Monday, March 19, 2018

ကျောက်စက် (Grinder) အကြောင်း သိကောင်းစရာ

နိဒါန်း

လုပ်ငန်းသုံး ကျောက်စက် (grinder) တွင် နှစ်မျိုးရှိ၏။ တစ်မျိုးမှာ အလုပ်စားပွဲခုံတွင် အသေတပ်ထားသည့် ကျောက်စက်အကြီးဖြစ်ပြီး နောက်တစ်မျိုးမှာ လက်နှင့်ကိုင်သုံးရသည့် ကျောက်စက်အသေး ဖြစ်၏။ ကျောက်စက်အသေးကို Angle Grinder သို့မဟုတ် portable grinder ဟု ခေါ်၏။
ယခု ပြောမည့်အကြောင်းမှာ လက်ကိုင်ကျောက်စက် (angle grinder) အကြောင်းဖြစ်ပါသည်။

၁။ ကျောက်စက် (Portable Grinder) အသုံးဝင်ပုံ

ကျောက်စက်ကို ဆောက်လုပ်ရေး၊ သတ္တုပစ္စည်းလုပ်ငန်း၊ သင်္ဘောကျင်းများမှအစ အိမ်တွင်းစက်မှုလုပ်ငန်းများတွင်ပါ တွင်ကျယ်စွာ သုံးကြ၏။
တိုက်စားနိုင်သည့်အတွက် ကျောက်စက်ဟု အလွယ်တကူ ခေါ်သည့်တိုင် ထိုစက်ကလေးကို အောက်ပါလုပ်ငန်းများ အတွက်လည်း သုံးကြပါသေးသည်။
သတ္တုမျက်နှာပြင်ကို ချောစေရေးအတွက် သံဘရပ်ရှ်တိုက်ရန်
သစ်သားမျက်နှာပြင်ကို ကော်ပတ်စားရန်
သတ္တုထည်၊ သစ်သား စသည်တို့ကို ဖြတ်တောက်ရန်
ကျောက်ဆစ်လုပ်ငန်းများတွင် မိမိလိုအပ်သောပုံကို ရစေရန်
ကွန်ကရိမျက်နှာပြင်ကို ချောရန်
လက်သမားလုပ်ငန်းများတွင် သစ်သားမျက်နှာပြင်များကို ကော်ပတ် စားရန်

မိမိလုပ်လိုသည့် လုပ်ငန်းပေါ် မူတည်၍ ကျောက်စက်ခေါင်းကို အလိုရှိသလို ပြောင်းတပ်ကာ သုံးကြ၏။

၂။ ကျောက်စက်တွင်ပါဝင်သော အစိတ်အပိုင်းများ


ကျောက်စက်ကို လျှပ်စစ်ဖြင့်သော်လည်းကောင်း၊ ဖိအားမြင့်လေ (compressed air) ဖြင့်သော်လည်းကောင်း မောင်းနှင် နိုင်၏။ ဖိအားမြင့်လေဖြင့် မောင်းနှင်သော ကျောက်စက်ကို pneumatic grinder ဟု ခေါ်၏။ 



ကျောက်စက်တွင် ကိုယ်ထည်၊ ကျောက်ပြားတပ်ဆင်ရာနေရာ၊ လက်ကိုင်၊ ကျောက်ပြားနှင့်လက် မထိမိစေရန် ကာထား သည့် အန္တရာယ်ကင်း အကာပြား (safe guard) စသည်တို့ပါ၏။ ထို့ပြင် ကျောက်ပြားလဲရန် ဂွ (grinder spanner) လည်း ကျောက်စက် ဝယ်ကတည်းက ပါရမည်။ 
ကျောက်စက်တွင်ပါလာသည့် အန္တရာယ်ကင်းအကာပြားကို မည်သည့်အခြေအနေတွင်မှ မဖြုတ်ရ။



၃။ ကျောက်စက်သုံးခြင်းဖြင့် ဖြစ်နိုင်သော အန္တရာယ်များ (Possible Hazards)

ကျောက်စက်ကြောင့် ဖြစ်နိုင်သည့် အန္တရာယ်များမှာ အောက်ပါတို့ဖြစ်၏။ (ထို့ထက်လည်း ပိုနိုင်ပါသည်။)

ကျောက်စက်တိုက်ရာမှ ထွက်လာသော ကျောက်စ၊ သတ္တုစ၊ အမှုန်များ မျက်လုံးတွင်းဝင်၍ မျက်လုံး ဒဏ်ရာရခြင်း
ကျောက်စက်တိုက်နေစဉ် နားအကာအကွယ် ဝတ်ဆင်မထားသဖြင့် နားလေးခြင်း
ကျောက်စက်တိုက်ရာမှ ထွက်လာသည့် အမှုန်များကို ရှူမိသဖြင့် အသက်ရှူလမ်းကြောင်း ရောဂါများရခြင်း
ကျောက်စက်မှ ဓာတ်ကြိုးများ ပေါက်ပြဲနေသဖြင့် ဓာတ်လိုက်ခြင်း
ကျောက်စက်တိုက်ရာမှ ချော်ပြီး လက်/ခြေစသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြတ်မိခြင်း
ကျောက်ပြားကွဲ၍ မိမိကိုသော်လည်းကောင်း၊ အခြားသူများကိုသော် လည်းကောင်း ထိခိုက်မိခြင်း









No comments: