Sunday, October 8, 2017

စာကို ကျင့်ပြီးရေးကြဘို့ အရေးကြီးကြောင်း

Global Enchanting နဲ့ Safety People in Myanmar တို့ပေါင်းပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ ပြိုင်ပွဲ လုပ်ပါတယ်။ အခုတော့ ပြိုင်ပွဲဝင်စာမူ၊ ဆောင်ပုဒ်၊ ဗီဒီယို စတာတွေ ပိတ်သွားပါပြီ။ ပြိုင်ပွဲဝင် ဆောင်းပါး စတာတွေလည်း ရောက်လာပါပြီ။

ဆိုတော့ ဆုရွေးချယ်ဘို့ ကျွန်တော်ပြိုင်ပွဲဝင်စာမူတွေကို ဖတ်ကြည့်ပါတယ်။ သိပ်တော့လည်း မများလှပါဘူး။ ၂၀ အောက် လျော့လျော့ရှိပါတယ်။

အဲဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ စာလုံးပေါင်းတွေ အရမ်းမှားတယ်။ စကားလုံး အဖြတ်အတောက်မမှန်ဘူး။ စာပိုဒ်လည်း မခွဲတတ်ဘူး။ ၀ါကျတည်ဆောက်ပုံလည်း သိပ်ပုံမကျဘူး။

မြန်မာစာက တခြားစာတွေနဲ့မတူပါဘူး။ မြန်မာစာဟာ လုံးကောက်အနက် (တစ်လုံးချင်း အဓိပ္ပာယ်ရှိ) တဲ့ စာပါ။ ဆိုလိုတာက စာတစ်လုံးချင်းမှာ သူ့အဓိပ္ပာယ်နဲ့ သူရှိတယ်။ စာလုံးပေါင်းမှားသွားတာနဲ့ အဓိပ္ပာယ်ပါ ပြောင်းသွားတယ်။ စာလုံးအဖြတ်အတောက်မှားတာနဲ့ အဓိပ္ပာယ် အများကြီးကွဲသွားတယ်။ ကိုယ်ဆိုလိုချင်တာ မရောက်တော့ဘူး။

တချို့ကျတော့ စာလုံးကိုလုံးဝမဖြတ်ဘဲ တောက်လျှောက်ဆက်ရေးသွားတယ်။ ဘယ်နေရာကစပြီး ဘယ်နေရာမှာ ဆုံးမှန်းတောင် မသိဘူး။ အခု ပြိုင်ပွဲဝင်ဆောင်းပါးတွေမှာ အဲဒါမျိုးတွေ တော်တော်များများ ပါလာတယ်။

နောက် ကိုယ်အင်မတန်မုန်းတဲ့ သတ်ပုံအမှားတွေ ပါလာတယ်။ က သတ်နဲ့ တ သတ်ကို လွဲ သုံးတာ။
(မလုပ်တက်ဘူး၊ မသွားတက်ဘူး။ သင်တန်းတတ်တယ်။ ပတ်သတ်နေတယ်။ တိုးတတ်တယ်) စသဖြင့်။
ကိုယ်တစ်ယောက်တည်းသာ စစ်ရလို့ကတော့ ဘယ်လောက်ကောင်းတဲ့စာ ဖြစ်နေပါစေ။ အဲသလို (တိုးတတ်တယ်) ဆိုတဲ့ စာလုံးတစ်လုံးတည်းနဲ့တင် ပယ်တဲ့အထဲရောက်သွားပြီပဲ။

နောက် အတော်များများ မှားတဲ့တစ်ခုက မှု ဆိုတဲ့နေရာမှာ (မှု့) ဆိုပြီး အောက်ကမြစ်ထည့်တယ်။ အင်မတန်မှားတယ်။ အောက်ကမြစ်ကို ဘယ်နေရာမှာ ထည့်ရမှန်း နားမလည်ဘူး။ အလှူရှင် ဆိုပါစို့။ အဲဒီမှာ ပိုင်ဆိုင်မှုကိုပြချင်ရင် အောက်ကမြစ်ထည့်ရတယ်။ (အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြတယ်) ဆိုတာမျိုးပေါ့။ မှုကျတော့ ဘာမှ ထည့်စရာ မလိုဘူး။ သူ့ဟာသူ ပြည့်စုံပြီးသား။  

နောက်ပြီး စာပိုဒ်ခွဲရေးဘို့လိုတယ်။ ပြောချင်တဲ့အကြောင်းအရာတစ်ခု ပြီးသွားပြီ။ နောက်တစ်ခု ပြောင်းတော့မယ်ဆိုတာနဲ့ စာပိုဒ် ခွဲလိုက်ရတယ်။ မဟုတ်ရင် ဖတ်ရတာ အဆင်မပြေဘူး။ မျက်စိလည်း ရှုပ်တယ်။

ဆိုတော့ သတ်ပုံမှန်ဘို့၊ အဖြတ်အတောက်မှန်ဘို့၊ စာပိုဒ်ခွဲဘို့ လိုတယ်။

နောက်တစ်ခုက ပြောချင်တဲ့အကြောင်းအရာကို ဦးတည် ရေးရတယ်။ တခြားအကြောင်းအရာတွေလည်း ပြောလို့ ရပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းအားလုံးဟာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို အထောက်အပံ့ပြုတဲ့အရာ တွေသာ ဖြစ်ရမယ်။ မဆိုင်တာတွေ ဆွဲမထည့်ရဘူး။

နောက် ကိုယ်အမြင်ကပ်တာတစ်ခုက မြန်မာလိုပြောလို့ရလျက်သားနဲ့ အင်္ဂလိပ်လို ညှပ်သုံးတာ။ မြန်မာစကားကို သုံးလိုက်တော့ အောက်တန်းကျသွားမှာမို့လို့လား။ မြန်မာစကားနဲ့ပြောဘို့ အဆင်မပြေလို့ လိုသလောက်သုံးတာ ဘာမှ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့လည်း တခါတလေ မလွှဲသာမရှောင်သာ သုံးရတာပါဘဲ။ ဒါပေမယ့် သိပ်များလွန်းလာ ရင်တော့ မျက်စိနောက်စရာဖြစ်လာတယ်။ တချို့ဆို မြန်မာတစ်လုံး ကွင်းစကွင်းပိတ်နဲ့ အင်္ဂလိပ်လိုတစ်လုံး၊ ထည့်ပေး လိုက်သေး။ ဖတ်တဲ့သူတွေ မြန်မာလိုနားမလည်မှာစိုးလို့ အင်္ဂလိပ်လို ဘာသာပြန်ပေးရတာလား။

နောက်တစ်ခု။ စကားလုံးတွေ အရမ်းဖောင်းပွနေတာ။ သိပ် အကြည့်ရဆိုးတယ်။ လိုရင်းမရောက်နိုင်ဘူး။ တချို့ဆို ရေးနေရင်း ကိုယ်ဘာရေးလို့ ရေးနေမှန်းကို မသိတော့အောင် ဖြစ်သွားတယ်။

ဒါ ဘာကြောင့်လည်း ဆိုတော့ စာရေးကျင့်မရှိလို့ဘဲ။

ကိုယ်လည်း ဟို့အရင်တုံးကစာတွေဖတ်ကြည့်ပြီး မကြိုက်တာတွေ အများကြီးရှိတယ်။ အရင်တုံးက ဘာသာပြန်ထားတာ တွေကို စာအုပ်ရိုက်မယ်လို့ ပြန်ဖတ်ကြည့်တော့ မကြိုက်တာတွေ အများကြီးပါနေတာ တွေ့ရတယ်။

ဆိုတော့ စာကောင်းကောင်းရေးတတ်ချင်ရင် အကောင်းဆုံးကတော့ စာတွေများများဖတ်။ သူများတွေရေးထားတာကို အတုယူ။ နောက်ပြီး ကိုယ်ကိုယ်တိုင် စာတွေ များများရေးဘို့ပါပဲ။ ဖတ်သာဖတ်တယ်။ ရေးကျင့်မရှိဘူးဆို စာအုပ် ၅၀၀၊ ၁၀၀၀။ ဘယ်လောက်ပဲဖတ်ဖတ်၊ စာရေးကောင်းသူတစ်ယောက်ဖြစ်လာဘို့ဆိုတာ မလွယ်ပါဘူးခင်ဗျာ။

ရေးချင်လို့ရေးလိုက်တာ။ ၂ နာရီတီးတော့မယ်။ အိပ်အုံးမှဗျို့။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း

၈ အောက်တိုဘာ၊ ၂၀၁၇။ မနက်လင်းအားကြီး ၁း၄၀ နာရီ

No comments: