Tuesday, June 11, 2019

အန္တရာယ်ကင်းစွာ ဝန်ချီခြင်း (၂)

အရေးကြီးသည့် အချက်တစ်ခုမှာ ဝန်ချီစက်ကို အသုံးပြုသည့်အခါတိုင်း ဝန်ချီစက်၏ လက်တံသည် မည်သည့်အခါမှ အများပြည်သူပိုင် နေရာကို ဖြတ်ကျော်မသွားရခြင်း ဖြစ်ပါသည်။ ထိုမျှသာမက ဝန်ချီစက်၏ လက်တံသည် အခြားသူတစ်ဦး တစ်ယောက်၏ ပိုင်နက်အတွင်းသို့လည်း ကျော်ဖြတ်မသွားရပါ။ ဤသို့ဖြတ်ကျော်မသွားနိုင်ရန် ဝန်ချီစက်၌ အထိန်းခလုတ်များ တပ်ဆင်ထားရသည်။






            ဝန်ချီစက်တိုင်းတွင် ဝန်ချီစက်အလုပ်လုပ်သည်ကို မှတ်တမ်းတင်ထားသည့် data logger လည်း တပ်ဆင်ထားရသည်။ ဝန်ချီစက်အလုပ်လုပ်ခြင်းအားလုံးကို မှတ်တမ်းတင်ထားသည်ဖြစ်ရာ မတော်တဆမှုဖြစ်လျှင် ထို data logger ကို စစ်ဆေးကြည့် ခြင်းဖြင့် အဘယ်ကြောင့် မတော်တဆမှုဖြစ်ရသည်ကို သိနိုင်လေသည်။ ထို data logger မှာ လေယာဉ်များမှ black box နှင့် အလားသဏ္ဍာန်တူလေသည်။

၂၊ ၅။ ဝန်ချီခြင်းအစီအမံ (Lifting Plan)

          ဝန်ချီခြင်းအစီအမံဆိုသည်မှာ ဝန်ချီစက်ကိုသုံး၍ ဝန်ချီရာတွင် အန္တရာယ်ကင်းစွာ ဝန်ချီနိုင်စေရေးအတွက် ရေးဆွဲထား သည့် အစီအမံတစ်ခုဖြစ်၏။ မည်သည့်ဝန်ချီခြင်းအတွက်မဆို ဝန်ချီခြင်းအစီအမံပြုလုပ်ပြီးမှသာ ဝန်ချီခြင်းလုပ်ငန်း လုပ်ရမည်။ ဝန်ချီရာတွင်လည်း ထို ဝန်ချီခြင်းအစီအမံအတိုင်း တိကျစွာလိုက်နာ လုပ်ဆောင်ရမည်။ ဝန်ချီခြင်းအစီအမံနှင့်အတူ ဝန်ချီခြင်း အတွက် အန္တရာယ်ဆန်းစစ်ခြင်း၊ အန္တရာယ်ကင်းစွာ ဝန်ချီခြင်း၊ အလုပ်လုပ်ခွင့်ပြုမိန့် စသည်တို့ကို အားလုံးပြည့်စုံစွာ ပူးတွဲ ဖြော်ပရ မည်။ ဝန်ချီခြင်း၌ ပုံမှန်ဝန်ချီခြင်းရော၊ တခါတရံမှ ဝန်ချီခြင်းများကိုပါ ထည့်သွင်း စဉ်းစားရမည်။ ရေးဆွဲရမည်။
            ဝန်ချီခြင်းအစီအမံကို ဝန်ချီလုပ်ငန်းကြီးကြပ်သူ၊ ကြိုးချည်သူ၊ အချက်ပြသူ၊ ဝန်ချီစက်မောင်းသူအားလုံးက သေသေချာချာ သိရှိနားလည်နေရမည်။ ဝန်ချီခြင်းအစီအမံကို ဝန်ချီလုပ်ငန်းတွင် ပါဝင်နေသူများ၏ အကူအညီဖြင့် ထိုဝန်ချီလုပ်ငန်းကို သေချာစွာ နားလည်သူက ရေးဆွဲရမည်။

၂၊ ၅၊ ၁။ ဝန်ချီခြင်းအစီအမံတွင် ပါဝင်ရမည့် အချက်များ

            ဝန်ချီခြင်းအစီအမံတွင် အောက်ပါတို့ ပါဝင်ရမည်။ သို့သော် ထို့ထက်ပိုနိုင်ပါသေးသည်။
Ø  ဝန်ချီခြင်းလုပ်ငန်းတွင်ပါဝင်သူများ (၎င်းတို့၏ လက်မှတ်များ၊ လိုင်စင်မိတ္တူများ ပူးတွဲဖော်ပြရမည်။)
Ø  ဝန်ချီခြင်းလုပ်ငန်းတွင်ပါဝင်သူများ၏ တာဝန်ဝတ္တရားများ
Ø  ဝန်ချီစက်၊ ဝန်ချီကြိုး၊ ဝန်ချီကိရိယာများ၏ သက်တမ်းရှိသေးသော လက်မှတ်များ
Ø  ဝန်ချီလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုမိန့်
Ø  ချီမ,မည့်ဝန် အမျိုးအစား၊ အလေးချိန်၊ ချီမ,မည့်နေရာ (ချိတ်ချိတ်မည့်နေရာ၊ ကြိုးချည်မည့်နေရာ)၊ ပုံသဏ္ဍာန်၊ အရွယ်အစား
Ø  မည်သည့်နေရာမှ မည်သည့်နေရာသို့ သယ်ပို့မည်
Ø  ဝန်ချီမည့်နေရာနှင့် အနီးအနားတွင်ရှိသော အဆောက်အဦ၊ အခြားဝန်ချီစက်များ
Ø  ဝန်ချီစက်ကို မည်ကဲ့သို့ တပ်ဆင်မည်၊ ဖြုတ်သိမ်းမည် (ဝန်ချီစက်ငှားရမ်းသူက တင်ပြလာသော နည်းစနစ်များ)
Ø  ဝန်ချီခြင်းလုပ်ငန်းတွင်ပါဝင်သူများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် နည်းလမ်းများ (ရေဒီယို၊ ဝီစီ စသည်)
Ø  ဝန်ချီနေစဉ်ရှိနိုင်သည့် ရာသီဥတုအခြေအနေ (နေပူမည်၊ မိုးရွာမည်၊ အလင်းရောင်ရရှိမှု၊ လေတိုက်လျှင် လေတိုက်နှုန်း စသည်)
Ø  အကယ်၍ ဝန်ချီနေစဉ် အပြစ်အနာအဆာ/အမှားအယွင်း တစ်ခုခုတွေ့ပါက ချက်ချင်းသတင်းပို့ရမည့် အစီအမံ
Ø  အန္တရာယ်ကင်းစွာ ဝန်ချီရန် လိုအပ်သည်များအားလုံး ပံ့ပိုးပေးထားမှု

၂၊ ၆။ ဝန်၏အလေးချိန်တွက်ဆခြင်း

            ဝန်၏အလေးချိန်ကို အောက်ပါနေရာများတွင် ရှာဖွေနိုင်၏။
Ø  ဝန်၏ကိုယ်ထည်ပေါ်
Ø  ပစ္စည်းပို့သည့်စာရွက်
Ø  ပိုင်ရှင်လက်စွဲ သို့မဟုတ် ထုတ်လုပ်သူ၏ ညွှန်ကြားလွှာ

            ထို့ပြင် ပစ္စည်းအမျိုးအစားအလိုက် သိပ်သည်းဆကိုသိလျှင်လည်း မိမိဘာသာ တွက်ယူနိုင်ပါသည်။ အောက်ပါဇယားမှာ ပစ္စည်းများ၏ ခန့်မှန်းအလေးချိန်များဖြစ်၏။ ၁ဝဝဝ ကီလိုဂရမ် = ၁ တန် (မက်ထရစ်တန်)

ပစ္စည်းအမျိုးအစား
တစ်ကုဗမီတာရှိ အလေးချိန် (ကီလိုဂရမ်)
Specific Gravity
ဆီ
၈ဝဝ
ဝ.၈
ကွန်ကရိ
၂၄ဝဝ
၂.၎
အုတ်
၂၁ဝဝ
၂.၁
ရေ
၁ဝဝဝ
သံ
၇၇ဝဝ
၇.၇
ဒန်
၂၇ဝဝ
၂.၇
မြေကြီး
၁၆ဝဝ
၁.၆
စက္ကူ
၁၁၂ဝ
၁.၁၂
ကြေး
၈၈ဝဝ
၈.၈
ခဲသတ္တု
၁၁၂ဝဝ
၁၁.၂
သစ်သား
၈ဝဝ
ဝ.၈

            ထို့ကြောင့် အရာဝတ္ထုများ၏ ထုထည်ကို ရှာတတ်လျှင် အလေးချိန်ကို အလွယ်တကူ တွက်ယူနိုင်ပါသည်။ ထုထည် ရှာနည်း အခြေခံများကို အောက်တွင် ဖော်ပြလိုက်ပါသည်။










            ပစ္စည်း၏ ထုထည်ကို ကုဗမီတာဖြင့်ရှာပါ။ ထိုထုထည်ကို အထက်ပါဇယားတွင်ပြထားသော (ထိုပစ္စည်း၏) ၁ ကုဗမီတာရှိ အလေးချိန် (ကီလိုဂရမ်) ဖြင့် မြှောက်လိုက်လျှင် အလေးချိန်ကို ကီလိုဂရမ်ဖြင့် ရပါမည်။


၂၊ ၇။ ဝန်အားပြဂရပ် (Load Chart) ဖတ်ခြင်း

            အောက်ဖော်ပြပါပုံမှာ တာဝါကရိန်းတစ်ခု၏ ဝန်အားပြဂရပ်ဖြစ်၏။ ပုံမှာဝါးနေ၍ ဂဏန်းများကို သေသေချာချာ မမြင်ရပါ။ ဤပုံမှ ဂရပ်တွင် အပေါ်ဆုံးအတန်းတွင် ဖော်ပြထားသော ဂဏန်းများမှာ ဝန်ချီစက်၏ ပင်မတိုင် (mast) မှ ဝန်ချီစက်သီးသို့ အကွာအဝေးကို ပြသည်။ အောက်ဘက်မှ ကွေးတက်သွားသော မျဉ်းရှိ ဂဏန်း များ
မှာ ထိုအမှတ်တွင် အန္တရာယ်ကင်းစွာ မ,နိုင်သော ဝန်အားကို ပြပါသည်။ တိုင်နှင့်အနီးဆုံးတွင် အများဆုံး မ,နိုင်၍ တိုင်မှ အဝေးဆုံး (ဝန်ချီစက်လက်တံ၏ အဖျားဘက်) တွင် အနည်းဆုံး မ,နိုင်ပါသည်။





ဤပုံမှာ လော်ရီကရိန်းတစ်ခု၏ ကရိန်းလက်တံ အစောင်းထောင့်အလိုက် မ,နိုင်သောဝန်အားကို ပြထားပါသည်။



            ဤပုံမှာ မိုဘိုင်းကရိန်းတစ်ခု၏ ဝန်အားပြဂရပ်ဖြစ်၏။ မိုဘိုင်းကရိန်းတွင် ဝန်ချီစက်၏လက်တံကို အတိုအရှည် လုပ်နိုင် သည်။ အတင် အချလုပ်နိုင်သည်။ လက်တံအတိုအရှည်နှင့် အစောင့်ထောင့်တို့ပေါ်မူတည်၍ မ,နိုင်သော ဝန်အား ပြောင်းသွား သည်။ လက်တံအတိုဆုံးနှင့် အမြင့်ဆုံးနေရာတွင် အများဆုံးမ,နိုင်ပြီး လက်တံအရှည်ဆုံးနှင့် အနိမ့်ဆုံးနေရာတွင် အနည်းဆုံး မ,နိုင်သည်။
            ပုံတွင် လက်တံအတိုဆုံးနေရာ (၃ဝ.၂ ပေ) နှင့် အမြင့်ဆုံးနေရာတွင် ၇၈.၇ တန် မ,နိုင်ပြီး လက်တံအရှည်ဆုံး (ပင်ရင်း လက်တံ - ၉၈.၄ ပေ + အပိုလက်တံ ၄၉.၂ ပေ) နှင့် အနိမ့်ဆုံးနေရာတွင် ၁.၂ တန်သာ မ,နိုင်သည်ကို တွေ့ရပါလိမ့်မည်။

၂၊ ၈။ မြေဆွဲအားဗဟို (CG - Centre of Gravity)

            မြေဆွဲအားဗဟိုဆိုသည်မှာ ပစ္စည်း၏အလေးချိန်အားလုံး စုပုံသက်ရောက်နေရာအမှတ်ဖြစ်၏။ ပုံမှန် ပုံသဏ္ဍာန်ရှိ ပစ္စည်းများ၏ မြေဆွဲအားဗဟိုမှာ ထိုပစ္စည်း၏ အလယ်တည့်တည့်တွင်ရှိသည်။ ဥပမာ - စက်ဝိုင်းတစ်ခု၏ မြေဆွဲအားဗဟိုမှာ စက်ဝိုင်း၏ ဗဟို မှတ်ဖြစ်၏။ အရင်းအဖျား လုံးပတ်တူသော သစ်သားတိုင်တစ်ခု၏ မြေဆွဲအားဗဟိုမှာ ထိုသစ်သားတိုင်၏ အလယ် တည့်တည့်တွင်ရှိသည်။ ဘောလုံးတစ်ခု၏ မြေဆွဲအားဗဟိုမှာ ထိုဘောလုံး၏ ဗဟိုတည့်တည့်ဖြစ်၏။
            ဝန်ချီသည့်အခါ ဝန်ချီစက်၏ ဝန်ချီကြိုးသည် မြေဆွဲအားဗဟို တည့်တည့်ပေါ်တွင် ရှိနေမှ ဝန်သည် အတိမ်းအစောင်းမရှိ၊ တည်ငြိမ်စွာ လိုက်ပါနိုင်မည်။ သို့မဟုတ်ပါက ဝန်သည် စောင်းရွဲ့၍သော်လည်းကောင်း မတည်မငြိမ် ဘယ်ညာရမ်း၍သော် လည်းကောင်း ဖြစ်နေလိမ့်မည်။ ဤအခြေအနေမျိုးတွင် ဝန်ချီခြင်းကို ဆက်မပြုသင့်။ ဝန်ကိုအောက်ပြန်ချပြီး တည်ငြိမ်မှုရသည်ထိ လုပ်ရမည်။
            အောက်တွင် မြေဆွဲအားဗဟို နမူနာများကို ပြထားပါသည်။ သို့သော် ပုံသဏ္ဍာန်မမှန်သော ပစ္စည်းများ၏ မြေဆွဲအားဗဟို ကို ခန့်မှန်းရန် မလွယ်ကူပါ။




၂၊ ၉။ ဝန်ချီခြင်းလုပ်ငန်းတွင် ဖြစ်တတ်သော မတော်တဆမှုများ





၂၊ ၁၀။ ဝန်ချီခြင်းအတွက် အန္တရာယ်ကင်းရေး စည်းမျဉ်းများ


Ø  မိုဘိုင်းကရိန်း၊ ခရော်လာကရိန်းများကို ဝန်ချီစက်၏အလေးချိန်နှင့် ချီမ,မည့် ဝန်အားတို့ကိုခံနိုင်မည့် မြေမာပေါ်၌သာ အသုံးပြုရမည်။
Ø  မိုဘိုင်းကရိန်းကိုအသုံးမပြုမီ ခြေထောက်များ (outriggers) ကို အပြည့်ဆန့်ထုတ်ထားရမည်။ ခြေထောက်ထောက်မည့် မြေကြီးသည် ခိုင်ခံ့မာကျောသော မြေကြီးဖြစ်ရမည်။
Ø  ချီမ,မည့်ဝန်၏ အလေးချိန်သည် မည့်သည့်အခါမျှ ဝန်ချီစက်ချီနိုင်သည့် အန္တရာယ်ကင်း အလေးချိန်ထက် မပိုစေရ။
Ø  ဝန်ချီစက်ကို ရုတ်တရက်ကြမ်းတမ်းစွာရပ်ခြင်း၊ လျှင်မြန်စွာ လှည့်ခြင်း၊ ဝန်အတင်အချလုပ်ခြင်းတို့ မပြုရ။
Ø  ဝန်ကို မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲခြင်းမပြုရ။
Ø  ဝန်ကို တစ်နေရာမှ တစ်နေရာသို့ ချီမ,ရွှေ့သည့်အခါ ဝန် တည်တည်ငြိမ်ငြိမ် လိုက်ပါနိုင်စေရန် ဖြည်းညင်းစွာ ရွှေ့ရမည်။
Ø  ကရိန်းလက်တံကို လိုအပ်သလောက်သာ ဆန့်ထုတ်ရမည်။
Ø  ဆင်ခြေလျှော အတက်အဆင်းများတွင် ကရိန်းလက်တံကို အန္တရာယ်ကင်း အနေအထား၌ ချိန်ထားရမည်။
Ø  ဝန်ချီမ,မည့်လမ်းကြောင်းတွင် မည်သည့်အနှောက်အယှက် အတားအဆီးမှ ရှိမနေစေရ။
Ø  ဝန်ချီမ,မည့်လမ်းကြောင်းသည် အဆောက်အဦများပေါ်လည်းကောင်း၊ အများပြည်သူသုံး လမ်းများပေါ်လည်းကောင်း၊ လူများပေါ် လည်းကောင်း ဖြတ်မသွားစေရ။
Ø  ချီမ,သွားသည့်ဝန်နှင့် အခြားမည်သည့်အရာတို့မှ တွန်းတိုက်မိခြင်း မဖြစ်စေရ။
Ø  ဝေးသည့်နေရာများသို့ ချီရွှေ့သည့်အခါ ကရိန်းလက်တံအရှည်၊ အစောင်းထောင့်တို့ကို သတိထားပါ။ ဝန်အားပြဂရပ်ကို ကြည့်ပါ။
Ø  လေပြင်းတိုက်သည့်အခါ ကရိန်းလက်တံကို လေတိုက်ရာလမ်းကြောင်းအတိုင်း ထားရမည်။
Ø  ဝန်ချီကိရိယာများကို အသုံးမပြုမီ စစ်ဆေးကြည့်ရှုရမည်။
Ø  သက်တမ်းကုန်နေသည့်၊ ပျက်စီးချို့ယွင်းနေသည့် ဝန်ချီကိရိယာများကို အသုံးမပြုရ။ လုပ်ငန်းခွင်ထဲမှ ဖယ်ရှားပစ်ပါ။
Ø  (ဝန်ချီကိရိယာများကို အန္တရာယ်ကင်းစွာ အသုံးပြုသည့်အကြောင်း ဤဂျာနယ်၌ ဆောင်းပါးရေးသား ဖော်ပြခဲ့ပြီးဖြစ်၍ ထပ်မံ မဖော်ပြတော့ပါ။ ယခင်ဖော်ပြခဲ့သော ဆောင်းပါးဟောင်းကို ပြန်လည်ဖတ်ရှုကြပါ။)
Ø  ရှည်လျှားသည့်ဝန်ကို မ,သည့်အခါ spreader bar ကို သုံးပါ။ Spreader bar ၏ မ,နိုင်သောဝန်သည် ချီမ,မည့်ဝန်ထက် ပိုပါစေ။
Ø  ပစ္စည်းသေးသေးမွှားမွှား အလွတ်များကို ပုံးတစ်ခုထဲတွင် သေသေချာချာ ထည့်သယ်ပါ။ ပုံးများဖြစ်ပါက ချိတ်ရမည့်နေရာ (၄) နေရာ ရှိရမည်။ သို့မှ ပုံးကို တည်ငြိမ်စွာ သယ်နိုင်မည်။
Ø  ပစ္စည်းကို ချီမ,ခြင်းမပြုမီ သေချာစွာ ထုပ်ပိုးပါ။
Ø  ပစ္စည်း၏ အလေးချိန်ကို မှန်ကန်စွာ တွက်ဆနိုင်ပါစေ။
Ø  ပစ္စည်း၏ ထောင့်စွန်းများသည် ချွန်ထက်၊ ပြတ်ရှနိုင်ပါက စက္ကူ၊ အဝတ်၊ ဂုံနီစများခံ၍ ချည်နှောင်ပါ။
Ø  အကယ်၍ ကြီးမားလေးလံသည့် ဝန်များကို ချီမ,ရပါက လေတိုက်ခြင်းကို သတိထားပါ။
Ø  ဝန်ချီခြင်းကို ကောင်းကင်ဓာတ်ကြိုးများအနီး လုပ်ရပါက ဓာတ်ကြိုးနှင့် ကရိန်းလက်တံ မထိမိစေရန် အထူးသတိထားပါ။
Ø  ဝန်ချီရာတွင် မြေပြင်အနီးသို့ ကပ်နိုင်သမျှကပ်၍ သယ်ပါ။
Ø  မည်သည့်အကြောင်းနှင့်မှ ဝန်ပေါ် တက်မလိုက်ပါနှင့်။
Ø  ချီမ,ထားသည့်ဝန်ကို မမြင်နိုင်ပါက အချက်ပြသူနှင့် မပြတ်ဆက်သွယ်နေရန်၊ အချက်ပြသူ၏ ညွှန်ကြားချက်အတိုင်း လှုပ်ရှားရန် လိုပါသည်။
Ø  အလွန်လေထန်နေချိန်တွင် ဝန်ချီခြင်း မပြုပါနှင့်။ လေတိုက်နှုန်း တစ်နာရီလျှင် 15 knots ထက်ကျော်ပါက ဝန်ချီရန် မသင့်တော်ပါ။

























၂၊ ၁၁။ လက်ဖြင့် အချက်ပြနည်းများ





နိဂုံး

မြန်မာနိုင်ငံတွင် ဝန်ချီခြင်းလုပ်ငန်းလုပ်ကိုင်ရန် စနစ်တကျ ရေးဆွဲထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အစီအမံ၊ လုပ်ထုံးလုပ်နည်း၊ သင်တန်း စသည်တို့မရှိသေးပါ။ အဆင်ပြေသလို ကြည့်လုပ်နေကြသည့် အဆင့်၌သာ ရှိပါသေးသည်။ ဤသည်မှာ ကောင်းလှသည်တော့ မဟုတ်ပါ။

ယုတ်စွအဆုံး အလွန်အရေးကြီးသည့် ဝန်ချီစက်မောင်းသူကိုပင် စနစ်တကျ သင်ကြားပေးသည့် သင်တန်း မရှိပါ။ ရှေ့လူ၊ နောက်လူ လက်ဆင့်ကမ်း သင်သည့်စနစ်ဖြင့်သာ သွားနေကြပါသေးသည်။ အချက်ပြသူ၊ ကြိုးချည်သူ၊ ဝန်ချီလုပ်ငန်း ကြီးကြပ်သူ စသည်တို့ကို လေ့ကျင့်သင်ကြားပေးရန်လိုသည် ဆိုခြင်းကိုမူ စဉ်းစားမိပုံပင်မပေါ်ကြ။ ထိုဝန်ချီစက်မောင်းသူများကိုရော၊ အမောင်း လိုင်စင်ထုတ်ပေးထားသလား။ မည်သို့ခန့်အပ်ကာ လုပ်ကိုင်နေကြသနည်း။ ကျွန်တော်မသိပါ။

ဝန်ချီခြင်းလုပ်ငန်းသည် လုပ်ငန်းခွင်တိုင်း၌ မရှိမဖြစ်လိုအပ်သလို အလွန်အရေးကြီးသော လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဝန်ချီခြင်းလုပ်ငန်း အစီအမံများရေးဆွဲခြင်း၊ ဝန်ချီစက်၊ ဝန်ချီကိရိယာများကို စစ်ဆေးပြီး လက်မှတ်ထုတ်ပေးခြင်း၊ ဝန်ချီလုပ်ငန်း၌ ပါဝင်သူများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း။

ထို့ထက် ဝန်ချီခြင်းလုပ်ငန်းကို အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းကာ လုပ်ကိုင်ကြပါမည့် အကြောင်း တာဝန်ရှိသူများအား တိုတွန်းလိုက်ရပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)


ရည်ညွှန်းကိုးကား စာအုပ်စာတမ်းများ

၁။ Code_of_Practice_Safe_Lifting_Operations_Revised_2014
၂။ Guidebook for Lifting Supervisors
၃။ Rigger  Signalman Handbook
၎။ Worker's_Safety_Handbook_for Crane_Operator
၅။ lorry_crane_operator_handbook_1st_revision_2019
၆။ Safe Lifting_Occupational Safety & Health Council_Hong Kong

No comments: