Thursday, October 5, 2017

Safety For Myanmar Nation

ယခုဆိုလျှင် ရင်းရင်းနှီးနှီးမသိသည့်တိုင် Safety For Myanmar Nation ဆိုသည့်စကားလုံးမှာ လူများနှင့် သိပ်မစိမ်းတော့ ဟု ထင်ပါသည်။ ကျွန်တော်တို့ လုပ်ကိုင်နေသည်များကိုလည်း မိတ်ဆွေတို့ ကြိုကြားကြိုကြား တွေ့နေရပါလိမ့်မည်။
သို့တိုင် ကျွန်တော်တို့နှင့် ပူးပေါင်းပါဝင်လုပ်ကိုင်ရန် ဆက်သွယ်လာသူများကိုမူ တစ်ဦးတစ်ယောက်မှ မတွေ့မိသေးပါ။ ယခု တောင့်ခံနေသော ၄-၅ ဆယ်ယောက်မှာ ဟိုးယခင် စဖွဲ့ကတည်းက ပါဝင်လာသူများ ဖြစ်ပါသည်။
စဖွဲ့စကမူ အသစ်အဆန်းဆိုလျှင် စိတ်ဝင်စားကြသော လူတို့သဘာဝအတိုင်း အဖွဲ့ဝင် အတော်များပါသည်။ သို့သော် ကျွန်ုပ်တို့အဖွဲ့ကလေးမှာ ခွေးလျက်သော ထန်းလျက်ခဲကဲ့သို့ တစ်ယောက် တစ်ယောက်နှင့် ပဲ့လိုက်လာလိုက်သည်မှာ ယခုတော့ လက်ချိုးရေလို့ပင် လက်နှစ်ဖက်မပြည့်ချင်တော့ပါ။
ယခုထိတောင့်ခံနေသေးသော အဖွဲ့ဝင်များအားလည်း အထူးကျေးဇူးတင်ပါသည်။
ဟိုးယခင်ကာလများဆီက စင်ကာပူရှိ Safety Officer များ စုကာ Safety အဖွဲ့ကြီးတစ်ခု ဖွဲ့ခဲ့ကြပါသေးသည်။ သို့သော် မြန်မာနှစ်ယောက်ရှိရင် သုံးပါတီကွဲတယ်ဆိုသောစကားအတိုင်း ကျွန်တော်တို့အဖွဲ့ကြီးမှာ အဖွဲ့တော့မကွဲ၊ လူချင်းတွေ သဘောချင်းမတိုက်ဆိုင်ပဲ စလယ်ဝင်၊ ဖင်မမည်းခင်က ကွဲကြပြဲကြ (ကွဲတာတော့ထားပါတော့၊ ပြဲတာတော့ ကျွန်တော်လည်း နားမလည်ပါ။ မိတ်ဆွေတို့လည်း ရှည်ရှည်ဝေးဝေး လျှောက်တွေးမနေပဲ ပြဲတယ်ဟုသာ မှတ်ထားကြပါကုန်။ ဤကား စကားချပ်) ကုန်ပါလေ၏။
သည်အဖွဲ့ကြီးကို ဘာလုပ်မဟဲ့၊ ညာလုပ်မဟဲ့ဟု ရည်မှန်းချက်ကြီးများထားကာ စင်ကာပူအသင်းအဖွဲ့များ မှတ်ပုံတင်ဌာန၌ မှတ်ပုံတင်ခဲ့ကြ၏။ ကျလည်းကျခဲ့ပါ၏။ စည်းဝေးပွဲများ အကြိမ်ကြိမ်ခေါ်ကာ စကားလုံးခပ်ထွားထွားကြီးများ ပြောကြရုံက လွဲပြီး လှုပ်ရှားမှုဆို၍ ဘာတစ်ခုမှ မယ်မယ်ရရ လက်ဆုပ်လိုက်ကိုင်မပြနိုင်ခဲ့ပါ။
ကျွန်တော်သာ မနေနိုင်၍ သူများသောက်မြင်ကပ်ခံပြီး လုပ်ခဲ့သောကြောင့် Safety Handbook ကလေးတစ်အုပ် ထွက်ခဲ့ပါသည်။ ထိုစာအုပ်ဖြစ်ရန် ဘကြီးဦးချစ်ရွှေက ပြင်ပေးပြီး ကျွန်တော်က ဘာသာပြန်ကာ ထုတ်ခဲ့ပါသည်။ သို့တိုင် အဆုံးသတ် မကောင်းခဲ့ပါ။ ပိုက်ဆံလေးနှစ်ပဲတစ်ပြားနှင့် အပြောအဆိုမလွတ်သောကြောင့် ကျွန်တော်လည်း လက်ကျန်စာအုပ်များ အားလုံးအပ်ခဲ့ကာ ထွက်လာခဲ့ပါတော့သည်။
အဲလေ ကျွန်တော်၊ ကိုသန့်ဇော်အောင်နှင့် ကိုဝင်းမောင်တို့ MES တွင် seminar တစ်ခါ လုပ်ခဲ့ကြပါသေးသည်။
တစ်ခုခုမှ လုပ်မနေရလျှင် ခေါင်းကိုက်တတ်သော ကျွန်ုပ်မှာ မြန်မာပြည်ကြီးသာ ငါမကယ်၊ သေဖွယ်သာ ရှိတော့သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်လုံးကြီးတစ်ခွဲသားနှင့် Safety For Myanmar Nation ဆိုပြီး လုပ်ပြန်ပါလေ၏။ ဆိုးတော့မဆိုးပါ။ ယခင်အဖွဲ့နှင့်စာလျှင် အတော်လေးအလုပ်ဖြစ်သည်ဟု ဆိုရပါမည်။
ဟိုတစ်နေ့ကတော့ အထက်တွင်ဖော်ပြခဲ့သည့် Safety အဖွဲ့ကြီးမှာ ဘာမှလည်းအလုပ်မဖြစ်။ ဖျက်ကလည်းမဖျက်ချင် ဆိုတော့ ကျွန်တော်တို့ကို လက်လွှဲယူဘို့ ပြောလာပါသည်။ ပြောလာသူမှာ အခြားသူမဟုတ်။ ကျွန်တော့်မိတ်ဆွေပင် ဖြစ်ပါသည်။
သို့သော် ခွကျသည်မှာ ကျွန်တော်တို့အဖွဲ့က အင်အားမတောင့်တင်း။ စီတီဇင်ဆိုလို့ တစ်ယောက်မှ မပါ။ ပီအာဆိုလည်း လေးယောက်မျှသာ ရှိလေရာ သည်အဖွဲ့ကိုလက်လွှဲယူလိုက်လျှင် ရေရှည်တည်တံ့အောင် ဘယ်လိုလုပ်ကြမလဲ ဆိုသည့် ပြဿနာပေါ်လာလေ၏။
သူများတိုင်းပြည်တွင် လာလုပ်နေရသော ကျွန်ုပ်တို့မှာ ကိုယ့်ကိုယ်ကိုယ် ပိုင်သူများမဟုတ်ကြ။ (မြန်မာပြည်မှသူများ ကိုယ့်ကိုယ်ကိုယ်ပိုင်သလား ဆိုတာကိုမူ မြန်မာပြည်မှ မိတ်ဆွေများဖြေရန် ချန်ခဲ့ပါမည်။) သူတို့ သက်တမ်းဆက်တိုးပေးမှ နေခွင့်ရမည့်ဘ၀များ ဖြစ်သည်။ ယခုလည်း အခြေအနေများက သိပ်ကောင်းလှတာ မဟုတ်။ စင်ကာပူမှာမွေးသည့် ခလေးတောင် စင်ကာပူမှာကျောင်းတက်ခွင့်မရလို့ ယက်ကလယ်လိုက်နေသော မိဘများ ဒုနှင့်ဒေး ဖြစ်၏။ ဟိုတစ်နေ့ကပဲ မိတ်ဆွေတစ်ယောက် ပီအာ Re-entry permit သက်တမ်း တိုးတာကို တိုးမပေးသည့်အတွက် ဘိုင့်ဘိုင်သွားခဲ့ရပြီ။
Safety For Myanmar Nation ကတော့ ဘာအနှောင်အဖွဲ့မှမရှိ။ အဖွဲ့ဝင်တစ်ယောက်မှမရှိတော့လို့ ပျက်သွားလည်း ဘာမှ ကိစ္စမရှိ။ ဦးအေးငြိမ်းတစ်ယောက်တည်း တတ်နိုင်သမျှ မြို့တကာလည် ဟောလိုက်ပြောလိုက်။ သင်တန်းတွေ လည်ဖွင့်လိုက် လုပ်နေနိုင်သည်။ ဘယ်မှာမှ မှတ်ပုံတင်ထားတာမဟုတ်သည့်အတွက် ဘာပြဿနာမှမရှိ။ ရံပုံငွေဆိုတာကလည်း မက်လောက်အောင်မရှိတော့ ဘာ ငွေရေးကြေးရေး အရှုပ်အရှင်းမှလည်း စိုးရိမ်စရာ မလို။
ကျွန်တော်တို့အဖွဲ့သားအားလုံးကလည်း သည်အတိုင်း လွတ်လွတ်လပ်လပ် လှုပ်ရှားချင်ကြသည်။ ဘာနှင့်မှ အချုပ်အနှောင် မခံလို။
မှတ်ပုံတင်ထားသည့်အဖွဲ့ဖြစ်သွားပြီဆိုလျှင်တော့ ပြောလို့ဆိုလို့ အစိုးရအဖွဲ့တွေနှင့် ဆက်ဆံလို့ ပိုကောင်းပေသပေါ့။ ဒါပေသိ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသမို့ ဟိုကကမ်းလှမ်းလာသည့်တိုင် ၀မ်းနည်းစွာနှင့် လက်ခါပြလိုက်ရလေသည်။
ကိုအောင်ထွန်းထွန်းဇော်ကတော့ (ဟေ့လူ၊ နာမည်ပြောင်းမှည့်ဗျာ။ ခေါ်ရတာလျှာညောင်းတယ်။) တစ်လ ၃၀ ဆိုတော့ လစဉ်ကြေးများ များနေလို့လား။ နောက်လကစ တစ်လ ၁၀ ပြောင်းလိုက်ပြီး လှုပ်ရှားမှုတွေကရတဲ့ အခကြေးငွေပေါ် အားထားရမလား ဟု အကြံပေးပါသည်။
အမှန်မတော့ သင်တန်းစသည့် ထိုလှုပ်ရှားမှုများက ရသောပိုက်ဆံဆိုသည်ကလည်း သိပ်မက်လောက်စရာ မဟုတ်ပါ။ ဥပမာ - သင်တန်းတစ်ခုမှ မြန်မာငွေနှင့် ၅ သိန်းရသည်ဆိုပါစို့။ စင်ကာပူဒေါ်လာနှင့်ဆို ၅၀၀ သာရှိသည်။ လေယာဉ်ခက အနည်းဆုံး ၂၀၀ ကနေ ၃၀၀၊ ၃၅၀ လောက်ရှိသည်ဆိုတော့ ရန်ပုံငွေအတွက် ၁၅၀၊ ၂၀၀ ထက်မပို။ ဒါကလည်း တစ်လနေလို့ တစ်ခါဝင်တာ မဟုတ်။ ကျွန်တော်ကလည်း လခစားဆိုတော့ စွပ်ကယ်စွပ်ကယ် မပြန်နိုင်။ ခုတောင် တစ်နှစ်စာခွင့် ကုန်လုနေပြီ။
ရှိသောရံပုံငွေကလေးမှာ အခမဲ့ဟောပြောပွဲ တစ်ခါနှစ်ခါလောက်လုပ်လိုက်လျှင်ပင် တက်တက်ပြောင်တော့မည်။
ဤသည်မှာ မနည်း မျက်လုံးပြူးလျှာထွက် ရုန်းကန်နေရသော ကျွန်ုပ်တို့ Safety For Myanmar Nation အဖွဲ့အကြောင်း ဖြစ်ပါသည်။

မြန်မာပြည်တွင် ကျွန်တော်တို့လုပ်မည့် ပွဲများအတွက် စပွန်စာကလေးများ ရလိုရငြား လက်ညောင်းခံ ရေးသားလိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ သြဂုတ်၊ ၂၀၁၇

No comments: