်လုပ်ရန် လိုပါက စားချိန်/နားချိန်ကို အနည်းဆုံး ၄၅ မိနစ် ပေးရမည်။

 

သာမန်အလုပ်ချိန်

သာမန်အလုပ်ချိန်ဟူသည် ကန်ထရိုက်စာချုပ်ထဲ၌ သဘောတူထားသော အခြေခံလစာနှင့် လုပ်ရသည့်အလုပ်ချိန် ဖြစ်၏။

 

အလုပ်လုပ်ခြင်း

အလုပ်ချိန်

တစ်ပတ်လျှင် ၅ ရက် (သို့) ထို့ထက်ပိုနည်း

တစ်နေ့လျှင် ၉ နာရီထိ (သို့) တစ်ပတ်လျှင် ၄၄ နာရီ

တစ်ပတ်လျှင် ၅ ရက်ထက်ပို

တစ်နေ့လျှင် ၈ နာရီထိ (သို့) တစ်ပတ်လျှင် ၄၄ နာရီ

 

အဆိုင်းနှင့်မဟုတ်ဘဲ တစ်နေ့လျှင် ၁၂ နာရီထိလုပ်ရလျှင် ၃ ပတ်ဆက်တိုက်အတွင်း တစ်ပတ်လျှင် ၄၄ နာရီထက် မပိုစေရ။ အကယ်၍ ထိုသို့လုပ်ရမည်ဆိုပါက အလုပ်လုပ်ချိန်နှင့် နားရက်များကို သင့်အား အသိပေးထားရမည်။ ထိုသို့လုပ်ရန် သင်က သဘောတူလက်မှတ် ရေးထိုးထားရမည်။ 

 

အချိန်ပိုကြေး

အချိန်ပိုဟူသည် သာမန်လခနှင့်လုပ်ရသော အလုပ်ချိန်ထက် ပိုလွန်သည့် အလုပ်ချိန်နာရီများကို ခေါ်၏။

အောက်ပါလုပ်သားများသည် အချိန်ပိုလုပ်အားခ တောင်းခံနိုင်၏။

၁။ လခ $၂၆၀၀ (သို့) တစ်နာရီလျှင် $၁၃.၆၀ နှင့် အောက် ရသော ကာယလုပ်သားမဟုတ်သူ

၂။ လခ $၄၅၀၀ နှင့် အောက် ရသော ကာယလုပ်သား

 

အချိန်ပိုလုပ်သည့်အခါ အနည်းဆုံး အခြေခံလစာ၏ ၁.၅ ဆ ပေးရမည်။ အချိန်ပိုလုပ်အားခကို လခထုတ်ရက်မှ ၁၄ ရက်အတွင်း ပေးရမည်။

 

လခထဲက တရားဝင် ဖြတ်ခွင့်ရှိသည်များ

Ø  အလုပ်မှ ပျက်ကွက်လျှင်

Ø  မိမိတာဝန်ယူထားသည့်ပစ္စည်းများ ပျက်စီးခြင်း၊ ငွေကြေးများ ဆုံးရှုံးခြင်း (ဖြတ်တောက်ခွင့်ရှိသော အခကြေးငွေသည် မိမိလခ၏ ၂၅% ထက်မပိုစေရ၊ တစ်ကြိမ်သာ ဖြတ်ခွင့်ရှိ၏။)

Ø  အိမ်ငှားပေးထားသည့် အခ

Ø  For supplying amenities and services

Ø  ကြိုတင်ထုတ်ယူထားသည့် လစာငွေများ၊ ချေးငွေများ၊ ပိုပေးမိသော လခများ၊ ဝင်ငွေမရှိသော အလုပ်ခန့်ထား ခြင်း ခံစားခွင့်များ (ကြိုထုတ်သည့် လစာနှင့် ချေးငွေကို ၁၂ လ အရစ်ကျစနစ်နှင့် ဖြတ်နိုင်သည်။ ပိုပေးမိသည့် လခများကို အားလုံးဖြတ်နိုင်သည်။)

Ø  CPF ထည့်ဝင်ငွေ

Ø  (သင်၏ သဘောတူညီချက်ဖြင့်) မှတ်ပုံတင်ထားသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပေးဆောင်ရန် ရှိသည်များ

 

အများဆုံးဖြတ်နိုင်သည့်ပမာဏ

ဖြတ်တောက်ငွေများသည် သင့်လခ၏ ထက်ဝက်ထက် ပိုမများစေရ။ သို့သော် အောက်ပါအချက်များအတွက်မူ ၅၀% ထက် ပိုဖြတ်နိုင်သည်။

§  အလုပ်ဆင်းရန် ပျက်ကွက်ခြင်း

§  ကြိုတင်ထုတ်ယူထားသည့် လစာငွေများ၊ ချေးငွေများ၊ ပိုပေးမိသော လခများ၊ ဝင်ငွေမရှိသော အလုပ်ခန့်ထား ခြင်း ခံစားခွင့်များ

§  မှတ်ပုံတင်ထားသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပေးဆောင်ရန် ရှိသည်များ

 

မည်သို့ပင်ဖြစ်စေ အကယ်၍ အလုပ်ဖြုတ်/အလုပ်ထွက်လိုက်ပြီဆိုပါကမူ စုစုပေါင်းဖြတ်တောက်ငွေသည် နောက်ဆုံးထုတ်လခ၏ ထက်ဝက် (၅၀%) ထက် ပိုများနိုင်၏။

 

နိုင်ငံခြားသား လုပ်သားများ၏ လခကို ဖြတ်တောက်ခြင်း


အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမား၏ လစာကို လျှော့ချခြင်း၊ တိုးခြင်း၊ ဖြတ်တောက်ခြင်းတို့ကို လုပ်လိုလျှင်  အောက်ပါအချက်များနှင့် ကိုက်ညီရမည်။

§  အလုပ်သမား၏ သဘောတူညီချက်လက်မှတ်

§  လခပြောင်းလဲထားသည်ဆိုခြင်းကို MOM သို့ သတင်းပို့ခြင်း

ဝပ်ပါမစ် ထုတ်မပေးသေးမီ အလုပ်ရှင်သည် အလုပ်သမား၏လစာကို ပြောင်းလဲခြင်း မပြုရ။

 

မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ လခထဲက ဖြတ်၍ မရသည်များ

၁။ ဝပ်ပါမစ်သက်တမ်းတိုးခ

၂။ Security bond

၃။ ဆေးအာမခံကြေး

၄။ မည်သည့်အကြောင်းကြောင့် ပြန်ပို့သည်ဖြစ်စေ၊ နေရပ်သို့ပြန်ပို့သည့် လေယာဉ်လက်မှတ်ခ

၅။ အစိုးရကတက်ခိုင်းသည့် မဖြစ်မနေတက်ရသော သင်တန်းကြေးများ

၆။ ဆေးကုသစရိတ်အားလုံး

၇။ လဲဗီးကြေး


https://www.mom.gov.sg/employment-practices/contract-of-service/key-employment-terms

 




 

 

အေးငြိမ်း

၁၃ မတ်လ၊ ၂၀၂၅

No comments: