Monday, March 19, 2018

အာဆီယံနိုင်ငံများ ကျွမ်းကျင်မှု ပြိုင်ပွဲ (ASEAN Skill Competition) အကြောင်း သိကောင်းစရာ-2

Tiling ပြိုင်ပွဲ

ဒုတိယမေးခဲ့သူမှာ သုဝဏ္ဏဆောက်လုပ်ရေးသင်တန်းကျောင်းမှ ဦးကိုကိုနိုင် ဖြစ်ပါသည်။

မေး။ ။ ASEAN Skill Competition မှာ ဝင်ပြိုင်ဘို့ ပြင်ဆင်ထားတာလေးတွေ ပြောပြပါအုံး။
နိုင် ။ ။ အာဆီယံပြိုင်ပွဲမှာ ကျွန်တော်တို့ tiling (ကြွေပြားကပ်) က အခုမှ စပြိုင်ရမှာပါ။ လေးနိုင်ငံပြိုင်ရမယ်။ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှား ပေါ့။ ဖေဖော်ဝါရီလက သွားခဲ့တဲ့ ဆွေးနွေးပွဲမှာ ဘယ်ဟာကိုပြိုင်ကြမလဲလို့ ဆုံးဖြတ်ခဲ့တယ်။ စုစုပေါင်း မော်ဒျူး ၁ က စေတီပုံ။ မြန်မာနဲ့ထိုင်းရဲ့ သင်္ကေတ နဲ့ ဗီယက်နမ်ရဲ့သင်္ကေတ ဘုံကျောင်းပုံ။ နောက် မော်ဂျူး ၂ က ဆင်ခေါင်းပုံ။ မလေးရှား ရဲ့သင်္ကေတ။ နောက် ၂၀၁၈ မှာ လုပ်တဲ့အတွက် 2018 စာလုံးကို ကြွေပြားနဲ့ ရေးရမယ်။

ပြိုင်ပွဲဝင်မယ့် အရုပ်တွေမှာ ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ညို ဆိုပြီး အရောင် ငါးမျိုးပါတယ်။ ကျွန်တော်က ပြိုင်ပွဲဝင်တွေကို ခုနပြောတဲ့ပုံတွေကို ကတ်ထူပြားတွေနဲ့ အရင်လေ့ကျင့်ခိုင်းတယ်။ အချွန်းလေးတွေ၊ အဝိုက်ကလေး တွေကို ကောင်းကောင်းလှီးတတ်၊ ဖြတ်တတ် သွားပြီဆိုမှ ကြွေပြားနဲ့ ဆက်လေ့ကျင့်မယ်။ ကြွေပြားတွေကို grinder နဲ့ ဖြတ်ပုံ ဖြတ်နည်း။ ကြွေပြားကပ်ပုံကပ်နည်းတွေ လေ့ကျင့်ပေးမှာပါ။

နောက်တစ်ခု အရေးကြီးတာက safety ပါ။ သူတို့ grinder ကောင်းကောင်းကိုင်တတ်အောင်၊ ကာဘိုက်ပြားနဲ့လက် မထိမိအောင်၊ ဖြတ်တဲ့အခါ safety glass, handglove, ear plug စတာတွေ ဝတ်ဘို့ပေါ့။


အာဆီယံပြိုင်ပွဲအတွက် ပေးထားသောပုံမှ အတိုင်းအတာများ

အာဆီယံပြိုင်ပွဲအတွက် ပေးထားသောပုံ


မေး။ ။ Myanmar Skill Competition ကို ဘယ်တော့ ပြိုင်မယ်လို့ ရည်မှန်းထားပါသလဲ။
နိုင် ။ ။ မတ်လအကုန် သင်္ကြန်မတိုင်မီ ပြိုင်မယ်လို့ မှန်းထားပါတယ်။ သင်္ကြန်ပြီးတဲ့အခါ လူရွေးမယ်။ ဆုပေးမယ်ပေါ့။

မေး။ ။ လေ့ကျင့်တာအတွက် အစိုးရက ထောက်ပံ့ပေးတာမျိုး ရှိပါသလား။
နိုင် ။ ။ ကုန်ကျစရိတ်တွေကို တွက်ချက်ပြီး တင်ထားပါတယ်။ ရတော့ မရသေးပါဘူး။ GIZ က ထောက်ပံ့မှာနဲ့ အစိုးရ ထောက်ပံ့မှာ နှစ်မျိုးရှိပါတယ်။ အခု ပြိုင်မှာက (၈) ယောက်ပါ။ အဲဒီအထဲကမှ အာဆီယံပြိုင်ပွဲအတွက် (၄) ယောက်ရွေးမယ်။ (၄) ယောက်ကို စခန်းသွင်းလေ့ကျင့်ပြီးမှ အာဆီယံမှာပြိုင်ဘို့ (၂) ယောက် ထပ်ရွေးမှာပါ။

မေး။ ။ ခု ရွေးထားတဲ့ (၈) ယောက်က ဘယ်ကပါလဲ။
နိုင် ။ ။ လုပ်ငန်းခွင်ထဲမှာ အသက် (၂၂) နှစ်အောက် ကြွေပြားကပ်နိုင်တဲ့သူက ရှားတယ်။ အဲဒီတော့ အခု သူတို့ကို GTHS (Government Technical High School) ကနေ သွားရွေးထားတာပါ။ နောက်ပြီး ကြွေပြားကပ်တတ်ဘို့ drawing ဖတ်တတ်ဘို့ လည်း လိုသေးတယ်။ ဒါကြောင့် GTHS က ကလေးတွေကို ရွေးရတာပါ။ အခု သူတို့ကို (၄) နိုင်ငံ သဘောတူထားတဲ့ ပုံတွေနဲ့ လေ့ကျင့်ပေးထားတယ်ဆိုပေမယ့် ဒီပုံတွေအတိုင်း အတိအကျ မေးမှာ မဟုတ်ပါဘူး။ အနီးကပ်ရင် ၃၀% ကို ပြန်ပြင်မေးပါမယ်။ ဆိုတော့ ဒီဇိုင်းနားမလည်တဲ့ကလေးတွေဆို ဖြေနိုင်မှာ မဟုတ်ဘူး။ 

မေး။ ။ ဒီလိုပြိုင်ပွဲတွေလုပ်တာ ဘယ်နှနှစ်ရှိပါပြီလဲ။
နိုင် ။ ။ အုတ်စီ (brick laying) က မနှစ်ကတည်းကပါ။ ကြွေပြားကပ် ကတော့ ဒါ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။ 

နောက်ပြီး ကျွန်တော်တို့ NSSA နဲ့ ပေါင်းပြီး 2017/18 ဘတ်ဂျက်နှစ်မှာ Skill worker ၅၀၀၀ မွေးထုတ်ပေးဘို့ ပရောဂျက်တစ်ခု လုပ်ထားပါတယ်။ ဒီမှာ အုတ်စီ၊ ကြွေပြားကပ်၊ လက်သမား စတာတွေ လတိုင်းစစ်ပေးနေပါတယ်။ Tiling မှာ wall tiling နဲ့ floor tiling ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီမှာ ကြမ်းပြင်မှာကပ်တဲ့ floor tiling ကိုသင်ပေးတယ်။ သင်တန်းဆင်းတော့ NSSA level 1 certificate (semi-skill) ပေးပါတယ်။ 
အဲဒီ ၅၀၀၀ မှာ construction sector က ၂၀၀၀ ပါပါတယ်။ အဲဒီမှာ brick laying, carpenter, tiler, excavator, forklift စတာတွေပါပါတယ်။ သင်ပေးနေတာ Construction အပါအဝင် စုစုပေါင်း ၁၇ မျိုးလောက်ရှိပါတယ်။ ဒီသင်တန်းတွေ ကတော့ အသက်အကန့်အသတ်မရှိဘူး။ Myanmar Skill နဲ့ ASEAN Skill ပြိုင်ပွဲတွေမှာ စာတွေ့မပါပေမယ့် ဒီ NSSA Skill မှာ တော့ စာတွေ့ပါ ထည့်မေးတယ်။ တကယ်လို့ သူတို့ စာရေးစာဖတ် မတတ်ရင် ပါးစပ်နဲ့မေးတယ်။ သူတို့ ပြန်ဖြေတာကို တစ်ယောက်က စာနဲ့ ပြန်ရေးပေးတာမျိုးလည်း လုပ်ပေးထားတယ်။ စာမတတ်ပေမယ့် လုပ်ငန်းကျွမ်းကျင်သူတွေအတွက် အခွင့် အရေးမဆုံးရှုံးရအောင် လုပ်ပေးထားတာပါ။ ဒါကတော့ Level 1 အတွက်ပါ။ Level 2 ကျရင်တော့ ရေးတတ်ဖတ်တတ်မှ ရမယ်။ 
အဲဒီတော့ အဲဒီစာမေးပွဲတွေနဲ့ ဒီ Myanmar Skill Competition နဲ့ မတိုက်အောင် ရက်ရွေးနေရတာပါ။

မေး။ ။ သူတို့ကို ဘာတွေပြိုင်ရမယ်ဆိုတာ ပြောပြထားသလား။
နိုင် ။ ။ ဘန်ကောက်ဆွေးနွေးပွဲမှာ ရခဲ့တဲ့ ဒီဇိုင်းနဲ့ Marking scheme တွေကို GTHS က ဆရာ၊ ဆရာမတွေဆီ ပို့ထားပါတယ်။ သူတို့က အဲဒီအတိုင်း ပြိုင်ပွဲဝင်မယ့်သူတွေကို လေ့ကျင့်ပေးပါလိမ့်မယ်။ မနှစ်က အုတ်စီမှာ ပထမရသွားတဲ့ ကလေးမလေးကို ဒီနှစ် ကြွေပြားကပ်မှာ ဝင်ပြိုင်ဘို့ လေ့ကျင့်ပေးနေပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
နိုင် ။ ။ ကျွန်တော်ကလည်း ခုလိုပြောပြခွင့်ရလို့ ဝမ်းသာပါတယ်။

ကြွေပြားကပ် ပြိုင်ပွဲအတွက် လေ့ကျင့်မည့် နေရာ 

ပြိုင်ပွဲအတွက် လေ့ကျင့်ရန် ပြင်ဆင်ထားပုံ



No comments: