စင်ကာပူတွင် အလုပ်သမားများကို ကူညီပေးနေသည့် အဖွဲ့ အတော်များများရှိရာ အချို့ကို သိသာရုံမျှ ဖော်ပြလိုက် ပါသည်။ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့များ၏ website များတွင် ဖတ်နိုင်ပါသည်။
၁။ HEALTHSERVE
စိတ်ဝင်စားစရာနှင့် စပါမည်။
ကျွန်ုပ်သည် နာလှသဖြင့် သွားများကို တစ်ချောင်းစီနှုတ်လာခဲ့ရာ ယခုနောက်ဆုံးနှုတ်တာ အပေါ်သွား ၂ ချောင်း ဖြစ်၏။ ထိုသွားနှစ်ချောင်းမှာ တကယ့် ဝါးရမည့်နေရာက သွားများဖြစ်သဖြင့် ထိုသွားများမရှိဘဲ ဝါးလို့ အဆင်မပြေ။ သို့နှင့် ပြန်စိုက်မည်ဟု Jurong Point ရှိ NTUC သွားဆေးခန်းမှာ သွားပြ။
ငင့် စ်
ခန့်မှန်းချေ တစ်ချောင်းကို ၂၅၀၀ လောက် ကုန်မယ်ဆိုပါလား။ နှစ်ချောင်းဆို ၅၀၀၀
နိမေဂလိန်း
၅၀၀၀ ဆို ရွှေ ၂ ကျပ်ခွဲသားလောက် ဝယ်လို့ရ၏။ သို့နှင့် ရက်တွေဘာတွေချိန်းပြီးမှ -
စိုက်ဘူးကွာ ဆိုပြီး ထိုရက်ချိန်းများကို cancel လုပ်လိုက်လေ၏။
အဟိ
သည်အတိုင်း ရှိသည့်သွားလေးနှင့် ပေပြီး ဝါးနေသော ဟူသတတ်။ လူစ်မိုက်
အရင်တစ်ခါကလည်း သွားကိုက်လို့ သွားပြပါတယ်ဆိုမှ သွားကိုတော့ နှုတ်မပေးဘဲ ဂျမ်းထလိမင့်ဆိုကာ ပါးစပ်ကြီး အသားကုန်ဖြဲလျက် တဗျီးဗျီးနှင့် grinding တိုက်လွှတ်လိုက်၏။ ပိုက်ဆံသာ ၁၀၀ ထွက်သွား၏။ သွားနာတာက မပျောက်။ ကတောက်စ်
ဆိုတော့ အလုပ်သမားများအတွက် ဝမ်းသာစရာ သတင်းကောင်းလေး ပါးပါအံ့။
ဟိုတစ်နေ့က ကျွန်ုပ်ရေးခဲ့သည့် PCP (Primary Care Plan) မရှိသည့် အလုပ်သမားများအတွက် HealthServe ရှိ၏။ ဖျားတာနာတာ ခေါင်းကိုက်တာ ဗိုက်နာတာအတွက် $8.00 ပဲ ပေးရမည်။ ဆီးချို၊ သွေးတိုး နာတာရှည်သမားများအတွက် $15 ပေးရမည်။
သွားနှင့် ပတ်သက်တာဆို သာမန်သွားပြဿနာများအတွက် $15 ပဲ ပေးရမည်။ အတန်ငယ် ရှုပ်ရှုပ်ထွေးထွေးဖြစ်လာပါက $30 ပဲ ပေးရမည်။ ဘုရားစူးရပါစေ့။ တကယ့်ကို ၁၅ ကျပ်ပဲပေးရပါသည် ဟု ထိုဆေးခန်းက ပြန်လာခဲ့သူက ဆို၏။
တည်နေရာမှာ -
1 Lorong 23, Geylang, Singapore 388352
အစိမ်းရောင်လိုင်း Aljunied MRT အနီး၌ရှိ၏။
ဖွင့်ချိန် ပိတ်ချိန်များနှင့် ဖုန်းနံပါတ်ကို Screen shot ပုံတွင်ကြည့်ပါ။
၂။ ACE
၂၀၂၀ အောက်တိုဘာလ ၁ ရက်နေ့က စကာ ACE (Assurance, Care and Engagement) ကို စတင်ခဲ့၏။ ရည်ရွယ်ချက် မှာ အလုပ်သမားဆောင်များ၌နေသည့် အလုပ်သမားများ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေရန် (A)၊ အလုပ်သမားများ ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကူအညီပေးနိုင်ရန် (C)၊ အလုပ်သမားများနှင့် (E) အခြား စင်ကာပူနိုင်ငံသား၊ အလုပ်သမားအဖွဲ့များ၊ အလုပ်ရှင်၊ အဆောင်အုပ်ချုပ်ရေးအဖွဲ့ စသည်တို့နှင့် ဆက်ဆံရေး စသည်တို့ ဖြစ်၏။
ထို့ပြင် ကိုဗစ်ကဲ့သို့သော ကူးစက်နိုင်သည့် ရောဂါများ ဖြစ်ပွားလာပါက ကောင်းစွာ ထိန်းချုပ်နိုင်စေရန်၊ အလုပ်ရှင် အလုပ်သမားအကြား လခမရသည့်ကိစ္စ၊ လျော်ကြေးမရသည့် ပြဿနာ စသည်တို့ကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးနိုင်ရန် တို့လည်း ပါ၏။ ACE ဖွဲ့စည်းရခြင်း၏ မူလရည်ရွယ်ချက်မှာ ကိုဗစ်ဖြစ်နေစဉ်ကာလက အလုပ်သမားပေါင်းများစွာ စုပေါင်းနေထိုင်သည့် အဆောင်များ၌ ကိုဗစ်ကူးစက်မှုကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ရန် ဖြစ်၏။
ACE အရာရှိများကို အလုပ်သမားဆောင်များ၌ ထားခြင်းဖြင့် MOM သည် အလုပ်သမားများ၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေနိုင်၏။ ACE သည် အလုပ်သမား၊ အလုပ်ရှင်၊ အလုပ်သမားဆောင်နှင့် NGO အဖွဲ့များ အကြား ecosystem တစ်ခုတည်ဆောက်ရန်ဟု ACE ဥက္ကဌက ပြော၏။
အလုပ်သမား ၁၀၀ နှင့် အထက် ရှိသောအဆောင်များတွင် ACE က လုပ်အားပေး အလုပ်သမား ကိုယ်စားလှယ်များ ထားပေး၏။ ၎င်းတို့ကို Friend of ACE (Face) ဟု ခေါ်၏။ ထိုလုပ်အားပေးများကို စိတ်ကျန်းမာရေးနှင့် ရှေးဦးသူနာပြု သင်တန်းများ ပေးထား၏။ ကိုဗစ်ကာလက ထိုလုပ်အားပေးများက လုပ်သားအသစ်များကို မည်ကဲ့သို့ ကိုဗစ်စမ်းသပ်မှု (ART – Antigen Rapid Test) ကူညီပြသပေး၏။
အဆောင်၌နေသူ အလုပ်သမားများသည် မိမိတို့ အခက်အခဲ ပြဿနာများကို ACE အဖွဲ့ဝင်များထံ ချဉ်းကပ် အကူအညီ တောင်းနိုင်၏။ ACE officer များမှာ ကျောကုန်း၌ ACE logo ပါ အပြာရောင် (သို့) ခဲရောင် တီရှပ်များ ဝတ်ဆင်ထား၏။
ACE က ပြုလုပ်သည့် ပွဲလမ်းသဘင်များကို ပါဝင်ဆင်နွှဲနိုင်ရန် ACE Facebook: https://www.facebook.com/ACEGroupSpore/ သို့ မကြာခဏ ဝင်ကြည့်နိုင်ပါသည်။
၃။ TADM
TADM ဟူသည် Tripartite Alliance for Dispute Management ဖြစ်၏။ အငြင်းပွားမှုစီမံရေး သုံးပွင့်ဆိုင်အဖွဲ့ ဖြစ်၏။ သုံးပွင့်ဆိုင်အဖွဲ့ဆိုသည်မှာ လုပ်သားအင်အားဝန်ကြီးဌာန Ministry of Manpower (MOM), National Trades Union Congress (NTUC) နှင့် Singapore National Employers Federation (SNEF) တို့ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်၏။
TADM က အောက်ပါတို့ကို ကူညီသည်။
Ø လခ၊ အချိန်ပိုကြေး စသည်တို့ကို အချိန်တိုင်အောင် မရသည့်ကိစ္စ
Ø မတရားသဖြင့် အလုပ်ဖြုတ်ခံရသည့် ကိစ္စ (Wrongful dismissals ဆိုသည်ကို MOM website တွင် အပြည့်အစုံ ဖတ်ကြည့်ပါ။)
Ø လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေးမရသည့်ကိစ္စ
Ø SingPass ကို ပြန်လည် Resetting လုပ်ခြင်း
Ø Appointment ယူခြင်း
Ø လခ၊ အချိန်ပိုကြေးမရခြင်းတို့အတွက် လျှောက်ထားခြင်း
TADM သည် MOM ရုံး Hall A ၌ ရှိ၏။ လိပ်စာမှာ 1500, Bendemeer Road, S(339946) ဖြစ်၏။
TACM အကြောင်း အသေးစိတ်ကို tadm.sg တွင် ဖတ်နိုင်ပါသည်။
၄။ HOME
HOME (Humanitarian Organization for Migration Economics) ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့၏။
HOME က အလုပ်သမားများ လခမရသည့်ကိစ္စ၊ အချိန်ပိုကြေးကို မှန်မှန်ကန်ကန် မရသည့်ကိစ္စ၊ လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာ ရသည့်အခါ နစ်နာကြေးမရသည့်ကိစ္စ၊ စိတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော် လည်းကောင်း မတရားလုပ်ခံရသည့်/စော်ကားခံရသည့်ကိစ္စ စသည်တို့ကို အကူအညီပေး၏။
HOME ၌ ကဏ္ဍသုံးရပ်ရှိရာ Welfare, Empowerment နှင့် Advocacy တို့ ဖြစ်၏။
၄၊ ၁။ Welfare
ဤအောက်တွင် ခေါင်းစဉ် ၄ ခုရှိ၏။
၁။ Help Desk - အလုပ်သမားများ ဥပဒေအရ ပေးအပ်ထားသော ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်ခံရလျှင် အကူအညီပေး၏။ (ဥပမာ - လခမရခြင်း၊ နစ်နာကြေးများ မရခြင်း၊ လုပ်သက်ခွင့် ဆေးခွင့်များ မရခြင်း)
၂။ Shelter - အလုပ်ရှင်နှင့်အဆင်မပြေ၍ ထွက်လာသူ အလုပ်သမားများအား (ဥပမာ - အိမ်အကူ) ထားပေးရန် လူ ၅၀ ဆန့် နေရာများ လုပ်ပေးထား၏။ တရားတဘောင်ဖြစ်သည့်အခါ ကိစ္စမပြီးပြတ်မချင်း ထိုနေရာများတွင် နေခွင့်ပြု၏။
၃။ Medical Treatment - ၎င်းတို့ထံ၌ နေထိုင်သူ အလုပ်သမားများအတွက် ပြင်ပလူနာ ဆေးကုသခွင့်၊ သွားဘက်ဆိုင်ရာ ဆေးကုသခွင့်များ ပေး၏။
၄။ Legal Aid - အလုပ်သမားများ ၎င်းတို့နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်ရနိုင်ရေးအတွက် ဥပဒေဘောင်အတွင်းမှအကူအညီပေး၏။
၄၊ ၂။ Empowerment
ဤခေါင်းစဉ်အောက်တွင် Home Academy ရှိပြီး အိမ်အကူလုပ်သားများအတွက် အင်္ဂလိပ်စာသင်တန်း၊ အခြေခံ ကွန်ပြူတာသင်တန်း၊ မုန့်ဖုတ်နည်း၊ အလှပြင်နည်း၊ လူကြီးသူမများစောင့်ရှောက်နည်း၊ ငွေကြေးဆိုင်ရာ အတွက်အချက် စသည့်သင်တန်းများ သင်ကြားပို့ချပေး၏။
၄၊ ၃။ Advocacy
Home သည် ဥပဒေအရ ရပိုင်ခွင့်ရှိသည့် အလုပ်သမားများ၏ အခွင့်အရေးများအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ် ပြီး အလုပ်သမားများ၏ အခြေအနေကို သိစေရန် အများပြည်သူ ပညာပေးခြင်းနှင့် လှုပ်ရှားမှုများ ပြုလုပ်ပေးနေ၏။ ဤနည်းအားဖြင့် အလုပ်သမားများ၏ နေထိုင်မှုအဆင့်အတန်း ပိုမိုမြင့်မားလာအောင် ပြုလုပ်နိုင်မည်ဟု မျှော်လင့် ထားပါသည်။ အလုပ်သမားများ၏ နေမှုထိုင်မှုကို ပိုမိုအတွင်းကျကျ သိမြင်လာရန်နှင့် ၎င်းတို့၏ လူနေမှုဘဝအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာနေ၏။ ထို့ပြင် အလုပ်သမားများ၏ နေမှုထိုင်မှုနှင့် အလုပ်ခန့်ထားမှုအပေါ် သုတေသနလည်း လုပ်လျက်ရှိ၏။
ဆက်သွယ်ရန်
အိမ်အကူမဟုတ်သူ အလုပ်သမားများ
ဖုန်း -6341 5535
လိပ်စာ - 495 Geylang Road, #02-01, Singapore 38945
ဖွင့်ချိန် - တနင်္လာမှ သောကြာ။ မနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ
အိမ်အကူများ
ဖုန်း - 9787 3122
လိပ်စာ -
၁။ 11 North Bridge Road, Peninsula Plaza, #04-32, Singapore 179098
၂။ 304 Orchard Road, Lucky Plaza, #06-22, Singapore 238863
၃။ 810 Geylang Road, City Plaza, #02-95, Singapore 409286
ဖွင့်ချိန် - တနင်္ဂနွေနေ့များတွင် ဖွင့်ပါသည်။
၅။ TWC2 (Transient Workers Count Too)
TWC2 website တွင် မြန်မာဘာသာနှင့်လည်း ဖတ်နိုင်ပါသည်။
HOME ကဲ့သို့ပင် TWC2 သည်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းပင် ဖြစ်၏။
ရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ရန် TWC2 ကို ၂၀၀၄ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့၏။
အလုပ်သမား ပြဿနာများကို TWC2 သည် MOM နှင့် နီးကပ်စွာ ပူးပေါင်း ဖြေရှင်းပေးခဲ့၏။ TWC2 သည် အလုပ်အကိုင် ဆိုင်ရာ ဥပဒေများကို ကောင်းစွာ သိနားလည်သဖြင့် ပြဿနာများကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းပေး၏။ ဥပမာ -
လခမရသည့် ကိစ္စ
စာချုပ်ပါအချက်အလက်များကို ချိုးဖောက်ခံရသည့် ကိစ္စ
ထိခိုက်ဒဏ်ရာရသည့်အခါ နစ်နာကြေးမရသည့် ကိစ္စ - စသည်တို့ ဖြစ်၏။
အသေးစိတ်ကို အောက်ဖော်ပြပါ link တွင် ဖတ်ကြည့်နိုင်ပါသည်။
https://twc2.org.sg/info-for-clients-2021/basic-info-burmese/
Transient
Workers Count Too
180B Bencoolen Street #09-01
The Bencoolen
Singapore 189648.
အနီးဆုံး MRT မှာ Down Town Line မှ DT13: Rochor MRT နှင့် DT22: Jalan Besar တို့ဖြစ်၏။ အစိမ်းရောင်လိုင်း EW12: Bugis ဘူတာမှ လမ်းလျှောက်သွားလျှင်လည်း မဝေးလှပါ။
ဖုန်း - 6297 7564
ဖွင့်ချိန် - တနင်္လာမှ သောကြာ။ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ
၆။ MWC (Migrant Workers’ Centre)
MWC ကို ၂၀၀၉ ခုနှစ်က NTUC နှင့် SNEF နှစ်ဖွဲ့ပေါင်းကာ ဖွဲ့စည်းခဲ့၏။ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်၏။ နိုင်ငံခြားသား အလုပ်သမားများ၏ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်၏။
ဖုန်း - 6536 2692
လိပ်စာ - 579, Serangoon Road, Singapore 218193
ဖွင့်ချိန် -
အင်္ဂါ မှ သောကြာ ထိ - မနက် ၉ နာရီမှ ည ၇ နာရီထိ
စနေ၊ တနင်္ဂနွေ - မနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ
အထက်ပါအချက်အလက်များမှာ ဒီနေရာမှာ ဒါတွေရှိတယ် ဟု သတင်းပေးရုံမျှဖြစ်ပြီး အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ website များ၌ ဖတ်နိုင်ပါသည်။
အခုတော့ ဒီမျှနှင့် ရပ်ပါမည်။
အခုတောင် တော်တော်ရှည်လှပြီ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁ မတ်လ၊ ၂၀၂၅ ခုနှစ်
No comments:
Post a Comment