Thursday, June 13, 2019

ငြမ်းစင်နှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း


(၁) ငြမ်းစင် အဓိပ္ပာယ်

            ငြမ်းဟူသည် အမြင့်တစ်နေရာတွင် အလုပ်လုပ်ရန် လူအတွက်သော်လည်းကောင်း၊ ပစ္စည်းအတွက်သော်လည်းကောင်း၊ လူရော ပစ္စည်းပါ နှစ်မျိုးလုံးအတွက်သော် လည်းကောင်း။ ထောက်မ-၍သော်လည်းကောင်း (Supported)၊ တန်းလန်းဆွဲ၍ သော်လည်းကောင်း (suspended) ထားသည့် စင်တစ်ခုခု ဖြစ်၏။

(၂) ကျွမ်းကျင်လုပ်သား (Competent Person)

            ငြမ်းစင်နှင့်ပတ်သက်သည့် သင်တန်းများ (ငြမ်းဆင်သင်တန်း၊ ငြမ်းဆင်လုပ်ငန်း ကြီးကြပ်သူ သင်တန်း၊ ငြမ်းစင် စစ်ဆေးသူ သင်တန်း တက်ရောက်ထားသူ၊ ငြမ်းနှင့် ၂ နှစ်ကျော်အလုပ်လုပ်ခဲ့သူ၊ ငြမ်းအကြောင်း ကောင်းကောင်း နားလည်သူ များကို ငြမ်းနှင့်ပတ်သက်သည့် ကျွမ်းကျင်လုပ်သားအဖြစ် သတ်မှတ်နိုင်၏။
            ငြမ်းစင် ကျွမ်းကျင်လုပ်သား သုံးမျိုးရှိ၏။
၁။ ငြမ်းစင်ဒီဇိုင်းရေးဆွဲသူ အင်ဂျင်နီယာ
၂။ ငြမ်းဆင်လုပ်ငန်း ကြီးကြပ်သူ
၃။ ငြမ်းဆင်သူ

(၃) ငြမ်းအမျိုးအစားများ

            ပစ္စည်းပေါ်မူတည်၍ ငြမ်းကို -
Ø  သတ္တုငြမ်း
Ø  သစ်သားငြမ်း
Ø  ဝါးငြမ်း - ဟု သုံးမျိုးခွဲနိုင်၏။

            တည်ဆောက်ပုံပေါ်မူတည်၍ -
Ø  ချိတ်ဆွဲငြမ်း (Suspended scaffold)
Ø  သမားရိုးကျငြမ်း (Conventional scaffold)
Ø  ရွေ့လျားနိုင်သောငြမ်း (Mobile scaffold (Tower scaffold))
Ø  Cantilever scaffold
Ø  Modular scaffold
Ø  Frame scaffold - စသဖြင့် အမျိုးမျိုးရှိ၏။

(၄) တာဝန်နှင့်ဝတ္တရားများ

၎၊ ၁။ အလုပ်ရှင်

            အလုပ်ရှင်သည် -
၁။ ငြမ်းဆင်လုပ်ငန်းနှင့်ပတ်သက်၍ ကျွမ်းကျင်လုပ်သားများ (competent person) ကို ခန့်အပ်ထားရမည်။ ငြမ်းဆင်သူများသည် ကျွမ်းကျင်လုပ်သားများဖြစ်ကြောင်း သေချာစေရမည်။
၂။ ဆင်ထားသည့်ငြမ်းသည် အတည်ပြုထားသည့်ပုံစံအတိုင်းဖြစ်ကြောင်း၊ လက်မှတ်ရ အင်ဂျင်နီယာက တွက်ချက်ထားသော ဒီဇိုင်းအတိုင်းဖြစ်ကြောင်း သေချာစေရမည်။
၃။ ငြမ်းစင်အားလုံးသည် အသုံးပြုသူများအတွက် အန္တရာယ်ကင်းကြောင်း သေချာစေရမည်။

၎၊ ၂။ အင်ဂျင်နီယာ

၁။ အတည်ပြုထားသော ဥပဒေ၊ နည်းဥပဒေ (ဥပမာ - Scaffold Regulation)၊ စံနှုန်း (Scaffold Standards) များအတိုင်း ငြမ်းစင်ကို ဒီဇိုင်းထုတ်ရမည်။
၂။ ဆင်ထားသည့်ငြမ်းသည် မိမိဒီဇိုင်းထုတ်ထားသည့်အတိုင်း ဆင်ထားကြောင်း စစ်ဆေး၍ လက်မှတ်ထုတ်ပေးရမည်။

၎၊ ၃။ ငြမ်းဆင်လုပ်ငန်းကြီးကြပ်သူ

၁။ ငြမ်းဆင်လုပ်ငန်းကြီးကြပ်သူသင်တန်းကို တက်ရောက်အောင်မြင်ပြီးသူ ဖြစ်ရမည်။
၂။ ငြမ်းဆင်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။
၃။ ငြမ်းဆင်မည့် ပစ္စည်းများသည် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီကြောင်း သေချာစေရမည်။
၎။ ငြမ်းဆင်ခြင်းကို အနီးကပ်ကြီးကြပ်ရမည်။
၅။ ဆင်ထားသည့် ငြမ်းသည် အင်ဂျင်နီယာကထုတ်ပေးထားသည့် ဒီဇိုင်းအတိုင်းဖြစ်ကြောင်း သေချာစေရမည်။
၆။ ငြမ်းဆင်ပြီးသည့်အခါ စစ်ဆေး၍ ထိုငြမ်းသည် အသုံးပြုရန် အန္တရာယ်ကင်းကြောင်း လက်မှတ်ထုတ်ပေးရမည်။
၇။ ငြမ်းစင်တိုင်းကို မှတ်ပုံတင်ထားရမည်။
၈။ ငြမ်းစင်ကို (၇) ရက်တစ်ခါ စစ်ဆေး၍ လက်မှတ်ထိုးရမည်။
၉။ ငြမ်းမဆင်မီ မိမိ၏ ငြမ်းဆင်လုပ်သားများကို ငြမ်းဆင်လုပ်ငန်း Risk Assessment နှင့် Safe Work Procedure တို့ကို ရှင်းပြရမည်။
၁၀။ ငြမ်းဆင်လုပ်ငန်း မစမီ/နံနက်တိုင်း မိမိလုပ်သားများကို ငြမ်းဆင်ရာ၌ လိုက်နာရမည့် အန္တရာယ်ကင်းရေး အစီအမံများ အကြောင်း (Toolbox Meeting) ရှင်းပြရမည်။
၁၁။ ငြမ်းစင်ကို ဖျက်သည့်အခါ အတည်ပြုထားသော အန္တရာယ်ကင်းရေးနည်းလမ်းများ (Safe Work Practice) အတိုင်း ဖြစ်စေရမည်။

၎၊ ၄။ ငြမ်းဆင်လုပ်သားများ

၁။ ငြမ်းဆင်ခြင်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။
၂။ ငြမ်းဆင်လုပ်ငန်းလုပ်ကိုင်ရန် ကျန်းမာသော၊ သန်မာတောင့်တင်းသောသူ ဖြစ်ရမည်။
၃။ ငြမ်းဆင်လုပ်ငန်းကြီးကြပ်သူ၏ ကြီးကြပ်မှုအောက်တွင်သာ ငြမ်းဆင်ရမည်။
၎။ ငြမ်းဆင်ရာတွင် အန္တရာယ်ကင်းစွာငြမ်းဆင်ခြင်း အစီအစဉ် (Safe Work Practice for Scaffold Erection) ကို လိုက်နာရမည်။
၅။ ငြမ်းဆင်ရာတွင် မိမိအန္တရာယ်ကင်းရေးအတွက် မိမိကိုယ်တိုင် တာဝန်ယူရမည်။ ပေးထားသည့် တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများကို မှန်ကန်စွာ ဝတ်ဆင်ရမည်။
၆။ မိမိသဘောနှင့်မိမိ ငြမ်းစင်ကို ပြင်ခြင်း (modify)၊ ဖျက်ခြင်းမပြုရ။

(၅) ငြမ်းစင် အစိတ်အပိုင်းများ







ငြမ်းစင်တွင် ထောင်လိုက်ထောင်ထားသည့်တိုင်များကို standard ဟု ခေါ်ပြီး အလျားလိုက်ဆင်ထားသည့် တန်းများကို ledger ဟု ခေါ်ပါသည်။ ငြမ်းစင်အလျားရှည်သည့်ဘက်မှ stadard တစ်ခုနှင့်တစ်ခုအကြားကို bay ဟုလည်းကောင်း၊ ငြမ်းစင် အလွှာ (level) တစ်ခုနှင့်တစ်ခုအကြားကို (lift) ဟု လည်းကောင်းခေါ်သည်။
            ငြမ်းစင်ခြေထောက်များကို Base plate ဟု ခေါ်၏။ အကယ်၍ ငြမ်းစင်ကို မြေကြီးပေါ်တွင် ဆင်ရပါက ငြမ်းခြေထောက် များ မြေကြီးအတွင်း ကျွံဝင်မသွားစေရန် အောက်မှ ဗျက် ၁၂ လက်မ၊ အထူ ၁ လက်မရှိ ပေပျဉ်ခံပေးရမည်။ ထို ပေပျဉ်ကို Sole plate ဟု ခေါ်၏။

(၆) ငြမ်းဆင်ရာတွင် လိုက်နာရမည့် အချက်များ

v  ကျွမ်းကျင်သူများကသာ ငြမ်းဆင်ရမည်။
v  ၎င်းတို့ကို ငြမ်းဆင်လုပ်သား ကြီးကြပ်ရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့်သာ ငြမ်းဆင်ရမည်။
v  ငြမ်းဆင်လုပ်ငန်းကြီးကြပ်သူသည် ယခုဆင်နေသော ငြမ်းမှာ အင်ဂျင်နီယာကတွက်ချက်ထုတ်ပေးထားသည့် ပုံအတိုင်းဖြစ်ကြောင်း သေချာစေရမည်။
v  ငြမ်းစင်အခြေတည်ရာနေရာများသည် ခိုင်မာတောင့်တင်းသော မြေပြင် သို့မဟုတ် ကြမ်းခင်းဖြစ်ရမည်။
v  ငြမ်းစင်တိုင်များ၊ အခင်းများသည် ရေချိန်ညီရမည်။ စောင်းရွဲ့မနေစေရ။
v  ထောင့်ဖြတ်အထိန်းတန်းများ (diagonal bracing) များ၊ ထောက်များ (out riggers) ပြည်စုံစွာတပ်ဆင်ထားရမည်။
v  ငြမ်းကြမ်းပြင်များတွင် လက်ရမ်း (handrails) ၊ ခြေကာပြားများ (toe boards) ပြည့်စုံစွာ တပ်ဆင်ထားရမည်။
v  သံငြမ်းများတွင် Bay တစ်ခု၏ အလျားမှာ ၂.၅ မီတာထက် မကျော်ရ။
v  Lift တစ်ခု၏ ထောင်လိုက်အရှည်သည် ၂ မီတာထက် မပိုရ။
v  3 Bay x 2 Lift တိုင်းတွင် ငြမ်းစင်နှင့် အဆောက်အဦကိုတွဲထားသည့် Tie back တစ်ခုထည့်ပေးရမည်။
v  ငြမ်းစင်သည် ကောင်းကင်မီးကြိုးများမှ အနည်းဆုံး ၅.၅ မီတာ ကွာဝေးရမည်။


(၇) ငြမ်းဆင်ရာတွင် ရှောင်ကြဉ်ရမည့် အချက်များ

၁။ ငြမ်းစင်ပေါ်သို့ ထောင်လိုက်လှေခါးမှ တက်ရာတွင် မည်သည့်ပစ္စည်းကိုမှ လက်ထဲတွင် ကိုင်မထားရ။
၂။ တန်းများဆင်ရာတွင် တူနှင့် အတင်းထုရိုက်ပြီး မဆင်ရ။ သူ့အလိုက်သင့်အလျားသင့်သာ ဝင်သွားရမည်။
၃။ လက်ရမ်းတန်းများပေါ်သို့ တက်ရပ်ခြင်း၊ တက်ထိုင်ခြင်းများ မည်သည့်အခါမှ မလုပ်ရ။
၎။ လေပြင်းများတိုက်ခတ်နေစဉ်၊ မုန်တိုင်းကျနေစဉ် ငြမ်းစင်ပေါ်၌ မနေရ။
၅။ ငြမ်းစင်ပေါ်မှနေ၍ တိုက်အတွင်းသို့သော်လည်းကောင်း၊ တိုက်အတွင်းမှနေ၍ ငြမ်းစင်ပေါ်သို့လည်းကောင်း ခုန်ကူးခြင်း မပြုရ။
၆။ ပစ္စည်းများကို လက်ရမ်းတန်းများပေါ် တင်ထားခြင်း၊ မှီထားခြင်းများ မပြုရ။



(၈) ငြမ်းစင်ကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

၁။ အသုံးမပြုမီ ငြမ်းစင်သည်အန္တရာယ်ကင်းသည့်အခြေအနေရှိမရှိ စစ်ဆေးပါ။
၂။ ငြမ်းစင်အခင်းပြား၊ ခြေကာပြား၊ လက်ရမ်းတန်းတို့ သေချာစွာတပ်ဆင်ထားကြောင်း သေချာပါစေ။
၃။ ပစ္စည်းများကို အပေါ်ထပ်ကြမ်းခင်းသို့ ကြိုး သို့မဟုတ် စက်သီးဖြင့်တင်ပါ။
၎။ အထပ်တိုင်းတွင် ထောင့်ဖြတ်ချုပ်တန်းများ တပ်ဆင်ထားပါစေ။ ငြမ်းစင်ကို လဲမသွားအောင် အဆောက်အဦနှင့် ချုပ်ထားပါ။
၅။ အထပ်တိုင်းသို့တက်ရန် အန္တရာယ်ကင်းသည့် လှေကား တပ်ဆင်ထားပါ။

၆။ ငြမ်းစင်အထိုင်မြေကြီး/ကြမ်းပြင်သည် ခိုင်ခံ့ရမည်၊ ညီညာပြန့်ပြူးရမည်။



၇။ အမြင့်တွင် အလုပ်လုပ်ခွင့်ပြုမိန့် (Permit-To-Work for Work At Height) ရှိကြောင်း သေချာပါစေ။
၈။ အလုပ်မလုပ်မီ မည်ကဲ့သို့အန္တရာယ်ကင်းစွာ အလုပ်လုပ်ရမည့်အကြောင်း ပြောပါ။ (Toolbox Talk)
၉။ ငြမ်းစင်ပေါ်တွင် အလုပ်လုပ်မည့်သူတိုင်း ကိုယ်သိုင်းကြိုး (Safety Harness) ဝတ်ဆင်ထားပါစေ။
၁၀။ ကိုယ်သိုင်းကြိုးများကို မဝတ်ဆင်မီ စစ်ဆေးပါ။
၁၁။ ငြမ်းစင်၌ အန္တရာယ်ကင်းစွာသုံးနိုင်ကြောင်း ငြမ်းစင်ကြီးကြပ်ရေးမှူး လက်မှတ်ထိုးထားသည့် ကဒ်ပြား ရှိနေပါစေ။
၁၂။ ငြမ်းစင် လက်ရမ်းတန်းများပေါ် တက်မထိုင်ရ။ တက်မရပ်ရ။
၁၃။ ငြမ်းစင်ပေါ်၌ရှိနေစဉ် ကိုယ်သိုင်းကြိုးကို တစ်ချိန်လုံး ချိတ် ချိတ်ထားပါ။
၁၄။ ပစ္စည်းများကို ငြမ်းစင်ပေါ်မှ ပစ်မချရ။
၁၅။ ငြမ်းစင်ပေါ်တွင် ပစ္စည်းများ (loose material) ပြန့်ကျဲတင်မထားရ။ ပုံးများဖြင့် ထည့်ထားပါ။
၁၆။ ငြမ်းစင်ပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ အများအပြားတင်မထားရ။ ငြမ်းစင်ကို ဝန်မပိုစေရ။
၁၇။ အလုပ်ပြီးသည့်အခါ ငြမ်းစင်ကို သန့်ရှင်းရေး ပြုလုပ်ခဲ့ပါ။
၁၈။ အခွင့်မရှိဘဲ ငြမ်းစင်ကို ဖျက်ခြင်း၊ ပြင်ခြင်းမပြုရ။
၁၉။ ငြမ်းစင်ပေါ်တက်သည့်အခါ သတ်မှတ်ထားသည့် အတက်/အဆင်းလှေကားမှသာ တက်/ဆင်းပါ။ အခြားနေရာများမှ ကျော်ခွ မတက်ရ။



အေးငြိမ်း (လေးမျက်နှာ)

No comments: