Tuesday, March 27, 2018

ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိရခြင်းအကြောင်း

ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိရခြင်းအကြောင်း

ဇာတ်ကြီးဆယ်ဘွဲ့၌ ဖတ်ရသည်မှာ ဖခင်ဘုရင်ကြီးက တေမိမင်းသားလေးကို ရင်ခွင်ပိုက်လျှက် ခိုးသားဓားပြများကို စီရင်ချက်ချခဲ့သည်ဆို၏။ ကြောက်လန့်ဖွယ် စီရင်ချက်များကို ကြားရသော် တေမိမင်းသားလေးက ဘုရင်လုပ်ရမှာကို စိုးရွံ့သောကြောင့် စကားမပြောဘဲ နေလေ၏။ နောက်ဆုံး သတ်မည်ကြံတော့မှ စကားပြော၏။ ဤသည်မှာ နှုတ်၏အပြစ်များကို သိသောကြောင့် ဘုရားလောင်းက စကားမပြောဘဲ နေခဲ့ခြင်း၏ သာဓကတည်း။

မြန်မာစကားတွင် နှုတ်ကြောင့်သေ၊ လက်ကြောင့်ကျေ ဟူသော စကားသည်ရှိ၏။ စကားတစ်ခွန်းကြောင့် အသက်သေရသည့်၊ ဒုက္ခများရသည့် ဇာတ်လမ်းများ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် မကြားချင်မှအဆုံး ရှိ၏။ စကားကို လက်လွတ်စပယ် ပြောမိသဖြင့် ဖေ့စ်ဘုတ် တံတွေးခွက်ထဲ ပက်လက်တစ်ခါ၊ မှောက်ခုံတလှည့် မျောခဲ့ကြရသူများလည်း ရှိခဲ့၏။

စကားများခြင်း၏ အပြစ်များကို သိသည့်တိုင် ကျွန်ုပ်တို့သည် အဆင်အခြင်မရှိ၊ စကားကို ပက်ခနဲ ပြောတတ်ကြ၏။ ကျွန်ုပ်သည်လည်း အများထဲက တစ်ယောက်မို့ ဤသို့ပြောမိသဖြင့် နောင်တရခဲ့သောအကြိမ်ပေါင်း အတော်များလှပြီ ဖြစ်၏။

ယခုလတ်တလောအချိန်၌ ရုပ်ရှင်တစ်ခုနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်လောကသားများထဲတွင် ပွက်လောညံနေသည့် ကိစ္စတစ်ခုသည် ရှိ၏။ ရုပ်ရှင်လောကသားများသာမက ဖေ့စ်ဘုတ်ပရိသတ်ကြီးတစ်ခုလုံး ထို ဇာတ်လမ်းထဲ၌ စီးမျောနေကြလေသတည်း။

ကျွန်ုပ်သည်လည်း ပုထုဇဉ်လူသားတစ်ဦးမျှသာ ဖြစ်၍ ထိုရေစီးကြောင်းကြီးထဲတွင် မျောပါမိလေ၏။ ကျွန်ုပ်၏ အချိန်များလည်း အတော်ပဲ့ကုန်လေ၏။ ကျွန်ုပ်မှာ လောလောဆယ် Safety စာအုပ်ကြီး ကုန်သွားသဖြင့် တတိယအကြိမ် ပြန်ထုတ်ရန် လုံးပမ်းလျက်ရှိ၏။ အမှားအယွင်း တတ်နိုင်သမျှ ကင်းစေရန် စာလုံးတိုင်းကို အသေအချာဖတ်ရ၏။ စာအုပ်ကြီးမှာ အတော်ထူရကား အတော် အချိန်စား၏။

စာအုပ်ကိစ္စ လုံးပမ်းရင်းနှင့်ပင် တစ်ခါတစ်ခါ ဖေ့စ်ဘုတ်ဆီ ရောက်သွား၏။ ဖေ့စ်ဘုတ်ဆီ ရောက်သည်နှင့် အနှီအတင်းအဖျင်း ရေစီးကြောင်းထဲ မျောပါလေတော့၏။ ထိုရေစီးကြီးကြောင်းမှာ ဆွဲငင်အားကောင်းလှသောကြောင့် တော်တော်နှင့် ပြန်မထွက်နိုင်။ သတိရ၍ ကြည့်လိုက်လျှင် နာရီဝက်ခန့် အချိန်စားသွားသည်ကို နှမြောလှစွာ သိလိုက်ရသည်ချည်း ဖြစ်၏။ ထိုသည့်အခါများတွင် ထိုကိစ္စများနှင့် အချိန်ဖြုန်းမိခြင်းအတွက် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိလေ၏။ သို့တိုင် သတင်းပလင်း၊ အတင်းအဖျင်း စုံလှသည့် ဖေ့စ်ဘုတ်ကို ကျွန်ုပ်မကြည့်ဘဲ မနေနိုင်။ မကြာခဏ ကြည့်မိသည်သာ ဖြစ်၏။

အထက်ပါ အတင်းအဖျင်းကိစ္စမှာ စကားကို အဆင်အခြင်မရှိ လက်လွတ်စပယ် ပြောကြခြင်းအကြောင်း ဖြစ်လေသည်။ ကျွန်ုပ်တစ်ခု အံ့သြမိသည်မှာ ၎င်းတို့အချင်းချင်းပြောကြသည်များကို screen shot ရိုက်ကာ ဖေ့စ်ဘုတ်ပေါ် တက်လာခြင်းပင် ဖြစ်၏။ အပြင်လူအနေနှင့် သည်ကိစ္စများကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။

မိမိတို့ပြောသည့်စကားသည် မိမိတို့၏ အဆင့်အတန်းကို ဖော်ပြနေ၏။ များများပြောလျှင် များများမှားနိုင်လေသည်။ ထို့ကြောင့်ပင် စကားများခြင်း၏ အပြစ်ကိုသိ၍ တေမိမင်းသားလေးက စကားမပြောဘဲ နေခြင်းဖြစ်၏။ မိတ်ဆွေများအားလည်း စကားကို ဆင်ဆင်ခြင်ခြင် ပြောကြပါမည့်အကြောင်း ဤနေရာမှနေ၍ တိုက်တွန်းလိုက်ပါ၏။

ဆရာနှင့် သေသေချာချာ သင်ပေးခြင်း၏ အကျိုးကျေးဇူး

နောက်တစ်ခု ကျွန်တော်ပြောချင်သည်မှာ သင်တန်းများ အရေးကြီးပုံ ဖြစ်၏။

များမကြာမီက လူအများ သောက်မြင်ကပ်မည့် ပို့စ်တစ်ခုကို ကျွန်တော်ရေးတင်ခဲ့၏။ စာရေးခြင်းနှင့် ကွန်ပြူတာ စာစီခြင်း အကြောင်းတည်း။ ထိုပို့စ်ကို ရေးခြင်းအတွက် မိတ်ဆွေများ၏ ငြိုငြင်ခြင်းကိုလည်း ခံရ၏။ ကျွန်တော့ကို အစာမကြေကြ။

၎င်းတို့စာရေးသားပုံကိုကြည့်၍ ၎င်းတို့၏ အချိန်များကို ကျွန်တော် အတော်နှမြောမိလေသည်။ ကျောင်းကို ၁၅ နှစ်၊ အနှစ် ၂၀ မျှ တက်ခဲ့ပါလျက် စာကို အမြီးအမောက်တည့်အောင် မရေးတတ်သည်မှာ အဘယ်ကြောင့်နည်း ဟုလည်း အပြန်ပြန်အလှန်လှန် တွေးမိ၏။ (ကျွန်ုပ်က ထိုသို့ပြောလျှင် အများစုက ပညာရေးစနစ်ကြီးကို လက်ညှိုးထိုးကြပါလိမ့်မည်။)

နောက်တစ်ခုမှာ သင်တန်းများ အရေးကြီးပုံ ဖြစ်၏။
တစ်ခုခုကို သေသေချာချာ တတ်ဘို့ရာ ဆရာနှင့် ကျကျနန သင်ပေးရသည်။ ဆရာနှင့်မဟုတ်လျှင်သော်မှ ဆရာကဲ့သို့ အားကိုးရသော စာအုပ်၊ ဗီဒီယို စသည်တို့နှင့် မိမိဘာသာ ကျကျနန လေ့လာဆည်းပူးရသည်။ (ကျွန်တော် AutoCAD လေ့လာရာတွင် ဆရာအောင်မြင့်၏ စာအုပ်ကိုဖတ်ကာ စာအုပ်ထဲတွင်ပါသည့် နည်းများအတိုင်း လေ့ကျင့်ပြီး တတ်မြောက်ခဲ့ခြင်း ဖြစ်၏။)

ကျွန်တော် ကွန်ပြူတာစသင်တော့ ၁၉၉၆ ထင်ပါသည်။ ကိုဖိုးခွားက ရေဆင်းသို့လာကာ စိုက်ပျိုးရေးတက္ကသိုလ် ဆရာဆရာမများ အတွက် ကွန်ပြူတာ သင်တန်းဖွင့်ပေးခဲ့ခြင်းဖြစ်၏။ အဲသည်တုံးက Window 3.1။ Pentium တောင်မှ မပေါ်သေး။ 386, 486 များသာ ရှိသေးသည်။ နောက်မှ pentium 2 စသဖြင့် ပေါ်ခဲ့တာဖြစ်၏။

သည်လို သင်လိုက်တော့ ကွန်ပြူတာတစ်လုံး တည်ဆောက်ပုံအကြောင်း သိသွားသည်။ Window အကြောင်း နားလည်သွားသည်။ Microsoft Office ကို ကောင်းကောင်း သုံးတတ်သွားသည်။ ထို့ထက် ကျွန်တော် ရေဆင်းမှထွက်လာပြီး ရန်ကုန်တွင်ကိုဖိုးခွားထံ၌ပင် ကွန်ပြူတာသင်တန်းများ ပြတော့ ပိုမို နားလည်ရသည်။

ကွန်ပြူတာနှင့် စာရိုက်ရာတွင် ကီးဘုတ်ကိုနှိပ်၍ စာလုံးများ ပေါ်လာသည် ဆိုရုံမျှရုံနှင့် မပြီးပါ။ သေသပ်လှပသော စာတစ်စောင်ဖြစ်အောင် ပြင်တတ်ရန် လိုပါသည်။ ဤကဲ့သို့ ပြင်တတ်ရန်မှာ Office တွင်ပါသည့် tool များကို သူ့နေရာနှင့်သူ သုံးတတ်မှ ဖြစ်သည်။

ပေးပို့လာသော စာမူအများစုကိုကြည့်လျှင် ကွန်ပြူတာကို ကျကျနန မကိုင်တတ်မှန်း သိသည်။ ဥပမာဆိုရလျှင် -
စာပိုဒ်အစ၌ လက်မဝက်ခန့်ချန်ကာ ရေးရသည်။ ဤသည်မှာ ဘာမှမခက်ပါ။ ကီးဘုတ်ပေါ်မှ tab key တစ်ချက် နှိပ်လိုက်လျှင် ကိစ္စပြီးသည်။ စာပိုဒ်တိုင်း အညီရသည်။ သို့သော် ဤသည်ကို နားမလည်တော့ space bar ကိုတောက်လျှောက်နှိပ်ကာ လိုချင်သည့်နေရာရောက်အောင် လုပ်သည်။ ထိုအခါ စာပိုဒ်များကို အညီမရတော့။ ကျွန်တော်ပြန်ပြင်သည့်အခါ အတော် ခေါင်းကိုက်ရသည်။

မြန်မာစကားတွင် "ဆရာမပြ၊ ငါးပိဖုတ်တောင် နည်းမကျ" ဟူသော စကားပုံသည် ရှိ၏။
ငါးပိဖုတ်တာ ဘာမှခဲယဉ်းသည့်အလုပ်မဟုတ်။ သို့သော် ဆရာက သေသေချာချာ သင်မပေးလျှင် ဖုတ်ထားသည့် ငါးပိမှာ အပြင်တွင် မီးကျွမ်းနေပြီး အတွင်းက မကျက်တာမျိုးနှင့် ကြုံရတတ်၏။ ထို့ကြောင့် မည်သည့်အလုပ်မျိုးမဆို ဆရာနှင့် သင်ပေးရန် အရေးကြီးသည်ဟု ဆိုလိုရင်း ဖြစ်၏။

မည်သည့်ပညာရပ်ကိုဖြစ်စေ ဆရာနှင့် ကျကျနန လေ့လာသင်ယူကြပါ။ ပြီးစလွယ် ဖြစ်ကတတ်ဆန်း မလုပ်ကြပါနှင့် ဟု တိုက်တွန်းလိုက်ရပါကြောင်း -

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇ မတ်လ၊ ၂၀၁၈

No comments: