Ref:
https://www.mom.gov.sg/workplace-safety-and-health/work-injury-compensation
WICA ဟူသည် Work Injury Compensation Act ဖြစ်၏။
WICA အောက်တွင် မည်သူတို့ အကျုံးဝင်သနည်း
စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် လုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်၍ သေဆုံး (သို့) ထိခိုက်ဒဏ်ရာရ (သို့) လုပ်ငန်းကြောင့် ရောဂါတစ်ခုခု ရပါက နစ်နာကြေးတောင်းခံနိုင်၏။
မည်သည့်မတော်တဆမှုများအတွက် နစ်နာကြေး မည်မျှရမည်၊ နစ်နာကြေးတောင်းခံရန် မည်သည်တို့ လုပ်ဆောင်ရမည် ကို WICA ၌ ပြဋ္ဌာန်းထား၏။
ဤဥပဒေသည် မည်မျှလခရသည်ဖြစ်စေ၊ စင်ကာပူနိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသား အလုပ်သမားဖြစ်စေ၊ မည်သည့် နိုင်ငံသားဖြစ်စေ၊ မည်သည့်အသက်အရွယ်ဖြစ်စေ၊ ကန်ထရိုက်နှင့် အလုပ်လုပ်နေသူ၊ အလုပ်သင် စသည့် အလုပ်လုပ်နေသူ အားလုံးအတွက် အကြုံးဝင်၏။
အိမ်အကူများ၊ မိမိကိုယ်တိုင် အလုပ်ခန့်ထားသူ (ဥပမာ - ကိုယ်ပိုင်ထမင်းဆိုင်ဖွင့်ထားသူ)၊ ယူနီဖောင်ဝတ်ထားသူ (ဥပမာ - စစ်သား၊ ရဲ၊ မီးသတ် စသည်)၊ independent contractor စသူတို့ WICA အောက်တွင် အကြုံးမဝင်ပါ။ ဆိုလိုသည်မှာ အိမ်အကူသည် မတော်တဆမှုဖြစ်ပါက WICA ဥပဒေအရ လျော်ကြေးမတောင်းနိုင်ပါ။
အလုပ်ထဲ၌ အလုပ်သမားတစ်ဦးဦး သေဆုံးပါက ၎င်းကိုမှီခိုနေသူသည် အလုပ်သမားကိုယ်စား နစ်နာကြေး တောင်းခံနိုင်၏။
WICA အောက်တွင် မည်သည့်နစ်နာကြေးများ တောင်းခံနိုင်သနည်း
အလုပ်လုပ်နေစဉ် ထိခိုက်ဒဏ်ရာရခြင်း/သေခြင်း၊ အလုပ်ကြောင့် ရောဂါဘယဖြစ်ခြင်းများအတွက် နစ်နာကြေး တောင်းခံနိုင်၏။
အကယ်၍ အသင်သည် ကုမ္ပဏီအတွက် နိုင်ငံခြားတိုင်းပြည် တစ်ခုခု၌ အလုပ်လုပ်နေစဉ် ထိခိုက်ဒဏ်ရာရပါကလည်း နစ်နာကြေး တောင်းခံနိုင်၏။
မည်သည့် မတော်တဆမှုများအတွက် WICA အောက်မှ နစ်နာကြေး တောင်းခံ၍ မရသနည်း။
§ မိမိအိမ်မှ အလုပ်သို့ ကိုယ်ပိုင်ကား/မိတ်ဆွေ၏ကား/အများပြည်သူသုံးယာဉ်ဖြင့် သွားရာမှ ထိခိုက်ဒဏ်ရာရခြင်း
§ အလုပ်ချိန်အတွင်း မိမိကိုယ်ရေးကိုယ်တာကိစ္စဖြင့် အခြားတစ်နေရာသို့ သွားရာမှ မတော်တဆမှုဖြစ်ခြင်း
§ အရက်သေစာသောက်စားပြီး အလုပ်လုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း
§ မတော်တဆမှုဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း
§ ကုမ္ပဏီကခိုင်းသည့် အလုပ်မဟုတ်သော အခြားအလုပ်လုပ်စဉ် ထိခိုက်ဒဏ်ရာ ရခြင်း (ဥပမာ - အိမ်၌ ရေပိုက်ပြင်စဉ် လက်ကို ထုမိခြင်း)
မည်ကဲ့သို့သော နစ်နာကြေးများ တောင်းခံနိုင်သနည်း၊ မည်မျှရမည်နည်း
၁။ ဆေးကုသစရိတ် ခံစားခွင့်
အလုပ်ကြောင့်ဖြစ်သော မတော်တဆမှုများအတွက် ဆေးကုသစရိတ်ကို ကုမ္ပဏီက ကျခံရမည်။ ကုမ္ပဏီက ကျခံရမည့် ဤဆေးကုသစရိတ်မှာ အလုပ်သမားတစ်ဦးလျှင် မတော်တဆမှုတစ်ခုအတွက် အများဆုံး $45,000 ဖြစ်၏။ (သို့) မတော်တဆမှုဖြစ်သည့်ရက်မှ တစ်နှစ်အတွင်း ကုန်ကျသည့် ဆေးကုသစရိတ်။ ထိုနှစ်ခုအနက် နည်းရာတစ်ခု
၂။ တစ်သက်တာမသန်မစွမ်းဖြစ်မှု/သေဆုံးမှု အတွက် တလုံးတခဲတည်း ခံစားခွင့်
ခံစားခွင့်ရှိသော ငွေကြေးပမာဏမှာ အသက်၊ ခန္ဓာကိုယ်၏ ပျက်စီးသွားသည့် အစိတ်အပိုင်း စသည်တို့ပေါ် မူတည် တွက်ချက်၏။
အလုပ်သမား၏ အသက်မြှောက်ဖော်ကိန်း (ထိုမြှောက်ဖော်ကိန်းကို First Schedule: 2 – Table B ၌ ဖော်ပြထား၏။
ဥပမာအားဖြင့် -
သေသည့်အမှုအတွက် အသက် ၁၄ နှစ်အောက်ဆိုလျှင် ၁၃၆ ဖြင့်မြှောက်ရမည်။
တစ်သက်တာမသန်မစွမ်းအမှုဆိုလျှင် အသက် ၃၀ ဖြစ်ပါက ၁၆၄ ဖြင့် မြှောက်ရမည်။
တစ်သက်တာ မသန်မစွမ်းဖြစ်မှုအတွက် တလုံးတခဲတည်း လျော်ကြေးကို ဇန္နဝါရီလ ၁ ရက်၊ ၂၀၂၀ ခုနှစ်၌ ပြောင်းလဲ လိုက်ပါသည်။ အသစ်ပြောင်းလိုက်သော တလုံးတခဲတည်းခံစားခွင့်မှာ အောက်ပါအတိုင်းဖြစ်၏။
အနည်းဆုံး = $97,000 x % permanent incapacity
အများဆုံး = $289,000 x % permanent incapacity
သေဆုံးမှုအတွက် တလုံးတခဲတည်း လျော်ကြေးမှာ ဇန္နဝါရီလ ၁ ရက်၊ ၂၀၂၀ ခုနှစ်နောက်ပိုင်းအတွက် အနည်းဆုံး $76,000၊ အများဆုံး $225,000 ဖြစ်၏။
အထက်ဖော်ပြပါတန်ဘိုးများကို နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၅ တွင် အောက်ပါအတိုင်း ထပ်မံတိုးမြှင့်ပါမည်။
သေဆုံးမှု - $269,000
တစ်သက်တာ မသန်မစွမ်းဖြစ်မှုအတွက် တလုံးတခဲတည်း လျော်ကြေး - $346,000
ဆေးကုသစရိတ် ခံစားခွင့် - $53,000
၃။ ဆေးခွင့်ခံစားခွင့်
လခအပြည့်နှင့် ခံစားခွင့်ရှိသော ဆေးခွင့်ခံစားခွင့်မှာ တစ်နှစ်လျှင် ၁၄ ရက်
လခအပြည့်နှင့် ခံစားခွင့်ရှိသော ဆေးရုံတက်ခွင့်ခံစားခွင့်မှာ တစ်နှစ်လျှင် အရက် ၆၀
လခသုံးပုံနှစ်ပုံနှင့် ခံစားခွင့်ရှိသော ဆေးခွင့်ခံစားခွင့်မှာ ၁၅ ရက်မှ တစ်နှစ်အထိ
လခသုံးပုံနှစ်ပုံနှင့် ခံစားခွင့်ရှိသော ဆေးရုံတက်ခွင့်ခံစားခွင့်မှာ ၆၁ ရက်မှ တစ်နှစ်အထိ
Temporary incapacity ဆိုသည်မှာ ယာယီအလုပ်မလုပ်နိုင်ခြင်းကို ဆိုလို၏။
နစ်နာကြေးကို စတင်လျှောက်ထားသည်မှ ၈ လ - ၁ နှစ်အကြာတွင် ရပါမည်။ မည်မျှကြာမည် ဆိုခြင်းမှာ အသင့်ဒဏ်ရာ ဆေးကုသမှုပေါ် မူတည်ပါသည်။ ဆေးကုသမှု ရက်ရှည်လေ နစ်နာကြေးရမည့်ကာလ ကြာလေ ဖြစ်ပါသည်။
MOM က နစ်နာကြေးမည်မျှရမည်ကို စာပို့လာပါလိမ့်မည်။ ထိုစာရွက်ပေါ်တွင် အသင်က သဘောတူညီကြောင်း လက်မှတ်ထိုး၍ ပြန်တင်လိုက်ပါက ၂၁ ရက်အတွင်း လျော်ကြေးငွေပိုက်ဆံ ရပါလိမ့်မည်။
ထိခိုက်ဒဏ်ရာရမှုအတွက် နစ်နာကြေးကို WICA အောက်တွင် တောင်းနိုင်သလို ရှေ့နေငှားပြီး ကုမ္ပဏီကို တရားစွဲလျက် လည်း တောင်းခံနိုင်၏။ WICA အောက်တွင် တောင်းခံခြင်းမှာ ရိုးရှင်းပါသည်။ နစ်နာကြေး ကိစ္စအဝဝကို ကုမ္ပဏီ၊ MOM နှင့် အာမခံကုမ္ပဏီတို့က ဆောင်ရွက်သွားပါလိမ့်မည်။ နစ်နာကြေးကို WICA ဥပဒေ၌ ပြဋ္ဌာန်းထားသည့်အတိုင်း တွက်ပေး ပါလိမ့်မည်။
ရှေ့နေငှားပြီး ကုမ္ပဏီကို တရားစွဲခြင်းမှာ ဤမျှလောက် မရိုးစင်းပါ။ သို့တိုင် အချို့သော သူတို့မှာ ဤလမ်းကို ရွေးလျက် ရှိပါသေး၏။
မည်သည့်နည်းလမ်းကို ရွေးမည်ဆိုခြင်းမှာ အသင်တို့အပေါ် မူတည်ပါသည်။
မှတ်ချက်။
WICA ဥပဒေမှာ အတော်ရှုပ်သလို အတော်လည်း များပါသည်။ သာမန်အားဖြင့် နားလည်ရခက်လှ၏။
ယခု ကျွန်ုပ်ဖော်ပြထားသည်မှာ အလွယ်ဆုံးနှင့် အရှင်းဆုံးဖြစ်အောင် ပြင်ရေးထားသမျှသာ ဖြစ်ပါ၏။
အသေးစိတ်သိလိုသူများ WICA ကို ဖတ်ကြည့်နိုင်ပါ၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၇ မတ်လ၊ ၂၀၂၅
ည ၁၀း၃၅ နာရီ
No comments:
Post a Comment