Sunday, March 23, 2025

ကိုယ့်တာဝန်ကိုယ် ယူခြင်းသည် ကမ္ဘာလောကကြီး သာယာလှပအောင် ကူညီရာရောက်သည် ဆိုခြင်းအကြောင်း

ဟိုတစ်နေ့က ကျွန်ုပ်တို့ စာသင်ခန်းများ၌ အမှိုက်ကျန်ခဲ့သည့်ကိစ္စ ပြောဖြစ်ကြ၏။

အများကြီးတော့ မဟုတ်ပါ။ တခန်း၌ သင်သည့်စားပွဲပေါ်၌ တစ်သျှူးကျန်ခဲ့၏။

ကျွန်ုပ်အခန်း၌မူ အတော်ဆိုးပါသည်။ သွားကြားထိုးထားသည့် အတံလေး (dental floss) ကျန်ခဲ့ခြင်းဖြစ်၏။

တစ်သျှူးဟူသည် နှာခေါင်းနှင့်ပါးစပ်က ထွက်လာသည့် အရည်များကို သုတ်ထားတာဖြစ်၍ ညစ်ပတ်မည်။ မည်သူ ကိုင်ချင်ပါမည်နည်း။

သွားကြားထိုးတံဟူသည် သွားကြားထဲကို ထိုးထားသည့် အတံဖြစ်၍ ဒက်ဖနိတ်လီး ညစ်ပတ်မည်။ မည်သူ ကိုင်ချင်ပါမည်နည်း။

 


 ဤသည်မှာ ကိုယ့်တာဝန်ကိုယ်ယူခြင်း အစ်ရှူး ဖြစ်သတည်း။

 

(စာသင်ပြီးသွားသည့်အခါ အခန်းကို သန့်ရှင်းရေးလုပ်သူ ရှိ၏။ သူတို့ ဘယ်လိုသန့်ရှင်းရေးလုပ်သလဲ မသိပါ။ အခန်းကတော့ တိုးပြီး သန့်ရှင်းမသွားပါ။ ထို့ကြောင့်သာပင် သွားကြားထိုးတံနှင့် တစ်သျှူးတို့ ကျန်ခဲ့ခြင်း မဟုတ်ပါလော။)

 

အသင်တို့သည် ကိုယ့်တာဝန်ကိုယ် ယူခြင်းဖြင့် ကမ္ဘာလောကကြီး သာယာလှပအောင် ကူညီကြပါကုန်လော့။

အကယ်၍သာ ကိုယ့်တာဝန်ကိုယ် ယူမည်ဆိုပါက မနေ့က ပြောခဲ့သည့် အာပုပ်စော်နံသည့်ကိစ္စလည်း တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မည်။

 

တာဝန်ယူခြင်းသည် အတော်ကျယ်ပြန့်၏။

ကျွန်ုပ် အသက် ၁၄ နှစ်သားလောက်က မဂ္ဂဇင်းတစ်အုပ်ထဲ၌ “မဂျိုးကို ဘယ်လိုပြောရပါ့” ဟူသည့် ဝတ္ထုတိုတစ်ပုဒ် ဖတ်ခဲ့ရဖူးပါသည်။ မည်သူရေးမှန်း မမှတ်မိတော့ပါ။ ဝတ္ထုမှာ မိန်းမယူထားပြီး တာဝန်မယူသည့် ယောက်ျားတစ်ယောက် အကြောင်းဖြစ်မည် ထင်ပါသည်။ ဝတ္ထုကိုပင် ကောင်းကောင်း မမှတ်မိတော့သော်လည်း ထိုဝတ္ထုထဲ၌ပါသည့် စာကြောင်း လေးတစ်ကြောင်းကိုမူ အနှစ် ၅၀ လောက်ကြာသည့်တိုင် ရင်ထဲ စွဲကျန်နေပါသေးသည်။

“ယောက်ျားဆိုတာ လုပ်ပြီးရင် ကိုယ့်တာဝန်ကိုယ် ယူတတ်ရတယ်ကွ” ဟူသော စကား ဖြစ်၏။ ကျွန်တော်မမှားဘူး ဆိုလျင် ညီဖြစ်သူက သူ့အစ်ကို ကို ပြောတာဖြစ်၏။

 

ကျွန်ုပ်ကမူ သားကို ယောက်ျားကောင်းတို့ လက္ခဏာ၌ တာဝန်ယူတတ်ခြင်းလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း အမြဲ ပြောပြလေ့ရှိ၏။ လမ်းသွားသည့်အခါ၊ အလ္လာပ သလ္လာပ ပြောသည့်အခါ၊ အကြောင်းတစ်ခုခု ရှိသည့်အခါ ကြုံလျင် ကြုံသလို ပြောပြ၏။ လူဖြစ်လာလျင် ကိုယ့်တာဝန်ကိုယ် ယူတတ်ရမည်။ ကိုယ့်ကြောင့် တခြားသူ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရ။ ကိုယ့်ကြောင့် တခြားသူ အနှောက်အယှက် မဖြစ်စေရ။

 

စားပြီးသားပန်းကန်များကို ကိုယ့်ဘာသာ (ချက်ချင်း) ဆေးခြင်း၊ ကိုယ်စားသောက်ထားသည့် နေရာကို ကိုယ့်ဘာသာ သန့်ရှင်းရေး လုပ်ခြင်း၊ ကိုယ်တက်သွားသည့် အိမ်သာကို သေချာစွာ ရေလောင်းချ၊ ဆေးကြောခဲ့ခြင်း၊ အမှိုက်ကို ဟိုပစ် ဒီပစ် မပစ်ဘဲ အမှိုက်ပုံးထဲသို့သာ ပစ်ခြင်း၊ အပေါ့သွားသည့်အခါ ဆီးစက်များ ဟိုဟိုဒီဒီ မစင်စေဘဲ သေချာကျနစွာ ပန်းခြင်း (ရှေ့တိုးလျက် အနီးကပ်ပြီးပန်းပါ)၊ ပစ္စည်းများကို အသုံးပြုပြီးသည့်အခါ သူ့နေရာသူ နေရာတကျ ပြန်ထားခြင်း၊ AirCond, Water heater စသည်တို့ကို သုံးပြီး ကိုယ့်ဘာသာ ပြန်ပိတ်ခဲ့ခြင်း စသည်တို့သည် နေ့စဉ်လူနေမှုဘဝမှ ကိုယ့်တာဝန်ကိုယ် ယူခြင်းများ ဖြစ်၏။

 

ထို့ထက်ပိုအရေးကြီးသည်မှာ မိမိဘဝအတွက် တာဝန်ယူမှု ရှိတတ်ရခြင်း ဖြစ်၏။

မိဘများ၏ တာဝန်မှာ ကျောင်းထားပေးခြင်းဖြစ်၏။

သားသမီးများ၏ တာဝန်မှာ ကျောင်းတွင် သင်ကြားပေးသမျှ သေချာကျနစွာ လေ့လာ သင်ယူခြင်း ဖြစ်၏။

 

ကျောင်းသာတက်လာသည်၊ ဘာမှ သိမလာ တတ်မလာခဲ့ဆိုလျှင် အချိန်ကုန်ရကျိုး၊ ပိုက်ဆံကုန်ရကျိုး၊ ကျောင်းသွားရကျိုး နပ်ပါမည်လား။

ကျောင်းဆိုတာ မည်ကာမတ္တ သွားအချိန်ဖြုန်းနေရမည့် နေရာမဟုတ်။ ကျောင်းမှာ သိစရာ၊ မှတ်စရာ၊​ တတ်စရာတွေ အများကြီးရှိသည်။ ယူတတ်မည်ဆိုပါက လေ့လာစရာ သင်ယူစရာတွေ မကုန်နိုင်အောင်ရှိသည်။

ကျောင်းဆိုတာ စာတစ်ခုတည်း သင်ပေးတာမဟုတ်။ စာသင်တာကို အဓိကထားလျက် လူ့လောကမှာ နေနည်းထိုင်နည်း၊ လူတွေနှင့် ပေါင်းသင်းဆက်ဆံနည်း၊ ယဉ်ကျေးမှုဆိုတာ အဘယ်နည်း၊ လူတွေ၏ ဓလေ့ထုံးစံတွေက ဘာတွေ ဖြစ်သနည်း၊ အားလုံးပါသည်။

 

ငယ်စဉ်ဘဝတစ်လျှောက်လုံး ကျောင်း၌ အချိန်ကုန်စေခြင်းမှာ ဘာမှ လုပ်စရာမရှိ၍ ပြီးပြီးရောဆိုပြီး ပို့ထားခြင်းမဟုတ်။ လူကြီးတွေက အလုပ်လုပ်နေရသဖြင့် မအားလပ်သောကြောင့် ကျောင်းပို့ပြီး ခလေးထိန်း ထားခိုင်းခြင်းမဟုတ်။

အသက် ၁၈၊ ၂၀ ကျောင်းကထွက်ပြီး လူ့ဘဝထဲ စတင်ဝင်ရောက်လာသည့်အခါ လူ့လောကကို ဘယ်သို့ရင်ဆိုင်ရမည်၊ မိမိဘဝကို ဘယ်ကဲ့သို့ တည်ဆောက်ရမည်။ လူ့လောကကို ဘယ်လိုကောင်းကျိုးပြုရမည်၊ လူတကာက အော့ကြောလန် သူမဖြစ်အောင် ဘယ်လိုနေရမည်စသည် အားလုံးကို ကျောင်းမှာကတည်းက လေ့လာသင်ယူ၊​ လေ့ကျင့်သင်ကြား ပေးလိုက်ရမည်။ လေ့လာသင်ကြား လာခဲ့ကြရမည်။

 

ကျောင်းကထွက်လာပြီး များမကြာမီပင် အိမ်ထောင်ပြုကြတော့မည်။ အိမ်ထောင်ပြုသည့်အခါ လင်ဖြစ်စေ၊ မယားဖြစ်စေ အိမ်ထောင့်တာဝန်ကို ဒိုးတူဘောင်ဖက် ထမ်းရွက်ကြရမည်။ လင်သည်လည်း လင်အလျောက်၊ မယားသည်လည်း မယား အလျောက် တာဝန်ကျေပွန်ကြမှသာလျင် သာယာချမ်းမြေ့သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်မည်။

 

အိမ်ထောင်ပြုပြီဆို ကလေးကလည်း လိုချင်အုံးမည်။ ကလေးလိုချင်လျှင် ယူလို့ရပါသည်။ သို့သော် ကလေးယူပြီး ဒီအတိုင်း ပစ်ထားလို့မရ။ မိမိသားသမီးများကို လူတစ်လုံး သူတစ်လုံး ဖြစ်လာအောင် သားကောင်း သမီးကောင်း ကလေးများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဘို့ တာဝန်ရှိ၏။

 

ဤဒွန္နယာကြီးမှာ သားသမီးများ မွေးထားပြီး ငါ့လက်ကလွတ် ဗြွတ် လုပ်ထားသူတွေ အများကြီးရှိသည်။ ကျွန်ုပ် လက်တစ်ကမ်း၌ပင် ရှိပါသည်။ ကျွန်ုပ် လက်ကိုတံတွေးဆွတ်ကာ နားရွက်ကို အခုချက်ချင်း ဆွဲပြနိုင်ပါသည်။ ၎င်းတို့မှာ သားသမီးမွေးဘို့လောက်ပဲသိသည်။ ကိုယ့်သားသမီးကိုယ် ဘာတစ်ခုမှ တာဝန်မယူ။ အင်မတန် အံ့ဩစရာကောင်းသူများ ဖြစ်ပါပေ၏။

 

သားသမီးများကို လူတလုံးသူတလုံး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဘို့ဆိုတာ သိပ် လွယ်ကူလှသည့် အလုပ်မဟုတ်။ သို့အတွက် ကိုယ့်သားသမီးများကို လူလားမြောက်အောင် ဘယ်လိုပြုစုပျိုးထောင်ရမည်ကို လေ့လာ သင်ယူထားသင့်၏။ ဤနေရာမှာ မိဘများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလှ၏။ အကယ်၍သာ မိမိ၏ မိဘများက မိမိကို စနစ်တကျ ပြုစုပျိုးထောင်ပေးပါမူ မိမိက မိဘများ၏ သွန်သင်ဆုံးမမှုများကို အတုယူ မှတ်သားလို့ ရ၏။

 

ဖြစ်ကတတ်ဆန်းနေ၊ ဖြစ်ကတတ်ဆန်းစား၊ ဘဝကို ကဖြဲကရုန်းနှင့် နေသွားသည့် မိဘများ၏ သားသမီးများကား အင်မတန်မှ ကံဆိုးသူများ ဖြစ်တော့၏။ ထိုသားသမီးတို့သည် အဘယ်ကဲ့သို့ မိဘတို့၏ ပြုစုပျိုးထောင်မှုကို အတုယူရ ပါမည်နည်း။ ထိုသားသမီးများ မိဘဖြစ်လာသည့်အခါ ၎င်းတို့မွေးထားသည့် သားသမီးများကို အဘယ်ကဲ့သို့ ပြုစုပျိုးထောင် ပေးပါမည်နည်း။

 

နောက်တစ်ခုမှာ မိမိအလုပ်အတွက် တာဝန်ယူခြင်း ဖြစ်၏။

သည်အလုပ်လုပ်ဖို့ ကိုယ့်ကို လခပေးထားသည့်အတွက် ခိုင်းသည်ဖြစ်စေ၊ မခိုင်းသည်ဖြစ်စေ သည်လခနှင့် ထိုက်တန်အောင် လုပ်ပေးဘို့မှာ ကိုယ့်တာဝန်ဖြစ်၏။ သည့်အတွက် ကိုယ်ဘာလုပ်ရမည်ဆိုတာ သိထားရမည်။ သိအောင် လေ့လာရမည်။ မလုပ်တတ်လျှင် လုပ်တတ်အောင် လေ့လာသင်ကြားရမည်။ ဤသည်မှာ ကိုယ့်တာဝန် ဖြစ်၏။

 

စိတ်ပျက်စရာကောင်းသည်မှာ တန်ရာတန်ကြေး ပေးထားပါလျက် ဖြစ်ကတတ်ဆန်း လုပ်ပေးသွားတတ်သူများ ဖြစ်၏။ ထိုကဲ့သို့သောသူများနှင့် ကြုံရသူများမှာ များစွာ စိတ်ညစ်ရ၏။

 

တစ်ခါက ကျွန်တော့် အဲယားကွန်း မအေးတော့၍ မိတ်ဆွေတစ်ယောက်ညွှန်းသည့် အဲယားကွန်းသမားကို ခေါ် ပြင်၏။ အဲယားကွန်းမှ ယူနစ်တစ်ခုကို ဖြုတ်ပြလျက် ဒါမကောင်းဘူး၊ လဲရမယ်ဆိုသဖြင့် လဲပေ့ါဗျာဟု လဲခိုင်းလိုက်၏။ ပစ္စည်းအသစ်တပ်ပြီးတော့လည်း မအေး။ နောက်ပြီးတော့ အာ - ဘာဖြစ်လို့ဆိုလား ထပ်လုပ်ပြန်၏။ ဒါလည်း မအေး။ ကျွန်ုပ်မှာ နေရင်းထိုင်ရင်း စင်းဒေါ်လာ ၅၀၀ ခန့် ကုန်သွား၏။

 

နောက် အင်တာနက်ကရှာပြီး ကန်ထရိုက်တာတစ်ယောက်ကို ခေါ်တော့ ငင့် - နင့်အဲယားကွန်းကြီးက ဘယ်လိုနည်းနဲ့မှ အေးစရာအကြောင်းမရှိတော့ဘူး။ အသစ်လဲမှရမယ်။ အသစ်လဲချင်ရင် ဟောဒီမှာ ငါ့လိပ်စာ ဟု name card ပေးပြီး ပြန် သွား၏။

 

ကျွန်ုပ်မိတ်ဆွေ၏ အဲယားကွန်းသမားသည် သူမသိသည့်ကိစ္စကို မသိဘူး မပြောဘဲ ဟိုလုပ်ဒီလုပ်၊ စိတ်ထင်တာတွေ လျှောက်လုပ်၏။ အဲယားကွန်းမို့ တော်တော့သည်။ လူနာဆို မခက်ပါလား။ အဲလေ အဲသလို ပေါက်တတ်ကရတွေ လျှောက်လုပ်သည့် ဆရာဝန်များကြောင့် မသေသင့်ဘဲ သေကြရသည့် သတင်းများမှာလည်း မကြားချင်မှ အဆုံး။

 

မည်မျှတာဝန်မဲ့လိုက်ပါသနည်း။

 

တာဝန်ယူတတ်သူများချည်းသာဆိုလျှင် ဤကမ္ဘာလောကကြီး အတော့်ကို သာယာလှပါ သွားပေလိမ့်မည်။

အသင်သည် တာဝန်ယူတတ်သူဖြစ်ပါက နိုင်ငံ့သားကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မည်။

 

မင်းကွန်းဆရာတော်ဘုရားကြီးကတော့ “တာဝန်သိသူမှာ တာဝန်ရှိပါတယ်” ဆို၏။

 

အသင်တို့သည် တာဝန်သိသူများ၊ တာဝန်ယူတတ်သူများ ဖြစ်ကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၃ မတ်လ၊ ၂၀၂၅

နေ့ခင်း ၃း၀၃ နာရီ


No comments: