Thursday, June 13, 2019

စွမ်းအင်နှင့် အန္တရာယ်

၁။ နိဒါန်း

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် လျှပ်စစ်လုပ်သားများ ဓာတ်တိုင်ပေါ်တွင် အလုပ်လုပ်ရင်း ဓာတ်လိုက်၍ သေကြရသည့်သတင်းများကို ခပ်စိပ်စိပ် ဖတ်လာရပါသည်။ ယခင်တုံးကလည်း ကွန်ကရိဖျော်သည့်စက်အတွင်း လုပ်သားနှစ်ဦး ကွန်ကရိချိုးဝင်ခွာနေစဉ် ခလုတ်ဖွင့်သဖြင့် စက်ညပ်သေခဲ့ပါသေးသည်။ အလွန်ဝမ်းနည်းစရာ ကောင်းလှ၏။

ဤသည်မှာ စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် မသေသင့်ဘဲ သေကြရသည့် မတော်တဆမှုများ ဖြစ်၏။ အလုပ်ကို စနစ်တကျ လုပ်တတ်လျှင်၊ လက်တွေ့လည်း လိုက်နာလုပ်ဆောင်ကြမည်ဆိုလျှင် ဤကဲ့သို့သော မတော်တဆမှုများ မဖြစ်အောင် တားဆီးနိုင်၏။

နေ့စဉ်အလုပ်လုပ်နေရသော ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် စွမ်းအင်များ ပတ်လည်ဝိုင်းလျက်ရှိ၏။ စီးပွားရေးလုပ်ငန်းအတွက် စွမ်းအင်သည် မရှိမဖြစ်လိုအပ်၏။ စွမ်းအင်သည် မီးကဲ့သို့ပင် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်၏။ မမျှော်လင့်ဘဲနှင့် လည်း ဒုက္ခပေးနိုင်၏။

အောက်ပါတစ်ခုခုကြောင့် ထိုစွမ်းအင်များ၏ အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်၏။

v  လျှပ်စစ်မီးလိုင်းများတွင် အလုပ်လုပ်ခြင်း
v  မမျှော်လင့်ဘဲ ရုတ်တရက်စတင်လည်ပတ်နိုင်သော စက်များအား ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ခြင်း
v  ပြုပြင်ထိန်းသိမ်းမှုပြုလုပ်နေသော စက်ကိရိယာမျာအနီး၌ အလုပ်လုပ်နေခြင်း
v  စက်အဖုံးအကာများအား ဖြုတ်ခြင်း
v  အန္တရာယ်ကင်းလုပ်ငန်းအစီအစဉ် (Safe Work Procedure) များကို လိုက်နာရန် ပျက်ကွက်ခြင်း

ဤအန္တရာယ်များမဖြစ်စေရန် လိုက်နာရမည့် အန္တရာယ်ကင်းရေးစည်းမျဉ်းကို အင်္ဂလိပ်လို Log Out Tag Out Safety (အတိုကောက် LOTO) ဟုခေါ်၏။

ယခု ဤ LOTO အကြောင်း ရှင်းပြပါမည်။ သေသေချာချာ နားလည်သဘောပေါက်အောင် လေ့လာကြ၍ လက်တွေ့လည်း လိုက်နာ လုပ်ဆောင်ကြပါမည့်အကြောင်း တိုက်တွန်းလိုက်ပါသည်။

၂။ စွမ်းအင် နှင့် အန္တရာယ်

အလုပ်တစ်ခုလုပ်ရန် လိုအပ်သောစွမ်းအားကို စွမ်းအင်ဟု ခေါ်၏။ စွမ်းအင်တွင် အတည်စွမ်းအင် (potential energy) နှင့် အရွေ့စွမ်းအင် (kinetic energy) ဟု နှစ်မျိုးရှိ၏။ စားပွဲအစွန်း၌ရှိသော ဘောလုံး၊ ပြုတ်ကျလုဆဲဆဲ မိုးစက်၊ လေးတွင် တင်ထားသော မြား၊ သစ်ကိုင်းပေါ်မှာ နားနေသောငှက်၊ တန်းလန်းဆွဲထားသော ဝန်၊ ဖိနှိပ်ထားသော စပရင်၊ ဖိအားမြင့်လေ စသည်တို့မှာ အတည်စွမ်းအင် နမူနာများ ဖြစ်၏။ စားပွဲစွန်းမှ ဘောလုံးကို ထိလိုက်သော် အောက်သို့ပြုတ်ကျလာ၏။ ထိုအခါ အတည်စွမ်းအင်မှ အရွေ့စွမ်းအင်သို့ ပြောင်းသွား၏။ ဥပမာ အနေနှင့် အောက်ပါပုံကို ကြည့်ပါ။



ခလုတ်ပိတ်ထားပြီး မီးဝင်နေသောလျှပ်စစ်ကြိုးသည်လည်း အလားတူပင် စွမ်းအင်ရှိနေ၏။ ခလုတ်ကိုဖွင့်လိုက်သည့်အခါ လျှပ်စစ် စီးလာပြီး စက်များလည်ပတ်နိုင်သည်။ မီးလုံးများလင်းလာသည်။ ထိုအချိန်တွင် လူသည် ထိုမီးကြိုးနှင့်ထိနေလျှင် လူခန္ဓာကိုယ် အတွင်းသို့ လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သည်။ လျှပ်စစ်ပြင်းအားများလျှင် အသက်အန္တရာယ်ပင် ဆုံးရှုံးနိုင်၏။


စွမ်းအင်အမျိုးအစားများ

စွမ်းအင်
နမူနာ
ဓာတုစွမ်းအင်
ဓာတ်ဆီ၊ ဒီဇယ်ကဲ့သို့သော အရည်များ၊ မီသိန်း၊ သဘာဝဓာတ်ငွေ့ကဲ့သို့ အငွေ့များ၊ ဓာတ်မြေသြဇာကဲ့သို့ အစိုင်အခဲများ
လျှပ်စစ်စွမ်းအင်
အေစီလျှပ်စစ်၊ ဒီစီလျှပ်စစ်၊ အိမ်သုံး၊ စက်မှုလုပ်ငန်းသုံး၊ လမ်းမီး၊ မော်တာ၊ ထရန်စဖော်မာ၊ အင်ဗာတာ စသည်
မြေဆွဲအား
မြှောက်ထားသော ဝန်များ၊ အစွန်း၌ရှိနေသော ပစ္စည်းများ၊ အမြင့်တစ်နေရာရှိ လူ
ဟိုက်ဒြောလစ်
ဟိုက်ဒြောလစ်ပန့်များ၊ ပိုက်များ၊ ဗားများ၊ ဖောက်ကလစ်၊ power press, injection molding machine, etc.
စက်မှုစွမ်းအင်
အင်ဂျင်များ၊ တာဘိုင်များ၊ လည်နေသော ဘီးများ၊ ခါးပတ်ကြိုး၊ ချိန်းကြိုးများ၊ ဖိထားသော စပရင်များ စသည်
လေဖိအား
လေဖိအားမြင့်အိုးများ၊ တိုင်ကီများ၊ ဗားများ၊ ပိုက်များ၊ နော်ဇယ်များ စသည်
ဓာတ်ရောင်ခြည်
အိတ်စ်ရေး၊ ဂမ်မာရေး၊ အနီအောက်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်၊ မိုက်ခရိုဝေ့ဖ်၊ လေဆာရောင်ခြည် ionizing rediation, non-ionizing radiation စသည်
အပူစွမ်းအင်
မီး၊ မီးပူ၊ ရေနွေးငွေ့၊ ရေးနွေးပိုက်၊ ရေနွေးအိုး စသည်

စွမ်းအင်သည် အသွင်တစ်မျိုးမှ နောက်တစ်မျိုးသို့ ပြောင်းနိုင်၏။ ဤသို့စွမ်းအင် အသွင်ပြောင်းခြင်းဖြင့် လူတို့လိုအပ်ချက်များကို ဖန်တီးယူနိုင်သည်။ ဥပမာ - လျှပ်စစ်မီးဖိုသည် လျှပ်စစ်စွမ်းအင်ကို အပူစွမ်းအင်သို့ ပြောင်းပေးသည်။ မော်တာသည် လျှပ်စစ် စွမ်းအင် မှ စက်မှုစွမ်းအင်သို့ ပြောင်းပေးသည်။

သို့ဆိုလျှင် စွမ်းအင်သည် အန္တရာယ်ကို မည်ကဲ့သို့ ဖြစ်စေနိုင်သနည်း။

အောက်ပါတို့မှာ ထိုစွမ်းအင်တို့ကြောင့် ဖြစ်နိုင်သော အန္တရာယ်များဖြစ်ပါသည်။ (အားလုံးမဟုတ်ပါ။ နမူနာမျှသာ ဖြစ်ပါသည်။)

v  ဖိအားမြင့်လေဖြင့် အလုပ်လုပ်နေစဉ် ပိုက်အဆက်ပြုတ်၍ အနီးရှိလူများကို ရိုက်မိခြင်း
v  ဖိအားမြင့်လေဖြင့် မတော်တဆ တစ်ဦးဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိုးမိခြင်း
v  လည်နေသော စက်အစိတ်အပိုင်းများအကြား ညပ်မိခြင်း
v  ရွေ့လျားနေသော ခါးပတ်ကြိုးများအကြား ညပ်မိခြင်း
v  ရွေ့လျား/လည်ပတ်နေသော စက်အစိတ်အပိုင်းများနှင့် ရိုက်မိခြင်း
v  လျှပ်စစ်ဓာတ်အားလိုင်းတွင် အလုပ်လုပ်နေစဉ် မီးလွှတ်သဖြင့် ဓာတ်လိုက်ခြင်း
v  ရေနွေးငွေ့ပိုက်လိုင်းတွင် အလုပ်လုပ်နေစဉ် မတော်တဆ ပိုက်လိုင်းပွင့်ခြင်း၊ ဗားပွင့်ခြင်း၊ မတော်တဆ ရေနွေးလွှတ်မိခြင်း စသည်
v  ဟိုက်ဒြောလစ်ဂျိုက်ဖြင့် ထောက်ထားစဉ် ဂျိုက်ပြုတ်ကျ၍ ညပ်မိခြင်း


၃။ အန္တရာယ်ရှိသော စွမ်းအင်ကို ထိန်းချုပ်ခြင်း

စွမ်းအင်ကြောင့် အန္တရာယ်မဖြစ်စေရန် စွမ်းအင်ထုတ်လွှတ်ရာနေရာနှင့် အလုပ်လုပ်နေရာနေရာတို့ကို အဆက်ဖြတ်ထားရန်မှာ လွန်စွာ အရေးကြီးပေသည်။ ထိုကဲ့သို့အဆက်ဖြတ်ရန် အောက်ပါအဆင့်များအလိုက် လုပ်ဆောင်ရမည်။

၁။ စွမ်းအင်ထုတ်လွှတ်ရာပင်ရင်းနေရာနှင့် ထိုစွမ်းအင်ကို အဆက်ဖြတ်နိုင်သည့် ကိရိယာများကို ရှာပါ။
၂။ ကိုင်တွယ်မည့်ပစ္စည်းမှ စွမ်းအင်အားလုံးကို စွန့်ထုတ်/လျှော့ချပစ်ပါ။
၃။ စွမ်းအင်အဆက်ဖြတ်ကိရိယာကို အန္တရာယ်အကင်းဆုံးဖြစ်စေရန် ခိုင်ခိုင်မြဲမြဲတပ်ဆင်ပါ။
၎။ အဆက်မဖြတ်နိုင်သော စွမ်းအင်များကို အခြားနေရာများသို့ရောက်အောင် ဖြန့်ထား (သို့) ထိန်းချုပ်ထားပါ။
၅။ အဆက်ဖြတ်ပြီးကြောင်း သေချာ/မသေချာ စေ့စေ့စပ်စပ် ပြန်စစ်ဆေးအတည်ပြုပါ။

၃၊ ၁။ စွမ်းအင်ထုတ်လွှတ်ရာပင်ရင်းနေရာနှင့် ထိုစွမ်းအင်ကို အဆက်ဖြတ်နိုင်သည့် ကိရိယာများကို ရှာပါ။

မိမိလုပ်ငန်းခွင်မှ မည်သည့်စက်ကိရိယာကို ပြင်ဆင် (သို့) ပြုပြင်မွမ်းမံမည်ကို ရှာပါ။ ထို့နောက် ထိုစက်တွင်ရှိသည့် တစ်နည်း အားဖြင့် ထိုစက်ကိုလည်ပတ်ပေးနေသည့် စွမ်းအင်ကို ရှာပါ။ ထိုစွမ်းအင်သည် တစ်မျိုးမက ရှိနေနိုင်သည်။ စက်မှ စွမ်းအင် အားလုံးထုတ်ပြီးသည့်တိုင် (သို့) စွမ်းအင်ထုတ်ပေးရာနေရာနှင့် အဆက်ဖြတ်ပြီးသည့်တိုင် အချို့စွမ်းအင်များ ကျန်နေနိုင် သေးသည်ကို သတိပြုပါ။

ဥပမာ -

လွှစက်မှ လွှသွားအဝိုင်းပြားကို လဲမည် ဆိုပါစို့။
ထိုလွှစက်ကို လျှပ်စစ်ဖြင့်မောင်းသော မော်တာဖြင့် လည်သည်။
ထိုကြောင့် မော်တာဖြင့်ချိတ်ဆက်ထားသော လွှစက် (စက်မှုစွမ်းအင်) ကတစ်ခု။
မော်တာကိုမောင်းသော လျှပ်စစ်စွမ်းအင်က တစ်ခု - စွမ်းအင်နှစ်ခုရှိ၏။



လွှစက်မှ စက်မှုစွမ်းအင်ကိုဖြတ်တောက်ရန် လွှစက်လုံးဝရပ်သွားသည်ထိ စောင့်ပါ။ လွှဝိုင်းလဲရန် သော့ (lock) ပါပါက ထို lock ကို ချထားပါ။
လျှပ်စစ်စွမ်းအင်ကို ဖြတ်တောက်ရန်မှာ လွှစက်၏ မိန်းခလုတ်ဖြစ်၏။

၃၊ ၂။ ကိုင်တွယ်မည့်ပစ္စည်းမှ စွမ်းအင်အားလုံးကို စွန့်ထုတ်/လျှော့ချပစ်ပါ။

စက်ကိုလုံးဝပိတ်ထားပါ။ လျှပ်စစ်ဖြစ်လျှင် မိန်းခလုတ်ကိုချပါ။
စက်များမှ ရပ်ခလုတ် (stop switch) သို့မဟုတ် ဖွင့်၊ ရပ်ခလုတ်များ (On/Off switch) သည် စက်ကို စတင်လည်ပတ်ရန်၊ ရပ်ရန် အတွက်သာဖြစ်ပြီး စွမ်းအင်ကို အဆက်ဖြတ်ထားခြင်းမဟုတ်။ စွမ်းအင်ကို လုံးဝအဆက်ဖြတ်ထားရန်မှာ မိန်းခလုတ်ကို ချထားရ မည် ဖြစ်၏။

စွမ်းအင်ကို မည်ကဲ့သို့အဆက်ဖြတ်မည်၊ စွန့်ထုတ်/လျှော့ချပစ်ရမည်ဆိုသည်မှာ စက်အမျိုးအစားပေါ်မူတည်၍ ကွဲပြားသွားပါသည်။ အကယ်၍ လေဖိအားစက်ဖြစ်ပါက လက်ဖြင့် ပိတ်ရသော ဗားကို ပိတ်ထားပါ။ အကယ်၍ လျှပ်စစ်မော်တာဖြစ်ပါက လက်ဖြင့် ချရသည့် ဘရိတ်ကာကို ချထားခြင်းဖြစ်၏။ အော်တိုခလုတ်များမသုံးရ။ လက်ဖြင့်ချရသော ဗား/ခလုတ် (manually operated valve/switches) များကိုသာသုံးပါ။

စွမ်းအင်အဆက်ဖြတ်မည့် ကိရိယာများမှာ အောက်ပါတို့ ဖြစ်နိုင်ပါသည်။

v  အဆက်ဖြတ်ခလုတ်များ (Main disconnect switches)
v  လိုင်းထဲမှ ဗားများ (Line valves)
v  လက်ဖြင့် ဖွင့်/ပိတ်ရသော လျှပ်စစ်ဘရိတ်ကာများ (Manually operated electrical circuit breakers)
v  မူလီစွဲထားသော ဘလိုင်းဖလန်းများ (Bolted blank flanges)
v  မူလီစွဲထားသော စလစ်ဘလိုင်းများ (Bolted slip blinds)
v  ကြမ်းတုံးများ (ကားများနောက်ပြန်မလိမ့်စေရန် ခုထားသော သစ်သားကြမ်းတုံးများကဲ့သို့) (Safety blocks)
v  စွမ်းအင်မလာနိုင်စေရန် ဖြတ်တောက်၊ ပိတ်ဆို့ထားနိုင်သော အလားတူ ကိရိယာများ (Any similar device used to block or isolate energy)




နမူနာ စွမ်းအင် အဆက်ဖြတ်ကိရိယာများ




စက်ပစ္စည်းမှ စွမ်းအင်ကို လျှော့ချဖယ်ထုတ်ခြင်းအတွက် အန္တရာယ်ကင်းရေး အလေ့အထ

v  စက်ကို စွမ်းအင်ပင်ရင်းမှ အဆက်ဖြတ်ပါ။
v  မော်တာများကို စက်မှအဆက်ဖြတ်ပါ။ (ဥပမာ - စက်နှင့်မော်တာကိုဆက်ထားသော ပူလီကြိုးကို ဖြုတ်ထားပါ။)
v  လျှပ်စစ်ပတ်လမ်းများကို ဖြတ်တောက်ထားပါ။ (ဥပမာ - ဘက်ထရီအိုးနှင့်ဆက်ထားသော ကြိုးများကို ဖြုတ်ထားပါ။ ပလပ်များကို ဖြုတ်ထားပါ။)
v  ဟိုက်ဒြောလစ်၊ ဖိအားမြင့်လေ သို့မဟုတ် ရေနွေးငွေ့ပိုက်လိုင်းများကို ဗားများ၊ ဘလိုင်းဖလန်းများ သို့မဟုတ် နှစ်မျိုးစလုံး သုံး၍ ပိတ်ထားပါ။
v  မြေဆွဲအားကြောင့် ကျလာနိုင်၊ ရွေ့နိုင်သော စက်အစိတ်အပိုင်းများကို မရွေ့နိုင်အောင် ကြမ်းတုံးများခု၍ ထားပါ။




၃၊ ၃။ စွမ်းအင်အဆက်ဖြတ်ကိရိယာကို အန္တရာယ်အကင်းဆုံးဖြစ်စေရန် ခိုင်ခိုင်မြဲမြဲတပ်ဆင်ပါ။

စက်ကို ပိတ်ပြီးသည့်အခါ စွမ်းအင်အဆက်ဖြတ်ကိရိယာများကို သုံးပြီး စွမ်းအင်ကို ဖယ်ထုတ်/လျှော့ချရပါသည်။ သို့တိုင် ရုတ်တရက် မမျှော်လင့်ဘဲ (သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ) စွမ်းအင်များ စီးဆင်း၊ ဝင်ရောက်လာခြင်းကိုမူ အကာအကွယ် အပြည့်အဝ မပေးနိုင်သေးပါ။ ထိုအဆက်ဖြတ်ကိရိယာများကို လုံးဝ ဖွင့်ပိတ်ခြင်းမပြုနိုင်ရန် စီမံမထားသေးသရွေ့ စိတ်မချရ သေးပါ။ ထိုဗားများ၊ ခလုတ်များကို တစ်ယောက်ယောက်က လာဖွင့်သွားနိုင်သေးသည်။


Locking Out (LO) သော့ခတ်ခြင်း

သော့ခတ်ခြင်း (Log Out) ဆိုသည်မှာ ထိုစွမ်းအင် အဆက်ဖြတ်ကိရိယာများကို သော့တစ်ချောင်းတည်းသာရှိသော သော့ခလောက်ဖြင့် ခတ်ခြင်း ဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့ သော့ဖြင့်ခတ်ရသနည်းဟူမူ ထို စွမ်းအင်အဆက်ဖြတ် ကိရိယာများကို မတော်တဆသော်လည်းကောင်း၊ တမင်သက်သက်သော်လည်းကောင်း တစ်ယောက်ယောက်က လာရောက်ဖွင့်ခြင်း အန္တရာယ်မှ အပြည့်အဝ ကာကွယ်ရန် ဖြစ်ပါသည်။ နံပါတ်သော့များ မသုံးပါနှင့်။ ထိုသော့ခလောက်သည် မည်သည့်နည်းနှင့်မှ အလွယ်တကူ ဖွင့်လို့မရသော သော့ခလောက်ဖြစ်ရန် လိုပါသည်။




Tagging Out (TO)


စွမ်းအင်အဆက်ဖြတ်ကိရိယာ၌ အဘယ်ကြောင့် သော့ခတ်ထားရကြောင်း အခြားသူများသိသာစေရန် သတိပေးကဒ်ပြား ချိတ်ဆွဲထားခြင်းကို Tag Out ဟု ခေါ်၏။ ဤကဲ့သို့ သတိပေးကဒ်ပြားများ ချိတ်ဆွဲထားခြင်းဖြင့် အခြားသူများသည် ဤလိုင်းတွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ထိုဗား (စသည်) ကိုပိတ်ထားကြောင်း သိနိုင်သည်။



၃၊ ၄။ အဆက်မဖြတ်နိုင်သော စွမ်းအင်များကို အခြားနေရာများသို့ရောက်အောင် ဖြန့်ထား (သို့) ထိန်းချုပ်ထားပါ။

စွမ်းအင်များကို ထုတ်လိုက်ပြီးသည့်နောက်တွင်ပင် လက်ကျန်စွမ်းအင်များရှိနေနိုင်ပါသေးသည်။ စွမ်းအင်များကို လျှော့ချ၊ ဖယ်ထုတ်ပြီးသည့်နောက် ထိုလက်ကျန်စွမ်းအင်များအားလုံးကို အပြီးသတ် ရှင်းထုတ်ရန် လိုပါသေးသည်။ ဥပမာ - ကပက်စီတာ၊ စပရင်များ၊ မြှောက်ထားသော စက်အစိတ်အပိုင်းများ၊ လည်နေသော အားပေးဘီးများ။ ထို့ပြင် လေ၊ ဓာတ်ငွေ့၊ ရေနွေးငွေ့၊ ဓာတုပစ္စည်း၊ ဟိုက်ဒြောလစ်စနစ် စသည်တို့၏ စွမ်းအင်ကို သိုလှောင်ထားနိုင်သည့် နမူနာပစ္စည်းများဖြစ်၏။ ထို သိုလှောင်ထားသည့်စွမ်းအင်ကို အားလုံးထုတ်မပစ်ပါက ထိုစွမ်းအင်သည် အန္တရာယ်ဖြစ်စေနိုင်သည့် ပမာဏထိ တစ်ဖန်တိုးမြင့် လာနိုင်သည်။ ထို့ကြောင့် ဖြစ်နိုင်ပါက ထိုလက်ကျန်စွမ်းအင်အားလုံးကို ထုတ်ပစ်ရမည်။ သို့မဟုတ် အလုပ်လုပ်နေသည့်နေရာ နှင့် ထိုစွမ်းအင်ထုတ်သည့်နေရာတို့ကို လုံးဝ အဆက်ဖြတ်ထားရမည်။

အောက်ပါတို့မှာ လက်ကျန်စွမ်းအင်များကို ထုတ်ပစ်နည်းအချို့ဖြစ်၏။

ဖိအားမြင့်လေ/ ဓာတ်ငွေ့/ အရည်များကို နောက်ဆုံး သာမန်လေထုဖိအားရောက်သည်ထိ ဖောက်ထုတ်ပစ်ပါ။
ကပက်စီတာကို မြေစိုက်ကြိုးချခြင်းဖြင့် အောင်းနေသည့်လျှပ်စစ်ဓာတ်ကို ထုတ်ပစ်ပါ။
ရေနံဓာတုစက်ရုံများတွင် ပိုက်များကို နှစ်ဆင့်ထပ်ပိတ် (double block) ထားပါ။ ထို့နောက် ဖိအားလျှော့ (bleed) ထားပါ။
တင်းနေသည့် စပရင်များကို အဆုံးထိဖြေလျှော့ပါ။
လည်ပတ်ရွေ့လျားနေသည့် စက်အစိတ်အပိုင်းများ ဥပမာ - အားပေးဘီး၊ လွှသွား စသည်တို့ကို လုံးဝရပ်နေပါစေ။
ပူနေသည့် စက်/ကိရိယာ အစိတ်အပိုင်းများကို လက်နှင့်ကိုင်နိုင်သည်ထိ အေးသွားအောင် စောင့်ပါ။


အထဲမှ ဖိအားမြင့်ဆီ၊ လေ၊ ဓာတ်ငွေ့ စသည်တို့ကို လျှော့ထုတ်မပစ်ပဲ ဗားကိုပိတ်ရုံပိတ်ထားခြင်းသည် စိတ်ချရသည့် အခြေအနေ မဟုတ်ပါ။ အထဲ၌ စွမ်းအင်ရှိနေသေးသဖြင့် အကယ်၌ အကြောင်းတစုံတရာကြောင့် ထိုစွမ်းအင် နိုးထလာလျှင် မတော်တဆမှု ဖြစ်တတ်ပါသည်။


၃၊ ၅။ အဆက်ဖြတ်ပြီးကြောင်း သေချာ/မသေချာ စေ့စေ့စပ်စပ် ပြန်စစ်ဆေးအတည်ပြုပါ။

ဤသည်မှာ အသင်၏ နောက်ဆုံးအခွင့်အရေးပင်ဖြစ်၏။ ပြန်လည်စစ်ဆေးအတည်ပြုခြင်းကား အလုပ်လုပ်ရာနေရာနှင့် စွမ်းအင် ပင်ရင်းတို့ အဆက်ဖြတ်ပြီးကြောင်း သေချာစေရန် အတည်ပြုပေးခြင်းပင် ဖြစ်၏။

အခွင့်အာဏာရပုဂ္ဂိုလ်သည် အောက်ပါတို့ကို စစ်ဆေး အတည်ပြုပေးရမည်။

v  စက်ကိရိယာသည် သေချာကျနစွာ ပိတ်ထား၊ ရပ်ထားရမည်။
v  စွမ်းအင်အဆက်ဖြတ်ကိရိယာများကို စစ်ဆေးကြည့်ရှုပြီး ထိုကိရိယာများသည် စွမ်းအင်ကို ထိထိရောက်ရောက် အဆက်ဖြတ် ထားရမည်။
v  ထိုစွမ်းအင်အဆက်ဖြတ်ကိရိယာများကို သော့ခတ်ထားကြောင်း၊ သတိပေးကဒ်ပြားများ ချိတ်ဆွဲထားကြောင်း သေချာစေရမည်။
v  လက်ကျန်စွမ်းအင်များကို အားလုံးစွန့်ထုတ်ပြီးရမည်။ (သို့မဟုတ်) ကောင်းစွာထိန်းချုပ်ပြီးရမည်။

စွမ်းအင်အဆက်ဖြတ်ထားခြင်းများ သေချာ၊ မသေချာစစ်ဆေးရန် နောက်တစ်နည်းမှာ စက်ကိရိယာကို နှိုးကြည့်ခြင်း ဖြစ်သည်။ စက်သည် လုံးဝနှိုးလို့မရတော့လျှင် စွမ်းအင် အဆက်ဖြတ်ထားတာ သေချာပြီဖြစ်၏။ သို့တိုင် စက်ကိုနှိုးပြီးစမ်းမကြည့်မီ ကပယ်စီတာများကို မြေစိုက်ကြိုးချထားကြောင်း၊ ပူနေသောကိရိယာများ အေးနေပြီဖြစ်ကြောင်း၊ စနစ်အတွင်း ဖိအားလုံးဝ မရှိတော့ကြောင်း သေချာစေရမည်။

၎င်းကို အတိုကောက်အားဖြင့် -

"Lock, Tag, Try" or "Lock, Tag, Test" ဟု မှတ်နိုင်၏။ မြန်မာလို "သော့၊ ကဒ်၊ စမ်း" ဟု ဘာသာပြန်ရမည်ထင်၏။


 ၄။ Lockout or Tagout

သင်သည် သုံးမျိုးကို ရွေးချယ်နိုင်၏။

၎၊ ၁။ သော့ခတ်ခြင်း (Logout)


၎။ ၂။ သတိပေးကဒ်ပြားချိတ်ခြင်း (Tagout)


၎။ ၃။ သော့လည်းခတ်၊ သတိပေးကဒ်ပြားလည်း ချိတ်ခြင်း (Logout Tagout - LOTO)

အကောင်းဆုံးသည်ကား သော့လည်းခတ်၊ သတိပေးကဒ်ပြားလည်းချိတ်ခြင်းပင်ဖြစ်၏။ သော့ခတ်ထားခြင်းဖြင့် မဆိုင်သူတို့ လာရောက်ဖွင့်ခြင်းမှ တားဆီးနိုင်သည်။ သတိပေးကဒ်ပြားချိတ်ထားခြင်းဖြင့် မည်သည့်အတွက် သော့ခတ်ထားခြင်းကို အခြားသူတို့ အားသိစေသည်။


ဖြစ်နိုင်လျှင် စွမ်းအင်အဆက်ဖြတ်ကိရိယာကို စိတ်ချရသည့်သော့ဖြင့်ခတ်ထားပြီး သတိပေးကဒ်ပြားတွင်လည်း အခွင့်အာဏာရ ပုဂ္ဂိုလ်၏ ဓာတ်ပုံနှင့်ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ဖော်ပြထားရမည်။  



ယခင်က ဗားများ၊ ခလုတ်များတွင် သော့ခတ်ရန် နေရာမပါ။ ယခုမူ အဆက်ဖြတ်ကိရိယာများအဖြစ်သုံးရန် သော့ခတ်လို့ရသည့် ဗားများ၊ ဘရိတ်ကာများကို ရွေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။

LOTO နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ

လွှစက်မှ စက်မှုစွမ်းအင်ကိုဖြတ်တောက်ရန် -
Ø  လွှသွားအသစ်မလဲမီ လွှစက် လုံးဝရပ်သွားသည်ထိ စောင့်ပါ။
Ø  လွှစက် လုံးဝရပ်သွားမှ လွှသွားကို လဲပါ။

ဒုတိယတစ်ခုဖြစ်သော လျှပ်စစ်စွမ်းအင်ကို ဖြတ်တောက်ရန် -
Ø  လွှသွားလဲရန် မိန်းခလုတ်ချမည်ဖြစ်ကြောင်း အခြားသူများကို အသိပေးပါ။ ထို့နောက် လွှစက်၏ မိန်းခလုတ်ကို ချပါ။ "လွှသွားလဲနေ၍ မိန်းခလုတ်ချထားပါသည်။ မတင်ပါနှင့်။ အကယ်၍ တင်ရန်လိုအပ်ပါက ဦးရွှေငြိမ်း၊ ဖုန်းနံပါတ် - ၀၉၁၂၃၄၅၆ ကိုဆက်ပါ။" ဆိုသည့် ဆိုင်းဘုတ်ကို မိန်းခလုတ်၌ ချိတ်ထားပါ။
Ø  ဖြစ်နိုင်လျှင် ထို မိန်းခလုတ်ပါသည့် သေတ္တာကို ပိတ်၊ သော့ခတ်၍ သော့ကို သိမ်းထားပါ။
Ø  ထို့နောက်မှ လွှသွားကို လဲပါ။
Ø  လွှသွားအဝိုင်းလဲပြီးသွားပြီဆိုလျှင် ယခုလွှသွားလဲပြီးသွားပြီဖြစ်သဖြင့် မိန်းပြန်တင်ပါမည်။ လျှပ်စစ်မီးလိုင်းများမှ ဝေးဝေးတွင် နေကြပါ - ဟု ကြေငြာပါ။
Ø  ထို့နောက်မှ သေတ္တာပုံးမှ သော့ကိုဖွင့်။ မိန်းခလုတ်ကို တင်ပါ။


References:
1. Guide to Controlling Hazardous Energy by Oregon OSHA, USA

No comments: