Monday, June 25, 2018

Voluntary Standards

ယနေ့ SMCES ဟောပြောပွဲအပြီးတွင် တစ်ယောက်က ISO45001 ကို အဘယ်ကြောင့် လိုက်နာကျင့်သုံးရန် လိုပါသနည်း။ ဤစံနှုန်းမှာ မသုံးမနေရဖြစ်ပါသလော။ ဤစံနှုန်းကို မသုံးလျှင် မည်ကဲ့သို့ အပြစ်ပေး အရေးယူခံရနိုင်ပါသနည်း ဟု မေးလာပါသည်။

စံနှုန်းများ (Code of Practices, Standards) မှာ ဥပဒေမဟုတ်ပါ။ ဥပဒေ၊ နည်းဥပဒေ (Law, Act, Rules and Regulations) စသည်တို့ကိုသာ မလိုက်နာလျှင် အရေးယူလို့ရပါသည်။ ဥပဒေမဟုတ်သည့် စံနှုန်းများကို မလိုက်နာလျှင် အရေးယူလို့မရပါ။

သို့ဆိုလျှင် ဘယ့်အတွက် သည်စံနှုန်း၊ စနစ်များကို အရေးတကြီးထား ပြောဆိုနေရပါသနည်း။

ဥပမာ ပြပါမည်။

ကလေးတစ်ယောက်သည် ကွမ်းစားခြင်းအမှု၊ ဆေးလိပ်သောက်ခြင်းအမှုများကို ငယ်စဉ်ကတည်းက ပြုသည်။ ဟိုနားစီကနဲဆိုလည်းသူ၊ သည်နားစီကနဲဆိုလည်းသူ ဆိုလျှင် ရပ်ရွာချဉ်ဖတ်မဖြစ်ပါလော။ အမှန်ပင် ဖြစ်ပေမည်။ သို့သော် ဤကဲ့သို့ဖြစ်နေခြင်းဖြင့် ထိုကလေးကို မည်ကဲ့သို့ အရေးယူလို့ ရပါသနည်း။ အရေးယူလို့မရသည့်တိုင် ထိုကလေးကို ရပ်ရွာက မည်ကဲ့သို့ သုံးပါမည်နည်း။ မည်သူ မျက်နှာသာ ပေးပါမည်နည်း။

ကလေးတစ်ယောက်သည် ငယ်စဉ်ကတည်းက စည်းကမ်းနှင့် ကလနားနှင့်နေလာသည်။ လူကြီးသူမ ပြောစကားကို နားထောင်သည်။ ငယ်စဉ်ကတည်းက တတ်သိလိမ္မာသည်ဆိုလျှင် ထိုကလေးကို ရပ်ရွာက မချစ်ပါသလော။ မချီးမွမ်းပါသလော။ ထိုကလေးကို မျက်နှာသာ မပေးပါသလော။

Standard ဆိုသည်များမှာလည်း ဤအတိုင်းပင်ဖြစ်၏။ သင်တို့အား စက်မှုဇုန်ထုတ်ကားများနှင့် နိုင်ငံခြားမှ တင်သွင်းလာသည့် မူရင်းကားများကို ရွေးပါဆိုလျှင် သင်တို့သည် မည်သည့်ကားကို ရွေးမည်နည်း။ အဘယ်ကြောင့်နည်း။

ပစ္စည်းချင်းတူပါက ဂျပန်လုပ်ပစ္စည်းနှင့် တရုတ်လုပ်ပစ္စည်းနှစ်ခုအနက် သင်တို့သည် မည်သည့်ပစ္စည်းကို ရွေးမည်နည်း။ အဘယ်ကြောင့်နည်း။

ဤသည်မှာ စံနှုန်းများရှိခြင်း၏ အားသာချက်ပင် ဖြစ်ပါသည်။ တိုယိုတာဟေ့ ဆိုလျှင် ပြောစရာကိုမလို။ ဘယ်လိုကားမှန်း လူသိသည်။ မာစီးဒီးဟေ့ဆိုလျှင် ဘယ်လောက်တန်မှန်း ပြောစရာကိုမလို။ (ဖို့ဒ်ကားအကြောင်းကိုတော့ ရန်ကုန်အစိုးရ ပြောပါလိမ့်မည်။)

ထို့ကြောင့် ကျွန်ုပ်က အထက်ပါမေးခွန်းမေးလာသူမိတ်ဆွေအား ဤကဲ့သို့ ပြန်ဖြေလိုက်ပါသည်။

"ဤစံနှုန်းများကို မလိုက်နာခြင်းဖြင့် မည်ကဲ့သို့မှ အရေးယူလို့မရပါ။ သို့သော် ဥပဒေအရ မလိုအပ်သော်လည်း ဈေးကွက်အတွက် အလွန် အရေးကြီးပါသည်။ အသင်၏ ကုမ္ပဏီ၊ လုပ်ငန်း အောင်မြင်ဘို့ရာ၊ အသင်၏ ပစ္စည်းများကို လူကြိုက်များဘို့ရာ အသင်သည် ဤစံနှုန်းများအတိုင်း လိုက်နာလုပ်ဆောင်ရန် လိုပါသည်။ အသင်၏ Name Card ပေါ်တွင် ISO45001 တံဆိပ်ကို ထည့်နိုင်မည်။ အသင်၏ကုမ္ပဏီသည် ISO9001, ISO14001 လက်မှတ်များ ရထားပါသည်ဆိုလျှင် အခြားသူများထက် သင်သည် ဈေးကွက်တွင် ပို၍ မျက်နှာပန်းလှလိမ့်မည်။ အသင်၏ပစ္စည်းများကို လူကြိုက်ပိုများလိမ့်မည်။ သို့အတွက် ဤစံနှုန်းလက်မှတ်များကို ရယူထားရန် လိုပါသည် ခင်ဗျား။"

(ကိုရွေသန်းရေ့ -
ကျွန်တော် ISO45001 အကြောင်း မြန်မာလို စရေးနေပါပြီခင်ဗျား။
ဒါပေမယ့် လောလောဆယ် ကျောင်းသုံးစာအုပ်တွေက သောက်တလွဲတွေအကြောင်းရေးနေတာ လက်စသပ်လိုက်ပါအုံးမယ်။ အဲဒီ ဆောင်းပါးကို ဂျာနယ်တိုက်ပို့ပြီးမှ ISO45001 ကို ဆက်ပါမယ်။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၅၊ ဇွန်လ၊ ၂၀၁၈

No comments: