Thursday, October 5, 2017

မိတ်ဆွေကောင်းရှိခြင်း၏ အကျိုးကျေးဇူး

(၁)

မင်းကွန်ပြူတာ ငါခဏသုံးမယ် ဆိုကာ ဘားနတ်က သူ့ external hard drive ကို ကျွန်တော့် MacBook Air ၌ ဂွပ်ကနဲ တပ်လိုက်၏။
ပထမ ကျွန်တော်ထင်သည်မှာ သူ့ဖိုင်တွေ Window နှင့်ဖွင့်မရသောကြောင့် လာဖွင့်တာ၊ ကူးတာ စသဖြင့်ထင်သည်။
ကျွန်တော့် MacBook ပေါ်၌ Window တင်ရင်း သူက မင်းအတွက် ငါ Window တင်ပေးမယ် ဟု ပြောသည့်အခါကျမှ ကျွန်ုပ်မှာ ဟေ - ဟု ရေရွတ်မိကာ ၀မ်းသာအားရ ဖြစ်မိလေသည်။
နောက်ပြီး သူ Window တင်ဒါ ဘာမှ မကြာ။ ခဏနှင့်ပြီးသည်။ Window တင်ပြီးတော့ မင်း ဘယ် Office ယူမလဲဆိုကာ သူ့ hard drive ကို ဖွင့်ပြ၏။ အားပါး - သူ့မှာ Office XP မှစကာ 2016 ထိ မျိုးစုံရှိလေသည်။ Window မှာလည်း Window XP မှစကာ Window 10 (လားမသိ) ထိရှိ၏။
ယခင်က ကျွန်တော်သုံးတာ Window 7 နှင့် Office 2007 ဆိုတော့ ငါ့ကို 2007 ပဲတင်ပေးပါကွာ ဟု ပြောလိုက်၏။
ကျွန်တော့်စိတ်ထင် သူ Window နှင့် Office တင်တာ နာရီဝက်လောက်သာကြာသည်။ နောက်ပြီး သူက Mac နှင့် Window ကို မည်သို့ toggle လုပ်ရမည် စသည်တို့ကို ရှင်းပြ၏။

(၂)

ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာ ဟူ၍ မြန်မာစကားပုံတွင်လည်းကောင်း၊ ဒုက္ခဆိုတာ အဖော်အပေါင်းနှင့်လာတတ်သည်ဟု အင်္ဂလိပ် စကားပုံတွင်လည်းကောင်း အသီးသီးရှိ၏။ အခြားဘာသာများတွင်လည်း ၎င်းနှင့်ခပ်ဆင်ဆင် စကားပုံများ ရှိနိုင်လေသည်။
ပထမ ကျွန်တော့် အိုင်ဖုံးမှာ အလိုလို ပြန်ပိတ်သွားသည့် ပြဿနာ တက်သည်။ ဖွင့်လိုက်၊ ပိတ်သွားလိုက်။ ဓာတ်ပုံရိုက်တာတောင် တစ်ပုံလောက်သာရိုက်နိုင်ပြီး ပိတ်သွားသည်။ စကားပြောနေရင်းလည်း ခဏခဏ ပိတ်သည်။ သည်ဖုံးက အလျင်တစ်ခါ ပြဿနာတက်လို့ တစ်ခါပြင်ထားရသေးတာ ဖြစ်၏။
ယခင်ခေတ်အခါ ကာလများက စမတ်ဖုံးမရှိလည်း ဘာဖြစ်သတုံး။ ဘာမှမဖြစ်။ သည်အတိုင်း နေလို့ရသည်။ သို့သော် သည်ကနေ့ ခေတ်ကာလတွင်မူ လက်ထဲ၌ ဖုံးမရှိတော့သည်နှင့် မိမိသည် လောကကြီး၏ အပြင်ဘက် ရောက်နေသကဲ့သို့ ခံစားရလေ၏။ သို့နှင့် ကျွန်ုပ်လည်း ဆိုင်ပြေးကာ Oppo ဖုံးတစ်လုံး ၀ယ်လိုက်သည်။ S$499 ပေးရ၏။
ဖုံးအသစ်ဝယ်ပြီး နောက်နေ့မှစကာ လက်စွဲတော် HP လက်ပ်တော့က ဖောက်လာသည်။ ပထမ scan disk လုပ်၏။ တစ်ခါလုပ်လျှင် တော်တော်နှင့်မပြီး။ သည်တော့ သည်အဆင့်ကို မသွားဘဲ by pass လုပ်ရ၏။ သို့သော် window က တက်လိုက် ကျလိုက်။ ဆိုတော့ back up မလုပ်ရသေးသော ဖိုင်များကို external hard drive တွင် save လုပ်သည်။ သို့သော် ကွန်ပြူတာက ကောင်းကောင်းပညာပြသည်။ 3MB လောက်ရှိသည့်ဖိုင်ကလေးကို ၃ မိနစ်လောက် save လုပ်ယူရ၏။ 10GB လောက်ဆို ဘယ်လောက်ကြာမည်မှန်း မိတ်ဆွေတို့ တွေးမိလောက်ပါပြီ။
ကွန်ပြူတာပျက်လို့မှ ၃ ရက်မပြည့်ခင် ရုံးမှစာတစ်စောင် ရောက်လာ၏။ ခါတိုင်းသည်အချိန်ဆို လခတိုးပေးနေကျဆိုတော့ ဟီဟိ၊ တစ်ခါတော့ လခတိုးရချေသေးရဲ့ဟု စာအိတ်ကို ဖောက်ဖတ်။ ဟိုက်ရှာလပတ်ရည်။ လခတိုးတာမဟုတ်။ အလုပ်ဖြုတ်သည့်စာ ဖြစ်နေလေ၏။
ငါတို့မှာ အခု ပရောဂျက်မရှိတော့တဲ့အတွက် blah blah blah, ငါတို့နဲ့အတူတူတွဲလုပ်ခဲ့တာ ဘာညာသာရကာ . .
ကျေးဇူးတင်ပါတယ်. . . . ဟိုက်ရော။
ဒါတင်မကသေး။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က အလုပ်ထဲမှ ကုလားလေးတစ်ယောက် ကြမ်းပြင်အပေါက်ထဲသို့ပြုတ်ကျသည့် accident တစ်ခု ဖြစ်ခဲ့၏။ အာမခံကိစ္စဘာညာ အကုန်ကျွန်တော်လုပ်ပြီးနေပြီ။ အဆင်သင့်ထိုင်ကာ ငွေထုပ်ပိုက်ရုံရှိ၏။ ဒါပေသိ၊ ဘယ်သူ မြှောက်ပေးသည်မသိ။ သောက်ဂမြင်းမသားလေးက ထွက်ပြေးသွားကာ ကုမ္ပဏီကို တရားစွဲသည်။
ပထမတစ်ခါကွန်ပြူတာပျက်တာနှင့် ယခုတစ်ခါပျက်တာပေါင်းပြီး ကျွန်တော့် ဓာတ်ပုံနှင့် စာရွက်စာတမ်းအတော်များများ ဆုံးရှုံး သွားသည်ဖြစ်ရာ ထိုကုလားလေးအမှုနှင့်ပတ်သက်သည့် ဓာတ်ပုံများ ပြန်ရှာမတွေ့တော့၍ ကျွန်ုပ်မှာ ဒုက္ခနှင့်လှလှနှင့် တိုးရ ပြန်လေတော့၏။ ရှေ့နေကလည်း ကျွန်ုပ်ကို စာရွက်စာတမ်းများ၊ ဓာတ်ပုံများ တဂျီဂျီတောင်းလေရာ ထိုကိစ္စနှင့် ကျွန်ုပ်မှာ အလွန် အလုပ်ရှုပ်နေသော ကာလလည်း ဖြစ်၏။
နောက်ပြီး သူတရားစွဲတောင်းထားသည့်ပိုက်ဆံမှာ သိပ်မနည်းလှ။ စင်းဒေါ်လာ နှစ်သိန်းခွဲနီးပါး ဖြစ်၏။ အကြောင်းပြချက်မှာ သည်အက်ဆီးဒင့်ဖြစ်၍ သူ့တစ်သက်တာ ကာလပတ်လုံး အလုပ်မလုပ်နိုင်တော့ပါ ဟူ၏။ ဟာဟား။ ပိုက်ဆံ ၂ သိန်းကျော်များ၊ လွယ်လွယ်လေးရမယ် မှတ်နေသလားမသိ။
ပြီးခဲ့သည့်အပတ်ကမှ တရုတ်တစ်ယောက်၊ MOM က တွက်ပေးသောအာမခံကို လက်မခံ။ ကုမ္ပဏီကို တရားစွဲတာ အမှုရှုံးလို့ ဒဏ်ကြေး သုံးသောင်းသုံးထောင် ဆောင်လိုက်ရပြီးပြီ။
ဒုက္ခဆိုတာ အုံနဲ့ကျင်းနဲ့လာတတ်တယ်ဆိုသည့်စကားကို သည်အခါကျမှ ကျွန်တော်လည်း လက်တွေ့မျက်မြင် သဘောပေါက်ရ လေတော့သတည်း။

(၃)

သည်ကွန်ပြူတာက အလျင်တစ်ခါ ပြဿနာတက်လို့ စာရွက်စာတမ်းတော်တော်များများ ဆုံးခဲ့ရဖူးသည်။ ကိုအောင်နိုင်စိုးက ၀င်းဒိုးပြန်တင်ပေးထားတာဖြစ်၏။ တစ်ခါသေဖူး၊ ပျဉ်ဘိုးနားလည်ဆိုသည့်စကားအတိုင်း ကျွန်တော်လည်း အနည်းဆုံး တစ်ပါတ်တစ်ခါ ဖိုင်များကို external drive တွင် back up လုပ်သောဟူ၏။
သည်ကွန်ပြူတာနှင့်အလုပ်မဖြစ်တော့ Challenger သွားကာ MacBook Air ၀ယ်သည်။ အဘယ်ကြောင့် သုံးနေကျ HP ကို မရွေးဘဲ MacBook Airကို ရွေးရသနည်းဟူမူ သူ့အဆင်အပြင်လေးက ဆွဲဆောင်မှုရှိသည်။ ကွန်ပြူတာအရွယ်ကိုလည်း ကြည့်လိုက်ဦး။ အထူက ၁.၇ စင်တီမီတာ၊ ပီဘိ ပါးပါးကလေး။ နောက်ပြီး ကျွန်တော့်လို laptop ကို သွားလေရာ သယ်သွားနေရသူ အဖို့ ၁.၃၅ ကီလိုဆိုတာ မက်မောလောက်စရာ ဖြစ်၏။ စာအုပ်ထူထူတစ်အုပ်လောက်တောင်မှ မလေး။ နောက်ပြီး resolution က 1440x900 pixels ဆိုတော့ ဗီဒီယို၊ ဓာတ်ပုံများမှာ အလွန်ကြည်လင်ပြတ်သားပြီး ပုံထွက်ကောင်းသည်။ နောက်ပြီး သူ့ ပါဝါ charger က ပီဘိပေါ့ပေါ့လေး။ အားသွင်းလိုက်လျှင် ခဏနှင့်အားပြည့်သွားပြီး ဘက်ထရီက အကြာကြီးခံသည်။
ဈေးကလည်း မဆိုးပါ။ S$1328 ။ ဒါတောင် ကျောင်းသားကဒ်နှင့်ဆို ၁၀၀ လျှော့မည်ဆိုတော့ သားကို သွားခေါ်လာကာ ၀ယ်လိုက်သည်။ ဆိုတော့ S$1228 ဖြစ်သွား၏။ ခလက်ဒစ်ကဒ်နှင့် အကြွေးဝယ်လိုက်တော့ တစ်လ ၅၁ ကျပ်။ Wow.
သို့သော်လည်းပေါ့လေ။ ကိုယ်တစ်ခါမှမသုံးခဲ့ဖူးသည့် system ဖြစ်၍ တောသားမြို့ရောက်ပြီး YBS ကားကို မစီးတတ်သလို ဖြစ်တော့၏။ အဆိုးဆုံးကား စာရေးရာတွင် ပြဿနာ တက်ခြင်းဖြစ်သည်။ သူ့ system တွင် Key Notes, Numbers, Pages စသည်တို့ ပါလာ၏။ Power Point, Excel, Word ဖိုင်များကို ရိုက်လို့ ပြင်လို့လည်းရသည်။ .doc, .xls, .ppt စသည့် ဖိုင်များနှင့်လည်း save လုပ်လို့ရသည်။ သို့သော် ကိုင်နေကျမဟုတ်တော့ ဘာကို ဘယ်လိုလုပ်ရမှန်းမသိ။ စမ်းတ၀ါးဝါး။ Timesheet လေးပြင်တာတောင် အဆင်မပြေ။
မြန်မာလိုရေးမည်ဟု လိုက်ရှာတော့ Myanmar Apple ဆိုတာ သွားတွေ့သည်။ သူပေးထားတာတွေ download လုပ် သုံးလိုက်တော့ အောင်မယ် ဟုတ်သလိုလိုရှိသား။
သို့သော် ပြဿနာတက်သည်က keyboard ဖြစ်၏။ သူ့ keyboard က ဇော်ဂျီလည်းမဟုတ်။ ယူနီလည်းမဟုတ်။ ဘာမှန်းကိုမသိ။
မြန်မာအက္ခရာများကို အင်္ဂလိပ်ကီးများအလိုက် စဉ်ထား၏။ ဥပမာ - က နှင့် ခ ကို K , စ နှင့် ဆ ဆိုလျှင် C , ပ နှင့် ဖ ဆိုလျှင် P စသဖြင့် ဖြစ်၏။ ကီးဘုတ်စာလုံးများအားလုံး အလွတ်ရနေသူ ကျွန်ုပ်အတွက်တော့ ပြဿနာမရှိပါ။ ယပင့်၊ ယရစ်၊ သဝေထိုး စသည်တို့လောက်သာ မှတ်ရသည်။ ဆိုတော့ တစ်ညလောက် အသည်းအသန်ကျင့်လိုက်ရုံနှင့် ရိုက်တတ်သွားသည်။ သို့သော် ပါဠ်ဆင့်များကို ပြထားတာမရှိ။ ဆိုတော့ ကိစ္စ၊ အတ္ထုပ္ပတ္တိ စသည်တို့ကို ဘယ်လိုရိုက်ရမှန်းမသိ။
နောက် ကိုမေယာက keymagic keyboard သုံးဘို့ပြောတော့ အဆင်ပြေပြန်၏။ သို့သော် page နှင့်ရေးရတာ အဆင်မပြေပါ။ စိတ်မရှည်သည့်အဆုံး Challenger သွားကာ "ဟောသည် MacBook မင်းတို့ဆီမှာ ၀ယ်လာတာဖြစ်တဲ့အတွက် ငါ့ကို Office install လုပ်ပေးပါ" သွားပြော၏။ ရပါတယ်ကွ၊ S$229 ကျတယ် ဆို၏။
ငမ်၊ သဟာ မင်းတို့က ပေးရမှာမဟုတ်ဘူးလား။
ဟားဟား၊ မင်းကိုငါတို့က ကားပဲရောင်းတာကွ။ ဓာတ်ဆီတော့ ကိုယ့်ဘာသာဝယ်ထည့်ရမပေါ့ကိုယ့်လူရဲ့ - ဟု ဆို၏။
ဟိုက်ရှားဘားစ်၊ သူပြောတော့လည်း အဟုတ်သား။
ဒါပေမယ့် ငါတို့ ဒီနေ့မအားသေးဘူး။ နက်ဖြန်မှ လာခဲ့။
အောင်မယ်ကွယ်။ ပိုက်ဆံပေးရမယ့်ကိစ္စများ သူတို့လုပ်ပေးမှရမယ့်အတိုင်း။ အဲသဟာနှင့်အိမ်ပြန်လာကာ အွန်လိုင်းမှာ စစ်ကြည့်လိုက်တော့ Microsoft Office 365, Home, Students version ကို သူတို့ပြောတဲ့ S$229 ဆိုတာတွေ့ရသည်နှင့် ဘာမှ စဉ်းစားမနေတော့ဘဲ ကောက်ကက်ဝယ်လိုက်ကာ install လုပ်လိုက်၏။ ကိုယ့်ဘာသာလုပ်တာ ဘယ်မှသွားစရာမလို စားပွဲတွင် ထိုင်ကာ ကလစ်အနည်းငယ်နှိပ်လိုက်သည်နှင့် နာရီဝက်အတွင်း ကိစ္စပြီးလေ၏။ (အွန်လိုင်းမှာ လွယ်လွယ်ပိုက်ဆံပေးလို့ရနေတာ တစ်ခုတော့မကောင်းဘူးဗျ။ တယ် ပိုက်ဆံကုန်သကိုး။ တော်ကြာ သားက ဟိုဂိမ်းလေးဝယ်ပေးပါဦး။ ဟိုအရုပ်လေးလိုချင်တယ်နဲ့။)
အဲသဟာ မနေ့က သောကြာနေ့ည။
Office install လုပ်ပြီးသည်နှင့် ခေါင်းအတော်ပေါ့သွားကာ လေကလေးချွန်၊ အိမ်သာဘာညာတက်ပြီး ခဏ အပန်းဖြေလိုက်၏။ နောက်ပြီး စာအုပ်ရိုက်ဘို့ OHSAS 18001 ကို စစ်ဆေးပြုပြင်မည်ဟု Micorsoft Word နှင့်ဖွင့်လိုက်တော့ -
မြတ်ချွာဖျား၊ စာလုံးများမှာ ကျောက်စာတစ်ဝက်၊ မွန်စာတစ်ဝက်၊ ပျူစာတစ်ဝက်နှင့် ထွက်လာလေ၏။ ကျွန်တော်လည်း အတော် ချွေးပြန်သွားကာ တတ်သမျှမှတ်သမျှ အကုန်လျှောက်ပြင်ကြည့်၏။ သို့သော် ဘာမှထူးမလာ။ သို့နှင့် ည သန်းခေါင်ကျော် ၁ နာရီခွဲ နေပြီဖြစ်သည့်အတွက် လက်ကောခြေကော အကုန်လျှော့ကာ အိပ်ယာဝင်လိုက်ရလေ၏။

(၄)

ကျွန်တော့်မှာ ကွန်ပြူတာကိစ္စနှင့်ရော၊ သည်ကုလားကလေး ကိစ္စနှင့်ပါ ပြဿနာကောင်းကောင်းတက်နေစဉ် သည်ကနေ့ (စနေနေ့) မနက် ၁၁ နာရီလောက်က ဘားနတ်လာကာ ကျွန်ုပ်အတွက် ၀င်းဒိုးတင်ပေးခြင်းဖြစ်လေသည်။ သူနှင့် ကျွန်တော်က စားပွဲချင်းကပ်လျက်ဆိုတော့ ကျွန်တော် MacBook နှင့်ဒုက္ခများနေတာ သူကောင်းကောင်းသိသည်။
သူ ၀င်းဒိုးတင်ပေးပြီးသည့်အခါကျမှ ကျွန်တော်လည်း ယခင်သုံးနေကျ software များ ပြန် download လုပ်ကာ သုံးရလေသည်။ စာရိုက်ရတာရော၊ ဖေ့စ်ဘုတ်ဖတ်ရတာပါ အကုန်အဆင်ပြေသွားပြီ ဖြစ်ပါ၏။
ကျေးဇူးကြီးလှပါပေ့ မောင်မင်းကြီးသား။ ဘုန်းကြီးပါစေ။ အနာမျိုး ၉၆ ပါး ကင်းပါစေ။ ဟို တရုတ်ကြီးလို (ဟုတ်မဟုတ်တော့မသိ) အသက် ၂၅၀ လောက်ရှည်ပါစေ။
အသင်ဖေ့စ်ဘုတ်ပရိသတ်အပေါင်းသည်လည်း ယခုအချိန်မှစကာ တဖက်သတ် ကျွန်ုပ်ဆရာကြီးလုပ်နေသည့်ဒုက္ခကို ကောင်းကောင်း ခံရပေတော့လတံ္တ့။ သည်းခံခွင့်လွှတ် ဖတ်ရှုတော် မူကြပါကုန်။

အားလုံးကို ကျေးဇူးတင်ပါသည်။

(ယူနီကိုပြောင်းသုံးဘို့ စိတ်ကူးနေတာ ဒီတစ်ခါလည်း မအောင်မြင်ပြန်ဘူး ဆရာကိုမေယာရေ့။ ရိုက်နေကျ လက်ကွက်ကလေးပဲ ဆက်သုံးဘို့ ခွင့်ပြုပါအုံး။)

အေးငြိမ်း ၁၉ သြဂုတ်လ၊ ၂၀၁၇။ ည ၁၀း၃၄ နာရီ





No comments: