ကျွန်ုပ်ငယ်စဉ် သိုင်းဝတ္ထုတွေ ဖတ်တုံးက ထူးဆန်းသော သိုင်းကျင့်စဉ်တစ်ခု ပါ၏။ ထိုအရာကား အခြားမဟုတ်။ နံသမျှအရာအားလုံး၊ အပုပ်အစပ်အားလုံးကို အမြဲစားရ၏။ ထိုအခါ ဝမ်းတွင်း၌ အပုပ်နံ့များ ခိုအောင်းနေ၏။ တစ်ဦးနှင့် တစ်ဦးသိုင်းချသောအခါ အနှီသိုင်းဆရာကား လက်တွေခြေတွေ ဘာကိုးယိုးကားယားမှ အု၊ အ၊ ဒု၊ ခွ လုပ်နေစရာ မလို။ ခါးပါးလက်ထောက်လျက် ပါးစပ်ကို အသားကုန်ဖွင့်ကာ ဗိုက်ထဲမှ လေများအားလုံးကို မိမိ၏ရန်သူ မျက်နှာတည့်တည့်သို့ ဝူးကနဲ မှုတ်ထုတ်လိုက်ရ၏။ ထိုအခါ တစ်ဖက်ရန်သူမှာ ၎င်း၏ ခံတွင်းမှ ထွက်လာသော အနံ့ဆိုးကြီးကြောင့် မူးမေ့လဲကျ သေဆုံးရလေသော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
ကျွန်ုပ်က သင်တန်းပို့ချရတာဆိုတော့ (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) မ,တစ်ရာသားများနှင့် ဆက်ဆံရ၏။ အချို့တာဇံများမှာ ကိစ္စတစ်ခုခုရှိပြီဆိုလျင် ဖက်နမ်းတော့မတတ် အနားကပ်လာလေ၏။ ၎င်းတို့မှာ အာပုပ်စော်နံသူများ ဖြစ်ပါက ကျွန်ုပ်မှာ အလွန် ဒုက္ခရောက်၏။ ထို့ကြောင့် ကျွန်ုပ်ထံပါးမှ အနည်းဆုံး ၁ မီတာခွာပြီး ရပ်ကြရန် မေတ္တာရပ်ခံ ရ၏။ အာပုပ်စော်နံသူများကား စကားပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ပါးစပ်မှ အသက်ရှူထုတ်လိုက်လျင်ပင် အလွန် အင်မတန် နံလေတော့၏။
ကျွန်ုပ် တစ်ခုသတိထားမိသည်မှာ ကျွန်ုပ်တို့တိုင်းပြည်၏ အရှေ့မြောက်ဘက်၊ အိမ်နီးချင်း တိုင်းပြည်ကြီးမှ တာဇံများဆို အားလုံးလိုလို အာပုပ်စော် နံကြလေ၏။ ကျွန်ုပ်ထင်တာ မမှားဘူးဆိုလျှင် ၎င်းတို့သည် အထက်ဖော်ပြပါ သိုင်းဝတ္ထုထဲမှ ထို အနံ့ဆိုးဂိုဏ်းကြီး၏ ဂိုဏ်းဝင်များ ဖြစ်ဘို့ များ၏။ ကျွန်ုပ်မှာ မနက်မနက် အိပ်ယာမှ ထပြီဆိုလျှင် ထိုဂိုဏ်းဝင်များနှင့် မဆုံဆည်းရပါစေကြောင်း နှစ်ကျိပ်ရှစ်ဆူသော ဘုရားများကို ရှိခိုးကာ ဆု နာနာတောင်းရလေသောဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
လူနှင့်တိရစ္ဆာန် မတူသည့်အချက်မှာ လူများသည် အချင်းချင်း စကားပြောကြ၏။ (တိရစ္ဆာန်များသည်လည်း အချင်းချင်း စကားပြောချင် ပြောပေလိမ့်မည်။ သို့သော် လူများလောက်တော့ စကားမများဟု ထင်ပါသည်။ ထိုအကြောင်း မိန်းမ ရှိသူများ အသိဆုံး ဖြစ်ပါလိမ့်မည်။ အဟိ) လူများမူ တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေးအတွက် စကားပြောကြရ ၏။ စကားပြောသည် ဆိုရာ၌ပင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ မျက်နှာကို ကြည့်လျက် ပြောကြရတာ ဖြစ်၏။ (မယုံလျှင် သူစကားပြောနေတာ သူ့ကိုမကြည့်ဘဲ အသင် စာအုပ်ကို ကြည့်နေစမ်းပါ။ ဘာဖြစ်သွားမည်ဆိုတာ လက်ငင်း သိရမည်။)
အချို့သူများမှာ စကားပြောသည့်အခါ တံတွေးစင်သေး၏။ ထိုကဲ့သို့သော လူမျိုးများနှင့် တေ့တေ့ဆိုင်ဆိုင် စကား ပြောရသူများကား ဒုက္ခများလှတော့၏။ (လေးမျက်နှာမှ ကျွန်ုပ်အသိတစ်ဦးမှာ စကားကို ဟောင်ဖွာဟောင်ဖွာ ပြောတတ်၏။ အသံကျယ်သကဲ့သို့ သူ့စကားနောက်တွင် သူ့တံတွေးစက်များသည်လည်း ထက်ချပ်မကွာ လိုက်ပါလာ တတ်လေရာ သူစကားပြောသည့်အခါ ကျွန်ုပ်မှာ အကြောင်းတမျိုးမျိုးပြလျက် ခပ်ဝေးဝေးမှ နေရလေ၏။ ယခုခေတ်ကဲ့သို့ mask များ ခေတ်မစားသေးသည့် ထိုကာလက ထိုသူနှင့် စကားပြောရသည့် ကျွန်ုပ်ဒုက္ခကို အသင်တို့ စာနာမိပါလိမ့်မည်။)
သဗ္ပူရိသနွယ်ဝင် သူတော်စင်များ နေထိုင်ကြသည့် ကျွန်ုပ်တို့တိုင်းပြည်မှာ (ဤသည်မှာ ကျွန်ုပ်ပြောတာမဟုတ်၊ လော်ကြီးနှင့် အသားကုန်နင်းကန် အော်နေသံများကို နေ့နေ့ညည ကြားရဖန်များသဖြင့် ကျွန်ုပ် အလွတ်ရနေခြင်း ဖြစ်သတည်း။) အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်ရှိ သောက်ကျိုးနည်း လူဦးရေထူထပ်သည့် နိုင်ငံကြီး နှစ်နိုင်ငံ အကြား၌ ညပ်လျက်တည်ရှိ၏။ အရှေ့မြောက်သားနှင့် အနောက်တောင်သားတို့ကား ‘သူဟာအဖြူဆို ကိုယ်ဟာအမည်း’ ဟု လုံးလုံးကြီး ဆန့်ကျင်ဘက် ဖြစ်၏။ အရှေ့မြောက်သားတို့မှာ ခံတွင်းမှ အနံ့ထုတ်၏။ အနောက်တောင်သားတို့ကား ခန္ဓာကိုယ်မှ အနံ့ထုတ်၏။ ၎င်းတို့ လာနေသည်ကို ဟို့ တစ်ပြလောက်က သိနိုင်၏။ ၎င်းတို့ကား တမြန်မနေ့က ရေချိုးတုံးက တိုက်ခဲ့သည့် ဆပ်ပြာနံ့ကို ၁၀ မီတာလောက်က ရနိုင်လေ၏။
ခံတွင်းမှ အနံ့ဆိုးထွက်ခြင်းမှာ အကြောင်းနှစ်ခုကြောင့် ဖြစ်နိုင်၏။
ပထမတစ်ချက်မှာ ခံတွင်းကို မသန့်ရှင်းခြင်းဖြစ်၏။
စားစရာ သောက်စရာမှန်သမျှ ပါးစပ်က သွင်းကြရ၏။ (ကျွန်ုပ်ပြောတာမယုံလျှင် အသင်တို့ ဘီယာကို နားထဲ လောင်းချကြည့်ပါ။ လက်တွေ့သိရမည်။)
အစားအသောက်ဟူသမျှ စားစဉ်ခဏသာ အနံ့ကောင်း၏။ ကြာသည်နှင့်အမျှ အနံ့ဆိုးလာ၏။ ပါးစပ်ထဲ ရောက်သွားသည့် အစားအသောက်မှာ ပိုဆိုးသေးသည်။
ထို့ကြောင့် စားသောက်ပြီးနောက် ခံတွင်းကို ကောင်းစွာ သန့်ရှင်းရေးလုပ်ရန်လို၏။ အနည်းဆုံးတော့ ပါးစပ်များဆေး၊ ပလုပ်ကျင်း လုပ်သင့်၏။ ကျွန်ုပ်ကတော့ inter tooth brush နှင့် အကုန်ထိုးထုတ်ပစ်၏။ သွားတိုက်ပစ်၏။ လစ်စထရင်းနှင့် ပလုပ်ကျင်းပစ်၏။
ဒုတိယအကြောင်းတစ်ချက်က ပိုအရေးကြီး၏။
အသင်တို့ ဝမ်းချုပ်မခံပါနှင့်။ ဝမ်းချုပ်သည့်အခါ အာခံတွင်းမှထွက်လာသည့် အနံ့မှာ ဆိုးလှ၏။ ပါးစပ်ကို အလွယ်တကူ ဆေးလို့ရပေသိ ဝမ်းချုပ်၍ထွက်လာသည့် အနံ့ကိုမူ ဘာနှင့်မှ တားဆီးဖျောက်ဖျက်လို့ မရပါ။
ရှေးလူကြီးများက ဝမ်းချုပ်ခြင်းသည် ရောဂါအပေါင်းဖြစ်ရာ ဇစ်မြစ်ဖြစ်သည် ဆို၏။
ဝမ်းမှန်စေရန် ရေများများ သောက်ပါ။ သောက်ချင်သည်ဖြစ်စေ မသောက်ချင်သည်ဖြစ်စေ ရေကိုသောက်ပေးပါ။ မိန်းမကိုသာ မေ့ချင်မေ့ပါစေ။ ရေသောက်ဖို့ကို မမေ့ပါနှင့်။
အဲလေ ရေကိုဒီအတိုင်းသောက်ရတာ များများသောက်လို့ ရချင်မှ ရပါမည်။ ရေနွေးသောက်ပါ။ ကျွန်ုပ်ကတော့ ရေနွေးကို ဓာတ်ဘူးလေးနှင့်ထည့်ထားလျက် တစ်ခွက်ပြီးတစ်ခွက် မပြတ်သောက်၏။
နောက်ပြီး သင်္ဘောသီး၊ သရက်သီး၊ ငှက်ပျောသီးစသည့် အသီးအနှံများ စားပေးပါ။ ကွေကာအုတ်ကဲ့သို့ ပျော့သော အစာများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ရီကွန်မင်းဒတ် လေ့ကျင့်ခန်းက တစ်ပတ်လျှင် မိနစ် ၁၅၀ လုပ်ပါဆို၏။ ကျွန်ုပ်အတွက်မူ မိနစ် ၃၀၀ တောင်မကပါ။
ခံတွင်းမနံစေခြင်းသည် အများပြည်သူကို ကူညီရာ ရောက်ပါသည်။
သို့အတွက် ခံတွင်းမှ အနံ့အသက်များ မထွက်အောင် ဂရုစိုက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသတည်း။
(ကျုပ်တို့ဘက်တော့ ဆော်ကုန်ပြီဗျို့။ တော်လှန်ရေးရဲဘော်လေးတွေ ဘေးကင်းပါစေ။ AYoe တွေ၊ အကုန်မသာ ပေါ်ပါစေ။)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၀ မတ်လ၊ ၂၀၂၅
No comments:
Post a Comment