Thursday, October 5, 2017

ရေသည်ပြဇာတ် တစ်ခန်းရပ်

ကျွန်တော် ရေဆင်းတွင်ရှိစဉ်က တစ်ခုသော မဂ္ဂဇင်းစာအုပ်တစ်အုပ်တွင် မောင်ခိုင်မာ၏ ကဗျာတစ်ပုဒ် ဖတ်ရ၏။ ယောက်ျားလုပ်သူ ပိုက်ဆံအရှာကောင်းလို့ ရေသောက် ဗိုက်မှောက်နေရသော အိမ်ရှင်မတစ်ယောက်အကြောင်းကို ဖွဲ့ဆိုထားတာ ဖြစ်ပါသည်။
ကဗျာနာမည်က ရေသည်ပြဇာတ် တစ်ခန်းရပ်
ကဗျာဆရာက - ပြဇာတ်ဆရာ မောင်ခိုင်မာ
ဒေါက် ဒေါက် ဒေါက် ဒေါက်
အိမ်ရှေ့ပေါက်မှာ
မောင်ရောက်ချိန်ကို
နားစွင့် ခင်
တံခါးဖွင့်ပါတော့လားဟင်
ဒါ
အိမ်ပြန်ချိန်လား
ချည်တိုင်မှားပြီ
ဖ၀ါးကျွံတဲ့ မောင်မောင်ဂျင်
တရားလွန်ပြီ ထင်တယ်ရှင်
ဘာစားစရာ ပါလဲဟင်
ဟေ့
ငါယောက်ျားမြတ်
အိမ်ဦးနတ်ကွဲ့
ခင့်ပါးစပ်ရဲ့ကျေးဇူးရှင်
ကျွေးဖူးသူကို ကျေးဇူးတင်
. . . . . .
ရေတွေစားသမို့
ဗိုက်ကားလို့ဝ
မထချင်
လွန်ခဲ့သည့် အနှစ်အစိတ်လောက်က ဖတ်ခဲ့ရသောကဗျာဆိုတော့ အားလုံးမမှတ်မိတော့ပါ။ ဒါတောင် သည်ကဗျာလေးကို ကျွန်တော် အလွန်အင်မတန်ကြိုက်လွန်းလို့ သည်မျှ မှတ်မိနေတာ ဖြစ်ပါသည်။
ဟိုစဉ်က ကျွန်တော် ကဗျာများကို အလွန်အင်မတန် ကြိုက်နှစ်သက်ခဲ့သည်။ ငယ်စဉ်က ရှားတောင့်ရှားပါးဖတ်ခဲ့ရသည့် ရှုမ၀၊ ငွေတာရီ၊ မြ၀တီ၊ သွေးသောက်၊ သပြေ၊ စန္ဒာစသည့်မဂ္ဂဇင်းများမှ ကဗျာများကို စွဲစွဲမြဲမြဲ ဖတ်ခဲ့။ ကြိုက်သည့်ကဗျာ များကို ကျောင်းသုံးဗလာစာအုပ်မှ စာရွက်လွတ်များကို ဖြဲကာ စုချုပ်ထားသည့် ကိုယ်တိုင်လုပ် ဗလာစာအုပ်ထဲတွင် ကူးယူ ရေးသား ကျက်မှတ်ခဲ့၏။
ကဗျာအဖွဲ့များထဲမှ ကျွန်တော် အလွန်သဘောကျသည့် အဖွဲ့မှာ သံချိုလေးချိုး နှင့် နွယ်သာကီသံပြတ် ဖြစ်သည်။ နွယ်သာကီသံပြတ် ကဗျာများမှာ ရွတ်ဖတ်ရ အလွန်ကောင်းသည်။ အသံသာသည်။ ကျွန်တော်နှစ်သက်သဖြင့် အလွတ်ရနေသည့် ကဗျာများထဲတွင် ရေစကြို မောင်ပန်စင် ၏ အလှတွင် အယဉ်နှောတယ် အမည်ရှိ ကဗျာလေးလည်း ပါပါသည်။
ချောတမူ မနောဖြူ သဘောအူစင်း
အပြောမူလင်းတဲ့ တို့တောသူ။
ဟန်တွေ ပန်တွေ ဉာဏ်တွေမထပ်
ကန်ရေခပ်တဲ့ တို့တောသူ။
လူတကာ မြှူကာ မူယာမပြ
ပျူငှာလှတဲ့ တို့တောသူ။
အလီလီဆန်းလို့ မြို့သဘောမတူ
ချည်အထည်ကြမ်းနဲ့ တို့တောသူ။
အလှအသာဆုံး လပမာနှုန်း
ညအခါပြုံးလို့ ၀ိုင်းရွှင်ပေ
လသာတုန်းမို့ ဗိုင်းငင်နေသလေ့။
အကွက်ဆန်းထွင်လို့ ရှေးစံမီ
ယက်ကန်းစင်က တေးသံသီ။
လှုပ်ရှားသွက်လက် ရွာအရေးမှာ
လုပ်အားဖက်လို့ ပါသေးရှာသတော့။
နွားကျောင်းရင်းလဲ ထင်းကိုခွေ
စပါးထောင်းရင်းလဲ သီချင်းဆိုနေ။
သွယ်ဝိုက်ကာလဲ အပြောမမူပါ
လယ်စိုက်တာလဲ တောသူကညာ။
နံ့သာလေး တစ်ဘက်တစ်ကွက်က မျိုးဂုဏ်ထွင်
ပျံ့စွာမွှေးလျှက် ရိုးဂုဏ်ယဉ်သရှင့်။
ရိုးရာဓလေ့ လုပ်အားအမွေ
တိုးကာမွေ့လို့ လှုပ်ရှားသလေ။
လက်ရှည်အင်္ကျီက ရိုးဟန်ပါ
မက်မပြေ အဆင်းပီသ မျိုးမြန်မာ။
. . . . . .
. . . . . .
အရေးအခင်းပြီးနောက် မြန်မာပြည်အရေး ဖွဲ့ကြသည့် ကဗျာများတွင် ကျွန်တော့်ရင်ကို ထိမှန်သော ကဗျာများမှာ "ကောင်းကင်ကို" ၏ ကဗျာများ ဖြစ်ပါသည်။
၂၀၀၉၊ ၂၀၁၀ ခုနှစ်လောက်က ကျွန်တော်နှင့် ကိုဖိုးအောင်တို့ ပင်နင်ဆူလာ၊ ပညာဒါန တွင် ကဗျာရွတ်ပွဲလေး ကျင်းပ ပါသည်။ ကျွန်တော်က ကောင်းကင်ကို၏ ကဗျာလေး ရွတ်ပြသည်။ ကဗျာခေါင်းစဉ် မမှတ်မိတော့ပါ။ ကဗျာက
မြန်မာပြည်ကြီးကို အိမ်စုတ်ကလေးနှင့်နှိုင်းကာ ဖွဲ့ထားတာ ဖြစ်ပါသည်။ ကျွန်တော်ရွတ်တာနားထောင်ပြီး ဆရာမခိုင်က ကျွန်မဖြင့် မျက်ရည်တောင် ကျချင်မိတယ် ဟု ဆို၏။
ယခုတော့ မဂ္ဂဇင်းများလည်း မဖတ်ရတော့ပြီ။
မဂ္ဂဇင်းအဖွင့်များတွင် ဖော်ပြလေ့ရှိသော ကဗျာများကိုလည်း တခုတ်တရ မဖတ်ရတော့ပြီ။
ဖေ့စ်ဘုတ်မှ ကဗျာလေးများကိုပင် ကြိုကြား ကြိုကြား ဖတ်ရ၏။
ဝမ်းနည်းစရာ ဖြစ်ပါသည်။
ထွက်သည့် ကဗျာစာအုပ်များကိုမူ မကြာခဏ ကျွန်တော် ၀ယ်ဖြစ်ပါသည်။ သို့တိုင် ယခင်ကလောက် စွဲစွဲလမ်းလမ်း ဖတ်တာ မဟုတ်တော့သည်ကိုမူ ကိုယ့်ကိုယ်ကိုယ် သိနေပါသည်။
ယခုခေတ် ကဗျာများမှာ ယခင်ခေတ်ကဗျာများမှ လိုင်းခွဲထွက်လာသည်ကို သတိထားမိ၏။ ယခုခေတ် ကဗျာဆရာများက စကားလုံးအသစ်တွေ ထွင်တတ်သည်။ နိမိတ်ပုံတွေ ကောင်းသည်။ တချို့ကျတော့ ဘာတွေ ရေးထားမှန်းတောင်မသိ။ ကိုယ်လိုက်မမီ။
သို့သော် ကျွန်တော်ကတော့ ယနေ့ထိ ကဗျာလေးများကို ချစ်မြဲဖြစ်ပါသည်။ နောင် အနှစ် ၁၀၀ ကျော်လောက်ကြာလျှင် သို့မဟုတ် ၂၂ ရာစု၊ ၂၃ ရာစုလောက်ရောက်လျှင် ယနေ့ခေတ် ကဗျာများထဲမှ တချို့မှာ ဂန္ထ၀င်ကဗျာများ ဖြစ်မလာဟု မပြောနိုင်။
(မြန်မာပြည်က သင်တန်းကျောင်းမှာသင်ဘို့ သင်တန်းလမ်းညွှန်တွေအတွက် မြန်မာဥပဒေတွေ မှတ်စုထုတ်ရေးနေတာ စိတ်ပျက်လွန်းလို့ ထွက်ပေါက်တစ်ခုအနေနဲ့ ကဗျာအကြောင်း ကောက်ကက်ရေးတာပါ။ ဘာရယ်မဟုတ်။)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၅ အောက်တိုဘာ ၂၀၁၇

No comments: